Breaking News

ကျားကုတ်ကျားခဲ ကင်ဖောလေးနှင့်မောင်မိုးသူ



ကျားကုတ်ကျားခဲ ကင်ဖောလေးနှင့်မောင်မိုးသူ

(မိုးမခ) ဇွန် ၁၅၊ ၂၀၁၉

(သူ့ပင်တိုင်ဆောင်းပါးများထဲက ကူးယူဖော်ပြပါတယ်)
မောင်မိုးသူ ဘာသာပြန်လုံးချင်းဝတ္ထုကို ၁၉၆၅ ခုနှစ် စိတ္တဇ ဝတ္ထုကို ပြန်ဆိုရေးသားထုတ်ဝေရာမှ စတင်ခဲ့တယ်၊ ယခု ၂၀၁၉ခုနှစ်ဆိုရင် ၅၄နှစ်ရှိပြီ၊ ၁၉၆၅ခုနှစ် စိတ္တဇ ကိုပြန်ပြီးတဲ့အချိန်မှာ ဆက်တိုက်ရေး သားခဲ့ရာ ကြေးစားတို့ အိပ်မက်ကုန်သည် တို့ စသည် စသည်ဖြင့် ဘာသာပြန်ခဲ့ဖူးပါတယ်၊ အဲဒါကတော့ မောင်မိုးသူရဲ့ ဘာသာပြန်ဆိုခဲ့တာဖြစ်ပါတယ်၊ အဲဒီနောက်မှာ မောင်မိုးသူရုပ်ရှင်လောကထဲရောက်သွား ပြန်ပါတယ်၊ ဘာသာပြန်တွေ မရေးဖြစ်တော့ပါ၊ အဲဒီလိုနှင့် ရုပ်ရှင်ကားကြီး ၁၀ ကားရိုက်ကူးပြီးစီးတဲ့အချိန်မှာ ရေချိူးခန်းမှာချော်လဲ ပေါင်ကျိုးပြီးတော့ စတီးချောင်းတွေထည့်ရ ဆေးရုံတက်ရ အချိန်ကြာကြီးအနာယူရပါ တယ်၊ ဒီမှာတင် ရုပ်ရှင်ဇာတ်ညွှန်းရေးတဲ့အတွက် မောင်မိုးသူရဲ့ မြန်မာစကားပြေက အတော်လျော့ရဲလာပါ တယ်၊ အထူးသဖြင့် ရသဖွဲ့ဆိုနိုင်မှုအားနည်းလာတာကိုတွေ့မြင်ရပါတယ်၊ ဆောင်းပါးတွေတော့ရေးလို့ရတာပေါ့ လေ၊ ရသဖွဲ့ရာမှာ ခက်ခဲလာ လျော့ရဲလာတာတွေ့ရပါတယ်၊ ဒီမှာတင် အင်္ဂလိပ်ရသဝတ္ထုတွေ ဘာသာပြန်ဖို့ကြိုး စားရင်ကောင်းမှာပဲလို့ စိတ်ကူးစဉ်းစားမိပါတယ်၊

တနေ့ ပန်းချီမောင်ညိုဝင်းအိမ်ကို အရက်သောက်ဖို့သွားရင်း ပန်းချီမောင်ညိုဝင်းဆီမှာ စိတ်ရှည်လက် ရှည် မျက်နှာဖုံးအပ်နေတဲ့ ဘဝတက္ကသိုလ်စာပေတိုက်မှ ကိုနေဝင်းနဲ့ဆုံပါတယ်၊ ပန်းချီမောင်ညိုဝင်းဆီမှာ မျက် နှာဖုံးအပ်ရဲတယ်ဆိုတဲ့သတ္တိကနည်းတာမဟုတ်ဖူး၊ သူအပ်တဲ့စာအုပ်ကတော့ မောင်ပေါ်ထွန်းရဲ့ဘာသာပြန် ဝတ္ထုတစ်ပုဒ်ပါပဲ၊ ကိုနေဝင်းနဲ့စကားစပ်မိရာမှ ကိုနေဝင်းရဲ့ဘဝတက္ကသိုလ်စာအုပ်တိ်ုက်ကနေပြီးတော့ ဘာသာ ပြန်ဝတ္ထုခေါင်းတွေထုတ်ဝေဖို့ကြိုးစားနေကြောင်းတွေ့ရပါတယ်၊ အဲဒီအချိန်မှာမောင်မိုးသူလည်း ဒုတိယအကျော့ ဘာသာပြန်ဖို့ စိတ်ကူးပေါက်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားပါတယ်။

 ဒီမှာတင် ဘဝတက္ကသိုလ်ကိုနေဝင်းအတွက် ကင်ဖောလေးရဲ့ ကျားကုတ်ကျားခဲ ဝတ္ထုကိုဘာသာပြန်ပေးဖို့ဖြစ်လာပါတယ်၊ ကင်ဖောလေးရဲ့ ဒီစာအုပ်က မောင်မိုးသူရဲ့ စာဖတ်မိတ်ဆွေ စန္ဒရားလှထွဋ်ပေးဖတ်တဲ့ဝတ္ထုဖြစ်ပါတယ်၊ အကောင်းစားစပိုင်ဝတ္ထုဖြစ်ပြီး အ လွန်လျင်မြန်တဲ့အဟုန်အားကြီးတဲ့ ဝတ္ထုဖြစ်ပါတယ်၊ ဒီဝတ္ထုနဲ့ ကင်ဖောလေးဟာ စာပေလောကမှာ အုတ်အော် သောင်းနင်းအောင်မြင်လာသူတစ်ဦးဖြစ်ပါတယ်၊ ကျားကုတ်ကျားခဲကို ဘာသာပြန်စဉ်အတွင်းမှာပဲ ကင်ဖော လေးရဲ့ နောက်ထပ်စာအုပ်နှစ်အုပ်ထွက်လာပါတယ်၊ အဲဒီနှစ်အုပ်ကတော့ KEN FOLLETT TRIPLE သူနိုင် ကိုယ်နိုင်နှင့် သဲကြီးမဲကြီး ဖြစ်ပါတယ်၊ ဆက်တိ်ုက်ထွက်လာပြီး စာအုပ်နှစ်အုပ်အနက် တတိယစာအုပ်ဖြစ်တဲ့ သဲကြီးမဲကြီးက စပိုင်ဝတ္ထုပိုဆန်တဲ့အတွက် ဘဝတက္ကသိုလ်စာအုပ်တိုက်အတွက် ဒုတိယစာအုပ်အဖြစ်ပြန် ဆိုပေးခဲ့ပါတယ်၊ တတိယစာအုပ်ကတော့ သူနိုင်ကိုယ်နိ်ုင် ပေါ့၊ ကင်ဖောလေးရဲ့ ကျားကုတ်ကျားခဲ ဝတ္ထုရဲ့ မူရင်းဝတ္ထုအင်္ဂလိပ်နာမည်က EYE OF THE NEEDLE ဝတ္ထု ဖြစ်ပါတယ်။  ဒီဝတ္ထုကို ကင်ဖောလေး နာမည် မကြီးခင်က strong island မုန်တိုင်းကျွန်းဆိုတဲ့နာမည်နဲ့ ပထမထုတ်ဖူးပါတယ်၊ မအောင်မြင်ခဲ့ပါဖူး၊ နောက် တစ်ကြိမ် needle နာမည်နဲ့ထုတ်မှအောင်မြင်သွားတာဖြစ်ပါတယ်။

 ဒီဝတ္ထုအဖွင့်မှာ ဒုတိယကမ္ဘာစစ်တိုက် ပွဲဝင်မယ့် လေသူရဲတစ်ဦးဟာ တိုက်ပွဲမဝင်ခင်ချစ်သူနဲ့လက်ထပ်ပြီး ကားအမြန်မောင်းရာမှ မတော်တဆ ကားတိမ်းမှောက်ပြီး ခြေထောက်နှစ်ချောင်းလုံးဖြတ်ပြီးဒုက္ခိတဖြစ်သွားပါတယ်၊ ဒုက္ခိတဖြစ်သွားတဲ့လေသူရဲ လေးဟာ လူသူလေးပါးမနေကြတဲ့မုန်တိုင်းကျွန်းလေးမှာ လင်မယားနှစ်ယောက်သွားရောက်နေထိုင်ကြပါတယ်၊ လောကကြီးကိုစိတ်နာနေတဲ့ လေသူရဲလေးဟာ သူ့ရဲ့လက်ထပ်ပြီးစ ပူပူနွေးနွေးချစ်ဇနီးနဲ့လည်း အတူမအိပ် တော့ပါဘူး၊ သူတို့နှစ်ယောက် ကမုန်တိုင်းကျွန်းပေါ်မှာတစ်အိမ်၊ ကျွန်းတစ်ဖက်ခြမ်းမှာ ရေဒီယိုအဆက်အသွယ် လုပ်နိုင်တဲ့ အိမ်စောင့်အဖိုးကြီးတစ်ယောက်နေပါတယ်၊ အဲဒါက ဝတ္ထုရဲ့ပထမပိုင်းဖြစ်ပါတယ်။

 ဝတ္ထုရဲ့ဒုတိယ ပိုင်းမှာတော့ အင်္ဂလန်နိုင်ငံမှာ အလွန်လျှို့ဝှက်တဲ့ ဂျာမန်စပိုင်တစ်ယောက်ရှိပါတယ်၊ ဂျာမန်စစ်ဗိုလ်ချုပ်ကြီး ရော်မယ်ရဲ့ လက်ရုံးစပိုင်တစ်ဦးပေါ့၊ သူဟာ ရိုးရိုးသာမန်စာရေးလေးတစ်ယောက်အသွင်အပြင်နဲ့ အိမ်ငှားနေ ထိုင်ပါတယ်၊ အိမ်ရှင်မိန်းမက အပျိုကြီးပါ၊ တစ်ညနေတော့ အပျိုးကြီးက သူ့အိမ်ငှားရှိရာအခန်းကို အရက်ပု လင်းတစ်လုံးနဲ့ တက်လာပါတယ်၊ အိမ်ရှင်ဖြစ်တဲ့အတွက် အိမ်ငှားရဲ့အခန်းသော့ကိုလည်း သူ့ကိုယ် ပိုင်သော့ နဲ့ဖွင့်ပြီးဝင်လာပါတယ်၊ အခန်းထဲရောက်တော့ အဲဒီစပိုင်က လျှို့ဝှက်ရေဒီယိုနဲ့သတင်းပြန်ပို့တာတွေ့ရပါတယ်၊ အဲဒီစပိုင်ဟာ သူ့လုပ်ရပ်ကိုသိသွားပြီဖြစ်တဲ့အိမ်ရှင်မကို လက်စတုံးသတ်ဖြတ်လိုက်ပါတယ်၊ အဲဒီစပိုင်ရဲ့ လူ သတ်လက်နက်ကတော့ စတေလက်တိုဆိုတဲ့ ဓါးဆူးတစ်ချောင်းပဲဖြစ်ပါတယ၊ အဲဒီဓါးဆူးနဲ့ နံရိုးအောက်က နေဖြတ်ပြီး အသည်းရှိရာထိုးသွင်းသတ်ဖြတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့သူဖြစ်ပါတယ်။

 အိမ်ရှင်မိန်းမကြီး ကိုသတ်ပြီးတဲ့နောက် ဒီစပိုင်ဟာ တခြားတနေရာမှာ နေရင်း ငှက်ကြည့်သမားဟန်ဆောင်ကာ ဗြိတိသျှတို့ရဲ့ကာလီကမ်းခြေက ဟန်ပြစစ်စခန်းတွေကိုထောက်လှမ်းဓါတ်ပုံတွေရိုက်ကူးပါတယ်၊ အဲဒီအချိန်မှာတော့ ဗြိတိသျှနဲ့မဟာမိတ်တပ်များဟာ ပြင်သစ်တစ်ဖက်ကမ်းကို တိုက်ပွဲဝင်ဖို့ပြင်ဆင်နေတဲ့အချိန်ဖြစ်ပါတယ်၊ ပြင်သစ်တစ်ဖက်ကမ်းကို တိုက်ရာမှာ ကာလီကမ်းခြေကို တိုက်မှာလား နော်မန်ဒီကမ်းခြေကိုတိုက်မှာလား ဆိုတဲ့မည်သူမှမဝေခွဲမရနိ်ုင်သည့်အခြေမှာ ဗြိတိသျှတို့နဲ့ပိုမိုနီးတဲ့ကျဉ်းတဲ့ကာလီဒီဘက်ကမး်မှာ ဟန်ပြဆောက်ထားတဲ့စစ်စခန်းတွေကို စပိုင်ကြီးကတွေ့ရှိပြီးဓါတ်ပုံရိုက်ကူးဖြစ်ပါတယ်၊ ဆိုလိုတာကတော့ ကာလီမှတိုက်ကြမယ့်သဘောပေါ့၊အဲဒါကို ရိုမက်ရဲ့ စပိုင်ကြီးကတွေ့သိပြီး အဲစခန်းတွေဟာ အတုအယောင်စခန်းတွေသာဖြစ်ကြောင်း သူရဲ့ဗိုလ်ချုပ်ကြီးရိုမက်ကို အစီရင်ခံစာတင်ပြဖို့ကြိုးစားခြင်းဟာ ဒုတိယမျက်နှာစာဖြစ်ပါတယ်၊ 

ရိုမက်ရဲ့ နာမည်ကျော်စပိုင်ကြီးဟာ ဘယ်လောက်တောင်အစွမ်းထက်သလဲ ရက်စက်သလဲဆိုရင် သူ့ဆီကိုဆက်သွယ်လာတဲ့ စပိ်ုင်လူငယ်တစ်ယောက်ဟာ သူ့မျက်နှာကိုမြင်ဖူးသွားတဲ့အတွက် အဲဒီစပိုင်ကို သူ့ရဲ့လက်စွဲတော်ဓါးဆူးနဲ့သတ်ဖြတ်လိုက်ပါတယ်၊

တတိယမျက်နှာစာကတော့ အိမ်ရှင်ဓါးဆူးနဲ့အသတ်ခံရတဲ့အိမ်ရှင်မနဲ့ အမည်မသိဂျာမန်လူငယ်တစ်ယောက် ဓါးဆူးနဲ့အသတ်ခံရတာကို လိ်ုက်လံထောက်လှမ်းဖို့ ဗြိတိသျှထောက်လှမ်းရေးအရာရှိကြီးတစ်ယောက်တာဝန်ကျပါတယ်၊ အဲဒီအရာရှိကြီးဟာ သူ့ဆရာဖြစ်တဲ့ သမိုင်းပါမောက္ခကို အကူအညီတောင်းပြီးတော့ အဲဒီလူသတ်မှုနှစ်ခုကို ဖော်ထုတ်ဖို့ကြိုးစားပါတယ်၊ အဲဒီပါမောက္ခကြီးဟာ တိမ်မြုပ်နေတဲ့ သမိ်ုင်းအချက်အလက်တွေကိုရှာဖွေထုတ်ဖော်နိ်ုင်စွမ်းရှိတဲ့ ပိုဂိုလ်ဖြစ်လေတော့ ဂျာမန်စစ်ဗိုလ်ချုပ်ကြီး ရိုမက်ရဲ့ လက်ရင်းတပည့်စပိ်ုင်တစ်ယောက်ဟာ ဘယ်သူဖြစ်နိုင်မလဲဆိုတာကို စုံစမ်းဖော်ထုတ်ရင်း အိမ်ငှားလုပ်တဲ့သူရဲ့ ရုပ်ရည်ကိုဖော်ထုတ်နိုင်ရာမှအစ ဗိုလ်ချုပ်ရိုမက်ရဲ့ လက်ရင်းတပည့်ကိုတော့ အထက်အမြက်ဆုံးစပိုင်ပုဂိုလ်နဲ့အတူတူဖြစ်ကြောင်း သိရှိသွားပါတော့တယ်၊ ဒါကြောင့် ဗြိတိသျှထောက်လှမ်းရေးအဖွဲ့မှာ အဲဒီစပိုင်ကြီးပျံနှံ့လှုပ်ရှားနေပြီဖြစ်ကြောင်း ဓါတ်ပုံနှင့်တကွဖော်ပြပါတယ်၊

စတုတ္ထမျက်နှာစာကတော့ စစ်စခန်းအတုများရဲ့ ဓါတ်ပုံမှတ်တမ်းတွေကိုရရှိပြီးနောက် ကမ်းခြေမှ ဆိပ်ကမ်းတစ်ခုရှိရာသို့ အသွား မီးရထားပေါ်တွင် သူ့ဓါတ်ပုံကိုင်ဆောင်ထားတဲ့ ရဲဘော်တစ်ယောက်နဲ့ ဆုံစည်းပြီး အဲဒီရဲဘော်က စပိုင်ကြီးကိုဖမ်းဖို့ကြိုးစားရာမှ စပိုင်ကြီးကအဲဒီရဲဘော်ကိုသတ်ရပြန်ပါတယ်၊ ဒီလိုလူသတ်မှုတွေအကြိမ်ကြိမ်သတ်ရပြီးတဲ့နောက် သမာရိုးကျကမ်းခြေတစ်ခုကနေ ဂျာမန်ကိုပြန်ဖို့မဖြစ် နိုင်တော့တဲ့အတွက် စပိုင်ကြီးဟာ တခြားရိုးရိုးရေလမ်းကြောင်းမှ ထွက်ပြေးဖို့ကြိုးစားရပါတယ်၊ အဲဒီအချိန်မှာ လည်း မုန်တိုင်မိပြီးသည့်နောက် အဲဒီစပိုင်ကြီးဟာ ဟိုးပထမဆုံးက လေသူရဲလင်မယားနေကြတဲ့ မုန်တိုင်းကျွန်း ကို ရောက်ရှိသွားပါတယ်၊ မုန်တိုင်းကျွန်းပေါ်က အမျိုးသမီးဟာ ရေထဲမျှောပါလာတဲ့ အဲဒီစပိုင်ကိုကယ်ပြီး အိမ်ပေါ်ခေါ်တင်လာပါတယ်၊ ခေါ်တင်လာပြီးသည့်နောက် သူ့ရဲ့ခင်ပွန်းသည်နှင့်အတူတူမအိပ်ဖြစ်ခဲ့ရတဲ့အမျိုး သမီးဟာ အဲဒီစပိုင်ကြီးနဲ့ အိပ်ဖြစ်သွားပါတယ်၊ ဒီနောက် ဂျာမန်စပိုင်ကြီးအကြောင်းကို တွေ့သိသွားတဲ့ ဒုက္ခသည်လေသူရဲခင်ပွန်းကလည်း စပိ်ုင်ကြီးကိုဖမ်းဖို့ကြိုးစားရာမှာ အသတ်ခံသွားရပြန်ပါတယ်၊ အဲဒီလေသူရဲ ရဲ့ ရုပ်အလောင်းကလည်း ကမ်းခြေတစ်ခုမှာ တည်ရှိနေတာကို အိမ်ရှင်အမျိုးသမီးက တွေ့သွားပြီးတဲ့နောက် သူ့ရဲ့ခင်ပွန်းသည်ကိုသတ်ခဲ့သူဟာ ဒီစပိုင်ကြီးသတ်တာသိသွားပြီးနောက် ဒီစပိုင်ကြီးဟာ သူတို့မုန်တိုင်းကျွန်း မှာရှိတဲ့ အသံလွှင့်စခန်းမှတဆင့် ထောက်လှမ်းရေးအချက်အလက်များတင်ပို့တော့မည်ကိုသိရှိသွားပြီး ဒီစပိုင်ကြီးကို တားဆီးပိတ်ပင်ဖို့ကြိုးစားရတဲ့ဝတ္ထုပဲဖြစ်ပါတယ်။

 အလွန်ပဲစိတ်ဝင်စားစရာကောင်းပြီး လျင်မြန် မှုအရှိန်အဟုန်ကလည်းမြင့်မား စပိုင်ကြိီးိရဲ့စွမ်းရည်ကလည်းမြင့်မား စပိုင်ကြီးဖမ်းဆီးမယ့် ဗြိတိသျှထောက် လှမ်းရေးကလည်းအလွန်စွမ်း အဲဒီစပိ်ုင်ကြီးနဲ့အတူတွေ့ရတဲ့ အမျိုးသမီးရဲ့ရဲရင့်တဲ့သတ္တိစွမ်းရည်ကလည်း အံ့မခန်းပါပဲ၊

ကင်ဖောလေးရဲ့ ဒီဝတ္ထုကိုမောင်မိုးသူက ကျားကုတ်ကျားခဲ အမည်ဖြင့် ဘဝတက္ကသိုလ်စာ အုပ်တိုက်ကနေပြီးတော့ ပြန်ဆိုထုတ်ဝေဖြစ်ခဲ့ပါတယ်၊ ပရိသတ်များကလည်း အရမ်းနှစ်ခြိုက်သဘော ကျတဲ့အတွက် သူ့ရဲ့စာအုပ်များကို ဆက်တိုက်ဘာသာပြန်ဖို့ဖြစ်လာပါတော့တယ်။