Breaking News

မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၂၆၊ ၂၀၂၀


မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၂၆၊ ၂၀၂၀

(မိိုးမခ) ဧပြီ ၂၈၊ ၂၀၂၀


(သူ့ဖေစ်ဘွတ်က ကူးပါတယ်)

April 26 -
လော့ဒေါင်း၊ စတေးဟုမ်း၊ ဆိုရှယ်ဒစ္စတန့်ဇင်း ၊ ကွာရတင်း ဆိုတာတွေနဲ့ ပတ်သက်လို့


အမေရိကန်တွေက ဒီအသုံးတွေ တွင်တွင်သုံးတယ်၊ တရုတ်မှာလည်း သည်လိုအသုံးတွေနဲ့ ၀ူဟန်မှာ ဗိုင်းရပ်စ်ကို ပြန်တွန်းလှန်ရတယ်။ သည်တော့ လူပြိန်းတွေက ဒါကို သိလိမ့်မယ် လွယ်လွယ်တွေးမိတယ်။ သည်လိုတော့ မလွယ်လှဘူး။

လော့ဒေါင်းဆိုတာ မာရှယ်လောမဟုတ်ဘူး။ အရေးပေါ်နဲ့ မရှိမဖြစ် လုပ်သား လုပ်ငန်း အလုပ်တွေကလွဲလို့ အားလုံးကို ပိတ်ပစ်တာမျိူး။ စျေးဝယ်သွားတဲ့သူ သွားနေတာပဲ။ အမှိုက်ကား မီးသတ်ကား ဆေးရုံကားတွေအပြင် အရေးပေါ်အလုပ်ဆင်းရတဲ့သူတွေ ဆင်းနေရတာပဲ။ အလုပ်သမားဆိုတာက စက်ရုံလုပ်သားတွေ သန့်ရှင်းရေးလုပ်သားတွေ ဆရာဝန်တွေ အကုန် သွားလာနေကြပါတယ်။ ရပ်ကွက်တွေ အိမ်တွေကို ပိတ်ဆို့ထားတာ မဟုတ်ဘူးဆိုတာ နားလည်ဖို့လိုပါတယ်။


လော့ဒေါင်းဆိုလိုက်တာနဲ့ လူတိုင်းနီးပါးဟာ စတေးဟုန်း - အိမ်မှာ ခြေချုပ်မိတာပေါ့။ စတေးဟုန်းဆိုပြီး အိမ်ထဲက အိမ်ပြင် မထွက်ရဆိုတာလဲ မဟုတ်ပြန်ဘူး။ ကိုယ့်အိမ်ပတ်ဝန်းကျင် စိတ်ချရတဲ့ အနေအထားရှိရင် လမ်းထွက်လျောက် လေ့ကျင့်ခန်းလုပ် ခွေးကြောင်း ကြောင်ကြောင်း လုပ်လို့ရတယ်။ အိမ်လည်မထွက်ဖို့သာ လိုတာ။ စျေးဝယ်ဖို့ ထွက်လည်းရတယ်။ နီးနီးနားနား ပန်းခြံ သွားလို့ရပါတယ်။ အတင်းအကြပ် ချုပ်နှောင်ခြင်း မရှိဘူးဆိုတာကို သိဖို့ လိုပါတယ်။

ဆိုရှယ်ဒစ္စတန့်ဇင်းဆိုတာ မိသားစုမဟုတ်တဲ့သူတွေ လိုအပ်လို့ ဆုံကြတဲ့အခါ ၆ပေ (၃ပေ) အကွာအဝေးကို ထိန်းသိမ်းပြီး နေကြတာကို ဆိုလိုပါတယ်။ မိသားစုတွေ တအိမ်တည်း ၆ပေခွာနေစရာတော့ မလိုပါဘူး။ ကွာရတင်းဆိုရင်တော့ တမျိုးပေါ့။ socail distancing ဆိုတာက အပြင်ထွက်ကြရသူတွေ ဘေးကင်းစေဖို့ သတ်မှတ်ချက်ဖြစ်ပါတယ်။ အဲသည်မှာ မတ်စ်တပ်ရမယ်ဆိုလည်း တပ်ကြရတယ်။ လက်အိတ်စွပ်ဆိုလည်း စွပ်ကြရတာပေါ့။

နောက်တခုက ကွာရတင်း လုပ်ရတာ။ ရောဂါလက္ခဏာ စောင့်ကြည့်ကာလ၊ ရောဂါဖြစ်နေလို့ အဖျားအနာပျောက်ကင်းသည်အထိ သီးခြားနေထိုင် ကုသခံကာလကို ကွာရတင်းလုပ်တယ် လို့ ဆိုပါတယ်။ အိမ်မှာ ဆေးရုံမှာ သီးခြားခွဲခြားပြီး တဦးတည်း အများနဲ့ မနေဘဲ ထားရှိတာကို ကွာရတင်းလို့ ခေါ်ပါတယ်။ ကွာရတင်းကို အိမ်မှာ မိသားစုဝင်တွေနဲ့အတူ ခံကြရရင် အားလုံး အိမ်မှာ ခွဲခြားပြီး နေကြရတယ်။ စောင့်ကြည့်ရတယ်။ အပြင်လည်း ထွက်လို့မရဘူး။ ဘယ်သူကမှတော့ လာပြီး အစောင့်ချပြီး စစ်မနေပါဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် ကွာရတင်း ကြတာ ပါပဲ။ အိမ်မှာ ကွာရတင်း မလုပ်နိုင်သူတွေကိုတော့ ဆေးရုံတွေမှာ ခေါ်ပြီး သီးခြားကန့်သတ်ထားပြီး စောင့်ရှောက်ပေးကြရတယ်။ ဒါလည်း ကွာရတင်းပဲ။ ကွာရတင်းလုပ်ခံရတာနဲ့ အကျဉ်းသား အချူပ်သားလို လူ့အခွင့်အရေးဆုံးရှုံးပြီး အပြစ်ခံရသူလိုမျိူး မထားကြပါဘူး။ စည်းကမ်းနဲ့ ကန့်သတ်ခံရတာပဲ ရှိပါတယ်။

အမေရိကားမှာကတော့ ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့ တဦးချင်း တာဝန်ခံမှု ဒွန်တွဲရှိနေတော့ကာ တဦးချင်းစီ မိသားစုအလိုက် အဖွဲ့အစည်းအလိုက် နာခံကြတာ အကျင့်ရှိပါတယ်။ ပညာ မတတ်ကြရင်တောင်မှ အကြားအမြင် ဗဟုသုတ လိုက်စားကြတော့ နားလည်မှု ရှိကြတယ်။ သိတတ်လိမ္မာမှု ရှိတယ် ဆိုကြပါစို့။ အစိုးရက ကြေငြာတာကို လိုက်နာကြပါတယ်။ စောဒကတက်ကြတာ၊ ဝေဖန်ကြတာကတော့ တပိုင်းပေါ့။

လော့ဒေါင်းဆိုတာနဲ့ နေဝင်မီးငြိမ်း ဖြစ်မသွားပါ။ စတေးဟုမ်း ဆိုတာနဲ့ အိမ်တံခါးပြတင်းတွေပါ ပိတ်ဆို့လိုက်တာ မဟုတ်ပါ။ ဆိုရှယ်ဒစ္စတန့်ဇင်းဆိုလို့ လူတွေ မျက်စိပိတ်နားပိတ်လုပ်ခံလိုက်ရတာ မဟုတ်ပါ။ ကွာရတင်းဆိုတာနဲ့ ရွာပြင်ထုတ် သံပုံးတီး တောထုတ်ခံရတာမျိုးလို့ မယူဆသင့်ကြပါ။ သူ့အတိုင်းအတာ စည်းကမ်းနည်းလမ်းလေးတွေနဲ့ ငြင်သာစွာ ဆောင်ရွက်ကြတာဖြစ်တယ်ဆိုတာ ကျနော်တို့ မြန်မာတွေ သိဖို့ လိုပါကြောင်း။

April 25th -
ခေါင်းဆောင်ဆိုတာ ဦးနှောက်မလိုပါဘူး ...


မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဦးနှောက်က အလုပ်မလုပ်တော့ဘူးတဲ့။ သေပြီလို့ ပြောတယ်။ အမေရိကားက ခေါင်းဆောင်ကတော့ မသေသေးသော်လည်း သူ့ဦးနှောက်လည်း မြောက်ကိုရီးယာားခေါင်းဆောင်လိုပဲ လို့ ပြောရမယ် ထင်တယ်။

အမေရိကားမှာ ကိုဗစ်၁၉ ကပ်ဘေးကနေ ပြန်ဖွင့်ဘို့ ပြင်ဆင်နေကြပေမယ့် အဆင်အခြင်မဲ့ ဖွင့်ချင်နေကြတာတွေက ဆန်းကြယ်ပါတယ်။ ဂေါက်ကွင်းနဲ့ ကမ်းခြေတွေ ဖွင့်ချင်နေကြတယ်။ နောက်ဆိုရင် အပမ်းဖြေလုပ်ငန်းတွေ အားကစားတွေ ဖွင့်ဖို့ ဖိအားပေးကြမယ် ထင်တယ်။ ဗုဒ္ဓဟူးနေ့ကတော့ တကိုယ်ရေဝန်ဆောင်မှု - ဆံသံ၊ အလှပြင် စတာတွေ ဖွင့်ခဲ့ကြတယ်။

စဉ်းစားကြည့်တော့ - ပိုက်ဆံရှိလူတန်းစားတွေ ဇိမ်ခံဖို့ အခြေခံလူတန်းစားတွေက ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေ ဖွင့်ဖို့ကြိုးစားတာပဲလို့ မြင်မိတယ်။ တကယ့်ရုံးတွေ ကျောင်းတွေ လုပ်ငန်းကြီးတွေက ဖွင့်ဖို့ မကြိုးစားကြသေးဘူးလေ။

ဆင်းရဲချမ်းသာ ကွာဟမှုက ကပ်ဘေးမှာ သိသာပါတယ်။ ချမ်းသာသူ အာဏာရှိသူတွေရဲ့ လက်ခုပ်ထဲမှာ အခြေခံလူတန်းစားတွေ မှောက်လိုက်လှန်လိုက် ခံကြရတယ်။

အမေရိကန် အသားစက်ရုံနဲ့ အခြေခံစားကုန် လူသုံးကုန်စက်ရုံ၊ စိုက်ပျိူးရေး မွေးမြူရေး လုပ်သားတွေဟာ အသက်စွန့်ပြီးတော့ အနိမ့်ဆုံးလစာနဲ့ လုပ်နေရတယ်။ သူတို့တွေအတွက်တော့ အကာအကွယ်ပေးဖို့ မစဉ်းစားကြဘူး။ သူတို့တွေထဲမှာ နိုင်ငံခြားက ရွှေ့ပြောင်းလုပ်သားတွေ ပါတယ်။ ဂရုမစိုက်ကြဘူး။

စက်မှု လက်မှု လုပ်သားတွေလည်း ရှေ့တန်းထွက်နေရတာပါပဲ။ သူတို့တွေထဲမှာ အခြေခံလစာနဲ့ အာမခံချက်နည်းပါးစွာ လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

သည်အခြေအနေတွေကြားထဲမှာ တကိုယ်ရေဝန်ဆောင်မှု အပမ်းဖြေမှု အားကစားလုပ်ငန်းတွေ ဂေါက်သီးရိုက်ကွင်းတွေ ဖွင့်လှစ်ချင်ကြတာဟာ အခြေခံအလုပ်သမားတွေကို အထက်တန်းလွှာများက သူတို့ကိုယ်ကျိုးအပမ်းဖြေမှုအတွက် သက်သက် အသုံးချချင်တာလို့ ဆိုလိုက်ချင်တာပါပဲ။

အထက်တန်းလွှာတွေ နိုင်ငံရေးသမားတွေက လူပြိန်းတွေကို မြှောက်မြှောက်ပေးပြီး လမ်းပေါ်ထွက်ခိုင်းတယ်။ ဆန္ဒတွေ ပြခိုင်းတယ်။ သူတို့တောင်းဆိုချင်တာတွေကို လူပြိန်းတွေ ပါးစပ်ထဲဲထည့်ပေးပါတယ်။ သည်လူတွေဆိုတာ ဘက်၂ဘက်လုံးက လူပြိန်းတွေကို ဆိုလိုပါတယ်။ ရီပတ်ဘလစ်ကန်တွေဘက်ကလည်း တိုင်းပြည်ကြီးပြန်ဖွင့်ဖို့ ဆန္ဒပြကြတယ်။ ဒီမိုကရက်တွေဘက်ကလည်း လူပြိန်းတွေကို မြှောက်ပေးပြီးတော့ ဂျိုးဘိုင်ဒင်ကြီး နိုဝင်ဘာမှာ သမတမျာ ဖြစ်လေမလားဆိုပြီး မဲဆွယ်နေကြတော့တာပါပဲ။


April 24th - ကိုဗစ်၁၉ လော့ဒေါင်း ၁လအလွန်မှာ


အမေရိကားမှာ ဂျော်ဂျီယာပြည်နယ်က ပြန်ဖွင့်ဖို့ လုပ်တယ်။ နောက်ကလည်း တောင်ပိုင်းပြည်နယ်တွေက လိုက်ဖွင့်ဖို့ ပြင်နေတယ်။ ဆေးမစစ်နိုင်သေးရင် ပြန်ဖွင့်ဖို့ မလွယ်ဘူးလို့တော့ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်က ဂါဗနာတွေက ပြန်နားချနေရပြန်တယ်။

ဆံပင်ညှပ် အလှပြင် ခြေသည်းလက်သည်းညှပ် ဘိုးလင်းကစား စတာတွေ ပြန်ဖွင့်မယ်ပြောတော့ စဉ်းစားမိတာက အမေရိကန်တွေ သန်းချီပြီး အလုပ်ပြုတ်နေကြတော့ personal care ဆိုတဲ့ အလှပြင် အားကစားလုပ်ဖို့ သူတို့မှာ ပိုက်ဆံကော ကျန် ရှိကြပါ့မလားပေါ့။

အရင်အတိုင်း နဂိုအတိုင်းပြန်မဖြစ်ဖို့ကတော့ သေချာနေပါပြီ။ ၂၀၀၈ စီးပွားပျက်ကပ်က လူလုပ်တာ။ ၂၀၂၀ ကပ်ကတော့ လူလုပ်တာ မဟုတ်ပါ။ ရောဂါပိုးကနေ လူတွေ စီးပွားရေးတွေ ဘ၀တွေ ပျက်စီးကုန်တာ အကြီးအကျယ်ကိုး။

ခေတ်ပျက်ကြီးမှာ ခေါင်းဆောင်လုပ်နေတဲ့ အမေရိကန်သမတကြီး ထရန့်ကတော့ ပိုးသတ်ဆေး သောက်ကြ၊ ဆေးထိုးအပ်နဲ့ ထိုးကြအထိ ဘလွတ်ရှတ်တတွေ ပြောပြီးရင်း ပြောနေတယ်။ တရုတ်ကိုလည်း မယုံကြ၊ အမေရိကားကိုလည်း အတည်မယူနိုင်တဲ့ ကာလကြီးမှာ လူတွေဟာ ဘယ်သူကို ယုံ ဘယ်စကားကို ပုံရမှန်း မသိကြဖြစ်နေတာ သနားစရာပါ။

သည်တော့ ကိုယ့်မိသားစု မိတ်ဆွေ အသိုင်းအဝိုင်းအချင်းချင်း ကျောချင်းကပ်ပြီး နေကြရတော့တာ သေချာပါတယ်။ လူတွေ၏ ယုံကြည် စိတ်ချ အားကိုးရာကို သည်ကပ်ကာလကြီးကနေ အဖြေထုတ်ပေးလိမ့်မည် မျော်လင့်ပါတယ်။ အရင်တုန်းကလို အစိုးရ၊ ဂါဗနာ၊ ဗြူရိုကရက် ပညာတတ်တွေ၊ နိုင်ငံရေးသမား၊ စီးပွားရေးလုပ်ငန်းရှင်၊ အလုပ်ရှင်၊ ငွေကြေးရှင် စတာတွေကို မျော်ကြည့်အားကိုးနေခဲ့ကြတာတွေကနေ ကိုယ့်အားကိုကိုးတာနဲ့ အခြားအားကိုးရာအသစ်တွေ မြင်တွေ့ကြရလိမ့်မယ် ထင်ပါတယ်။