Breaking News

ထိပ်သီးညီလာခံတွေက မြန်မာ့အရေး ဆွေးနွေးမှု၊ မြန်မာနိုင်ငံ အထက်ပိုင်းက မြေလှန်မီးရှို့ခံနေရဆဲ ကျေးရွာများ

မြန်မာ့နွေဦးခရော်နီကယ် - နိုဝင်ဘာ ၁၉ မြင်ကွင်း

မိုးမခ - နိုဝင်ဘာ ၂၀၊ ၂၀၂၂


ထိပ်သီးညီလာခံတွေက မြန်မာ့အရေး ဆွေးနွေးမှု၊ မြန်မာနိုင်ငံ အထက်ပိုင်းက မြေလှန်မီးရှို့ခံနေရဆဲ ကျေးရွာများ

မကြာခင် ရက်ပိုင်းက ပြီးစီးသွားတဲ့ အာဆီယံ အပေါင်း နိုင်ငံများပါဝင်တဲ့ ဖနွမ်ပင် အစည်းအဝေး မှာ မြန်မာ့အရေး ဆွေးနွေးကြပြီးမကြာခင်မှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အေပက် ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် ဒုသမ္မတ ကင်မလာဟဲရစ်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ သီးခြားတွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံအရေးကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

အာဆီယံ နှစ်ပတ်လည် အစည်းအဝေးကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြည်တွင်းစစ်ပဋိပက္ခနဲ့ ပတ်သက်လို့ ပိုပြီးအလေးထား ဆွေးနွေးခဲ့ကြကာ ဆုံးဖြတ်ချက်တွေလည်းချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အာဆီယံမူငါးချက်ကို အချိန်ကန့်သတ်မှုပါဝင်လာအောင် သတ်မှတ်တာ၊ တိုးတက်မှုရှိမရှိ တိုင်းတာမှု စံတွေ သတ်မှတ်တာတွေ လုပ်ခဲ့ကြတယ်လို့ သတင်းတွေထဲ ဖေါ်ပြထားပါတယ်။ ၁နှစ်ခွဲကျော်လာသည့်တိုင် အာဆီယံမူ ၅ ချက်က အကောင်အထည်မပေါ်နိုင်တဲ့နောက် အခုလို အချိန်ကန့်သတ်ချက်နဲ့ အကဲဖြတ်ရမယ့် စံတွေတွဲဖက် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ စစ်ကောင်စီကတော့ အဆိုပါ မူ ၅ ချက်ကိုချမှတ်ခဲ့စဥ်က မြန်မာနိုင်ငံဘက်က သဘောတူညီမှုကို လုံလောက်အောင် မယူခဲ့ဘဲ၊ အစည်းအဝေး ပြီးဆုံးခါနီး မိန့်ခွန်းပြောဆိုရာမှာ အလှည့်ကျ ဥက္ကဌက ထည့်သွင်းပြောဆိုခဲ့တာ လို့ စစ်ကောင်စီဘက်က ခုရက်ပိုင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ထိုစဥ်က စစ်ကောင်စီ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ခဲ့တာ ဖြစ်ပြီး လွယ်လွယ်သဘောတူခဲ့ရာက မြန်မာနိုင်ငံပြန်ရောက်ပြီး နောက်ပိုင်းမှာ ဒီအချက်တွေကို တရားဥပဒေစိုးမိုးမှုရှိမှ တည်ငြိမ်မှုရှိမှ ဖေါ်ဆောင်မှာလို့ ထိုစဥ်ကတည်းက ပြောဆိုခဲ့တာပါ။ 

နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးစားကြရာမှာ သော့အဖြစ် အာဆီယံအဖွဲ့နဲ့ ၄င်းရဲ့ မူ ၅ ချက်ကိုသာ ကိုင်စွဲထားကြပြီး အဆိုပါသော့က အခုအချိန်ထိ ပြဿနာကို ထိရောက်တဲ့ အဖြေမတွေ့နိုင်သေးကြတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ 

အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့အရေးမှာ ပါဝင်ဖြေရှင်းနိုင်လောက်အောင် စစ်ကောင်စီကို သြဇာပေးနိုင်တဲ့ အနေအထားမရှိဘူးလို့လည်း အခြားရှုထောင့်က သုံးသပ်မယ်ဆို သုံးသပ်လို့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းလည်းဖြစ် မြန်မာနိုင်ငံတွင်းမှာလည်း မဟာဗျူဟာဆိုင်ရာ အကျိုးစီးပွားတချို့ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့အပေါ် မှာ သြဇာညောင်းတယ်လို့ သတ်မှတ်ထားကြတဲ့ တရုတ်နိုင်ငံသည်ပင်လျင် စစ်ကောင်စီအပေါ် သြဇာရှိတဲ့အနေအထားမျိုး မဟုတ်ဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီက လက်နက် ဝယ်ယူခွင့်ရဖို့ နဲ့ ကုလသမဂ္ဂလိုမှာ ဗီတိုအာဏာသုံးပြီး ကာကွယ်ပေးဖို့ ချဥ်းကပ်တဲ့နိုင်ငံက အရင် စစ်အစိုးရလက်ထက်တွေတုန်းက အားကိုးခဲ့တဲ့ တရုတ်နိုင်ငံမဟုတ်ဘဲ ရုရှားနိုင်ငံ ဖြစ်ပါတယ်။ ရုရှားနဲ့ အိမ်နီးချင်း မဟုတ်တာ၊ ဝေးကွာတဲ့ ပထဝီအနေအထားမှာရှိတာ ဒီအရှေ့တောင်အာရှမှာ ရုရှားအနေနဲ့ ရည်မှန်းချက်ကြီးကြီးမားမား မရှိတာတဲ့အချက်တွေအပေါ်မူတည်ပြီး စစ်ကောင်စီက အားကိုးခဲ့ပုံလည်း ပေါ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့အရေးက စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူရရှိမှုနဲ့ပတ်သက်လို့ လက်တွေ့ကျတဲ့ပိတ်ဆို့ တားဆီးနိုင်မှသာ ဖိအားပေးနိုင်မှာဖြစ်ပြီး အဲလိုမဟုတ်ပဲ နိုင်ငံတနိုင်ငံဆီက ဝယ်ယူရရှိနိုင်နေတဲ့ အနေအထားမျိုးမှာတော့ စစ်ကောင်စီအနေနဲ့ အရေးထားမှာမဟုတ်ဘူးလို့ မှန်းဆရတဲ့ အနေအထားဖြစ်ပါတယ်။ 

အခုလို နိုင်ငံတကာ အစည်းအဝေးတွေမှာ မြန်မာ့အရေး ဖြေရှင်းဖို့ အဖြေရှာ တိုက်တွန်းနေကြချိန်မှာ ပြည်တွင်းမှာတော့ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မြေလှန်မီးရှို့တာတွေ PDF လို့ သံသယနဲ့ သတ်ဖြတ်တာတွေ ဥပဒေမဲ့ ညှင်းဆဲသတ်ဖြတ်တာတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ 

ဒီနေ့သတင်းတွေထဲမှာ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကြောင်း ဝင်ထိုးပြီး နေအိမ်တွေ မီးရှို့တဲ့သတင်းဖော်ပြထားတာ တွေ့ရပါတယ်။ အနည်းဆုံး နေအိမ် ၁၀၀ ဝန်းကျင် မီးရှို့ခံရပြီး ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းဖော်ပြထားပါတယ်။ 

ဒီလို အဖြစ်အပျက်တွေက နေ့စဥ်လိုလို ကြားသိနေရတဲ့ သတင်းမျိုးဖြစ်လို့ ဖတ်ရှုရသူအဖို့ မထူးဆန်းတော့တဲ့ အနေအထားတောင် ဖြစ်နေပေမယ့် ဒီလိုအဖြစ်အပျက်ကြုံတွေ့ရတဲ့ ဒေသခံ လူထုတွေအဖို့တော့ ဘဝတသက်တာမှာ တကြိမ်သာ ကြုံရတဲ့ အသက်ဘေး၊ ပိုင်ဆိုင်မှု ဆုံးရှုံးရမှုတွေ ဖြစ်ပါတယ်။ 

ဒီလို တသက်မှာ တခါကြုံကြရတဲ့ သတ်ဖြတ်ခံရနိုင်တဲ့ ဘေးအန္တရာယ် လုပ်အားနဲ့ စုဆောင်းတည်ဆောက်ထားတဲ့ နေအိမ် အသုံးအဆေောင် ရိက္ခာတွေကို မီးရှို့ဖျက်ဆီးခံကြရတဲ့ အခြေအနေမျိုးကနေ ကာကွယ်ပေးနိုင်ဖို့က လက်ရှိအနေအထားမှာ အရေးကြီးဆုံး အချက်ဖြစ်တာကို တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သတိပြုလုပ်ဆောင်သင့်နေပြီဖြစ်ပါတယ်။ 

ဒီလို အန္တရာယ်မျိုးကနေ ကာကွယ်ပေးနိုင်မှသာလျှင် လူထုထံက အားကိုးထောက်ခံမှု ပိုမိုရရှိမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုတဲ့ အမည်ရဲ့ အဓိပ္ပာယ်လည်း ပြည့်ဝမှာဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar