စစ်ရေးအရ ဝင်ရောက်လာရင် ပြတ်ပြတ်သားသား လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ထုတ်ပြန်၊ “ဝ” ဒေသ က စစ်ဘေးရှောင် ဒုက္ခသည်တွေကို လက်ခံနေရာပေး
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂ ၊ ၂၀၂၃
စစ်ရေးအရ ဝင်ရောက်လာရင် ပြတ်ပြတ်သားသား လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ထုတ်ပြန်၊ “ဝ” ဒေသ က စစ်ဘေးရှောင် ဒုက္ခသည်တွေကို လက်ခံနေရာပေး
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ တရားဝင် အသိအမှတ်ပြုခံထားရတာ မဟုတ်ပေမယ့် ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးကို မိမိတို့ဘာသာ ဆုံးဖြတ်ခွင့်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအထဲ အင်အားအကောင်းဆုံးဖြစ်တဲ့ “ဝ” ဒေသ အာဏာပိုင်တွေက ၄င်းတို့ရဲ့ လေပိုင်နက် မြေပိုင်နက်ထဲ စစ်ရေးအရ ဝင်ရောက်လာရင် ပြတ်ပြတ်သားသား လက်တုံ့ပြန်သွားမယ်လို့ အသိပေးကြေညာလိုက်ပါတယ်။
၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီထဲက အဓိကအင်အားဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့တွေအထဲ အင်အားကြီးတဲ့ ဝ တိုင်းရင်းသားတွေနဲ့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တွေ ၄င်းတို့ဘာသာ ၄င်းတို့ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေကို ပုန်ကန်ကြတဲ့နောက် နှစ် ၃၄ နှစ်အကြာ အနေအထားကို အကဲဖြတ်ကြည့်ရင် ဝ ဒေသဟာ စစ်ရေးအရ အားကောင်းပြီး မြန်မာနိုင်ငံရဲ့ စစ်အစိုးရ၊ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရ၊ လက်ရှိ အာဏာသိမ်းစစ်အစိုးရ အဆက်ဆက် မြန်မာအစိုးရ၊ စစ်တပ်ကို အသိအမှတ်ပြုရုံပြုပြီး သစ္စာခံ အဆင့်ထက်ပိုမြင့်တဲ့ အနေအထားနဲ့ ရပ်တည်နေနိုင်တဲ့ တခုထည်းသော ဒေသဖြစ်ပါတယ်။ တရားဝင်အားဖြင့် လွတ်လပ်ရေးရနေတာမဟုတ်ပေမယ့်လည်း လွတ်လပ်ရေးရထားသည့် အနေအထားနီးနီး ၄င်းတို့ဘာသာ ၄င်းတို့ရဲ့ ကာကွယ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကို စီမံခန့်ခွဲပြီး မြန်မာပြည်မက အစိုးရရဲ့ ဌာနဆိုင်ရာ ယန္တရား မစိုးမိုး မသက်ရောက်တာ ဝ ဒေသလို့ဆိုရမှာ ဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ ချုပ်ငြိမ်းစေတဲ့ ဝ၊ ကိုးကန့် စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ ခွဲထွက်ပုန်ကန်လိုက်ပြီးနောက် စစ်ရေးအင်အားကို အားကောင်းအောင် တည်ဆောက်ထားခဲ့သလို စီးပွားရေးအနေနဲ့တော့ တရုတ်ပြည်ကို မြန်မာပြည်မထက် ပိုမိုထိတွေ့ဆက်သွယ်ကာ တည်ငြိမ်တဲ့ အနေအထားကို ထိန်းသိမ်းထားပြီး နယ်စပ်ဒေသ ပြည်နယ်လိုနေရာမျိုး အနေနဲ့ တိုးတက်တဲ့ အနေအထားလို့ ဆိုနိုင်ပြီး စီးပွားရေး အင်အားရှိမှ စစ်အင်အားကိုလည်း ခေတ်မှီအောင် လေ့ကျင့်တည်ဆောက် ထားနိုင်တဲ့ သဘောဖြစ်ပါတယ်။
အခုလတ်တလော ဖြစ်ပျက်နေတဲ့ မြောက်ပိုင်းလက်နက်ကိုင် ညီနောင် ၃ ဖွဲ့က စစ်ကောင်စီတပ်တွေ စခန်းတွေကို တိုက်ခိုက်ကြတဲ့ အနေအထားမှာ ဝ ဒေသအာဏာပိုင်တွေ အနေနဲ့ လူသိရှင်ကြား ဘယ်လက်နက်ကိုင် အဖွဲ့ကိုမှ ထောက်ခံရပ်တည်တာ မတွေ့ရပါဘူး။ နောက်ကွယ်မှာတော့ ဆက်ဆံရေး၊ အားပေးရပ်တည်မှုတွေ ရှိကောင်းရှိနိုင်ပြီး တရားဝင်ရပ်တည် ထောက်ခံတာ လက်နက်ကိုင်ပဋိပက္ခထဲ ပါဝင်ပတ်သက်ခြင်း မပြုဘဲ ဝ ဒေသရဲ့ ရရှိထားတဲ့ အနေအထား မဆုံးရှုံးအောင် ရပ်တည်နေတာ ဖြစ်ပါတယ်။
ဝ ဒေသရဲ့ ရရှိထားတဲ့ အနေအထားဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများအပြားက အားကျရတဲ့ အနေအထားမျိုးဖြစ်ပြီး ပြည်မက အစိုးရအဆက်ဆက်မှာလည်း အခြားသော ဒေသတွေက လက်နက်ကိုင် တိုက်ပွဲတွေနဲ့တင် လက်မလည်အောင် တိုက်ခိုက်နေရတာကြောင့် ဝ ဒေသကို တိုက်ခိုက်နိုင်ခြင်း အာဏာစက်ဖြန့်ကျက်နိုင်ခြင်း မရှိဘဲ ဆယ်စုနှစ်များစွာ တည်ငြိမ်စွာနဲ့ စစ်အင်အား စီးပွားရေး အင်အားကို တည်ဆောက်နိုင်ခဲ့တဲ့ အနေအထားဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဒေသ ဖြစ်တာနဲ့အညီ ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါး အစရှိတဲ့ လုပ်ငန်းတွေနဲ့ ကင်းရှင်းတယ်လို့ မဆိုနိုင်တဲ့ ဒေသတွေ ဖြစ်ပြီး အခုနှစ်ပိုင်း ခေတ်စားလာတဲ့ ဆိုင်ဘာရာဇဝတ်ဂိုဏ်းတွေ အခြေစိုက်ကြရာမှာ ဝ ဒေသလည်း အပါအဝင် တခုဖြစ်လာခဲ့ပြီး ဝ ဒေသရဲ့ ခေါင်းဆောင်နဲ့ ဆွေမျိုးသားချင်းထဲက ၂ ဦးကို မကြာသေးခင်ကပဲ တရုတ်နိုင်ငံအစိုးရက ဝရမ်းထုတ်ပြီး အလိုရှိသူအဖြစ် ကြေညာခံရတဲ့ လောလောလတ်လတ် ဖြစ်ရပ်လည်းရှိနေတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေဟာ ဝ ဒေသက လက်ရှိ ပဋိပက္ခမှာ ပါဝင်ပတ်သက်ခြင်း မရှိရအောင်၊ ၄င်းတို့ ဒေသရဲ့ တည်ငြိမ်မှု မပျက်ပြားအောင် ထိန်းသိမ်းထားတဲ့ ကြိုးပမ်းမှုဖြစ်ပြီး ဝ ဒေသနဲ့ အနေအထား ဆင်တူတဲ့ ကိုးကန့်ဒေသက လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီတဲ့ လုပ်ဆောင်မှုတွေ တက်တက်ကြွကြွ လုပ်ဆောင်နေတာ သတင်း ထုတ်ပြန်မှုတွေမှာ တွေ့မြင်ရတာဖြစ်ပါတယ်။
ဝ ဒေသနဲ့ ပတ်သက်လို့ မကြာသေးခင်က စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တရုတ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ ဖီးနစ် သတင်းဌာနရဲ့ အင်တာဗျူးမှာ ဆိုင်ဘာရာဇဝတ်ဂိုဏ်းတွေ နဲ့ ပတ်သက်ပြီးပြောဆိုရာမှာ ဝ ဒေသထဲမှာ မြန်မာအရပ်ဘက်ဆိုင်ရာ ဝန်ထမ်း တဦးတလေမှ မရှိကြောင်း၊ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ထားတဲ့ ဒေသဖြစ်ပြီး လက်နက်ကိုင်တပ်တွေ ဝင်ရောက်တာနဲ့ ငြိမ်းချမ်းရေး ပျက်စီးသွားမယ်လို့ ပြောဆိုပြီး ဝ ဒေသရဲ့ လွတ်လပ်တဲ့ အနေအထားကို သက်သေခံပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဝ ဒေသရဲ့ အနေအထားတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ တင်ပြပြီးနောက် ၁၀၂၇ စစ်ဆင်ရေးရဲ့ နိုဝင်ဘာ ၁ ရက်နေ့ နောက်ဆုံး အခြေအနေတွေ အကြမ်းဖျဥ်း တင်ပြရရင် စစ်ဆင်ရေးစတင်ပြီး ၆ ရက်မြောက်နေ့အပြီးမှာ မြန်မာနိုင်ငံအရှေ့မြောက် ဒေသတခွင်မှာ စစ်ကောင်စီရဲ့ စခန်း ၉၀ နီးပါးကို မြောက်ပိုင်း ညီနောင်လက်နက်ကိုင် ၃ ဖွဲ့နဲ့ BPLA, PLA, MDY PDF တို့ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ နောင်ချိုက စလို့ မူဆယ်အကြား လမ်းပိုင်းတွေမှာ တိုက်ပွဲတွေ၊ လမ်းပိတ်ဆို့ထားတာတွေ ရှိနေပြီး သွားလာလို့မရသေးတဲ့ အနေအထားဖြစ်ပါတယ်။
ကချင်ပြည်နယ်ဘက်မှာ လိုင်ဇာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတာ တိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေပြီး လိုင်ဇာကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ နယ်နိမိတ်မျဥ်းနဲ့ နီးစပ်နေတာကြောင့် တရုတ်နိုင်ငံဘက်ကို အသိပေးထားကြောင်းလည်း စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တောင်ဘက်ပိုင်းမှာတော့ ညောင်လေးပင် မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတာတွေ ရှိပြီး ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းတွေ ဖော်ပြထားကြတာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေကတော့ အခုလို စစ်မျက်နှာများ ကျယ်ပြန့်လာချိန်၊ ခုခံစစ်ကနေ လှုပ်ရှားစစ်၊ လှုပ်ရှားစစ်ကနေ စိုးမိုးစစ်တွေဖြစ်လာပြီး နောင်တချိန် ခြေကုပ်ယူတဲ့အထိ ဖြစ်လာနိုင်ချေကိုလည်း မျော်လင့်ကြတာ တွက်ဆကြတာတွေ ရှိလာပါတယ်။ သည်နေရာမှာ စစ်မက်သင့်ဒေသတွေထဲက ဘယ်လိုမျိုး မြို့ရွာတွေအဖြစ် ပဏာမအဆင့် ကျန်ရစ်မလဲ ဆိုတာကိုလည်း သူတို့ပြည်တွင်းစစ် အတွေ့အကြုံနဲ့ တွေးဆနေကြပါတယ်။
ကရင်နီပြည်နယ်အဖြစ် ကြေညာထားပြီး ကြားကာလ ပြည်နယ်အုပ်ချုပ်ရေးယူနစ်တခု ထူထောင်နိုင်ပြီလို့ ကြေညာထားတဲ့ ယခင် ကယားပြည်နယ်၏ စစ်မီးသင့် မြို့ရွာတွေ၊ စစ်မီးခြားထားတဲ့ စိုးမိုးသူမဲ့ လေဟာနယ် နယ်မြေတွေ၊ ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဥပဒေစိုးမိုးရေး စတဲ့ လူမှုအဖွဲ့အစည်းတွေ၏ စိန်ခေါ်မှုတွေ ပြည့်နေတဲ့ ခြေလှမ်း အစတွေကို ခုချိန်မှာ လေ့လာသင်ယူစရာတခုအနေနဲ့ စောင့်ကြည့်ရမလားလို့လဲ တွေးမိပြန်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar