Breaking News

မောင်စွမ်းရည် - ရွာသူကြီး



မောင်စွမ်းရည်  - ရွာသူကြီး

(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၀


‘ရွာသူကြီး’ ဆိုတဲ့ ဝေါဟာရကို နောက်ဆုံးထုတ် အဘိဓာန်မှာ မပါရှိပါ။

‘သူကြီး’ ဆိုတာကိုတော့ တွေ့ရပါတယ်။ အင်္ဂလိပ်လို Chief ကို အနက်ပေးထားပါတယ်။

‘ရွာ’၊ ‘မြို့’ ဆိုတဲ့ စကားလုံးများကို ရှေ့ကကပ်ပြီး ‘ရွာသူကြီး’၊ ‘မြို့သူကြီး’ ဆိုတဲ့ ဝေါဟာရတွေ ဖြစ်လာရပါတယ်။

‘မြို့သူကြီး’ ဆိုတာ မြို့အုပ်ကို ခေါ်တာဖြစ်မယ် ထင်ပါတယ်။ အရင်က မြို့အုပ် ဆိုတဲ့ ဝေါဟာရရှိခဲ့ပုံမရပါ။ အင်္ဂလိပ်အစိုးရလက်ထက်ကျမှ ပေါ်ပေါက်၊ သုံးစွဲလာတာ ဖြစ်ပုံရပါတယ်။ ခု ဒီစာရေးဆဲကျမှ တွေးမိတာက ခုအခါ ရွာသူကြီး၊ မြို့သူကြီး ဆိုတဲ့ ရွာရဲ့ အကြီးအကဲ၊ မြို့ရဲ့ အကြီးအကဲတွေကို ခေါ်တဲ့ ဝေါဟာရတွေဟာ ဘာတွေ ဖြစ်နေမလဲ ဆိုတာပါပဲ။

ကျွန်တော့်အဖေက ကျွန်တော်တို့ရွာရဲ့ နောက်ဆုံးသူကြီးပါ။ ကျွန်တော့်အဘိုးရဲ့ အမွေကို သားအကြီးဆုံးအနေနဲ့ ဆက်ခံပြီး သူကြီး ဖြစ်လာသူပါ။ ကျွန်တော့်အဘိုးက ငွေဓားရ၊ နှစ်လုံးပြူးသေနတ် ကိုင်ခွင့်ရှိသူ၊ ရွာသူကြီး ဖြစ်ပါတယ်။ ဖိတ်စာတွေမှာ ‘မြေပိုင်ရှင် သူကြီးမင်း ဦးဖိုးထီ’ လို့ ရေးတာတွေ တွေ့ရဖူးပါတယ်။ ရွာရဲ့ပတ်ဝန်းကျင်မှာ ယာခင်း မြေကွက်တွေရယ်၊ ထန်းတောနဲ့ ထင်းတော(ရှားပင်တော) တွေရယ် ရှိပါတယ်။ ရွာသားတွေက ရွာ့အပြင်က သစ်ပင်၊ သစ်ကိုင်းခြောက်တွေကို သွားရင်းလာရင်း ကောက်စုပြီး ထင်းဆိုက်ပါတယ်။ သူကြီးကတော့ ရှားပင်တွေကို တနှစ် တခါ ခုတ်ပြီး ထင်းဆိုက်ပါတယ်။ သူကြီးရဲ့ ထန်းတောမှာ ထန်းလျက်ချက်ဖို့ ထင်းကိုလည်း သူကြီးက ရောင်းပါတယ်။ ရှားတောတွေကို သုံးပိုင်း ပိုင်းပြီး တနှစ် တပိုင်း တလှည့်စီ ရောင်းပါတယ်။ သူ့ထန်းပင်က ထွက်တဲ့ ထန်းရည်ကို ထန်းလျက် ကျိုချက်တာ ဖြစ်ပေမဲ့ ထန်းသမားကို ရှားထင်း အလကားမပေးပါ။

အညာကျေးလက်က စိုက်ခင်း စိုက်ကွက်တွေမှာပဲ ပြောင်း၊ နှမ်း၊ ဝါ စသည်တို့ စိုက်ပါတယ်။ မြစ်နား၊ အင်းနားမှာ ရေဝင်တဲ့ စိုက်ခင်း စိုက်ကွက်တွေကိုတော့ စပါးစိုက်ပါတယ်။ စပါးစိုက်တဲ့ မြေကွက်များကိုမှ ‘လယ်’ လို့ ခေါ်ပါတယ်။ လယ်စိုက်သူကို လယ်သမား၊ ယာစိုက်သူကို ယာသမား (တောင်သူယာသမား) လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ရွာမှာ ကျွန်တော်တို့ မွေးဖွားစ၊ လွတ်လပ်ရေးခေတ်မတိုင်မီကပဲ လယ်အနည်းငယ် ရှိခဲ့တယ်လို့ သိရပါတယ်။ ခုထက်ထိ ‘လယ်ပြင်’ လို့ ခေါ်တဲ့ မြေကွက်တွေ ရှိသေးပေမဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဆေးရွက်ကြီးတို့ပဲ စိုက်ကြပါတယ်။

ပဲ ဆိုတာက မြေပဲ၊ ပဲကြီး၊ ပဲနီ၊ ပဲဝါ၊ ကုလားပဲ၊ ပဲစင်းငုံ စသည် ဖြစ်ပါတယ်။ ပြောင်းကတော့ နှံစားပြောင်းနဲ့ ဖူးစားပြောင်းရယ်လို့ နှစ်မျိုးပဲ ရှိပါတယ်။ ဝါ ကတော့ ရုရှားပါ ခေါ် ချည်မျှင်ရှည်ဝါနဲ့ အမွေးတိုဝါကလေး ဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။ ကြားဖောက်ပြီး ဝါပွင့် ဝါပေါက်အနီ ပါလာရင် ရွေးဖယ်စုထားပြီး ‘ပင်နီ’အဖြစ် သီးခြား ဝါဖန်၊ ဝါဖတ်လုပ်ရပါတယ်။

ပန်းမုံလာ၊ ပန်းဂေါ်ဖီ၊ မုန်လာဦနီ၊ ဥဝါ ဆိုတဲ့ ဟင်းချက်စရာ အပင်များကို ကျွန်တော့်အဖေကလွဲလို့ ဘယ်သူမှ မစိုက်ဖူးခဲ့ကြပါ။ အဖေ့ရဲအဖေ သူကြီးမင်းတောင် မစိုက်ဖူးပါ။ အဖေက မြို့တက်ပြီး အင်္ဂလိပ်ကျောင်းနေဖူးသူ၊ ခေတ်မီသူအဖြစ်နဲ့ ပန်းမုန်လာမျိုးစေ့တွေကို မြို့ပေါ်က ဝယ်လာပြီး စိုက်တာပါ။ ဝါးမောင်းလက်တပ် ရေတွင်း တူးပြီး ရေလောင်းစိုက်ရတာပါ။ ကြက်သွန်နီကိုလည်း ရေသွင်းစိုက်ရလို့ တောင်သူငယ်များ မစိုက်နိုင်ကြပါ။

သူကြီး ဆိုတာ မြေပိုင်ရှင်၊ လူချမ်းသာဖြစ်လို့ သူ့ရဲ့သားသမီးတွေကို မြို့ပေါ်က ကျောင်းတွေမှာ ကျောင်းအိပ် ကျောင်းစား ထားလေ့ရှိပါတယ်။ ကျွန်တော်တို့ရွာများနဲ့ တခြားကျေးရွာတိုင်းမှာ ဘုန်းကြီးကျောင်းတွေမှာပဲ စာသင်ကြရပါတယ်။ ရွာက နည်းနည်းကြီးတယ်ဆိုရင်တော့ ‘လူကျောင်း’ ခေါ်တဲ့ အစိုးရမူလတန်းကျောင်း လေးတွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့ရွာမှာ မူလတန်းကျောင်း ရှိခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်ကြောင့် ကျောင်းပျက်သွားခဲ့ရတာ နှစ်ပေါင်း ၅၀ လောက် ‘လူကျောင်း’ မရှိခဲ့ပါ။ ရွာသူကြီးရဲ့ သားသမီးတွေပဲ မြို့တက် ကျောင်းနေနိုင်ကြလို့။ အလယ်တန်းနဲ့ အထက်တန်း ပြီးဆုံးအောင် ပညာသင်လေ့ရှိကြပါတယ်။ ကျွန်ခေတ်မှာ ကျွန်လုပ်ကောင်းရုံပဲ ပညာသင်လေ့ရှိကြပါတယ်။ မူလတန်း ကျောင်းဆရာနဲ့ မြေတိုင်းစာရေးလောက် ဖြစ်ရင် ကျေနပ်ကြပါတယ်။ ကျွန်တော့်အဖေ၊ ကျွန်တော့်ညီလေးတွေဟာ ကျောင်းဆရာနဲ့ မြေတိုင်းစာရေးတွေပဲ များကြပါတယ်။ ကျွန်တော့်မိဘ နှစ်ဘက်လုံးဟာ သူကြီးမျိုးတွေ ဖြစ်ကြလို့ ဆွေမျိုးနှစ်ဖက်လုံးမှာ ကျောင်းဆရာနဲ့ မြေတိုင်းစာရေးတွေပဲ များရတာ ဖြစ်ပါတယ်။

ကျွန်တော့်အဘိုး နှစ်ဘက်လုံးဟာ မိဘမျိုးရိုးအရ ဆက်ခံတဲ့ ကိုလိုနီခေတ်လက်ကျန် နောက်ဆုံးသူကြီးတွေ ဖြစ်ပါတယ်။ ကျွန်တော့်အဖေရဲ့လက်ထက် လွတ်လပ်ရေးခေတ်ဦးမှာ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး ဆိုတာ ပေါ်ပေါက်လာပြီး သူကြီးကို ရွေးကောက်ပွဲနဲ့ ရွေးပါတယ်။

ကျွန်တော်တို့ရဲ့ မူလရွာကလေးမှာ ရေရှားလို့ ကျွန်တော်တို့ရွာက လူများစုဟာ ရေနီး ချောင်းနီး အရပ်ဘက်ကို ရွှေ့သွားကြပါတယ်။ ရွှေ့သွားတဲ့ရွာက မူလရွာထက် နှစ်ဆလောက် ကြီးသွားပါတယ်။ သူကြီးရွေးပွဲ လုပ်တဲ့အခါ နှစ်ဆကြီးတဲ့ရွာက အရွေးခံသူက သူကြီးဖြစ်လာလို့ ရိုးရာသူကြီးဆက် ပြတ်သွားပြီး မူလရွာကလေးက သူကြီး မရှိတော့ဘဲ ခွဲသွားတဲ့ရွာက လူတွေပဲ အရွေးခံသူကြီးတွေ ဖြစ်လာပါတယ်။

မူလရွာငယ်ကို ရွာအသစ်၊ ရွာအကြီးက အုပ်ချုပ်ပါတယ်။ မူလရွာကလေးက တောင်ဘက်မှာ ကျန်ရစ်ခဲ့လို့ ‘တောင်ရွာ’လို့ ခေါ်ပြီး ခွဲသွားတဲ့ရွာက မြောက်ဘက်ကို ရွေ့သွားလို့ ‘မြောက်ရွာ’ ဖြစ်သွားပါတယ်။ မူလတန်းကျောင်း ပြန်ပေါ်လာတဲ့အခါ မြောက်ရွာကပဲ ရပါတယ်။ တောင်ရွာက ကျွန်တော့်အမေရဲ့ မောင်နဲ့၊ ကျွန်တော့်အဖေဟာ မြောက်ရွာမှာ ကျောင်းဆရာတွေ ဖြစ်ကုန်ပါတယ်။ သူကြီးကတော့ မလုပ်ရတော့ပါ။ သူကြီးခေတ် ကျန်သေးရင် ကျွန်တော်လည်း သူကြီးဖြစ်ရမှာပါ။ ခုတော့ သူကြီးသားဟာ သူကြီးမဖြစ်လာဘဲ ၎င်းအညာမှာ အဟောင်းအဖာနဲ့ ကျောင်းဆရာပဲ ဖြစ်လာရပါတော့တယ်။

ကျွန်တော်တို့ခေတ်မှာ သူကြီးသားတွေဟာ ကျောင်းဆရာနဲ့ မြေတိုင်းစာရေးလောက်ကို မမှန်းတော့ပါ။ ဆရာဝန်၊ အင်ဂျင်နီယာနဲ့ မြို့အုပ်အရေးပိုင်လောက်ကို မှန်းနေကြပါပြီ။ ဒါကြောင့် ကျွန်တော် သူကြီးသားလည်း ဆရာဝန်လောင်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ တက္ကသိုလ်မှာ ကျောင်းတက်မမှန်လို့ သုံးခါကျနဲ့ ကျောင်းထွက်ရတဲ့အခါ သူကြီး ကျောင်းဆရာရဲ့သားဟာ အဟောင်းအဖာနဲ့ ကျောင်းဆရာပဲ ဖြစ်လာခဲ့ပါတယ်။ စစ်အစိုးရလက်ထက်မှာ အောက်ပြည်အောက်ရွာကို ပြောင်းလာခဲ့ရတော့ အောက်ရွာမှာ ‘ကြောက်ဆရာ’ပဲ ဖြစ်လာခဲ့ရပါတယ်။ ကျွန်တော် ဆေးကျောင်းသား ကဗျာဆရာ ဖြစ်လာမှ ကျွန်တော့်အဖေ ကွယ်လွန်ပါတယ်။ ဒါကြောင့် ကျွန်တော့်အဖေ အသေဖြောင့်သွားခဲ့ပါတယ်။ အဖေ ကွယ်လွန်ပြီးမှ ကျွန်တော်က ဆေးကျောင်းက ကျပြီး ဆေးဆရာ မဖြစ်ဘဲ ကျောင်းဆရာ ဖြစ်လာခဲ့တာပါ။

ကျွန်တော့်အဖေက ကိုလိုနီခေတ်မှာ အင်္ဂလိပ်ကျွန်ခေတ်မှာ လူလားမြောက်ခဲ့ပါတယ်။ ကျွန်တော်က စစ်အာဏာရှင်ခေတ်၊ စစ်ကျွန်ဘဝမှာ လူလားမြောက်ခဲ့ပါတယ်။ ကိုလိုနီကျွန်ထက် စစ်ကျွန်းက ပိုလို့ဆိုးပါတယ်။ ကိုယ့်အမျိုးသားချင်း ဆိုတော့ အရပ်သိ၊ ဓာတ်သိတွေ ဖြစ်ပြီး ပြေးလို့ ရှောင်လို့ မရနိုင်ပါ။ ခုတော့ စစ်ကျွန်ဘဝက ၇၅ ရာခိုင်နှုန်း လွတ်ခဲ့ပါပြီ။ အင်္ဂလိပ်ကျွန်ဘဝက ရုန်းထွက်ရသလိုပဲ သွေးနဲ့ ချွေးနဲ့ ရင်းခဲ့ရတဲ့ ‘ဒီမိုကရေစီ’ပါ။ သူကြီးသားဟာ ဒီမိုကရေစီခေတ်မှာ ကျေးရွာက ထွက်၊ မြို့ကို တက်ပြီး ‘အမတ်’ အရွေးခံရရင် ကောင်းမှာပဲလို့ စိတ်ကူးယဉ်ဆဲမှာ စစ်အာဏာရှင်စနစ်က ဖြတ်ဝင်လာလို့ စောင့်ရင်း စောင့်ရင်း အသက်က ရှစ်ဆယ်ကျော်သွားခဲ့ပါပြီ။ သူကြီးမျိုးလည်း တိမ်ကောသွားခဲ့ရပါပြီ။ ‘မျိုးရိုး’ ဆိုတာလည်း သင်္ခါရပါပဲလားလို့ တရားနဲ့ ဖြေရင်းက အာစရိယ ကျောင်းဆရာမျိုး ဖြစ်လာပေသတည်း။ အနန္တဂိုဏ်းဝင်ပေတကား။

မောင်စွမ်းရည်
၂၃ စက်တင်ဘာ ၂၀၂၀
နယူးယောက်