အွန်လိုင်းပေါ်မှ သတင်းအချက်အလက်များနှင့် မြေပြင်က အခြေအနေ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၅ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၃
အွန်လိုင်းပေါ်မှ သတင်းအချက်အလက်များနှင့် မြေပြင်က အခြေအနေ
ဆိုရှယ်မီဒီယာပေါ်မှာ ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတခုအကြောင်းကို လူသိများသူတယောက်က မှတ်ချက်ရေးထားသည့် ပို့စ်တခုကို ဖတ်လိုက်ရသည်။ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူများ၏ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်သည့် သုံးသပ်ချက်၊ ရှေ့အလားအလာကို ပို့စ်ရေးသူက ပြန်လည် အနှစ်ချုပ်ကာ ထောက်ခံရေးသားသည့် ပို့စ်ဖြစ်သည်။ အဆိုပါပို့စ်အောက်တွင် မှတ်ချက်ပေးသူတဦးက အွန်လိုင်းပေါ်မှ သတင်းတွေ၊ အချက်အလက်တွေနဲ့ ပြောနေကြတာ၊ အဲဒါကို အမှန်လို့ ယူဆသလားဟု ရေးထားသည်ကို ဖတ်လိုက်ရသည်။
သူ ထောက်ပြသည့် အချက်သည် အင်တာနက်ခေတ်၊ အင်ဖော်မေးရှင်းနည်းပညာခေတ်၏ ပြယုဂ် တခုဖြစ်ကာ မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်ကြရာတွင် သတိပြုရမည့် အချက်ဖြစ်သည်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူသားချင်းစာနာထောက်ထားမှု၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စီးပွားရေး စသည့် အကြောင်းအရာ ပေါင်းစုံနှင့် ပတ်သက်၍ နေ့စဥ်လိုလို ဝေဖန်ချက်၊ ဆန်းစစ်သုံးသပ်ချက်တွေ၊ အကဲဖြတ်ချက်တွေ မြန်မာဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ မှာပါ အမျိုးမျိုး မြင်တွေ့ဖတ်ရှုနေကြရမှာ ဖြစ်သည်။ သမရိုးကျ မီဒီယာဟု ခေါ်ဆိုသည့် သတင်းဌာနတွေ၊ အွန်လိုင်း သတင်းစာတွေ၊ အွန်လိုင်းနှင့် ဂြိုဟ်တုမှ တဆင့်လွှင့်ထုတ်သည့် ရုပ်သံများတွင်လည်း ဖတ်ရှုကြားသိရမှာ ဖြစ်သလို ဆိုရှယ်မီဒီယာလို့ ခေါ်ဆိုတဲ့ ဖေ့စ်ဘွတ်၊ တွစ်တာ၊ အင်စတာဂရမ်၊ တယ်လီဂရမ်၊ တစ်တော့၊ ဗီကေ၊ ယူကျု့ အစရှိတဲ့ ပလက်ဖောင်းများ၌လည်း သမရိုးကျမီဒီယာများက တင်သည့် သတင်းတွေ၊ အချက်အလက်များအပြင် သတင်းသမားမဟုတ်သည့် လူသိများကျော်ကြားသူ၊ တဦးချင်း တင်ကြ၊ ပြောဆိုထုတ်လွှင့်ကြသည့် ချယ်နယ်တွေက အများအပြား မှိုလိုပေါက်နေကြပြီး နေ့စဥ်လိုလို မျှဝေကြ ကြည့်ရှုနားထောင်ကြနှင့် ပရိသတ်အဖို့ အင်ဖော်မေးရှင်း လျှံကျသည့် ခေတ်မှာ နေထိုင်ကြရသည့် သဘောလည်း ဖြစ်သည်။
ဆိုလိုသည့် အချက်ကို ပြန်ချုံ့ရလျင် အချက်အလက် ဖောင်းပွဲ လျှံကျနေသည့် ခေတ်မျိုးတွင် မူဝါဒ ဆုံးဖြတ်သူများ၊ အများပြည်သူကို အနှစ်ချုပ် ဝေဖန်ကာ အကဲဖြတ်ချက် ထောက်ပံ့ပေးနေသူများ၊ တနည်းအားဖြင့် လမ်းညွှန်နေသူများအဖို့ သမရိုးကျ မီဒီယာ ပလက်ဖောင်းများနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှ သတင်းအချက်အလက်များကိုသာ အားကိုးပြီး အကဲဖြတ်ခြင်း ဝေဖန်ခြင်း ဆုံးဖြတ်ခြင်း မပြုကြဖို့ ဆိုလိုရင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးမှု၊ အကျဥ်းချမှု သတ်ဖြတ်မှုတွေကြောင့် သတင်းသမား၊ သုတေသနသမား၊ အရပ်ဖက်အဖွဲ့အစည်း အစရှိသည့် မြေပြင်တွင် လူထုနှင့် ထိတွေ့ကာ အချက်အလက် မေးမြန်းကောက်ယူသူများ နည်းသထက်နည်းပါးလာကာ၊ ဆိုရှယ်မီဒီယာပေါ် တဦးချင်း ရေးသား ဖေါ်ပြချက်များကို အားကိုးကြရသည့် အခြေအနေက ပို၍ ပို၍များပြားလာနေခြင်း ဖြစ်ရာ သတင်းဌာနများ၊ သုတေသန အစီရင်ခံစာရေးသားသူများသည်လည်း တိကျသည့် အချက်အလက်များ၊ ဆန်းစစ်ထားသည့် အချက်အလက် အဆိုများကို ရရှိရန် ပိုမိုခက်ခဲလာနေသည့် သဘောဖြစ်သည်။
မြေပြင်တွင် အမှန်တကယ် ဖြစ်ပွားနေသည့်အချက်အလက်များကို သေချာစွာမစေ့ငုနိုင်ပဲ အွန်လိုင်းပေါ်၊ အင်တာနက်ပေါ်မှ သတင်းအချက်အလက်များကိုသာ အခြေခံပြီး ဆုံးဖြတ်သည်ဆိုပါလျင် အဆိုပါ ဆုံးဖြတ်ချက်များ အကဲဖြတ်ချက်များမှာ မြေပြင် အခြေအနေနှင့် ကွဲလွဲနိုင်ခြေ၊ အရေအတွက်သာမက အရည်အသွေးအရပါ ကွဲလွဲနိုင်ခြေ များလာပြီ ဖြစ်သည်။
လေ့လာသုံးသပ်သူတွေတင်မက မူဝါဒချမှတ်သူတွေ၊ ယနေ့ မြန်မာ့နိုင်ငံရေးကို ပဲ့ကိုင်နေရာတွင် တာဝန်ယူနေသူတွေက မိမိတို့ ကိုယ်ပိုင် သတင်းအချက်အလက်များ စုဆောင်းသည့် စနစ်ရှိလား ဆိုသည်မှာ အရေးကြီးသည့် မေးခွန်းဖြစ်သည်။ အကယ်၍များ မရှိခဲ့ဘူးဆိုပါလျင် အထက်ကပြောသလို သတင်းဌာနတွေက ဖေါ်ပြသလို၊ ဆိုရှယ်မီဒီယာတွေမှာ လူဖတ်များသည့် ပို့စ်တွေ အကြောင်းအရာတွေ၊ နောက်လိုက် follower များသူတွေက ရေးသားသည့် အကြောင်းအရာတွေကို ဖတ်ရှု နားဆင်ပြီး စစ်ဆေးအတည်ပြုထားသည့် အချက်အလက်သဖွယ်မှတ်ယူကာ ဆုံးဖြတ်ချက် ချမှတ်နေကြသည်ဆိုပါက မတိကျသည့် အချက်အလက်ပေါ် အခြေခံကာ ချမှတ်သည့် ဆုံးဖြတ်ချက်က မြေပြင်တွင် မည်သည့်အကျိုးသက်ရောက်မှု သက်ရောက်မည်ဆိုသည်ကို ပြောစရာမလိုလောက်အောင် သိပြီးဖြစ်မည် ထင်ပါသည်။
ထို့အပြင် အဆိုပါဦးဆောင်မှုနောက် ယုံကြည်စွာလိုက်ပါနေရသည့် လူထုအနေဖြင့် လက်တွေ့မကျသည့် မျှော်လင့်ချက်များဖြင့် လ၊ နှစ်ချီကာ ယုံကြည်လိုက်ပါလာပြီးနောက် မျှော်မှန်းထားသည့် ပန်းတိုင် ရည်မှန်းချက်မရောက်သည့် အခြေအနေမျိုးတွင် စိတ်ပျက်ပြီး စွန့်ခွာကြမည့် အရေးကိုလည်း ထည့်သွင်းစဥ်းစားကြရန် လိုအပ်လှသည်။
နိုင်ငံရေးရည်မှန်းချက်များ ပန်းတိုင်များကို မားကက်တင်း ပရိုမိုးရှင်းလုပ်သူတွေလို မစားရဝခမန်း ပြောဆိုစည်းရုံးခြင်းထက် လက်တွေ့ကြုံတွေ့ရမည့် အခက်အခဲများ ကျော်ဖြတ်ရမည့် အတားအဆီးများကို အသိပေးထားခြင်း၊ အခြေအနေမှန်ကို အသိပေးကာ ဖြေရှင်းရမည့် ပြဿနာများကို ဖုံးကွယ် မျက်နှာလွှဲခြင်း မပြုပဲ အသိပေးဖြေရှင်းခြင်းတို့ဖြင့်သာ စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် မှန်ကန်သည့် စည်းရုံးရေးနှင့် ဦးဆောင်မှု လည်းဖြစ်သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar