Breaking News

မောင်စွမ်းရည် - ပထမကောလိပ်သပိတ် ဒီမိုကရေစီပုံစံ နိုင်ငံရေးလှုပ်ရှားမှု ရာပြည့်



မောင်စွမ်းရည် - ပထမကောလိပ်သပိတ် ဒီမိုကရေစီပုံစံ နိုင်ငံရေးလှုပ်ရှားမှု ရာပြည့်

(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၂၀

အခုတလောအတွင်းမှာ ရန်ကုန်တက္ကသိုလ်ရာပြည့် လှုပ်ရှားမှုတွေ ရန်ကုန်တက္ကသိုလ်အတွင်းမှာ အမျိုးမျိုး ပုံဖော် လှုပ်ရှားနေကြတာ အားရဝမ်းသာ တက်ကြွစရာကောင်းလှပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီး ပေါက်ဖွားလာတာ နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်သလို တက္ကသိုလ်နဲ့ အတူပေါက်ဖွားလာခဲ့တဲ့ သပိတ်တိုက်ပွဲပုံစံ နိုင်ငံရေးလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့တာလည်း နှစ်ပေါင်း ၁၀၀ ရှိခဲ့ပြီ ဖြစ်ကြောင်းကိုလည်း အထိမ်းအမှတ် ပွဲကြီးလမ်းကြီး မလုပ်ဖြစ်တောင်မှ ဖော်ထုတ်ကြေညာတာမျိုးကိုတော့ လုပ်သင့်ပါတယ်။

ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာတာနဲ့အတူ တက္ကသိုလ်အက်ဥပဒေ ပေါ်ပေါက်လာတာလည်း နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်သလို အဲဒီ အက်ဥပဒေထဲမှာ ပါရှိတဲ့ တက္ကသိုလ်ဘော်ဒါဆောင်မှာ လခပေး နေထိုင်မှသာလျှင် တက္ကသိုလ်တက်ခွင့်ရမယ်ဆိုတဲ့ ဥပဒေ (အဆောင်နေဥပဒေ)ကို ကျောင်းသားတွေ သပိတ်မှောက်ခဲ့တာလည်း နှစ် ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

‘သပိတ်မှောက်တယ်’ ဆိုတဲ့ ဝေါဟာရ မပေါ်သေးဘူး ထင်ပါတယ်။ အဲဒီခေတ်က ခေတ်ပြိုင် စာနယ်ဇင်းတွေမှာ ဆိုရင် Strike (စထရိုက်)လို့ပဲ သုံးစွဲတာ တွေ့ရပါတယ်။ ‘တက္ကသိုလ်’ ဆိုတဲ့ ဝေါဟာရလည်း မပေါ်သေးလို့ ‘ဗာဆီတီ… ဗာဆီတီ… စထရိုက်… စထရိုက်’ လို့ ကျောင်းသားတွေ ဟစ်အော်ကြပုံကို ဖတ်ရဖူးပါတယ်။ ရွှေတလေး ကာတွန်းတွေနဲ့ တွဲပြီး ဖတ်ခဲ့၊ မှတ်ခဲ့ရတယ်လို့ပဲ ရေးရေး မှတ်မိပါတယ်။ ကျွန်တော် မမွေးခင် ၁၅ နှစ်လောက်ကပါ။

မြန်မာဘုရင် အုပ်ချုပ်တဲ့ ပဒေသရာဇ်ခေတ်ကဆိုရင် သက်ဦးဆံပိုင်ဘုရင် အုပ်ချုပ်ရေးစနစ် ဖြစ်လေတော့ ဆန္ဒပြပွဲဆိုတာ ဘယ်ရှိမှာလဲ။ ဆန္ဒပြပွဲ ဆိုတာလည်း မရှိ။ ဆန္ဒပြတယ်ဆိုတဲ့ ဝေါဟာရလည်း မရှိ။ ဗြိတိသျှအစိုးရ အုပ်ချုပ်တဲ့ခေတ် ရောက်မှ ဆန္ဒပြပွဲဆိုတာ ပေါ်ပေါက်လာခဲ့တာပါ။ အင်္ဂလိပ်တွေက အိန္ဒိယနိုင်ငံကြီးနဲ့အတူ ဗမာနိုင်ငံကိုလည်း သူ့နိုင်ငံတွင်းကို သိမ်းပိုက်သွင်းယူထားပါတယ်။ သူတို့နိုင်ငံ အုပ်ချုပ်ရေးဥပဒေအတိုင်း ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေကလည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဆန္ဒပြ တောင်းဆိုတဲ့သပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ ဒါကြောင့် ပထမကောလိပ်သပိတ် ပေါ်ပေါက်ခဲ့တာလည်း နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ နိုင်ငံရေးပုံစံ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တာလည်း နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ကောလိပ်သပိတ် ဆန္ဒပြပွဲဟာ တပြည်လုံးကို ဂယက်ရိုက်သွားခဲ့ပါတယ်။ ဗမာတပြည်လုံး ဒီမိုကရေစီဆိုတာ ဒီလိုပါလားလို့ဆိုတဲ့ အသိစိတ်ဓာတ် ရိုက်ခတ်သွားခဲ့ပါတယ်။ သပိတ်တိုက်ပွဲက အလွန်ပြင်းထန်ပါတယ်။ ဗြိတိသျှအစိုးရရဲ့ တက္ကသိုလ်ကို အန်တုယှဉ်ပြိုင်ပြီး အမျိုးသားကောလိပ်ကို ရွှေတိဂုံဘုရားအရှေ့ဘက် ဗဟန်းဇရပ်တွေမှာ ဖွင့်လှစ်တည်ထောင်လိုက်ပါတယ်။

အဲဒီအမျိုးသားကောလိပ်မှာ နိုင်ငံကျော် ကဗျာဆရာ၊ သတင်းစာဆရာကြီး ဦးလွန်း (နောင် သခင်ကိုယ်တော်မှိုင်း)က ဝင်ရောက်ပြီး မြန်မာစာနဲ့ မြန်မာနိုင်ငံသမိုင်းကို သင်ကြားပေးခဲ့ပါတယ်။ အဲဒီကာလမှာ ‘ပါမောက္ခ’ ဆိုတဲ့ ဝေါဟာရလည်း ပညာရေးလောကမှာ မသုံးဖူးသေးတော့ ‘ပရိုဖက်ဆာ’ ဆိုတဲ့ ဝေါဟာရကို သုံးပါတယ်။

ကဗျာတွေ၊ စာတွေ ရေးတော့လည်း ‘ပရိုဖက်ဆာ ဆရာလွန်း’ ဆိုတဲ့ ကလောင်နာမည်နဲ့ပဲ ရေးခဲ့ပါတယ်။

အဲဒီအမျိုးသားကောလိပ်ကြီးကို အကြောင်းပြုပြီး မြန်မာတနိုင်ငံလုံးမှာလည်း အင်္ဂလိပ်အစိုးရကျောင်းတွေကို သပိတ်မှောက်ပြီး အမျိုးသားကျောင်းတွေကို တည်ထောင်လိုက်ကြပါတယ်။ အမျိုးသားကောလိပ်က ဘွဲ့ရကျောင်းသားကြီးတွေဟာ အမျိုးသားကျောင်းတွေမှာ စာပြကြပါတယ်။ လခရရ၊ မရရ အငတ်ခံ စာပြကြပါတယ်။ အာဇာနည်ထဲမှာ ပါတဲ့ ဦးရာဇတ်၊ ဦးဘတင် စသူများဟာ အမျိုးသားကျောင်းဆရာကြီးများ ဖြစ်ကြပါတယ်။ ဒီလို အမျိုးသားကျောင်းတွေ တပြည်လုံး ပေါ်ပေါက်စေခဲ့တာလည်း ကောလိပ်သပိတ်ကြီးရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်တွေဟာ မြန်မာနိုင်ငံ လက်လွှတ်ရတော့မလားလို့တောင် စိုးရိမ်ခဲ့ရသတဲ့။

တက္ကသိုလ်ကောလိပ် သပိတ်ကြီးဟာ မြန်မာတမျိုးသားလုံးကို နိုးကြားစေတယ်။ စည်းလုံးညီညွတ်စေတယ်။ ဒါကြောင့် တက္ကသိုလ်သပိတ်မှောက်တဲ့နေ့ကို ‘အမျိုးသားနေ့’ လို့ သတ်မှတ်သင့်တယ်လို့ မန္တလေးမှာ ကျင်းပတဲ့ နဝမမြောက် ဂျီစီဘီအေ ညီလာခံကြီးက သတ်မှတ်ပေးခဲ့ပါတယ်။ တချို့က သီပေါမင်း ပါတော်မူတဲ့နေ့။ တချို့က ဆရာတော်ကြီးဦးဥတ္တမ ထောင်ကလွတ်တဲ့နေ့ စတဲ့နေ့တွေကို အမျိုးသားနေ့ ကျင်းပဖို့ အဆိုပြုခဲ့ကြသေးသတဲ့။

ဒါပေမဲ့ ဒီနေ့တွေဟာ အမင်္ဂလာနေ့မို့ အမျိုးသားနေ့ မဖြစ်ထိုက်ဘူးလို့ ပယ်ချခဲ့ပြီး သပိတ်မှောက်တဲ့နေ့ကတော့ တမျိုးသားလုံး နိုးကြားလာပြီး တနိုင်ငံလုံးမှာ အမျိုးသားနေ့အဖြစ် သတ်မှတ်ဖို့ သဘောတူခဲ့ကြတာ ဖြစ်လို့ မင်္ဂလာရှိပါပေတယ်ဆိုပြီး အမျိုးသားနေ့အဖြစ် သတ်မှတ်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ၁၉၂၁ ခုနှစ်ကစပြီး မြန်မာတနိုင်ငံလုံးမှာ အမျိုးသားနေ့ကို ကျင်းပလာခဲ့တာဟာ လွတ်လပ်ရေးရဲ့ ရှေ့ပြေးနေ့ကြီးအဖြစ် ဂုဏ်ယူမဆုံး ဖြစ်ခဲ့ပါတယ်။ နှစ်စဉ် အမျိုးသားနေ့တွေမှာ နိုင်ငံရေးသမားကြီးတွေ၊ စာရေးဆရာကြီးတွေ၊ အမျိုးသားကျောင်းဆရာကြီးတွေ၊ အမျိုးသားကောလိပ်ကျောင်းသားဟောင်းတွေက အမျိုးသားနေ့အကြောင်းကို ဟောပြောရင်း အမျိုးသားစိတ်ဓာတ်ကို တဆင့်ချင်း မြှင့်တင်ပေးရင်းက လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ရေနံချောင်း အမျိုးသားကျောင်းကို တက်ခဲ့သူ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၊ မြန်မာနိုင်ငံတော်ရဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးနုတို့ဟာ အမျိုးသားကျောင်းဆရာကြီးတွေ၊ အမျိုးသားကျောင်းအုပ်ကြီးတွေ ဖြစ်ခဲ့ကြပြီး အာဇာနည် ဒီးဒုတ်ဦးဘချို ဆိုရင်လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့အတူ အမျိုးသားကောလိပ်မှာ မြန်မာစာ၊ မြန်မာနိုင်ငံသမိုင်း သင်ကြားပို့ချပေးခဲ့သူ ဖြစ်ပါတယ်။

တက္ကသိုလ်ကောလိပ်သပိတ်ကြီးဟာ အမျိုးသားနေ့ ဖြစ်ပေါ်စေခဲ့တယ်။ အမျိုးသားနေ့တွေဟာ အမျိုးသားစည်းလုံးရေးကို ဖြစ်ပေါ်စေခဲ့ပြီး အမျိုးသားနိုးကြားရေးကို တဆင့်ချင်း မြှင့်တင်ကာ အမျိုးသားလွတ်လပ်ရေးကို ရရှိစေခဲ့တယ်။ သပိတ်မှောက် ဆန္ဒပြခြင်းဆိုတာဟာ လက်နက်ကိုင် ပုန်ကန်ခြင်း၊ အကြမ်းဖက်နည်းနဲ့ နိုင်ငံရေးဆောင်ရွက်ခြင်း မဟုတ်ဘဲ လူထုနည်း၊ အနုနည်းနဲ့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီနည်း ဖြစ်ပါတယ်။ ဒါကြောင့် ပထမကောလိပ်သပိတ်ကြီးဟာ ပထမဆုံး ဒီမိုကရေစီ လှုပ်ရှားမှုအဖြစ် လက်ဆင့်ကမ်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာခေတ်သစ်နိုင်ငံရေးသမိုင်းမှာ ဒီမိုကရေစီနည်းကို ပထမဆုံး တွေ့ကြုံစေခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီအစဉ်အလာအရ ကိုနု၊ ကိုအောင်ဆန်း တို့၊ အမျိုးသားကျောင်းသူ မအုန်း၊ မအမာ စသူတို့ ပါဝင်တဲ့ ၁၉၃၆ ခုနှစ် တက္ကသိုလ်ရဲ့ ဒုတိယသပိတ်ကြီး လွတ်လပ်ရေး လမ်းခရီးကြီးကို ပိုမိုဖြောင့်တန်း လင်းလက်စေခဲ့ပါတယ်။

တတိယ တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ၁၉၃၈ မှာ ပေါက်ကွဲလာတဲ့အခါမှာတော့ ရေနံမြေ အလုပ်သမားသပိတ်၊ ဆရာစံ လယ်သမားသူပုန် စသည့် နိုင်ငံရေးပေါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်ရာက ရဲဘော်သုံးကျိပ်ရယ်လို့ လက်နက်ကိုင် တော်လှန်ရေးသမားတွေ ပေါ်ပေါက်လာပြီး နယ်ချဲ့အင်္ဂလိပ်ကိုရော၊ ဖက်ဆစ်ဂျပန်တို့ကိုပါ ဆက်တိုက် တွန်းလှန်နိုင်ခဲ့ပြီး လွတ်လပ်ရေးကြီး ရခဲ့ပါတယ်။

လွတ်လပ်ရေးကြီးဟာ ကျောင်းသားသပိတ် သုံးလုံးနဲ့ အရင်းတည်ခဲ့တာပါကလား ဆိုတာ ပြန်လည်သုံးသပ်ကြည့်လို့ ရလာပါတယ်။

နောက်ဆုံးတကြိမ်မှာတော့ သပိတ်သုံးလုံးဟာ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား လှုပ်ရှားမှုကြီးအဖြစ် ပေါင်းစည်းသွားရာ အဆုံးသတ်တိုက်ပွဲကိုတော့ လက်နက်ကိုင် တော်လှန်ရေးနဲ့ သရဖူဆောင်း ခဲ့ရလေသတည်းလို့ ဗမာ့လွတ်လပ်ရေးသမိုင်းကို နိဂုံးချုပ်လိုက်ရပါတော့တယ်။

သပိတ်သုံးလုံးဟာ ဖိုခနောက်သုံးလုံးပါပဲ။ ဒီဖိုခနောက်သုံးလုံးပေါ်မှာ တော်လှန်ရေးမီးဖို တည်ဆောက်ခဲ့ရပါတကားလို့လည်း သုံးသပ်နိုင်ပါကြောင်း။

မောင်စွမ်းရည်
၂၀၂၀ အောက်တိုဘာ ၂၇
နယူးယောက်