Breaking News

လင်းလက်နွေဦး - ဘုန်းကြီးသာသနာ

ဘုန်းကြီးသာသနာ
လင်းလက်နွေဦး
(မိုးမခ) မေ ၁၊ ၂၀၂၃
 
ကျနော့်ဉာဏ်မီသလောက်လေးပေါ့၊ တွေးခေါ်ထောက်ဆကြည့်မိနေပါတယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင် ‘ဘာသာရေးသမိုင်း’ပေါ့။ လွယ်လွယ်ပြောရရင် ‘ဘုန်းကြီးအရေး’ပေါ့လေ။ သူပြောလူပြောနဲ့ ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံကို ပုဂံခေတ်တုန်းက ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆရာက ‘ရှင်အရဟံ’၊ ဒကာက ‘အနော်ရထာ’ပေါ့။ တကယ်တော့ ‘အနော်ရထာ’ဆိုတာ အဲခေတ်အခြေအနေအရ ‘ပွဲကျောင်းထွက်’ ပါပဲ။ ဘုန်းကြီးသင်ပညာရေးစနစ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ ဘာသာရေးဆရာတွေက စာသင်ပေးတာ လေ။ အဲတုန်းကတော့ စာရေးစာဖတ်သာမကဘူး၊ ဗေဒင်၊ ယတြာ၊ အင်းအိုင်ခလှဲ့လက်ဖွဲ့သာမကဘူး ဓားခုတ် လှံထိုး မြင်စီး ဆင်စီး စတာတွေပါ စာတွေ့လက်တွေ့ သင်ပေးတယ်လို့ ဆိုပါတယ်။ ‘အနော်ရထာ’ က ဆရာအာခံတဲ့သဘောဖြစ်သွားတာပေါ့၊ အရည်းကြီးဘာ သာရေးကို စွန့်ပစ်ရုံမက တွန်းလှန်ချေမှုန်းပြီးတော့ ‘ဗုဒ္ဓဘာသာ’ကို တည်ထောင်ခဲ့ပါတယ်။

ဒီနေရာမှာ နည်းနည်းဆင်တူနေတာလေးက အိန္ဒိယမှာ တူတော်မောင် ‘နိဂြောဓသာမဏေ’လေးကို ကြည်ညိုပြီး မိစ္ဆာဒိဋ္ဌိ တက္ကဒွန်းကြီးတွေကို စိတ်ပျက်နေတဲ့ ‘အသောက’က ဗုဒ္ဓဘာသာကို ပြန်လည်တည်ဆောက်တယ်။ ပုဂံမှာတော့ သီဟိုလ်က ကြွလာတဲ့ ‘ရှင်အရဟံ’ ကို အမှူးထားပြီး အရည်ကြီးတွေကို စိတ်ပျက်နေတဲ့ ‘အနော်ရထာ’က ဗုဒ္ဓဘာသာကို အုတ် မြစ်ချတယ်။ အုတ်မြစ်တင်မကပါဘူးလေ၊ အပေါ်တည်ကိုတောင် ခမ်းခမ်းနားနား တည်ဆောက်ခဲ့ပါတယ်။ နောက်တချက် တူတာရှိသေးတယ်၊ ဗုဒ္ဓ ဘာသာ စည်ပင်တိုးတက်အောင် ဘုရားစေတီတွေ အများကြီး တည် ဆောက်ခဲ့တယ်။ အသောကမှာတော့ ‘ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ရေကန်ပေါင်းက ရှစ်သောင်းလေးထောင်ပါ’ရဲ့ ရှေ့မှာ စေတီပုထိုးပေါင်း ရှစ်သောင်း လေးထောင် ပါပါသေးတယ်။ ပုဂံမှာတော့ ‘လှည်းဝန်ရိုးသံ တညံညံ’ ဖြစ်ခဲ့တယ်ပေါ့။

အဲနေရာမှာ ကွာသွားတာက၊ ‘အသောက’ က ဂလိုဘယ်လိုက်ရမှန်း ပိုသိတယ်လို့ ပြောရမယ်။ သူ လက်လှမ်းမီသလောက် နေရာဒေသအနှံ့ ဖြန့်ပြီး၊ တနေရာမှာ စေတီတဆူ ရေကန်တကန် ဇရပ်တဆောင် လိုက်တည်ခိုင်းတာ။ အနော်ရထာကတော့ ပုဂံမြို့ကနေ အပြင်မထွက်ဘူး ထင်ပါရဲ့၊ မြစ်နောက်ဘက်ကမ်း စွယ်တော်တဆူပဲ ဝေးဝေးလံလံ ရှိတယ်ထင်ပါရဲ့။ ပုဂံမှာတင် ဘုရားစေတီပုထိုးတွေ အများကြီး လှူဒါန်း ပူဇော်ထားပါတယ်။ ပုဂံခေတ်မှာ ‘မုဆိုးမတောင် ဘုရားတည်နိုင်တယ်’လို့ ပြောကြတယ်။ ပုဂံသားတွေ ကလည်း ဘုရားတည်တာ အလေ့တစ်ခုလိုဖြစ်ခဲ့တယ် ထင်ပါ့။ ဒါပေမယ့် တနေရာတည်း အများကြီး စုတည် ထားတယ်နော်။ တခုတော့ ကောင်းတာပေါ့၊ ထိန်းသိမ်းပြုပြင်ဖို့ လွယ်သွားတယ်။ စည်းလုံးညီညွတ်ခြင်းကို ပြနိုင်တယ်။ Synergy.

ဆရာ ဇော်ဂျီ ကဗျာထဲကလိုပေါ့၊

‘အမယ်မမ
သားလှတွက်တာ နောင်များဖြင့် ပူပါနဲ့
ပုဂံမှာမွေး ပုဂံသွေးမို့
အလေးမမူ အသက်ပင်လှူခဲ့ပေါ့
ပြည်သူသက်စွန့် လက်ရုံးအင် သည်တအားနဲ့
ဘယ်တိုင်းခြား ဝံ့မတုန်းတဲ့’

ခုခေတ်တော့ ငယ်နိုင် ‘ယိုးဒယား’တို့ ‘ဘင်္ဂလား’တို့တောင် ကြောက်နေရပြီ။
မြေးတော်အလောင်းစည်သူကတော့ ကုလားသွေးပါလို့ ထင်တယ်၊  လျှောက်သွားနေတာပဲ။ မြန်မာ ပြည်အနှံ့ တန်ခိုးကြီးဘုရားဆိုရင် ဘုရားဒကာကြီး အလောင်းစည်သူမင်း ဆိုတာနဲ့ သိပ်မလွတ်ချင်ဘူး။ ဖောင်စင်္ကြာက တောင်ပေါ်ဒေသတွေထိ ‌ရောက်နိုင်တယ်နော်။ စွမ်းပါ့။

အော်၊ နောက်တချက် အမှတ်ရသေးတယ်၊ အသောကနဲ့ အနော်ရထာတို့ အတူတူ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတစ်ခု။ ချေမှုန်းခံရတဲ့ အရည်းကြီးတွေဟာ ဖွံ့ဖြိုးစည်ပင်လာတဲ့ ဗုဒ္ဓသာသနာထဲ ဝင်ပူးတာတွေ ရှိခဲ့တယ်။ အဲဒါ အတော်ဆိုးရွားတယ်၊ ယူနီဖောင်း ချိန်းသွားတော့ ရန်သူလား မိတ် ဆွေလားမကွဲပြားတော့ ဘူး။ HIV ဗိုင်းရပ်စ် လိုပဲ၊ လူ့ဆဲလ်ထဲဝင်၊ လူ့ဆဲလ်လို တု၊ လူ့ဆဲလ်နဲ့ တူတဲ့ ဗိုင်းရပ်စ်အသစ်တွေ ကွဲပွား၊ အဲတော့ အင်အားအလုံး အရင်းနဲ့စောင့်နေတဲ့ ခုခံအားစနစ်ဟာ ငုတ်တုတ်မေ့သွားတာပေါ့။ အရေခြုံဘုန်းကြီးတွေဟာ သာသနာ့အတွင်း ရန်သူတွေ ဖြစ်လာပါတယ်။ အင်အားများလာလေ၊ သာသနာ့ခုခံအား ယုတ်လျော့လာလေပါပဲ။

အဲဒီနေရာလေး၊ သတိထားမိတယ်။ ဗုဒ္ဓက ‘သာသနာကို ဖျက်ဆီးမယ့်သူတွေဟာ သာသနာ့ဝန်ထမ်း တွေထဲကပဲ’ လို့ သတိပေးခဲ့ပါတယ်။ တကယ်လည်း ဟုတ်နေတာပဲလေ၊ ပြင်ပရန်သူဆိုတာ အလွယ်တကူ သိနိုင် ရှောင် ရှားနိုင်တယ်။ ဒီနေ့ ဘုန်းကြီးတွေ ဟော ဟောနေတဲ့၊ ပါကစ်စတန်နိုင်ငံလို တချို့နိုင်ငံတွေမှာ ဗုဒ္ဓဘာသာကွယ်ရခြင်းတွေ။ အစွန်း‌ရောက်အခြားဘာသာဝင်တွေက ရက်ရက်စက်စက် ဖျက်ဆီးလို့တဲ့။ ဒီနေရာမှာ ဖျက်ဆီးခံရရင် နောက်တနေရာမှာ စည်ပင်ထွန်းကားနိုင်ပါသေးတယ်။ ဒါပေမယ့် အတွင်းလှိုက်စားနေတဲ့ ပြည် အောင်းနာကတော့ သာသနာတခုလုံးကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဘုန်းကြီးလောကမှာ ပြောလေ့ရှိသေးတယ်၊ ‘တောထွက်ဘုန်းကြီး’ တွေက သာသနာကိုဖျက်ဆီးနိုင်သတဲ့။ လူ့လောကမှာ ကိလေ သာအတွေ့အကြုံ များခဲ့တော့ လူကသာ သင်္ကန်းပတ်ထားပေမယ့် စိတ်က အတိတ်ဆီ တဝဲလည်လည်ကျန်ရစ်တောင့်တနေသတဲ့။ ‘ဒုလ္လဘ’ဝတ်တယ်ဆိုတာ သက်တမ်းလာတိုးတာလို့တောင် စနောက်ကြသေးတယ်။ အရက်သမားတွေ၊ အိမ် ထောင်သည်တွေ၊ နာမကျန်းဖြစ်သူတွေ ဒုလ္လဘဝတ်ကြတယ်ပေါ့။

တကယ်ပဲ လောကီကို ငြီးငွေ့လို့ တောထွက်ကြသူတွေလည်း ရှိနေပါသေးတယ်။ စွန်းလွန်းဆရာတော်ကြီးကို ‘ထွန်ထောင်ဆရာတော်’ လို့တောင် ကင်ပွန်းတပ်ကြပါတယ်။ ‘အင်းခမ်းတော့ လယ်တည်၊ လယ်တည်တော့ ငှက်ကျ၊ ငှက်ကျတော့ ကြောက်ခုတ်၊ ကြောင်ခုတ်တော့ ထွန်ဆင်း၊ ထွန်ဆင်းတော့ မိုးရွာ’...။ ဘုန်းကြီးစာတွေ လိုက်ပြီး စာဟောစာချလုပ်နေသူတွေ ရှိသလို၊ တယောက်တည်းနေ တစိတ်တည်း ထားနေ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ‘တောထွက်ကြီးတွေ’လို့ ဝါးလုံးသိမ်းမပြောချင်ပါဘူး။ တချို့ တောထွက်တွေက အရင်တောက မသာယာလို့ ရေကြည်ရာ ရှာတဲ့သူတွေ။ အချောင်နေချင်သူတွေ၊ ကိုယ်ကျိုး ရှာချင်သူ တွေ။ တချို့ငယ်ဖြူတွေက နာမည်ပဲ ဖြူတာ။ စာလည်း မရ၊ တရားလည်း မထုတ်။

ဆရာ သိန်းဖေမြင့်ရဲ့ ‘တက်ဘုန်းကြီး’ ဘုန်းကြီးတွေက တရားဟောဆရာအဖြစ် နာမည်ကြီးအောင် အရင်လုပ်၊ လာဘ်လာဘတွေ ပေါတော့မှ ကြေးခုတင်ကြီးနဲ့ အိပ်၊ မိန်းမတွေနဲ့ အိပ်၊ အဲလို မဟုတ်လား။ ခုခေတ်မှာတော့ တစ်တောင်လောက် မွေ့ယာကြီးနဲ့၊ အဲယားကွန်းနဲ့ တန်ဖိုးကြီး မော်တော် ကားကြီးနဲ့ပေါ့လေ။ ဘုန်းကြီးအချင်း ချင်း ကျောင်းလု၊ မယားလု၊ အဲလို မဟုတ်လား။ လှူနိုင်တတ်နိုင်တဲ့ ဒကာမကြီးတွေကို ချော့၊ ခြူ စား။ ယုံမိသူတွေခမျာ၊ ဘာနဲ့ တူသလဲဆိုရင် ‘အုန်းဆီလည်း စိုက်ရ ဆံထုံးလည်း စိုက်ရ’ ဖြစ်ကုန်ပါတယ်။ မနူးမနပ်လေးတွေသာမက မထော်မနန်းကြီးတွေပါ ထောင်ချောက်မိကုန်တာပေါ့။ ‘သဒ္ဓါလွန်တော့ တဏှာ့ ကျွန် ဖြစ်’ ပေါ့။

အဲဒီ ‌ရှေးရှေး သင်္ကန်းဝတ်အရည်းကြီးလက်ကျန်၊ သက်တမ်းလာတိုးတဲ့ ဒုလ္လဘတွေရဲ့သင်တန်း၊ တက်ဘုန်းကြီးလက်ကျန်တွေဟာ မျက်မှောက်ခေတ်ရောက်လာတော့ ဗားရှင်းမြင့်လာပါပြီ။ ရောဂါပိုးတွေ ဟာ သူတို့အသက်အိုးအိမ်စည်းစိမ်အတွက် မျိုးဗီဇ ပြောင်းလဲရပါသတဲ့။ Genetic Mutation လို့ ခေါ်ပါ သတဲ့။ သင်္ကန်းဝတ် ခေတ် သစ်အရည်းကြီးတွေက အရက်သောက်ရုံ၊ မိန်းမယူရုံ၊ ငွေတိုးပေးရုံ၊ အလောင်း အစားလုပ်ရုံ မကတော့ဘူး၊ လိုင်းပေါ် ပေါ်တင်ကြီး က’လာ၊ သီချင်းဆိုလာတယ်၊ ဈေး ရောင်းလာတယ်၊ ဘော’မလာတယ်၊ သေနတ်ကိုင်လာတယ်၊ ဓမြတိုက်လာတယ်၊ လူသတ်လာတယ်၊ ရွာမီးရှို့လာတယ်။ လူသတ် ရွာမီးတိုက်တာကိုပဲ နိဗ္ဗာန်ရောက်ကြောင်းဆိုပြီး ဟောလာပြောလာတယ်။

ဒီလို ’ဖာဆွယ်တွေ’ ကိုပဲ ‘သူတော်စင်’ အမှတ်နဲ့ ကိုးကွယ်နေရပြီဆိုရင် အဲဒါ သာသနာပျက်နေပြီမဟုတ်လား။
 
လင်းလက်နွေဦး
၃၀.၄.၂၀၂၃ လစာမထုတ်နေ့။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar