Breaking News

သီအိုဇော် - နေပြည်တော်သွား ‘ဒွန်ကြီး’ ‘ဒွန်လေး’တို့၏ စကားအရှုပ်တော်ပုံ


သီအိုဇော် - နေပြည်တော်သွား ‘ဒွန်ကြီး’ ‘ဒွန်လေး’တို့၏ စကားအရှုပ်တော်ပုံ

(မိုးမခ) ဇူလိုင် ၁၃ ၊ ၂၀၂၃


‘ဒွန်ကြီး’ဆိုတာကတော့ အခု လူပြောသူပြော များနေကြတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ‘ဒွန်ပရာ မွတ်ဝီနိုင်း’(Don Pramudwinai)ကို ဆိုလိုတာပါ။ မကြာခင် အာဏာလက်လွှတ်ရတော့မယ့် အိမ်စောင့်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူက အာဆီယံအစည်းအဝေးမတိုင်မီ ဆိုင်းမဆင့်ဗုံမဆင့် နေပြည်တော်ကို ဖုတ်ပူမီးတိုက် ရောက်ချလာပြီး ကုလသမဂ္ဂတို့ အာဆီယံတို့က တရားဝင် ကိုယ်စားပြုသူများ မရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို ရသွားတာကတော့ အင်မတန်ထူးဆန်းတယ်လို့ပဲ ဆိုရပါမယ်။

မထူးဆန်းပါဘူးလို့ ပြောလို့ရနိုင်တာလည်း ရှိနေပြန်ပါတယ်။ ဒါကတော့ ဒီလိုတွေ့ဆုံမှုမျိုးကို စစ်ကောင်စီက ခွင့်ပေးမှ ရနိုင်တာမျိုးဆိုတော့ အလိုကျ ပြောဆိုပေးနိုင်မယ်လို့ တွက်ထား၊ ဒါမှမဟုတ် ညှိထားတဲ့သူမျိုးကို အားလုံး မှန်းထားကြသလို စစ်အုပ်စု ကျဉ်းထဲကျပ်ထဲ ရောက်တဲ့အခါ ထုတ်အသုံးပြုလိုက်တာလည်း ဖြစ်နိုင်လို့ပါ။

၂၀၁၄ ခုနှစ် ထိုင်းစစ်အာဏာသိမ်းချိန်ကစပြီး ဒုနိုင်ငံခြားရေးဝန်ကြီး အဆင့်ကနေ နိုင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီးချုပ်တာဝန်တွေကို ယူထားသူက အစိုးရအဖွဲ့ရာထူး ခန့်အပ်မခံရမီက သံတမန်အမှုထမ်း တောက်လျှောက်လုပ်လာခဲ့သူပါ။ သူက သံအမတ်ကြီးအဖြစ်နဲ့ တရုတ်၊ ဗြိတိန်၊ အမေရိကန်တို့မှာ ထိုင်းနိုင်ငံကို ကိုယ်စားပြုခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၇၄ ခုနှစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စတင်အမှုမထမ်းမီ အမေရိကန်နိုင်ငံ UCLA တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ (ဘွဲ့ကြို-ဂုဏ်ထူးတန်း) နိုင်ငံတကာဆက်ဆံရေး(ဘွဲ့လွန်-မဟာ) ပညာသင်ကြားခဲ့ဖူးပါတယ်။ ဒီလိုနောက်ခံရှိသူ တဦးက ‘ပရာယွတ်ချန်အိုချာ’အစိုးရကို တလျှောက်လုံး ကိုယ်စားပြုလာတာကလည်း စိတ်ဝင်စားစရာပါ။

ရာထူးအာဏာနဲ့ စီးပွားရေး အဆက်အစပ်တွေ ရှိလေ့ရှိထရှိတော့ အခုအခါ သတင်းလိုက်နေကြသူတွေလည်း ရှိနေမှာပါ။ ၂၀၁၈ ခုနှစ်တုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှာ ဇနီးဖြစ်သူရဲ့ ကုမ္ပဏီရှယ်ယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တိုင်ကြားခံရပြီး ခုံရုံးက အပြစ်မရှိဘူးလို့ နောက်ပိုင်း ဆုံးဖြတ်ခဲ့ပေးဖူးပါတယ်။ ဖြစ်ပျက်ခဲ့တာ တခုကို ဖော်ပြရုံသက်သက်ပါ၊ နီးကပ်ရင်းနှီးတဲ့ ဆက်ဆံမှုမျိုးရှိတဲ့ ‘ပရာယွတ်’အစိုးရနဲ့ စစ်ကောင်စီကြား  အကျိုးစီးပွား ရှေးရှုလျှို့ဝှက်ပတ်သက်မှုတွေ ရှိခဲ့ရင်လည်း တဖွဲ့ အာဏာလက်လွှတ်ရတာနဲ့ တဖြည်းဖြည်း ပေါ်လာမှာ ဖြစ်ပါတယ်။

သူ့ဆီကနေ ’ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့မှုကနေ ‘တွေ့ဆုံဆွေးနွေးရေး’ကို အားပေးတယ် ဆိုတဲ့ စကားကလွဲရင် (အခုအချိန်အထိ) အသေးစိတ် ထုတ်မပြောတာမျိုးကတော့ အံ့အားသင့်စရာပါ။ အခုက နေကောင်းပါသလား၊ တွေ့ဆုံဆွေးနွေးရေးကို အားပေးပါသလား၊ ဆိုတဲ့ မေးခွန်းနှစ်ခုနဲ့ ထပြန်ခဲ့တာမျိုးလို ဖြစ်နေပါတယ်။

တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ ယေဘုယျအသုံးအနှုန်းကိုလည်း ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာက ရေလဲသုံး သဘောတူ ပြောဆိုထားကြတာဆိုတော့ ဒီစကားလုံး ပေါ်ထွက်လာခဲ့ရင်လည်း သိပ်အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြိုတင်သတ်မှတ်ချက် စည်းမျဉ်းတစုံတရာ ထည့်မပြောဘဲ ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးဆီက ပေါ့ပေါ့လေး ထွက်မလာနိုင်ပါဘူး။ ကာယကံရှင်ကိုယ်တိုင်က အတည်မပြုသရွေ့ ကြားကနေ ဖြတ်တောက် ဖော်ပြထားခြင်းလို့သာ ယူဆရတော့မှာပါ။

တကယ်လို့ ဝါရင့်သံတမန်တယောက်ဆီက သူလိုရာကို ဖြတ်ထုတ်ဆွဲယူပြီး ကောက်နုတ်ပြောကြားလိုက်တာ ဆိုရင်တော့ သူ့သမိုင်းသူ ရေးလိုက်ခြင်းပါပဲ။ သံတမန်ကောင်းတဦးမှန်ရင် မတရားအကျဉ်းကျခံနေရချိန်မှာ ရှားရှားပါးပါး တွေ့ဆုံခွင့်ရသူဆီက ရရှိတဲ့ သတင်းအချက်အလက်မှန်များကို ပြည့်စုံပေါ်လွင်တဲ့ ရှင်းပြမှုမျိုး ပေးနိုင်ရပါမယ်။

‘ဒွန်ကြီး’ အကြောင်းကနေ ‘ဒွန်လေး’အကြောင်း ဆက်သွားလိုပါတယ်။ ‘ဒွန်လေး’ ဆိုတာက Pan Orient News ဆိုတဲ့ သတင်းမီဒီယာကို ကိုယ်စားပြုသူ ‘ခါလ်ဒွန် အဇာဟီ’(Khaldon Azhari)ကို ခေါ်ရလွယ်အောင် အပြင် ‘ဒွန်ကြီး’ သတင်းနဲ့လည်း ဆက်စပ်နေလို့ ဒီလိုသုံးလိုက်တာပါ။

Pan Orient News ကပဲ ဒေါ်အောင်ဆန်းစုကြည်က PDF နဲ့ NUG တို့ကို အသိအမှတ်မပြုသလို ထောက်လည်း မထောက်ခံဘူးလို့ ‘ဒွန်ကြီး’နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တယ် ဆိုပြီး ရေးခဲ့ပါတယ်။ ‘ဒွန်ကြီး’ကိုယ်တိုင်ကတောင် (အခု အချိန်အထိ) ဒါကို ဟုတ်တယ် မဟုတ်ဘူး ပြောမထားသေးပါဘူးလို့ နားလည်ရပါတယ်။ ဒါ့ကြောင့် ‘ဒွန်လေး’က ဘယ်လိုများ သတင်းအစအန ရလိုက်ပါသလဲ ဆိုပြီး ဆက်စိတ်ဝင်စားမိပါတယ်။

Pan Orient News က သူ့ကုမ္ပဏီဖြစ်ပြီး အမေရိကားမှာ ၂၀၀၆ ခုနှစ်က ထူထောင်ခဲ့တယ် ဆိုပါတယ်။ ဂျပန်မှာ သတင်းဌာနခွဲရှိပြီး သူက ဂျပန်နိုင်ငံခြားသတင်းထောက်များကလပ် ဥက္ကဋ္ဌဟောင်း တဦးပါ။ Arab News လို အာရပ် သတင်းချန်နယ်တွေမှာလည်း ရေးပါတယ်။

သိရသလောက်ကတော့ သူက ဆီးရီးယားလူမျိုး၊ ရေနံဓာတုအင်ဂျင်နီယာဘွဲ့ရ ဂျာနယ်လစ်တယောက်ပါ။ လက်ဘနွန်မှာ အလုပ်လုပ်ဖူးသလို ဂျပန်နိုင်ငံက အိုမန်သံရုံးမှာ သတင်းမီဒီယာဌာနမှာ ဂျာနယ်လစ် ဝင်လုပ်ခဲ့ပါတယ်။ ၁၉၉၈ မှာ အဲဒီအလုပ်ကထွက်ပြီး သတင်းလောကထဲ ကျင်လည်လာခဲ့ပါတယ်။ ဂျပန်မှာနေတဲ့ ဆီးရီးယား ဂျာနယ်လစ်လို့ သူကပြောတတ်ပါတယ်။

ကာတာအခြေစိုက် Al Sharq၊ ဂျော်ဒန်က Petra News Agency ၊ UAE News Agency တွေမှာ ဂျပန်သတင်းအကြောင်းတွေ ရေးပါတယ်။ ရေဒီယိုကိုင်ရို၊ Saudi TV တို့မှာလည်း အစီအစဉ် တင်ဆက်တာမျိုးတွေ လုပ်တယ် ပြောပါတယ်။ ချုပ်ပြောရရင် အာရပ်သတင်းမီဒီယာတွေနဲ့ မစိမ်းသူလို့ ပြောရပါမယ်။ သူ့ကလောင်ရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းကိုတော့ မခန့်မှန်းနိုင်ပါဘူး။ အခု သူ ဖော်ပြခဲ့တဲ့ သတင်းကိုကြည့်ပြီး  ဆုံးဖြတ်ရဖို့ပဲ ရှိပါတယ်။ 

တကမ္ဘာလုံးက ကြဉ်ဖယ်ခံထားတဲ့ အဖွဲ့အစည်းတခုအနေနဲ့ အာရပ်နိုင်ငံတွေကို ထိုးဖောက်ချင်ရင် ဒီလိုလူမျိုးကို မျက်စိကျမိမှာပါ။ ဒီနှစ် မေလ ၁၀ ရက်နေ့နဲ့ မေလ ၁၁ ရက်နေ့မှာ စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး ဆိုသူများနဲ့ တွေ့ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားသတင်းထောက်များ ကလပ်ဥက္ကဋ္ဌဟောင်း ဆိုတဲ့ နာမ်စားကိုပဲ အသုံးပြု ဖော်ပြခဲ့ပါတယ်။

ရိုဟင်ဂျာ အရေးကိစ္စအကြောင်း ပြောဆိုရာမှာလည်း တရားမဝင် ဘင်္ဂလားဒေ့ရှ်ဘက်က ပြောင်းရွှေ့နေထိုင်သူများ (illegal Bangladeshi immigrants)လို့လည်း သူက သုံးစွဲထားတာကိုထောက်ရင် စစ်ကောင်စီနဲ့ ပလဲနံပ သင့်မယ့်သူဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဒီလိုလူမျိုးရဲ့ သတင်းဌာနက ဘယ်လို အဆိပ်အတောက်တွေ ဆက်ပေါ်လာနိုင်တယ် ဆိုတာလည်း အထူးတွေးကြည့်ဖို့ မလိုဘူးထင်ပါတယ်။

တကယ်လို့များ ဂျပန်နဲ့ အာရပ်သတင်းဌာန အချို့မှာ နွေဦးတော်လှန်ရေးကို အထောက်အကူမပြုပဲ ပုံဖျက်တဲ့ သတင်း၊ အားလျော့စေတဲ့ သတင်းတွေ တက်လာရင်လည်း ကောက်ချက်ချ မစောဖို့နဲ့ ဆင်ခြင်သတိထားနိုင်ဖို့ သူ့အကြောင်းနဲ့ သူရေးတတ်တဲ့ သတင်းမီဒီယာ နေရာတွေကို ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

လတ်တလော Pan Orient News က တင်လိုက်တဲ့ သတင်းနဲ့ ပတ်သက်ပြီးတော့လည်း ဒီလိုသတင်းဌာနက အခြေအမြစ် တိတိကျကျ မဖော်ပြဘဲ ရေးသားထားတာကို ဖတ်ပြီး ဝေဝါး စိတ်ခံစားမှု များမနေကြဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဉာဏ်ပညာနဲ့ သူမရဲ့ ပြည်သူအပေါ်ထားရှိတဲ့ မေတ္တာအပေါ်ကိုသာ ယုံကြည်စိတ်ချထားကြစေလိုပါတယ်။ ပြည့်စုံမှန်ကန်တဲ့ သတင်းအချက်အလက်မျိုးကိုလည်း ဘယ်လိုမှ ပေးထားမှာ မဟုတ်ဘူး ဆိုတာကိုလည်း ထပ်ဆင့် နားလည်ထားကြရပါမယ်။

တကယ်တော့ နွေဦးတော်လှန်ရေးဟာ တဦး တယောက် သက်သက်ပေါ်ကိုသာ မူတည်နေတာမဟုတ်ဘဲ တော်လှန် တိုင်းရင်းသား ပြည်သူများရဲ့  အရင်းခံဆန္ဒအပေါ်မှာသာ လုံးဝတည်မှီနေတာ ဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားကြရမယ့်အချိန် ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar