Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၉ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း


အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၉ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၂


အသစ်သော ကျမ်းရိုးဘောဂဗေဒ (Neoclassical Economics) က စင်ပေါ် နေရာပေးခံရခြင်း 

မီလ်တန် ဖရိဒ်မင်း (Milton Friedman) က မင်းပြုစိုးစံနေသည့် ကိန်းစ်အမြင်ရှုထောင့်များကို တိုက်ခိုက်ရန် ၁၉၆၀ ပြည့်နှစ်များ အစောပိုင်းကတည်းက ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ၏ “အရင်းရှင်စနစ်နှင့် လွတ်လပ်မှု” (Capitalism and Freedom) စာအုပ်က ၁၉၆၂ ခုနှစ်တွင် ထွက်လာသည်။ ယင်းတွင် ဖရိဒ်မင်းက ကိန်းစ်၏ အဆိုပြုချက်များ စိန်ခေါ်ချေပထားသည်။ အစိုးရ က စီးပွားရေးတက်-ကျ စက်ဝန်းတွင် ဆိုးကျိုးသက်ရောက်မှုများကို စီမံဖြေရှင်းရန် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည် ဟူသော အယူအဆကို ချေဖျက်ရန် ဖြစ်သည်။ 

ယင်းအစား၊ ဖရိဒ်မင်းက ရေးသားရာတွင် ပြင်းထန်သည့် အလုပ်လက်မဲ့ဖြစ်ရမှုများ ဖြစ်စေသော ကမ္ဘာ့စီးပွားပျက်ကပ်ကြီး (the Great Depression) မျိုးကို အစိုးရ၏ တလွဲစီမံခန့်ခွဲမှုများကြောင့်လည်း ထုတ်လုပ်ဖြစ်ပေါ်စေသည်ဟု ဆိုခဲ့သည်။ ပုဂ္ဂလိက စီးပွားရေးစနစ်တွင် ရေသောက်မြစ်ခံလာသည့် မတည်ငြိမ်မှုများကြောင့်သာ မဟုတ်၊ အစိုးရကလည်း ဤသို့ဖန်တီး နိုင်သည်ဟု ဆိုခြင်း ဖြစ်သည်။ သို့သော်လည်း “အရင်းရှင်စနစ်နှင့် လွတ်လပ်မှု” (Capitalism and Freedom) စာအုပ်က ဝေဖန်သူများထံကရော၊ စာဖတ်သူများထံကပါ ဆွဲဆောင်စိတ်ဝင်စားမှု မရရှိခဲ့ကြပါ။ ထိအချိန်က ကိန်းစ်မှ ကိန်းစ် ဖြစ်နေ ကြသည်။ 

လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဖရိဒ်မင်း၏ စာအုပ်တွင် ဖရက်ဒရစ် ဟေးယက် (Friedrich Hayek) ၏ အသစ်သော ကျမ်းရိုး ဘောဂဗေဒ ဝါဒီ အယူအဆများအပေါ် သက်ဝင်စိတ်ဝင်စားနေခဲ့သည်။ သူ၏ ၁၉၆၀ ခုနှစ်ထုတ် လွတ်လပ်ခွင့်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ (The Constitution of Liberty) တွင် ဖော်ပြထားရာ၌၊ ဖရိဒ်မင်းက ဝန်ခံဖော်ပြသည်မှာ ဟေးယက်၏ ဒဿနနှင့် နိုင်ငံရေးတွေးခေါ်မှုများကို ဘောဂဗေဒ ဆွေးနွေးထားချက်များထက်စာလျှင် ပို၍ သူအထင်ကြီးသည်ဟု ဖော်ပြ ထားသည်။ လွတ်လပ်ခွင့်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (The Constitution of Liberty) စာအုပ်သည် စီးပွားရေးဆိုင်ရာ အက်ဆေး ဆွေးနွေးချက်များထက်စာလျှင် တွေးခေါ်မှု ဒဿနမျိုး ဖြစ်သည်မှာ အမှန်ပင်။ 

စီးပွားတန့် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်နေစဉ်တွင်၊ အသစ်သော ကျမ်းရိုးဘောဂဗေဒ (neoclassical economics) က အဓိက လွှမ်းမိုးနေသော အတွေးအခေါ်ကျောင်းတော် ဖြစ်နေခဲ့သည်။ ဖရိဒ်မင်း နှင့် ဟေးယက်တို့က စာရေးဆရာတဦးက ရယ်ပွဲဖွဲ့ ဆိုထားသလို “စကြာဝဠာကြီး၏ အသစ်သော သခင်များ” ဖြစ်နေကြသည်။  သူတို့၏ အသစ်သော ကျမ်းရိုးဘောဂဗေဒ (neoclassical economics) အတွေးအခေါ်မှာ တွေးခေါ်ပညာရှင် ဉာဏ်ကြီးရှင်များအကြား၊ သတင်းထောက်များ အကြားနှင့် နိုင်ငံရေးသမားများအကြား အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်း၍ ဆက်သွယ် ဆွေးနွေးပြောဆိုနေခဲ့ကြသည်။ ဟ-ဂျုန်းချမ်း (Ha-Joon Chang) က အသစ်သော ကျမ်းရိုးဘောဂဗေဒ (neoclassical economics) ၏သဘောကို စာ တကြောင်းတည်း ဖြင့် အနှစ်ချုပ်၍ ဖော်ပြသည်။ ယင်းမှာ ‘လူတဦးချင်းက သူတို့ဘာလုပ်နေသည်ကို သိသည်။ သို့အတွက်ကြောင့် ဈေးကွက် များက အလုပ်မဖြစ် ပုံစံပျက်ယွင်းနေသည် မဟုတ်လျှင် လွှတ်သာထား” ဟု ဆိုခဲ့သည်။   အသစ်သော ကျမ်းရိုးဘောဂဗေဒ (neoclassical economics) လေ့လာမှုများက လူတို့၏ကျိုးကြောင်းဆီလျော် ဆုံးဖြတ်တတ်သည့် စီးပွားရေးအမူအကျင့် အရ အကောင်းဆုံးကို ရွေးချယ်ကြပြီး၊ သတင်းအချက်အလက် အပြည့်အဝသိသူ လူတို့၏အကြောင်းကို အသားပေးထားသည်။ ယင်းက ဈေးကွက်ကို လွတ်လပ်စွာထား၍ လည်ပတ်လုပ်ဆောင်စေခြင်းဖြင့်၊ အရင်းအမြစ်များကို ထိရောက်ထက်မြက်စွာ နေရာချအသုံးပြုခြင်းကို အဓိကထားသည်။ 

ယင်းအယူအဆက ယူဆထားသည်မှာ အရောင်းအဝယ် ကုန်ကျစရိတ်များ၏ သက်ရောက်မှု အပါအဝင် ဈေးကွက်များသည် အမြဲတစေလိုလို ဝယ်လိုအားနှင့် ရောင်းလိုအား တူညီသည့် အခြေအနေတရပ်သို့ ရောက်ရှိသွားသည်။ အကယ်၍ လုပ်အား ဈေးကွက်က လုပ်ခလစာများ၏ အပေါ် သို့မဟုတ် အောက်ရွေ့လျားနေပြီး ချိန်ညှိမှု အခြေအနေတစုံတရာတွင် အလုပ်လက်မဲ့ ဖြစ်ရမှု (unemployment) သည် ပျောက်ကွယ်သွားမည် ဖြစ်သည်။ စီးပွားရေးစနစ်က အထွေထွေမျှခြေ အခြေအနေတခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။ အတိုချုပ်ဆိုရသော် အသစ်သော ကျမ်းရိုးဘောဂဗေဒ (neoclassical economics) သည် ခန့်ညားသည့်၊ ဖက်စုံသဖွယ်၊ ဆွဲဆောင်မှုဖြစ်စေသော သီအိုရီဖွဲ့စည်းထားပုံ အပြည့်ရှိနေသည်။ ထိုမျှမက ဈေးကွက်များ၏ လုပ်ကိုင် ဆောင်ရွက်ပုံအရ လူတဦးချင်း၊ လုပ်ငန်းများ နှင့် နိုင်ငံများကို သူတို့၏ အကောင်းဆုံးကျွမ်းကျင်မှုများအရ အထူးပြု လုပ်ကိုင်နိုင်သည့် အခြေအနေကို ခွင့်ပြုပေးပြီး၊ စီးပွားရေးစနစ်၏ ထုတ်လုပ်နိုင်စွမ်းကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အပြန်အလှန်အားဖြင့် လူနေမှုအဆင့်များကို မြင့်တက်လာစေသည်။ 

သို့သော်လည်း၊ အသစ်သော ကျမ်းရိုးဘောဂဗေဒ၏ အဓိကအားနည်းချက်မှာ သူတို့၏ အယူအဆ လက်ခံထားမှုများ ဖြစ် သည်။ နောက်ပိုင်းဖြစ်ရပ်များက ယင်းကိုလည်း အရေခွံချွတ် ခံရပြန်သည်။ ဤဖြစ်ရပ်များ မတိုင်မီတွင် အသစ်သော ကျမ်းရိုးဘောဂဗေဒ (neoclassical economics) က လုံးဝစိန်ခေါ်ခြင်း မခံရပါ။ နိုဘဲဆုရှင် စီးပွားရေးပညာရှင် ဂျိုးဆက်ဖ် စတစ်ဂလစ် (Joseph Stiglitz) က အသစ်သော ကျမ်းရိုးဘောဂ ပညာရှင်များ၏ ဈေးကွက်များ အလုပ်လုပ်ပုံ ယူဆချက် ကို မေးခွန်းထုတ်ခဲ့သည်။ သဘောက ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဖလှယ်ရောင်းဝယ်နေကြသည့် ပါဝင်ပတ်သက်နေကြ သူများအားလုံးကို ညီတူညီမျှ သတင်းရရှိနေခြင်း မဟုတ်ပါ။ သို့ဖြစ်ရာ ဈေးကွက်၏ မစွမ်းသာမှု (market failures) များ ဖြစ်ပေါ်လာစေသည်။ အယ်လ်ဘတ် ဟစ်ရှ်မန်း (Albert Hirschman) ၏ “ထွက်ခွာခြင်း၊ အသံပြုခြင်း၊ သစ္စာဆက်၍ ထိန်းထား ခြင်း” (Exit, Voice and Loyalty) ၁၉၇၀ ခုနှစ်ထုတ် စာအုပ်တွင် ဘောဂဗေဒပညာ၏ ဖခင်ကြီးဖြစ်သူ အဒမ်စမစ် ၏ ဟောချက်ကို ငြင်းချက်ထုတ်ထားသည်။ လူများက မလွဲမရှောင်သာ ကိုယ်ကျိုးစီးပွား (self-interests) တွန်းအားဖြင့် မောင်းနှင်နေကြသည့်သူများအဖြစ် သဘာဝအရ ယူဆထားသည်မှာ မဟုတ်သေးဟု ဟစ်ရှမန်းက ဆိုသည်။ 

ကိန်းစ် ထင်ရှားကျော်ကြားလာရခြင်းမှာ ၁၉၃၀ ခုနှစ်များတွင် အလုပ်လက်မဲ့ဖြစ်မှုက အဓိကပြဿနာကြီး ဖြစ်နေသော ကြောင့် ဖြစ်သည်။ သို့သော်လည်း ဖရိဒ်မင်းနှင့် ဟေးယက်တို့က ကျော်ကြားလာရခြင်းမှာ ၁၉၇၀ ခုနှစ်များတွင် ငွေကြေး ဖောင်းပွမှုနှင့် ဧရာမအစိုးရကြီး (big government) က အဓိက ပြဿနာ ဖြစ်လာသောကြောင့်ပင်။ အတိုချုပ်ဆိုရလျှင် အသစ်သော ကျမ်းရိုဘောဂဗေဒကို အသုံးပြု၍ အာဏာပိုင်များက ထိန်းချုပ်၊ ဆုံးဖြတ်ချက်များ ချမှတ်လာသောကြောင့် ဖြစ် သည်။ တချိန်တုန်းက ကိန်းစ်ဝါဒီများ၏ အတွေး အခေါ်ကလည်း ပင်မရေစီးအဖြစ် ရှိနေခဲ့ဖူးပါသည်။ 

Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar