Breaking News

မြန်မာ့နွေဦးခရော်နီကယ် - ဇူလိုင် ၂၈ မြင်ကွင်း

မြန်မာ့နွေဦးခရော်နီကယ် - ဇူလိုင် ၂၈ မြင်ကွင်း

မိုးမခ ဇူလိုင် ၂၉၊ ၂၀၂၂


တရားဥပဒေ စိုးမိုးရေး တစတစ ပျက်ပြားလာ 

တရားဥပဒေ စိုးမိုးရေးမရှိတာ ကြာပါပြီလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံ အထက်ပိုင်း၊ စစ်ကိုင်း၊ မကွေးတိုင်းမြောက်ပိုင်းက ကျေးရွာတွေမှာ လူ့အသက်တောင် အနိုင်နိုင် လွတ်အောင် တိမ်းရှောင်ပြေးနေရတဲ့ အခြေအနေမှာ ပိုင်ဆိုင်တဲ့ နေအိမ်၊ ကျွဲနွား၊ အဝတ်အစား အိမ်အသုံးအဆောင်ဆိုတောတွေ ဘယ်သူမှ မသယ်နိုင်ပဲ ထွက်ပြေးနေရတာ အဆင်မသင့်လို့ ဖမ်းဆီးခံရပြီး စွပ်စွဲအသတ်ခံရတဲ့ အဖြစ်အပျက်တွေ နေအိမ်မီးရှို့ခံရတဲ့ အဖြစ်အပျက်တွေ နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတာမို့ အဲဒီဒေသက သူတွေအဖို့တော့ တရားဥပဒေစိုးမိုးရေးဆိုတာ မရှိတာ လနဲ့ နှစ်နဲ့ ရှိပြီလို့ဆိုကြရမှာပါ။ 

အဲဒီဒေသတွေအတွက် တရားဥပဒေစိုးမိုးရေး ရှိနိုင်ဖို့ရာမှာ စစ်ရေး လွှမ်းမိုး ထိန်းချုပ်နိုင်မှု၊ အရပ်ဘက် အုပ်ချုပ်ရေးလိုမျိုး တည်ဆောက်နိုင်မှုတွေအပေါ် တည်မှီနေကောင်း တည်မှီနေပါလိမ့်မယ်။ လက်နက်ကိုင် တိုက်ခိုက်မှု အပြတ်အသတ် အနိုင်ရပြီး စိုးမိုးအုပ်ချုပ်နိုင်မှု ရဖို့ အရေးကြီးသလို အဲဒီအခြေအနေတွေ မရောက်နိုင်သေးတဲ့အခါ ပဋိပက္ခဒေသမှာ နေထိုင်သူတွေအဖို့ တရားဥပဒေ စိုးမိုးမှုကို ရရှိခံစားနိုင်ဖို့ မလွယ်ကူတဲ့ အခြေအနေဖြစ်ပါတယ်။ 

လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ တရားဥပဒေစိုးမိုးရေးထက် နယ်မြေစိုးမိုးရေး အနိုင်ရရေးကို ဦးစားပေး လုပ်ဆောင်နေကြမှာဖြစ်လို့ လွယ်လွယ်နဲ့ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်ဖို့ ခက်ခဲနေပါလိမ့်မယ်။ 

သူတို့အတွက် တရားဥပဒေ စိုးမိုးဖို့ မလုပ်ပေးနိုင်ခင်မှာပဲ ကျန်တဲ့ မြို့ငယ်တွေ မြို့ကြီးတွေမှာလည်း တရားဥပဒေစိုးမိုးမှုက တဖြည်းဖြည်းနဲ့ ထပ်ပျက်ယွင်းလာနေတာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မုံရွာ စတဲ့မြို့တွေမှာ လုယက်မှုတွေ၊ ဓားပြတိုက်မှုတွေ ပစ္စည်းယူဖို့အတွက် လူသတ်ဖြတ်တာတွေ နေ့စဥ် ညစဥ်လိုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ညမထွက်ရ အမိန့်ထုတ်ထားတဲ့ အချိန်မရောက်ခင်မှာကိုပဲ အလုပ်ကနေ အိမ်ပြန်သူ၊ သို့မဟုတ် မိတ်ဆွေ အပေါင်းအသင်းနဲ့ လက်ဖက်ရည်ဆိုင် ဘီယာဆိုင်ကနေ ပြန်တဲ့လမ်းမှာ ဆိုင်ကယ်လုယူဖို့ရာ ဖုန်း လုယူဖို့ရာအတွက် အုပ်စုနဲ့ ဝိုင်းပြီး ထိုးခုတ် သတ်ဖြတ်တာတွေ ဖြစ်ပွားနေတာ နေ့စဥ်နဲ့အမျှ ဖြစ်နေပါတယ်။ ဘဏ်လိုမျိုး၊ ငွေလွှဲလုပ်ငန်း၊ ရွှေဆိုင် စတဲ့ တနေရာထည်း တန်ဖိုးကြီး ပစ္စည်းများများစားစား ရနိုင်တဲ့နေရာတွေကိုလည်း သေနတ်နဲ့ ဓားပြတိုက်မှုတွေက သီတင်းပတ်တိုင်း တနေရာမဟုတ်တနေရာမှာ ဖြစ်ပွားနေတာပါ။ သတင်းတပုဒ်ထဲမှာ တောင်ကြီးမြို့မှာ ၂၄ နာရီအတွင်း လုယက်မှု ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ 

ရန်ကုန် လှိုင်သာယာမြို့နယ်လိုမှာ ငွေကြေးမဟုတ်ပဲ ပုစွန်ထုပ်တွေ သယ်လာတဲ့ ကားကမီးပွိုင့်မှာ ရပ်ထားစဥ်လိုမျိုး အချိန်မှာတောင် ပုစွန်ပုံးတွေကို ဝင်လုတဲ့ အဖြစ်အပျက်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ မကြာခင် သီတင်းပတ်က ဖုန်းကို လုယူချင်တာကြောင့် ကားနဲ့ ကုန်ပစ္စည်းဖြည့်တင်းတဲ့ သူကို သတ်ပြီး ဖုန်းနဲ့ ပိုက်ဆံယူဆောင်သွားတဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ 

ဒဂုံမြို့သစ်ရဲ့ လမ်းမကြီးတွေနံဘေးမှာ ညဘက် ကားခဏရပ်ပြီး အပေါ့အပါးသွားတဲ့သူကို ဓားနဲ့ထိုး ပစ္စည်းလုယူတာ ၊ ခုခံရင် သတ်ဖြတ်တဲ့အထိ လုပ်ဆောင်ကြတာဖြစ်ပါတယ်။ ပုံမှန် အခြေအနေမျိုးလို ညဘက် ရဲကင်းလှည့်တာမျိုးတွေ မရှိတော့တဲ့ အချက်ကို လုယက်သူတွေက အခွင့်ကောင်းယူကြတာ ဖြစ်ပါတယ်။ ရဲတွေအနေနဲ့ နေ့ခင်းလိုမျိုး အချိန်မှာတောင် လမ်းကြောင်းတွေရွေးပြီး သွားလာ လှုပ်ရှားနေကြတာဖြစ်လို့ ညလို အချိန်အခါမှာ အရင်လို ကင်းလှည့်တာမျိုးတွေ တစုံတရာဖြစ်ရင် ချက်ချင်းလာရောက် အကူအညီပေးမှာလည်း မဟုတ်တော့တဲ့အနေအထားဖြစ်တဲ့အပြင် မြို့နေလူထုကလည်း အကူအညီမတောင်းခံလိုကြတော့တဲ့ အခြေအနေဖြစ်ပါတယ်။

ရဲကို စစ်တပ်ရဲ့ လက်အောက်ခံ၊ တက်ကြွလှုပ်ရှားသူ ၊ ပီဒီအက်ဖ် ၊ ပြောက်ကျားအဖွဲ့တွေကို ဖမ်းဆီးရာမှာ ပါဝင်တဲ့သူအဖြစ် ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်တာ၊ ဖောက်ခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်လာကြတာကြောင့် ရဲက လူထုကို အကာအကွယ်မပေးတော့တဲ့ အနေအထားဖြစ်ပါတယ်။ တဖက်မှာလည်း စစ်ကောင်စီနဲ့ ရဲတွေရဲ့ စိုးမိုး အုပ်ချုပ်ထားတဲ့ ဧရိယာထဲနေထိုင်နေကြရတာ ဖြစ်လို့ မိမိတို့ ဘာသာ လုံခြုံရေးယူဖို့ လုံခြုံရေးပေးနိုင်ဖို့ လည်းမလွယ်ကူတဲ့ အနေအထား ဖြစ်ပါတယ်။ မြို့ပြပြောက်ကျား သို့မဟုတ် ပီဒီအက်ဖ်တွေအနေနဲ့ စစ်ရေး လုံခြုံရေး ပစ်မှတ်တွေကို ဖောက်ခွဲတာ တိုက်ခိုက်တာတွေက သူတို့ရဲ့ ပင်မအလုပ်ဖြစ်ပြီး စင်ပြိုင် တရားဥပဒေစိုးမိုးရေး စနစ်ကို ဖွဲ့စည်းနိုင်တဲ့အခြေအနေမျိုး မရှိတာတွေ့ရပါလိမ့်မယ်။ 

လူထုက လူထုအချင်းချင်းကာကွယ်ပေးနိုင်လား လူထုပါဝင်တဲ့ လုံခြုံရေး တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်း ဖွဲ့စည်းပြီး ကာကွယ်နိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ အဲဒီအစား တဖြည်းဖြည်းနဲ့ စိုးရိမ်မှုတွေ မြင့်တက်လာကာ လုံခြုံရေး အားနည်းလွန်းတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေ လျော့နည်းလာပြီး တဖန် ရာဇဝတ်မှုတွေကို ပိုများလာဖို့ တွန်းအားဖြစ်စေမှာ ဖြစ်ပါတယ်။ ငတ်ပြတ်လို့ ဓါးပြတိုက်တာမဟုတ်ဘူး ဆိုနိုင်ပေမယ့် ငတ်ပြတ်ခြင်းက လုယက်မှုတွေ ပိုဖြစ်လာစေဖို့ အကြောင်းတချက် ဖြစ်နေတာတော့ အသေအချာဖြစ်ပါတယ်။ 

အခုအခြေအနေဟာ ဒုတိယ ကမ္ဘာစစ်ကာလတုန်းက မြန်မာပြည်မှာ ကြုံတွေ့ရတဲ့ အုပ်ချုပ်ရေးကြီးတခုလုံး ဆုတ်သွားတဲ့အခါ နောက်အုပ်ချုပ်ရေးတခု ဝင်မလာခင် တောကြောင်တွေလို့ခေါ်တဲ့ (တုတ်၊ဓါးလက်နက်နဲ့ လူအုပ်စုဖွဲ့ပြီး အိမ်တွေဖောက်၊ ပစ္စည်းယူ၊ အတိတ်က ရန်ကြွေးတွေ အတွက် လက်စားချေသတ်ဖြတ်တဲ့ ကာလမျိုးနဲ့တော့ မနှိုင်းယှဥ်နိုင်သေးပါဘူး။ သို့ပေမယ့်လည်း ရှိနေတဲ့ နောက်ခံအဆောက်အအုံတွေ တရားဥပဒေစိုးမိုးမှုတွေ တစတစ ပြိုပျက်နေတာကိုကြည့်ရင် အဆိုးဆုံးအခြေအနေမရောက်သေးဘူးလို့ ကောက်ချက်ချရမှာ ဖြစ်ပြီး ဘယ်လောက်ထိ ပျက်စီးဦးမလဲ သို့မဟုတ် စစ်ရေး ရည်မှန်းချက်အောက်မှာ ဘယ်လောက် ဥပဒေစိုးမိုးမှု ပြိုလဲဦးမလဲဆိုတာတော့ မခန့်မှန်းနိုင်သေးတဲ့ အနေအထားဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar