တရားမျှတမှု နဲ့ တော်လှန်ရေး
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၀ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၂
တရားမျှတမှု နဲ့ တော်လှန်ရေး
တော်လှန်ရေးလို့ ဆိုတဲ့ စကားလုံးက မလိုအပ်တဲ့ အစဥ်အလာတွေကို ဆက်ပြီးထိန်းသိမ်းစရာ မလိုဘူး။ အစဥ်အလာအရ၊ ဥပဒေအရ သတ်မှတ်ထားတဲ့ စံတွေ ယူဆချက်တွေလို့ ဆိုတိုင်းပုံသေမှတ်ယူပြီး မလိုက်နာတော့ဘူး ဆိုတဲ့ သဘောမျိုး အဓိပ္ပါယ်သက်ရောက်ပြီး လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေး စနစ်တရပ်ကနေ ဒိထက်ပိုပြီး ကောင်းမွန်တဲ့ အများစု လိုလားတဲ့ စနစ်တရပ်ကို ပြောင်းလဲကျင့်သုံးဖို့ အတွက် တည်ရှိနေဆဲမူဘောင်တွေ ဥပဒေတွေ သဘောတူညီမှုတွေကို ချိုးဖျက်ပြီး ပိုမိုကောင်းမွန်တယ် ခေတ်အခြေအနေနဲ့ ပြောင်းလဲသွားတဲ့ နောက်ခံအခြေအနေနဲ့ ပိုမိုကိုက်ညီတယ်လို့ ယူဆတဲ့ နိုင်ငံရေး လူမှုရေး စနစ်တရပ်ကို မြန်ဆန်စွာပြောင်းလဲဖို့ အင်အားနဲ့ ကူးပြောင်းဖို့ လုပ်ဆောင်ကြတာလို့ အဓိပ္ပါယ်ဖွင့်ဆို ရလိမ့်မယ် ထင်ပါတယ်
တော်လှန်ရေးတိုင်း လက်နက်ကိုင်တယ်ဆိုတာမျိုး ပုံသေကားကျ သတ်မှတ်လို့တော့မရပါဘူး။ ပဒေသရာဇ်စနစ်ရဲ့ အသွင်အပြင် အစဥ်အလာတွေ ကျန်ရှိနေသေးတဲ့နိုင်ငံ လက်နက်ကိုအားကိုးပြီး အုပ်ချုပ်တဲ့ စစ်ဘုရင် (ဘုရင်လို့ခေါ်တာ ဘုရင်စနစ်ထက် စစ်ခေါင်းဆောင် လူပုဂ္ဂိုလ်ကိုပင်မထားပြီး အာဏာကို ချုပ်ကိုင် အသုံးချကြတာမျိုး) တွေ ကြီးစိုးတဲ့ သမိုင်းနောက်ခံအခြေအနေတွေမှာ လက်နက်ကိုင်ပြီး လက်ရှိအာဏာကို ဖယ်ရှားဖို့ ကြိုးစားကြတာမို့ လက်နက်ကိုင်တော်လှန်ရေး လို့ ခေါ်ဝေါ်သတ်မှတ်ကြတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံက လက်နက်ကိုင်တော်လှန်ရေးက စစ်တပ်နဲ့ စစ်ဘုရင်ဝါဒကို တော်လှန်တဲ့ တော်လှန်ရေးလို့ ဆိုနိုင်မယ်ထင်ပါတယ်။ တဖက်မှာလည်း တော်လှန်ရေးလို့ ဆိုတာနဲ့ လက်ရှိ အာဏာကို ချုပ်ကိုင်ထားတဲ့စစ်တပ်ကို လက်နက်ကိုင်တော်လှန်တဲ့ အဖွဲ့တိုင်းက တိုးတက်တဲ့ အဖွဲ့ရယ်လို့ တထစ်ချ သတ်မှတ်လို့မရတာကိုလည်း သမိုင်းအဖြစ်အပျက်တွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ကိုယ့်ရဲ့ လွတ်လပ်ခွင့် တရားမျှတမှုရရှိဖို့ လက်နက်ကိုင် တိုက်ခိုက်တဲ့အဖွဲ့တွေက တချိန်ထည်းမှာပဲ အခြားသော လူမျိုးစု၊ လူနည်းစု သို့မဟုတ် အယူဝါဒမတူတဲ့ လူအစုအဖွဲ့ သို့မဟုတ် လက်နက်ကိုင်အဖွဲ့ နိုင်ငံရေးအင်အားစုတွေအပေါ် တရားမျှတစွာ မပြုမူကြတာမျိုးလည်း သမိုင်းဖြစ်ရပ်တွေမှာ ရှိနှင့်ပြီးဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့ဆိုတာ နာမည်ပေးထားရုံနဲ့ တော်လှန်ရေး အဖွဲ့လို့ သတ်မှတ်နိုင်တာမဟုတ်ပဲ တရားမျှတမှုမရှိတဲ့ စနစ်ကို တကယ်ပြောင်းလဲလိုတဲ့ ဆန္ဒရှိမှ၊ တရားမျှတမှုကိုလည်း လက်တွေ့မှာလည်း ကျင့်သုံးနိုင်မှ တော်လှန်ရေး အဖွဲ့အစည်းအဖြစ် ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ လက်နက်ကို ကိုင်ထားပြီး မိမိမှန်တယ်ထင်တာကို တပါးသူကို ထောက်ခံခိုင်းတာမျိုး မှန်တယ်လို့ ပြောခိုင်းတာမျိုးတွေက စစ်အာဏာရှင်သဘောနဲ့အတူတူဖြစ်ပြီး တော်လှန်ရေးလို့ မဆိုနိုင်တော့တဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ တရားမျှတမှုဆိုင်ရာ ပြဿနာတွေ ဖြေရခက်တဲ့ မေးခွန်းတွေ အများအပြားရှိတာတွေ့ရမှာပါ။ မိမိတို့ မနှစ်သက်တဲ့ မူဝါဒ ကျင့်သုံးမှုမျိုးကို မိမိတို့က အခြားသော အင်အားနည်းတဲ့ အစုအဖွဲ့တွေအပေါ် ကျင့်သုံးမှုမျိုး အခြားသော လူမျိုးစုတွေအပေါ် ကျင့်သုံးမှုမျိုးတွေ အတိတ်သမိုင်းမှာရော ပစ္စုပ္ပန် သမိုင်းမှာပါ တွေ့ရှိနိုင်တာကြောင့် စံချိန် စံနှုန်း နှစ်မျိုးနှစ်စား သတ်မှတ်တာတွေ ကျင့်သုံးတာတွေ ဘုရားပြီး ငြမ်းဖျက်တာတွေ သမိုင်းအဖြစ်အပျက်တွေထဲ အများအပြား လေ့လာတွေ့ရှိနိုင်တာဖြစ်ပါတယ်။
တရားမျှတမှုကို လေးစားတန်ဖိုးထားပြီး ကျင့်လည်းကျင့်သုံးတယ် ဆိုတဲ့ အခြေခံက နိုင်ငံရေးအဖွဲ့အစည်းတရပ်ရဲ့ အရေးကြီးဆုံး အသက်ဖြစ်တယ်လို့ဆိုချင်ပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေမှာ ရလဒ်ဘာထွက်မလဲဆိုတာကိုသာ မကြည့်ပဲ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေအပေါ်မှာ တရားမျှတမှုဆိုတဲ့ အခြေခံကရပ်ပြီး ကန့်ကွက်တာ ထောက်ခံတာတွေ လုပ်ဖို့က အရေးကြီးဆုံးအသက်လို့ ဆိုချင်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar