Breaking News

ဇင်လင်း ● အရပ်သူအရပ်သားများ ဓါးစာခံဖြစ်နေရသော ပြည်တွင်းစစ်ပွဲများ အမြန်ရပ်စေလိုသည်

ဇင်လင်း ● အရပ်သူအရပ်သားများ ဓါးစာခံဖြစ်နေရသော ပြည်တွင်းစစ်ပွဲများ အမြန်ရပ်စေလိုသည်
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၉

လက်ငင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပြည်တွင်းစစ် အခြေအနေသည် စည်းမဲ့ကမ်းမဲ့ ပရမ်းပတာဖြစ်နေပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ စစ်ဖြစ်လာလျှင် ပထမဆုံး ကျဆုံးရသူမှာ အမှန်တရားဖြစ်၍ နောက်ပိုင်း ကျဆုံးရသူ အများစုမှာ အရပ်သူအရပ်သားများဖြစ်သည်ဆိုသော မှတ်ချက်ကို သတိပြုမိသည်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(AI) သည် ယခုနှစ် မေလတွင်  “မည်သူမျှ ကျွနှု်ပ်တို့ကို မကာကွယ်နိုင်” (No one can protect us) ဟူသည့် ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီမှစ၍ တိုက်ပွဲများ ပြင်းထန် လာချိန်တွင် တပ်မတော်နှင့် AA တပ်ဖွဲ့တို့ နှစ်ဖက် စလုံးက တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အငြင်းပွားဖွယ် ဖမ်းဆီး ချုပ်နှောင်မှုများ ပြုလုပ်ခြင်း၊ ဖမ်းဆီးထားသည့် အကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို ကျူးလွန်သည့်အပြင် ရခိုင်ဒေသအတွင်း မြောက်ဦး ကဲ့သို့သော  သမိုင်းဝင် နေရာများကို ဖျက်လိုဖျက်ဆီး ပြုလုပ်နေကြသဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်နေသည်ဟု စွပ်စွဲထားသည်။ ထုံးစံအတိုင်း စွပ်စွဲခံကြရသူတို့က ငြင်းကြသည်။ အရပ်သူအရပ်သားများ သေကြေအနာတရဖြစ်ကာ အိုးပစ်အိမ်ပစ် စစ်ဘေးလွတ်ရာ ထွက်ပြေးကြရသည်ကတော့ အမှန်ဖြစ်နေသည်။

သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့၌ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ၊ အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြသည်ဟု ဒေသခံများက RFA သတင်း ဌာနသို့ ပြောကြောင်း သိရသည်။ ထိုနေ့မှာပင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့သည် အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကျိုင်းတုံမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးနေသော်လည်း ကွတ်ခိုင်နှင့် ရခိုင် ပြည်နယ် ဘူးသီးတောင်တို့တွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။ ကွတ်ခိုင်မှ မူဆယ်သို့ အထွက် ယူကလစ်တောနှင့် လားရှိုးမှ ကွတ်ခိုင်အဝင် နေရာများ တွင်  မြောက်ပိုင်းအဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ နံနက် ၆ နာရီမှ ၁၀ နာရီခွဲကျော်အထိ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ကြားနေခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ ယင်းဖြစ်စဉ် အတွင်း ‘မောဟိတ်စုစည်းရွာ’ ထဲသို့ လက်နက်ကြီးကျည် ကျရောက်၍ လသားအရွယ် ရင်ခွင်ပိုက်ကလေးငယ်နှင့်  မိခင် ဖြစ်သူတို့ အပါအဝင်၅ ဦး သေဆုံးခဲ့ရကြောင်း ကွတ်ခိုင်မြို့ လူမှုကူညီရေးအသင်းမှ ဦးတင်ဝင်းက RFA သို့ ပြောသည်။

သြဂုတ် ၁၉ ရက်က ကျရောက်ခဲ့သည့် ‘ကမ္ဘာ့ လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ် နေ့’ တွင် လူမှုအဖွဲ့ အစည်း ၁၀ ဖွဲ့ပါဝင်ဖွဲ့စည်းထားသော ‘ရှမ်းပြည်နယ် မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့’ (HST-NSS)၏ သဘောထားထုတ်ပြန်ချက်၌  ပဋိပက္ခအတွင်း အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ရန် ထည့်သွင်းတိုက်တွန်းခဲ့ကြောင်း ၇ ရက်နေ့စဉ်သတင်းအရ သိရသည်။

ထုတ်ပြန်ချက်တွင် အရပ်သားများ ထိခိုက်နစ်နာနေသော မြေမြှုပ်မိုင်းအသုံးပြုခြင်း၊ လက်နက်များ ပရမ်းပတာ ပစ်ခတ်ခြင်း နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုံးဝမပြုလုပ်ရန်နှင့် ပဋိပက္ခအတွင်း ဒုက္ခရောက်နေသောပြည်သူများအား သွားရောက် ကူညီနေသော လူမှုကူညီရေး အသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံအဖွဲ့အစည်းများကို နှောင့်ယှက် ခြင်း၊ တိုက်ခိုက်ခြင်းများ မပြုလုပ်ရန်လည်း အကြံပြု တိုက်တွန်းထားသည်။ လက်ရှိအခြေအနေတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ဟိုပန်၊ လောက်ကိုင်နှင့် ကုန်းကြမ်း စသည့်မြို့များ၏ အနီးဝန်းကျင် ကျေးရွာများ၌ တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ် ပူပန်နေကြရသည်ဟု ဆိုသည်။ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ပြည်သူ ၁,၅၀၀ ကျော်တိုး လာကြောင်း HST-NSS အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင်ကို ကိုးကား၍ ၇ ရက်နေ့စဉ်သတင်းက ဖေါ်ပြသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ဖြစ်ပွားသည့် ပြည်တွင်းစစ်ပဋိပက္ခ ကြောင့် ၂၀၁၁ မှ လက်ရှိအချိန် အထိ စစ်ဘေးရှောင်စခန်း ၃၈ ခုတွင် လူဦးရေ ၁၅,၀၀၀ ကျော်ရှိနေကြောင်း HST-NSS ကဆိုသည်။

အလားတူ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ်ရှိ ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမပေါ်တွင် အရပ်ဘက် ကုန်တင်ယာဉ် ၃ စီးကို ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) က သြဂုတ် ၂၉ ရက် ညတွင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ တအာင်းအဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ကလည်း သြဂုတ် ၃၀ ရက် နံနက်တွင် လားရှိုး-သိန်းနီလမ်းပိုင်း၌ ခရီးသည်တင် ယာဉ်တစ်စီး အပါအဝင်ယာဉ်သုံးစီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ယင်းသို့ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မှုများ ဆက်လုပ်နေပါက ငြိမ်းချမ်း ရေးဆွေးနွေးခြင်းလုပ်ငန်းစဉ်ကို ပြည်သူက လက်မခံသည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု လမ်းပိုင်းတွင် ပါဝင်သော လားရှိုးမြို့နှင့် မိုင်၂၀ ခန့်အကွာရှိပန်ဖတ်နှင့် မိုင်းလီ ကျေးရွာကြားတွင် အိမ်စီး ယာဉ် နှစ်စီး၊ ခရီးသည်တင်ယာဉ်တစ် စီးနှင့် ဆိုင်ကယ်တစ်စီးကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က သြဂုတ် ၃၁ ရက်နေ့ နံနက် အစောပိုင်းမှ ၁၀ နာရီခန့်အတွင်း မီးရှို့ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအချို့က ပြောသည်ဟု ၇ ရက်နေ့စဉ် သတင်းက ဖေါ်ပြသည်။ အဆိုပါ ယာဉ်သုံးစီး မီးရှို့ခံရသည့် ကိစ္စကို ၎င်းအနေဖြင့် မသိသေးကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တွင် ပါဝင်သော  TNLA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

သြဂုတ် ၃၁ ရက်နေ့က တရုတ်အစိုးရ၏ စီစဉ်ပေးမှုအရ တအာင်းအဖွဲ့ (TNLA/PSLF)၊ ကိုးကန့်အဖဲ့ွ (MNDAA/MNTJP)၊ ကချင်အဖဲ့ွ (KIO, KIA) နှင့် ရခိုင်အဖဲ့ွ(AA/ ULA) ကိုယ်စားလှယ်များသည် အစိုးရ၏ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဦးဆောင်သော ငြိမ်းချမ်းရေးကော်မရှင်နှင့် တေ့ွဆုံခဲ့ကြပြီး၊ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရေး၊ ပဏာမ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး စသည်တို့ကို ဦးတည်ဆွေးနွေးခဲ့ ကြောင်း သိရသည်။ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ရေးနှင့်  အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကြိုးပမ်းသွားမည် ဟု မြောက်ပိုင်းလေးဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ၃၁၊ ၈၊ ၂၀၁၉ ရက်နေ့ ကျိုင်းတုံမြို့ ၌ တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

တပ်နေရာချထားရေးကိစ္စနှင့် တိုက်ပွဲများ မဖြစ်ပွားစေရန် မည်သို့ စည်းမျဉ်းစည်းကမ်းများ ချမှတ်ကြမည် ဆိုသည့် ကိစ္စ များကို တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးကြရန် သဘောတူခဲ့ကြကြောင်း တေ့ွဆုံပွဲအပြီးတွင်  ပူးတွဲ သတင်းထုတ်ပြန်ခဲ့သည်။ နောက်တစ်ကြိမ် တေ့ွဆုံဆွေးနွေးပွဲကို စက်တင်ဘာလ အလယ်တွင် ကျင်းပရန် နှစ်ဘက် သဘောတူခဲ့ကြသည်။ သို့သော် နေရာကိုမူ အတည်ပြုနိုင်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။ စက်တင်ဘာလလယ်တွင် တေ့ွဆုံမည့်ပွဲသို့ တပ်ကိုယ်စားလှယ်များ လိုက်ပါနိုင်ရေးအတွက် အစိုးရဘက်က ကျိုင်းတုံမှာပင် တေ့ွဆုံလိုသည်ဟု ဆို သည်။ တိုင်းရင်းသားအဖွဲ့များက ပန်ဆန်း သို့မဟုတ် တရုတ်ပြည်တွင်း တစ်နေရာရာတွင် တေ့ွဆုံလိုကြောင်း  အဆိုပြု ခဲ့ကြသည်ဟု RFA သတင်းအရ သိရသည်။ ရှမ်းမြောက်ဒေသနှင့် ရခိုင်ပြည်မြောက်ပိုင်းတွင် ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုများ ရှိနေသည့်အပေါ် နှစ်ဘက်ခေါင်းဆောင်များအား  သတင်းထောက်များ က မေးမြန်းခဲ့သော်လည်း တိကျသည့် အဖြေမရရှိဟု ဆိုသည်။ အပြန်အလှန် စွပ်စွဲပြစ်တင်မှုများသာ ရှိနေကြောင်း သိရသည်။

ယင်းအခြေအနေကို သုံးသပ်ကြည့်ပါက နိုင်ငံ ငြိမ်းချမ်းရေးအတွက် စိုးရိမ်ဖွယ် ရင်လေးဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။  သတင်းမီဒီယာများတွင် သတင်းဖေါ်ပြချက်များအရ လတ်တလော ဖြစ်ပွားနေသော စစ်ပွဲများတွင် နှစ်ဖက်စလုံး ထိခိုက် သေကြေဒဏ်ရာရရှိမှု ကိန်းဂဏန်းများက မြင့်တက်လာနေသည်။ လသားအရွယ် ရင်ခွင်ပိုက်ကလေးငယ်နှင့်  မိခင်ဖြစ်သူ တို့ အပါအဝင် အရပ်သူအရပ်သားများ ထိခိုက်သေဆုံးသည့်သတင်းများကြောင့် ဝမ်းနည်းကြေကွဲဖြစ်ကြရသည်။ အစိုးရက ငြိမ်းချမ်းရေးအောင်မြင်စေရန် မူဝါဒချမှတ် ကြိုးပမ်းလျှက်ရှိသော်လည်း မြေပြင်ဖြစ်ရပ်များက ငြိမ်းချမ်းရေးနှင့် ဆန့်ကျင် လျှက် မြေစာပင်ပြည်သူများ ထိခိုက်နစ်နာနေရကြောင်း ဖေါ်ပြနေသည်။ အပစ်အခတ် ရပ်စဲရေးကို အားစိုက် ဆောင်ရွက် ရမည့်အစား၊ စစ်ဘောင် ကျယ်ပြန့်ရေးကို ရည်သန်လုပ်ဆောင်နေကြသည်။ ငြိမ်းချမ်းရေး ရောင်ခြည် မှေးမှိန်လာနေပြီး၊ စစ်ပွဲ အရိပ်မည်းကြီးက ကျယ်ပြန့်လာနေသည်။ စစ်ဘေးရှောင် ပြည်သူအရေအတွက် တိုးတက်များပြားလာနေသည်။  ထိခိုက်နစ်နာ သေဆုံးမှု ပမာဏ ကြီးမားလာနေသည်။ နိုင်ငံ့ရှေ့ရေး စိတ်မအေးစရာဖြစ်သည်။ ယခင်နှစ် ဒီဇင်ဘာလက စတင် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲများကြောင့် ရခိုင် ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်အရေအတွက် ငါးသောင်း ကျော်အထိ များပြားလာပြီး၊ အရပ်သား သေဆုံးသူ ငါးဆယ်ကျော်နှင့် ထိခိုက်ဒဏ်ရာရသူ တစ်ရာကျော်ရှိနေပြီဟု သတင်းများက ဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တစ်ပြည်လုံးအပစ်အခတ် ရပ်ဆိုင်းရေး အကောင်အထည်ဖော်ရမည့် အချိန်တွင် တိုက်ပွဲဖြစ်ပွားမှု ပိုများလာနေသည်။ တွေ့ဆုံဆွေးနွေး အဖြေရှာရမည့်အစား၊ စစ်ရေးအရ ဖိအားပေး ဖြေရှင်းမှုများ ဇွတ် လုပ်လာကြသည်။ သို့ဖြင့်  တိုက်ပွဲများ ဆက်လက်ကျယ်ပြန့်ကာ စစ်ရှိန်ပြင်းထန်လာသည်။ မြန်မာ့တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်မတော် AA အပေါ် စစ်ရေးအရှိန်မြှင့်ကာ ဆက်လက်တိုက်ခိုက်နေမည် ဆိုပါက မြောက်ပိုင်း စစ်ရေးမဟာမိတ် သုံးဖွဲ့ အနေဖြင့်လည်း မဟာမိတ် ပီသစွာဖြင့် လုပ်သင့်လုပ် ထိုက်သည်များကို မလွဲမရှောင်သာ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဧပြီလ ၂၄ ရက်နေ့စွဲဖြင့် မြောက်ပိုင်းစစ်ရေးမဟာမိတ် ၃ ဖွဲ့က ကြေငြာချက် ထုတ်ပြန်ခဲ့ဖူးသည်။

“၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ အပစ်အခတ်ရပ်စဲခြင်းအား တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မကြေညာဘဲ ယခင်နည်းတူ ရခိုင်ဒေသတစ်ခုတည်းအား ထပ်မံချန်လှပ်ခဲ့မည်ဆိုပါက စစ်ရပ်စဲရေး ကဏ္ဍတွင် မြန်မာ့တပ်မတော်အနေဖြင့် မှန်ကန်သော စိတ်ဆန္ဒမရှိဟု ကောက်ချက်ချ၍ ရနိုင်ပါသည်။” ဟု မြောက်ပိုင်း စစ်ရေး မဟာမိတ် ၃ ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် အစိုးရနှင့် တပ်မတော်တို့ အနေဖြင့် လက်ရှိ ပဋိပက္ခများကို စိတ်ရင်းစေတနာမှန်ဖြင့် အထူးအလေးထားကာ အမြန်ဆုံး ဖြေရှင်းပေးကြစေလိုကြောင်း၊ ၎င်းတို့ မဟာမိတ် ၃ ဖွဲ့အနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ် လျင်မြန်စွာ ဖော်ဆောင် ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကြားဝင် စေ့စပ်ပေးပါရန် အလေးအနက်တောင်းဆိုကြောင်း ဖေါ်ပြထားသည်။

ကွတ်ခိုင်၌ လက်နက်ကြီးကျည်ထိမှန်သည့် ဖြစ်စဉ်၌ သွေးထွက်သံယို ဒဏ်ရာဖြင့် သေဆုံးနေသည့် ကလေး ငယ်၏ ဓာတ်ပုံနှင့် ရုပ်သံဖိုင်များ လူမှုကွန်ရက်တွင် အများအပြား ဖြန့်ဝေကာ တိုက်ပွဲများ အမြန်ရပ်တန့်ပေးရန် လူမှုကွန်ရက် သုံးစွဲသူများက တောင်း ဆိုထားသည်ကို တွေ့ရသည်။ ကျိုင်းတုံမြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်နှင့် တစ်ချိန်တည်း တွင်  အရပ်သားများသေဆုံးစေသည်အထိ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအပေါ် ဒေသခံများက ပြစ်တင် ရှုတ်ချလျှက်ရှိသည်။

သြဂုတ် ၃၁ ရက်နေ့ ကျိုင်းတုံဆွေးနွေးပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်၌ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရေး တပ်မတော်ဘက်မှ စတင်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ် မြေ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများတွင် ၂ဝ၁၈ ခုနှစ၊် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ ယနေ့(၃၁၊ ၈၊ ၂၀၁၉) အထိ အချိန်ကာလအားဖြင့်(၈) လကြာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်လိုသည့် စစ်မှန်သော ဆန္ဒဖြင့် ပြုလုပ်ပေးခဲ့ပါသည်ဟု ဖေါ်ပြထားသည်။

ဆက်လက်၍ လက်ရှိ အခြေအနေတွင် တပ်မတော် အနေဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း အားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအား ယုံကြည်မှု အပြည့်ဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့နှင့် လက်ရှိဆွေးနွေးဆဲ အခြေအနေများ ဆက်လက် ဆောင်ရွက်နိုင်ရေးတို့အတွက် အထက် ဖော်ပြပါ တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်‌ကြောင်း သတင်းထုတ်ပြန် ကြေညာ အပ်ပါသည်ဟု ဖေါ်ပြထားသည်။

တပ်မတော်၏ အပစ်ရပ် ကြေညာမှုနှင့်ပတ်သက်၍  TNLA၏ အမြင်ကို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ထံ ‘၇ ရက်နေ့စဉ်သတင်းဌာန’ က မေးမြန်းခဲ့ရာ ၎င်းက တပ်မတော်အနေဖြင့် အပစ်ရပ်ကြေညာထားသော်လည်း မြေပြင်တွင် ထိုးစစ်ဆင်မှုများ ဆောင်ရွက်နေဆဲရှိသည်ဟု မှတ်ချက်ပြုသည်။ NRPC ကိုယ်စားလှယ် အဖွဲ့နှင့် ကချင်အဖွဲ့(KIO/KIA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA) တို့သည် ၃၁- ၈- ၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံ ၌ တွေ့ဆုံဆွေးနွေးခဲ့ရာ တိုက်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေး ကြိုးပမ်းရန်နှင့် စက်တင်ဘာ ၁၆ ရက်တွင် ပြန်လည် တွေ့ဆုံရန် သဘောတူခဲ့ကြကြောင်း သတင်းများအရ သိရသည်။

လက်ရှိ အခြေအနေကို လေ့လာကြည့်လျှင် စစ်ရေးထိပ်တိုက်တွေ့မှုများကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စများ အကောင်အထည် ဖေါ်နိုင်ရန် အခက်အခဲတွေ့နေသည်။ စစ်ရေးထိပ်တိုက်တွေ့မှုအစား နိုင်ငံရေး ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဖြစ်ပေါ်စေရန် ဝါယမစိုက် ကြိုးပမ်းကြဖို့လိုသည်။ စစ်ပွဲများ အမြန်ရပ်ရေးအတွက် အပြန်အလှန် စွပ်စွဲပြစ်တင်မှုများ လုပ်နေမည့်အစား အာဃာတများ၊ မာန်မာနများကို လျှော့ချခြင်းဖြင့် ယုံကြည်မှု ပြန်လည် ထူထောင်သင့်သည်။ ယနေ့ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော ပြည်သူအများ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ် စောင့်ရှောက်မှု ပေးနိုင်ရန် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အစိုးရ မဟုတ် သော လူမှုရေးအဖွဲ့အစည်းများ အချိန်မှီ လက်တွဲ ကြိုးပမ်းကြစေလိုသည်။

7 September 2019, Sturday နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌  ဖေါ်ပြသည့်ဆောင်းပါး။