Breaking News

လင်းလက်နွေဦး - မဟာကဗျာ

မဟာကဗျာ
လင်းလက်နွေဦး
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၃
 
ကျနော့်အနေနဲ့ ဉာဏ်တိမ်လွန်းလို့လား မသိပါဘူး၊ အသက်(၄၀)ကျော်တဲ့အထိ တချို့ဟာတွေက ဝေဝေဝါးဝါး နိုင်လွန်းတယ်။ မနက်ကပဲ ကြည့်၊ မကလစ်ခင်လေး ဖေ့ဘုတ်တက်ကြည့်မိပါတယ်။ စဉ်းစားဖို့ အကြောင်းဖန် လာပြန်တယ်။ ဆရာ အော်ပီကျယ် ပြောခဲ့တဲ့ ‘ဗမာတွေက စဉ်းစားဖို့ ကြောက်တတ်တယ်’ ဆိုသလိုပေါ့။ အရင်က ‘ဟုတ်ရဲ့လား’ဆိုတဲ့ သံသယဝင်မှု အားနည်းခဲ့ပါတယ်။ ‘သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ အက္ခရာစွဲသုံး၊ ဤရှစ်လုံး ကို သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့...’ လို့ ကျက်တော့ ကျက်ခဲ့တာပဲ။ မျက်ရည် ချူချင်ရင်တော့ အဖေက တပဲခြောက်ပြား ဝန်ထမ်း၊ အမေက မှီခို၊ ခေတ်ဆိုးခေတ်ကြပ်ကြီးထဲ စားဝတ် နေ‌‌ရေးနဲ့ လုံးချာလည်နေတော့ ဘယ်မှာ စဉ်းစားတွေးခေါ်ချိန် ရှိမလဲပေါ့။ ဒါကြောင့် ဒါကျက်၊ ဒါရ၊ ဒါဖြေ၊ ဒါအောင်မှ ဘွဲ့ရမယ်။ အလုပ်ရဖို့ လွယ်မယ်။ မန်မန် အချိန်မှန် စားရမယ်။ ဒီလောက်ပဲ မျှော်မြင်ထားတာကိုး။ မိဘတွေကလည်း ဒီအတိုင်းပဲ၊ သား သမီးတွေကလည်း ဒီအတိုင်းပဲ။ ဒီပုတ်ထဲက ပဲ ဒီပဲတွေချည်းပေါ့။

စဉ်းစားဖို့က ဒီအချိန်မှ အချိန်ယားလေး ရလာတာဗျ။ မအလ ကျေးဇူးပေါ့။ ပထမကျေးဇူးက စီဒီအမ် လုပ်ခွင့်ရတယ်။ ဒုတိယကျေးဇူးက ခုတလော ကချင်ဘက် ဖိနေတာနဲ့၊ စဉ်းစားခွင့် စာရေးခွင့် ရလာတာပါပဲ။ အသစ်စက်စက် ဦးနှောက်ကြီးနဲ့ အခမ်းအနားဖွင့် စတင်စဉ်းစားပြီဆိုတော့၊ ရူပဗေဒသီအိုရီတွေလား၊ သင်္ချာ ပုစ္ဆာတွေလား၊ စီးပွားရေးသဘောတရားတွေလား၊ နိုင်ငံရေးအဆိုအမိန့်တွေလားလို့ မထင်လိုက်ကြပါနဲ့။ သို့ပေမယ့်လည်း ‘မုတ်ဆိတ်မွေးတွေဟာ ဆံပင်တွေရဲ့ အမြစ်တွေလား’လောက်ကြီးတော့ မဟုတ်ပါဘူး။ ဒီလိုဗျ၊ ‘ဘုရားဟာ ဆံပင်ရှည်ခဲ့သလား’ဆိုတဲ့ ပြဿနာရပ်ကြီးပါပဲ။ တင်ပြလာသူကတော့ အဋ္ဌကထာတွေ ပါဠိတော်တွေနဲ့ ဝေဝေဆာဆာ ရှင်းပြထားတာ။ အတိုချုပ်ပြောရရင်၊ ဆံတော်ရှင်တွေဆိုတာ မရှိနိုင်ဘူးပေါ့။ သူ တင်ပြပုံက ဖြစ်နိုင်ခြေ အတော်များတယ်။ ယုတ္တိဗေဒကျတယ်။

အဋ္ဌကထာထဲကလိုဆို ဘုရားရှင်ရဲ့ ဆံပင်အရှည်က ဆံတော်ပယ်ပြီး နောက်ပိုင်း လက်(၂)သစ် လောက်ပဲ ကျန်ခဲ့တယ်။ ထပ်လည်း ရှည်မလာတော့ဘူး။ တခါ ဒုက္ကရစရိယာဆိုတဲ့ ခက်ခဲလှတဲ့ အကျင့်တွေ ကျင့်ခဲ့တုန်းက ဆံပင်တွေကို ထန်းစေ့မွေးညှပ်နဲ့ နုတ်ပယ်ခဲ့ပါသတဲ့။ နှုတ်ခမ်းမွေး ချိုင်းမွေးတွေကို အစိမ်းလိုက် မွေးညှပ်နဲ့နှုတ်ဖူးကြတယ်နော်။ အတော်နာတယ်။ ပြာနဲ့ နှုတ်ရင်တော့ အနာသက်သာတာပေါ့။ ဘုရားလောင်းကတော့ ‘နာလေ တရားရနိုင်လေ’သဘောနဲ့ ဒုက္ခခံခဲ့ပါတယ်။ ဒါကြောင့် ဘုရားမှာ ဆံတော် ရှည်ခဲ့ဖူးသလား’လို့ မေးစရာ ဖြစ်လာပါသတဲ့။ နောက်ပြီး အဲဒီသုတ္တံထဲမှာပဲ ဘုရားလောင်းရဲ့ အစာဖြတ် ရေဖြတ်ကျင့်စဉ်တွေမှာ ခန္ဓာကိုယ်က ပိန်ချုံး၊ ဦးခေါင်းတော်ကလည်း ဗူးသီးခြောက်လို့ ချိုင့်ဝင်၊ အာဟာရ မပြည့်ဝလို့ အရေပြားကို လက်နဲ့ ပွတ်လိုက်ရုံနဲ့ အမြစ်ပုပ်နေတဲ့ အမွေးတွေဟာ ကျွတ်ကျကုန်သတဲ့။

ထန်းစေ့မွေးညှပ်နဲ့ အစိမ်းနှုတ်ခဲ့တဲ့အပြင် အစာဖြတ်ရေဖြတ်လုပ်ခဲ့လို့ အာဟာရပြတ်လပ်ပြီး အမွေးတွေ ကျွတ်ထွက်ကုန်တော့ ‘ဆံတော်မွေတော်’ရဖို့ အတော်ခက်ခဲတယ်နော်။ တင်ပြသူက ဘာနဲ့ နိဂုံးချုပ်ခဲ့ သလဲဆိုရင် ဘုရားရှင်ရဲ့ ဝီရိယတော်ကို အတုခိုးဖို့ အားပေးထားပါတယ်။ ဓာတ်တော်မွေတော်တွေ အများအပြား စေတီလုပ် ကိုးကွယ်နေရုံနဲ့ ကပ်ဘေးအမျိုးမျိုးကနေ မလွတ်မြောက်နိုင်ဘူး။ ဘုရားရှင်ရဲ့ ဝီရိယ မျိုး ကိုယ်တွေမှာ ကျင့်သုံးအားထုတ်မယ်ဆိုရင် ဘေးဒုက္ခအမျိုးမျိုးကနေ ဧကန်မလွဲ လွတ်မြောက်နိုင်မှာပဲ လေ။

အင်း... ဟုတ်သားပေါ့။ တို့တွေဖြင့် အကာကို တန်ဖိုးထားနေမိကြပြီ။ အနှစ်ကို မရှာတတ်ကြဘူး။ ရှေး ဆရာ တော်ကြီးကလည်း ဆုံးမခဲ့ဖူးပြီ၊ ‘အရွတ်ထက် အသားက ပိုကောင်းပါတယ်’တဲ့။ ‘အသိနဲ့ အကျင့် တွဲနေ ရမယ်’တဲ့။ ဘုရားကို ဆင်းတုကွယ်နေတော့ ဘုရားမဖူးနိုင်ပြီ။ ဘုရားနဲ့ ဝေးနေဆဲ။

ကျနော် စဉ်းစားမိသလောက်ပေါ့။ ဘဝဟာ အချိန်ခဏလေး။ ဆရာမောင်ချောနွယ်ရဲ့ ကဗျာတပုဒ်ထဲ ကလို ‘သေခြင်းတရားဆိုတာ
လေယာဉ်ပျံတစ်စီးကနေ
လေယာဉ်ပျံတစ်စီး
ပြောင်းစီးသလောက်ပါကွာ’ပေါ့လေ။ ဒီလိုခဏတာလေးအတွင်းဟာ ‘လူပီသစွာနေနိုင်ရေး’ဟာ ပထမ တန်း အရေးကြီးဆုံးပါပဲ။ ဒီလိုနေနိုင်အောင် ရုန်းကန်လှုပ်ရှားတာဟာ ‘မဟာကဗျာ’ပါပဲ။ နောင်မျိုးဆက်တွေ အတွက် ‘လူပီသစွာ နေနိုင်ခွင့်’ကို ပေးခဲ့တာဟာ ‘လူ့သမိုင်းအမွေအနှစ်’ပါပဲ။ ဒါတွေရဲ့ အခြေခံဟာ ‘စဉ်းစား တွေးခေါ်ဉာဏ်’ပဲ ထင်ပါတယ်။ ‘ငါ ဘာလဲ၊ ငါ ဘယ်ရောက်နေလဲ၊ ငါ ဘယ်သွားရမလဲ’ မဟုတ်ဘူးလား။ စား၊ ဝတ်၊ နေရေး အဆင်ပြေရုံနဲ့ တော်ပြီ၊ ပြီးပြီဆိုရင်တော့ လူပီသရေး၊ လူ့အခွင့်အရေးတွေ မလိုတော့ပါဘူး။ နည်း နည်းလောက် တွေးတတ်မြင်တတ်ရင်ကို လူ့အခွင့်အရေးဆိုတာ နားလည်လာပါမယ်။ သုတမယဉာဏ်ကနေ စိန္တမယဉာဏ်ပေါ့လေ။

အချိန်ရှိခိုက်လေး၊ လိုင်းပေါ်တက် ပွဲရှာမနေဘဲ လူပီသရေး အားထုတ်မှုတွေနဲ့ အချိန်ကို စိန်လို တန်ဖိုး ထားကြပါစို့။ ဝီရိယကို မီးထိုးကြပါစို့။ သင့်၏ မသင့်၏ စဉ်းစားဝေဖန်ကြပါစို့ လို့ တိုက်တွန်းလိုက်ရပါကြောင်း။

လင်းလက်နွေဦး
၃.၁၀.၂၀၂၃ ညနေ ၁ နာရီ ၆ မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar