Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၄ မြင်ကွင်

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၄ မြင်ကွင်း

(မိုးမခ) ဇွန် ၅၊ ၂၀၂၂  

 

စစ်ဘေးရှောင်သူ ၁ သန်းကျော်လာတဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ 

ယမန်နှစ် ဖေဖာ်ဝါရီ ၁ ရက်နေ့ စစ်အာဏာမသိမ်းမီက မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်ဦးရေ ၃ သိန်းကျော်ရှိခဲ့ရာက တနှစ်ခွဲဝန်းကျင် အကြာမှာ စစ်ဘေးရှောင် ဦးရေ ၁ သန်းကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။  စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေ ပိုကျယ်ပြန့်လာပြီး စစ်အာဏာမသိမ်းမီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၀ ကျော် ၂၀ ဝန်းကျင် ရှိခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် ဒေသအလိုက် မြို့အလိုက်၊ လူမျိုးစုအလိုက် မျိုးနွယ်အလိုက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့ပေါင်း ၉၀၀ ကျော် (NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောဆိုချက်ကို ကိုးကား)  အထိ တိုးပွားလာပြီး  လက်နက်ကိုင် တိုက်ပွဲတွေ မြန်မာနိုင်ငံအနှံ့ဖြစ်ပွားလာကာ အခုလို  ခုလို စစ်ဘေးရှောင် ၇ သိန်းကျော် ထပ်မံတိုးပွားလာတာ ဖြစ်ပါတယ်။ ဒီ စစ်ဘေးရှောင်အရေအတွက် ကိန်းဂဏန်းဟာ UNOCHA လို့ခေါ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး က အခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။  

ဒီကိန်းဂဏန်းတွေထဲမှာ ထပ်မံ စေ့ငုကြည့်ရင် သန်းခေါင်စာရင်းအရ လူဦးရေ ၃ သိန်းခွဲကျော် ရှိတဲ့ ကယားပြည်နယ် လိုမျိုးမှာ စစ်ဘေးရှောင်ဒုက္ခသည် ၂ သိန်းကျော် ရှိနေတယ်လို့လည်း သတင်းဖေါ်ပြမှုတွေမှာတွေ့ရမှာ ဖြစ်ပါတယ်။ ပြည်နယ်လူဦးရေရဲ့ ထက်ဝက်ကျော်က စစ်ဘေးရှောင်နေရတဲ့ သဘောလည်းဖြစ်ပါတယ်။ ယမန်နှစ်နှောင်းပိုင်းတုန်းက ပြည်နယ်မြို့တော် လွိုင်ကော်တမြို့လုံးနီးပါး တိမ်းရှောင်ခဲ့ကြရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ 

ကယားပြည်နယ်လိုပဲ အခြေအနေအဆိုးဆုံးလို့ ဆိုနိုင်တဲ့ လူဦးရေလည်းများပြီး မြို့နယ်အရေအတွက်များတဲ့ တိုင်းဒေသ တခုဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာလည်း မြို့နယ်ပေါင်းများစွာက ကျေးရွာတွေမှာ လူတွေ တိမ်းရှောင်ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေ ပစ္စည်းတွေ ဖျက်ဆီးခံရတာ၊ လုယက်ယူဆောင်သွားခံရတာ အသက်ဆုံးရှုံးတာတွေ က နေ့စဥ်ကြားနေကျ သတင်းတွေလိုဖြစ်နေပြီး တိုင်းတတိုင်းလုံးအနေနဲ့ဆို သိန်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။  

စစ်ဘေးရှောင်တွေရဲ့ ရင်ဆိုင်နေရတဲ့အခက်အခဲက ပိုင်ဆိုင်မှုဆုံးရှုံးတာတင် မကပဲ တိမ်းရှောင်တဲ့နေရာတွေမှာ ဆက်လက် အသက်ရှင်သန်ဖို့ ရိက္ခာဝယ်ယူဖို့ အခက်အခဲရှိတာ၊ ဝယ်ယူနိုင်အားမရှိတာ၊ ပိတ်ဆို့မှု ဖြတ်တောက်မှု အဟန့် အတားတွေနဲ့ စျေးနှုန်းတွေ ကြီးမြင့်လာတာ ၊ တပူပေါ် နှစ်ပူဆင့် ကမ္ဘာ့ရေနံစျေးကြီးမြင့်တာရဲ့ ဂယက် ကုန်စျေးနှုန်းတွေ ကြီးမြင့်တာတွေ ကို တပြိုင်နက်ထဲ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။  

စစ်ဘေးရှောင် ဒေသတွေမှာ စခန်းလို့ ခေါ်ပေမယ့် စခန်းအင်္ဂါရပ်နဲ့ ဘာမှ မပြည့်စုံတဲ့နေရာထိုင်ခင်းတွေမှာ မကျန်းမမာဖြစ်ခဲ့ရင်လည်း ကုသဖို့ ဆေးခန်း၊ ဆေးဝါး မရှိတာ တွေက အသက်ရှင်သန်ရေး ကျန်းမာရေး အခက်အခဲတွေဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ပညာရေးဘက်က ကြည့်မယ်ဆိုရင်လည်း စာသင်တဲ့အရွယ် ကလေးသူငယ်တွေ လူငယ်တွေဟာ  မိဘတွေနဲ့အတူ စစ်ဘေးတိမ်းရှောင်နေကြရပြီး ပညာရေးပါ အဆက်ပြတ် သင်ယူခွင့်မရတော့တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။  

ခုရက်ပိုင်း အချို့သော ဒေသတွေမှာ ဆန္ဒပြတဲ့ ကြွေးကြော်သံက မြို့ပေါ်က ကျောင်းသားတွေက ကျောင်းတက်ချိန်မှာ ကျေးလက်က ကျောင်းသားတွေက အိတ်ဆွဲပြီး ပြေးနေရတယ်ဆိုတဲ့ ကြွေးကြော်သံဖြစ်ပါတယ်။ မြို့ပေါ်က အခြေအနေထက်ကို ကျေးလက်မှာ နေထိုင်ကြရသူတွေရဲ့ အခြေအနေက အပုံကြီး ခက်ခဲတာ အသက်ဘေးနဲ့နီးတာ ဆုံးရှုံးမှုများတာ ဖြစ်ပါတယ်။  

ဒီလို တသန်း ကျော်လာတဲ့   စစ်ဘေးရှောင်တွေအတွက် ရိက္ခာလုံလောက်ရေး ဆေးဝါးရရှိရေး၊ အသက်ဘေး လွတ်မြောက်ဖို့ လုံခြုံမှုရှိတဲ့နေရာမှာ နေထိုင်နိုင်ရေး၊ အမိုးအကာ လုံလုံခြုံခြုံရှိရေး၊ ကလေးသူငယ်တွေရဲ့ ပညာရေး ကိစ္စတွေဖြေရှင်းနိုင်ဖို့က မေးခွန်းသာရှိပြီး အဖြေမရှိတဲ့ ပြဿနာ လိုဖြစ်နေဆဲပါ။  

ကုလသမဂ္ဂရဲ့ WFP အဖွဲ့အနေနဲ့  အခုရက်ပိုင်း ကယားပြည်နယ်  ဒီးမော့ဆိုမြို့နယ်က ကျေးရွာတွေမှာ ရိက္ခာဝေငှတာတွေ စတင်လုပ်ဆောင်နေတာ သတင်းတွေထဲ ဖေါ်ပြထားတာတွေ့ရပါတယ်။ တနှစ်ကျော်ကာလအတွင်း ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေ အကူအညီလိုအပ်နေတဲ့ ဒေသတွေထဲက တချို့ကို ကူညီနိုင်တာ ခုတကြိမ်က ပထမဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မင်းတပ်ဘက်ကို တကြိမ် ကြက်ခြေနီအဖွဲ့ ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ရိက္ခာနဲ့ အခြား အသုံးအဆောင်တွေ ပေးဝေဖို့ သွားရောက်ခဲ့တာ ရှိပေမယ့် တိုက်ရိုက် မပေးဝေနိုင်တဲ့ အကြပ်အတည်းတွေ ဖြစ်ပွားခဲ့တာပါ။  

အခုကယားပြည်နယ် ရဲ့ ဒေသအချို့မှာသာ ဝေငှနိုင်တာ ဖြစ်ပြီး အမှန်တကယ် လိုအပ်တဲ့ စစ်ဘေးရှောင်အများအပြားဆီ လက်လှမ်းမမှီ မပေးဝေနိုင်သေးတာလည်း ဖြစ်ပါတယ်။  

စစ်ကိုင်းတိုင်းလို ဒေသမျိုးကို မကူညီနိုင်သေးတာလည်း တွေ့ရပါတယ်။ မြန်မာ့နိုင်ငံရေး အကြပ်အတည်း နဲ့ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှုအကူအညီတွေ အတွက် ကုလသမဂ္ဂက နိုင်ငံတကာကို အကူအညီထည့်ဝင်ကြဖို့ နှိုးဆော်ထားတဲ့ တောင်းခံထားတဲ့ ပမာဏ လည်း ပြည့်ဝစွာ မရရှိသေးဘူးလို့ သတင်းတချို့က ရေးသားထားကြပါတယ်။  

အချို့နိုင်ငံရေးသမားတွေက ဒီလို ဒုက္ခသည်တွေ များများထွက်ပေါ်လာအောင် စစ်ကောင်စီက ရည်ရွယ်လုပ်ကိုင်တာ ဖြစ်တယ်ဆိုတဲ့ ယူဆချက် စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဒုက္ခသည်များများ ပေါ်ထွက်လာအောင် လုပ်ပြီး မတည်မငြိမ် ဖြစ်နေတဲ့ ကျေးရွာတွေ ဒေသတွေမှာ PDF တွေအဖို့ ခိုလှုံရာ ၊ ရိက္ခာရရှိရာ ၊ အထောက်အပံ့ရရှိရာ အရင်းအမြစ် တွေပျက်စီးသွားတာကြောင့် လက််နက်ကိုင်ခုခံမှု အားနည်းသွားအောင် လုပ်တဲ့ သဘောလို့ ယူဆကြတာ ဖြစ်ပါတယ်။   

တဖက်မှာတော့ အခုလို မြေလှန်စနစ်သုံးပြီး လက်နက်ကိုင် တိုက်ခိုက်သူတွေကို ရှင်းလင်းတာရဲ့ အကျိုးဆက်က လတ်တလော မကျေနပ်မှု၊ နာကျည်းမှုတင်မကပဲ နောက်မျိုးဆက်တွေအထိ သယ်ဆောင်သွားမယ့် နာကြည်းမှုတွေ အကျိုးဆက်တွေ ဖြစ်ပေါ်လာစေမှာလည်း ဖြစ်ပါတယ်။  

ဒီနေ့အဖို့ အခြားသတင်းတွေထဲမှာတော့ ယမန်နေ့က ဖေါ်ပြခဲ့ကြတဲ့ သေဒဏ်စီရင်ချက် အတည်ပြုတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဂယက်ရိုက်ခတ်မှုတွေ နိုင်ငံတကာ သံရုံးအချို့၊ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့၊ ကုလသမဂ္ဂတို့က ကန့်ကွက်တာ စိုးရိမ်ကြောင်း ထုတ်ပြန်တဲ့သတင်းတွေ ဖြစ်ပါတယ်။  

စစ်ကောင်စီက အယူခံ (စစ်ခုံရုံးနဲ့ အမိန့်ချမှတ်တဲ့ အခါမျိုးမှာ ပြင်ဆင်ချက်လို့ သုံးနှုန်းတဲ့) အဆင့်ပြီးဆုံးသွားပြီး ပယ်ချခံရပြီးဖြစ်လို့ အကျဥ်းထောင်ဘက်က ဆောင်ရွက်ရမယ့် လုပ်ငန်းစဥ်တွေပဲ ရှိတော့တယ်လို့ ဆိုထားပြီး အချို့သော အကဲခတ်သူတွေကတော့ ဒီလို ပြောဆိုမှုတွေဟာ ခြိမ်းခြောက်မှုအနေနဲ့သာ ရှုမြင်ပြီးလက်တွေ့မှာ သေဒဏ်စီရင်တာမျိုး မလုပ်လောက်ဘူးလို့ မှန်းဆပြောဆိုမှုတွေလည်း ရှိနေတာတွေ့ရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar