Breaking News

လင်းသက်ငြိမ် - ပုန်းခိုကျင်းများနှင့်ကျွန်တော်

 

ပုန်းခိုကျင်းများနှင့်ကျွန်တော်

လင်းသက်ငြိမ်

(မိုးမခ) သြဂုတ် ၂၄၊ ၂၀၂၀

ပူလောင်သော နေ့လယ်ခင်းတစ်ခု ဖြစ်သည်။ ဝါးထရံကြားမှ တိုးဝင်လာသည့် နေရောင်ခြည်သည် အခန်းထဲသို့ ပိုင်စိုးပိုင်နင်းကျူးကျော်ဝင်ရောက်နေထိုင်သည့် နေ့လယ်ခင်းတစ်ခုလည်းဖြစ်၏။ အိမ်နံဘေးခြံထဲ၌ ရှဉ့်ကလေးများဆူဆူညံညံမြည်သံပေးရင်း သစ်ပင်များပေါ် ပြေးလွှား၍ နေကြသည်။

ငှက်ကလေးများကလည်း သူတို့၏ ဘာသာဗေဒတေးများကို အပြိုင်အဆိုင် သီကျူးနေကြ၏။

လေညင်းကလေး တစ်ချက်တစ်ချက်ပြေးဝင်လာသည်က နွေနေ့လယ်ခင်း၏စည်းစိမ်တစ်ခုဖြစ်၍ နေတော့သည်။ ပျော့တွဲရှည်လျားသည့် နေ့လယ်ခင်းထဲ စာအုပ်စင်ပေါ်မှစာအုပ်များကိုတစ်အုပ်ပြီး တစ်အုပ်ဆွဲချ၍ စာဖတ်ရန်ကြိုးစားနေမိသည်။ အထွေအထူး အလုပ်မရှိ၍ အားလပ်သည်ဟု ပြောလျှင်ရသည့် ယခုလိုနေ့လယ်ခင်းကို အချည်းအနှီးမဲ့ သုံးဖြုန်းမပစ်ချင်ပါ။မနေ့က ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းကို ချွေးတလုံးလုံးဖြင့်

ဖတ်ရှုခဲ့ပြီးဖြစ်သည်။ စာအုပ်ကိုမဝယ်နိုင်သေးခင်က ငှားရမ်း၍ဖတ်ရှုပြီးသားဖြစ်ပေမယ့် နှစ်တွေကြာလာ၍ အနည်းအကျဉ်းမျှသာမှတ်မိတော့သည်။ ပြန်ဖတ်ချင်စိတ်ဖြစ်နေ၍ ပြန်လည်ဝယ်ယူကာ အစအဆုံး ဖတ်ရှူဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ နှစ်ရက်သုံးရက်ကြိုးစားဖတ်ရှူခဲ့ပြီး မနေ့ကမှ အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်၏။ ဆရာကြီးရွှေဥဒေါင်း၏ ခမ်းနားထည်ဝါသည့်စာရေးဟန်ထဲ မပျင်းမရိလိုက်ပါစီးမျှောရင်း ပူအိုက်သောနေ့လယ်ခင်းကို ကုန်မှန်းမသိ ကုန်အောင်အသုံးချဖြစ်ခဲ့သည်။

စာအုပ်ဖတ်ရန်ကြိုးစားရသည့်ကိစ္စသည် ခက်ခဲသည့်ကိစ္စရပ်တခုဖြစ်မှန်းကို စာအုပ်ဝါသနာရှင်တိုင်းသိကြမည်ထင်ပါသည်။ စာဖတ်ခြင်းနှင့်အတူတကွ နေထိုင်လာရာကနေစာဖတ်ခြင်း၌ ရိုးအီသလိုလို၊ ပျင်းရိလာသလိုလို ခံစားရချိန်တွင် စာဖတ်ချင်စိတ်ကိုပြန်လည်ပျိုးယူရခြင်းကို ကျွန်တော်ဆိုလိုသည်။ငယ်စဉ်ကတည်းက စာအုပ်များစွာကို အငမ်းမရဖတ်ခဲ့ဖူးသည်။ ရူးရူးမူးမူးပင်ဖတ်ခဲ့သည်ဟုဆိုရပေမည်။ ရပ်ကွက်ထဲရှိ စာအုပ်အငှားဆိုင်များတွင် ကျွန်တော်မဖတ်ဖူးသည့်စာအုပ်မရှိလောက်အောင်ပင် စာဖတ်အားကောင်းခဲ့သည်။

စာအမျိုးအစားကိုမခွဲခြားဘဲ တွေ့ရာကြုံရာစာအုပ်မှန်သမျှကို ဖတ်ရှူခဲ့ခြင်းဖြစ်၏။ ထိုစာအုပ်များကို ယခုပြန်လည်စဉ်းစားကြည့်သည့်အခါ အစမှ အဆုံးအထိ သေချာမမှတ်မိတော့ပေ။ အသက်အရွယ်ကြီးရင့်လာ၍ မှတ်ဉာဏ်စွမ်းအားများကျဆင်းသွားခြင်းဖြစ်မည်လားဟု ကျွန်တော်တွေးမိပါသည်။

ကျွန်တော်ဖတ်ခဲ့ဖူးသည့်စာအုပ်များကိုကျွန်တော် ပြန်မမှတ်မိခြင်းသည် ခြောက်ခြားစရာကောင်းသည်ဟု ကျွန်တော်ထင်မိသည်။

ကျွန်တော့်ဦးနှောက်၏မှတ်ဉာဏ်အစိတ်အပိုင်းများသည် ကျွန်တော့်အပေါ် သစ္စာဖောက်သွားကြပြီလားဟုလည်း တွေးမိသည်။ တကယ်တမ်းကျ သိပ်ထူးဆန်းသည့်ကိစ္စတစ်ခုလည်းမဟုတ်ချေ။ ကျွန်တော်ဖတ်ရှုခဲ့သမျှစာအုပ်အားလုံးကိုသာ စုစည်းမှတ်သားနေရလျှင်လည်း ကျွန်တော့်မှတ်ဉာဏ်သည် ရေအိုင်တစ်ခုနှယ် ပုပ်သိုး၍နေပေလိမ့်မည်။ ထို့ကြောင့် မှတ်သားနိုင်သလောက်ကိုသာ မှတ်သားထားခြင်း ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ငယ်စဉ်ကကျွန်တော့် စာအုပ်ဖတ်ခဲ့ရခြင်းများသည် ပျော်ရွှင်ဖွယ်၊ကြည်နူးဖွယ်၊ ကြေကွဲဖွယ်၊ ရင်နင့်ဖွယ်၊ လေးနက်မှတ်သားဖွယ်ရာများဖြင့် ရင်တဖိုဖိုအရသာ အပြည့်ရှိခဲ့သည်မှာ သေချာပါသည်။

ဒဂုန်ရွှေမျှား၏ရွှေမြို့တော်ကို ယခုပြန်စဉ်းစားလျှင် အတော်များများကိုမှတ်မိနေပါသေးသည်။ ကလေတန်၊ ဒစ်၊ ပါဗလို၊ ဗဆီဂါနှင့်ဆရာကြီး စသည့်ဇာတ်ကောင်များ။ ကျောက်ဂူကြီးပေါ်မှ ရုပ်တုကြီးကိုတွန်းလှဲပြီး အောက်မှတက်လာသည့်လူရိုင်းများဆီ လှိမ့်ချလိုက်ပုံများ။ ဧရာမဂဏာန်းကြီးများနှင့် ရင်ဆိုင်ရပုံများ၊ သတ္တုဆိပ်များပျံ့နှံ့နေသည့် မြစ်ကိုခက်ခဲစွာကျော်ဖြတ်ပြီး ရေချိုတွေ့သည့်အခါ အငမ်းမရသောက်ကြပုံများ အစရှိသည့် ဇာတ်ဝင်ခန်းများကို ကျွန်တော်ရင်ခုန်တိမ်းမူးစွာ ဖတ်ရှုခဲ့ရသည်။ ဇာတ်ဆောင်နှင့်ဇာတ်လမ်းကိုလည်း အလွတ်ရနေခဲ့သည်။ ကျွန်တော့်ညီ၊ ညီမတွေနှင့် ဆော့ကစား ကြသည့်အခါတွင်လည်း ထိုစာအုပ်ထဲမှဇာတ်ကောင်နာမည်တွေပေးကာ ထိုစာအုပ်ထဲမှ ဇာတ်ဝင်ခန်းများနှင့် ဆော့ကစားသည်အထိ စွဲလမ်းခဲ့ရသည်။ ထိုကဲ့သို့သော စွဲမက်မှုမျိုး၊ သတိတရရှိမှုမျိုး ယခုမရရှိတော့သည်မှာ အဘယ်ကြောင့်နည်းဟု ကျွန်တော် မကြာခဏစဉ်းစားမိပါသည်။ အသက်အရွယ်အရ စာအုပ်များကို တည်ငြိမ်အေးဆေးစွာဖတ်ရှုလာနိုင်၍လား။ ဒါမှမဟုတ် ငယ်စဉ်အခါကလောက် စာအုပ်များအပေါ် မရူးသွပ်တော့၍လား။ ဖတ်ရှူ

ခဲ့သည့်စာအုပ်များများပြားလွန်း၍ မမှတ်မိနိုင်တော့ခြင်းလား။ ပရိယေသန၊ လူမှုကိစ္စများနှင့် လုံးထွေးရစ်ပတ်နေ၍လား။ ကျွန်တော်ဖတ်ရှူခဲ့သည့် စာအုပ်များကို ကျွန်တော်အကုန်မမှတ်မိတော့သည်မှာ သေချာ​နေခဲ့ပါသည်။

စာအုပ်စင်ပေါ်မှစာအုပ်များကိုကောက်ကိုင်မိသည့်အခါတိုင်း ဖတ်ပြီးသလိုလို၊ မဖတ်ရသေးဘူးလိုလိုနှင့် မကြာမကြာ ဒွိဟဖြစ်ရသည်။ ပြန်ဖတ်မိတော့မှဖတ်ပြီးသား စာအုပ်ဖြစ်နေမှန်းသိရသည့် အကြိမ်ပေါင်းလည်းမနည်းတော့။

ကဗျာရေးသားသူဖြစ်၍ ကဗျာနှင့်ကဗျာဆိုင်ရာများကိုအဖတ်များခဲ့သည်ဖြစ်ပေမဲ့ အခြားစာအုပ်များလည်း ဝယ်ယူ၍ ဖြစ်စေ၊ လက်ဆောင်ရ၍ဖြစ်စေ ကျွန်တော့်ထံတွင်အများအပြား စုဆောင်းခဲ့မိသည်။ စာအုပ်အငှားဆိုင်ဆိုသည်မှာလည်း သည်ဘက်ခေတ်တွင် ဒိုင်နိုဆောများလို မျိုးတုံးပျောက်ကွယ်သွားခဲ့ပြီမဟုတ်ပါလား။ မိမိဖတ်ချင်သည့်စာအုပ်များနှင့်တွေ့ဆုံဖတ်ရှုရန်မှာ ဝယ်ယူ၍ဖြစ်စေ၊ ဝါသနာတူမိတ်ဆွေထံမှငှားရမ်း၍ဖြစ်စေ ထိုသို့သာ ဖတ်ရှုနိုင်တော့သည်။ အဝတ်အစားနှင့်အခြားအသုံးအဆောင်များကို ဝယ်ယူခြင်း၌ မမွေ့လျော်သည့် ကျွန်တော့်အတွက်စာအုပ်များစုဆောင်းမိခြင်းသည် ပျော်ရွှင်စရာကောင်းသည့်ကိစ္စတစ်ရပ်သာ။ စာမဖတ်ဘဲနှင့်နေထိုင်ခဲ့သည့်နေ့ဟူ၍ ကျွန်တော့်တွင်မရှိခဲ့ပေ။ သို့ပေမယ့် သည်ဘက်နှစ်ကာလတွေထဲ သိသာထင်ရှားလာသည်ကား ကျွန်တော့်စာဖတ်အားများကျဆင်း၍နေခြင်း ဖြစ်သည်။ ငယ်စဉ်ကလိုတိမ်းတိမ်းမူးမူး ရူးရူးသွပ်သွပ်မဖတ်ဖြစ်တော့ခြင်းကို ဆို လိုပါသည်။ ဖြည်းဖြည်းနှေးနှေးအချိန်ရလျှင် ရသလိုဖတ်ဖြစ်အောင်တော့ ကျွန်တော်ညကြိုးစားနေဖြစ်ပါသေးသည်။ ကုန်ခဲ့သောလများက ဆရာသင့်လူ ဘာသာပြန်သည့် ဂါစီယာမားကွတ်၏ ဝေးလွင့်ကင်းကွ ာနှစ်တစ်ရာ ဖတ်ဖြစ်သည်။ ထို့နောက် ဆရာသင့်လူပဲဘာသာပြန်သည့် လေလွင့်ကြောင်ကို ဆက်ဖတ်ဖြစ်သည်။ စာဖတ်ခြင်းနှင့်အစေးကပ်မိပြီးကြည်လင်သော စိတ်အခြေအနေကိုပြန်လည်ရရှိလာပြီဟုမျှော်လင့်ခဲ့ပေမယ့်လည်း နောက်နေ့တွင်မူ ပျင်းရိထိုင်းမှိုင်းခြင်းနှင့်သာပြန်လည်ဆုံတွေ့ရပြန်သည်။ စာအုပ်များအပေါ်ထားရှိသော ကျွန်တော့်စိတ်အာရုံများသည်ဆွေးရိပေါက်ပြဲ၍နေခဲ့ပြီလား။ပတ်ဝန်းကျင်မှလူများအတိုင်း ဖုန်းတစ်လုံး၌နှစ်လိုပျော်ဝင်ကာစာဖတ်ခြင်းအား ကျွန်တော်ပျင်းရိငြီးငွေ့သွားခဲ့သည်လား။ စာအုပ်များသည် ကျွန်တော့်ကို ထိရှအောင် မဆွဲဆောင်နိုင်တော့ပြီလား။ စာဖတ်ခြင်း၌ မမွေ့လျော်နိုင်တော့သည်အထိ ကျွန်တော့်စိတ်တို့​သည် ထုံအမှုန်မှိုင်း​နေခဲ့ပြီလား။ အရူးအမူး စာဖတ်ဖြစ်ခဲ့သည့်ငယ်ဘဝကို လွမ်းမိသည်။

စာဖတ်သည့်ဖက်ကိုအားစိုက်လွန်းနေလျှင် စာရေးသည့်ဖက်တွင်အားနည်းသွားတတ်သည်ဟု မိတ်ဆွေတစ်ယောက်ကပြောဖူးသည်။ စာမဖတ်ဘဲ စာရေးသည့် စာရေးသူသည် သေဆုံးသည်နှင့်အတူတူပင် ဖြစ်သည်ဟုလည်း စာတစ်ပုဒ်ထဲ ကျွန်တော်ဖတ်ဖူး၏။

ထိုအစွန်းများနှင့်မသက်ဆိုင်သည့် စာရေးမရ၊ စာဖတ်မရသည့်အခြေအနေထဲသို့ကျရောက်နေခဲ့ခြင်းကို မည်ကဲ့သို့ကုစားရမည် ကျွန်တော်မသိပါ။ ကုန်ခဲ့သည့်နှစ်နှင့်ယခုနှစ်များတွင် ကဗျာတင်မက အက်ဆေးဆန်ဆန် စာများကိုပါ ကျွန်တော်ရေးဖြစ်ခဲ့သည်။ အက်ဆေးဆန်ဆန်ဟုသုံးနူန်းရခြင်းသည် ကျွန်တော့်မရွံ့မရဲမှုကိုဖော်ပြရာရောက်နေမည်ကို ကျွန်တော်သိပါသည်။ အမှန်တကယ်လည်း ကိုယ့်စာကိုယ်တံဆိပ်ကပ်ရန် ကျွန်တော်မစွမ် းနိုင်သေးကြောင်းဝန်ခံလိုပါသည်။ စိတ်ထဲရှိရာအတွေးများ၊ခံစားမိသမျှ အကြောင်းအရာများ၊ စာတွေ့လက်တွေ့ဘဝအမြင်များထဲမှပွင့်ကျလာသည့်အပိုင်းအစများကို မိမိရေးတတ်သလိုရေးခြစ်ခဲ့ခြင်းမျှသာ။

အက်ဆေးပုဒ်ရေရာချီရေးသားခဲ့သည့် အက်ဆေးဆရာတစ်ယောက်သည်ပင် အက်ဆေးပီသသောအက်ဆေးကို ရှားရှားပါးပါးရေတွက်၍ရနိုင်သည်ဟူ သော ဆရာတစ်ယောက်၏စကားကိုလည်း ကျွန်တော်မှတ်သားဖူးသည်။ အက်ဆေးဖြစ်ခြင်းမဖြစ်ခြင်းထက် ရေးချင်ရာများကိုရေးဖြစ်ခဲ့ခြင်းအတွက် ကျွန်တော့်မှာ နောင်တတစိုးတစိမျှ မရှိပါ။

ကျွန်တော်စာရေးသည့်အခါ ကဗျာရေးသလို တုန်ယင်လှိုက်လှဲစွာရေးဖြစ်ခဲ့သည့်အကြိမ်ရေက များပါသည်။ ကဗျာရေးခြင်းလောက် ပေါ့ပါးကြည်လင်သော စိတ်ခံစားမှုကိုအက်ဆေးရေးခြင်းဆီမှ ကျွန်တော် မရရှိဖူးသေးပါ။ ကဗျာတစ်ပုဒ်​ရေးသားပြီးစီးသွားချိန်တွင် ဝန်ထုပ်ဝန်ပိုးတစ်ခုပြုတ်ကျသွားသလို၊ အခက်အခဲများမှရုန်းထွက်လိုက်နိုင်သလို၊ပေါ့ပါးသော၊ ကြည်နူးနှစ်သိမ့်သော ဝမ်းနည်းဆို့နင့်သော စသည်​ဖြင့် အစုံစုံသောခံစားမှုများကို ရရှိပါသည်။အက်ဆေး၊စကားပြေရေးသည့်အခါ အရင်ဆုံးစိတ်ထဲပေါ်လာသည်များကို ချရေးပြီးသည်နှင့် စာလုံးပေါင်းသတ်ပုံ၊ စာပိုဒ်အထားအသို၊ ပြေပြစ်ချောမွေ့ခြင်းရှိမရှိ၊ အရေးနှင့်အပြော ရောထွေးခြင်းရှိမရှိ စသည်ဖြင့် ဆက်လက်လုပ်ဆောင်ရသည့်ကိစ္စရပ်များကနောက်မှ မလွဲမသွေကပ်လျက်လိုက်ပါလာကြ၏။ ကျွန်တော်၏မကျွမ်းကျင်၊ မပိုင်နိုင်မှုများကြောင့်လည်း ဖြစ်မည်ဟု ထင်ပါသည်။ စာဖတ်၍မရသည့်အကြောင်းကနေ စာရေးသည့်ကိစ္စကိုပါ ကျွန်တော်ဆက်ပြောနေမိဖြစ်ခြင်း ဖြစ်ပါသည်။

သည်ဘက်နှစ်များတွင် စာမူခတချို့ကိုပုံမှန်ရရှိလာ၍ စာအုပ်အတော်များများ ကျွန်တော်ဝယ်ယူနိုင်ခဲ့သည်။မိမိ ကိုယ်တိုင်ကြိုက်နှစ်သက်၍ ဝယ်ယူခဲ့သလို၊ စာဖတ်သူ၊ စာညွန်းသူများ၏ညွန်းဆို လမ်းညွန်မှုများအရဖတ်သင့်ဖတ်ထိုက်သည်ဟု ယူဆရသောစာအုပ်များစွာကိုလည်း ဝယ်ယူစုဆောင်းဖြစ်ခဲ့သည်။ ကဗျာ၊ ဆောင်းပါး၊ ပင် ကိုယ်ရေးဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန်ဆောင်းပါးများ၊ဘာသာ​​ပြန်ဝတ္ထုများ စသည်​​ဖြင့် စာအုပ်မျိုးစုံဖြစ်၏။ စာအုပ်များဝယ်ဖြစ်လာသည်နှင့်အမျှ ဖတ်ရန်ကြွေးကျန်စာအုပ်များလည်း ပိုမိုများပြား၍ လာတော့သည်။ နေ့လယ်နေ့ခင်းအလုပ်အားလပ်ချိန်များ၌ စာဖတ်မည်တွေးပြီး ဖေ့စ်ဘုတ်သုံးနေမိသည်ကများနေသည်။ ညပိုင်းကျလျှင်လည်း ဖတ်မည်ဟုရည်ရွယ်ထားသည့် စာအုပ်များကို အိပ်ရာဘေး၌တန်းစီချထားဖြစ်သော်လည်း တစ်အုပ်မျှ ပြီးစီးအောင်မဖတ်နိုင်ပဲ အိပ်ပျော်လျှင်အိပ်ပျော်၊ အိပ်မပျော်လျှင် ဖေ့စ်ဘုတ်သုံးနေမိသည့် အကြိမ်အရေအတွက်ကများလာခဲ့သည်။ စာဖတ်ခြင်းနှင့် သူစိမ်းပြင်ပြင် အဆက်အသွယ် ဖြတ်တောက်ပစ်ရန်ကိုကျွန်တော် လုံးဝစိတ်မကူးရဲပါ။

စာမဖတ်ဖြစ်သည့်နေ့ရက်များကိုဖြတ်သန်းရင်း ငါာမဖတ်ဖြစ်ဘူးလို့ ခံစားရသည့်အခါ ကိုယ့်ကိုယ်ကိုယ်အားမရခြင်း၊ မကျေနပ်ခြင်း စသည့် စိတ်ခံစားချက်များကို မကြာခဏ ခံစားရသည်။ အသက်တစ်နှစ်ပိုကြီးလာလေလေပို၍ ထုံထိုင်းလာလေဖြစ်နေသလားဟုလည်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိသည်။ စာမဖတ်ဖြစ်သည့်တစ်လနီးပါးခန့်အချိန်မှ စာပြန်ဖတ်ဖို့ကြိုးစားသည့်အခါစာအုပ်ထဲမှ ရုန်းကြွထွက်ပြေးနေသောစိတ်ကူးရိုင်းများကိုတွေ့ရသည်။အာရုံများသည် စာအုပ်ထဲမမွေ့လျော်နိုင်တော့သလို ရှုပ်ထွေးနောက်ကျိ၍နေလေ၏။ စိတ်ရှုပ်ထွေးသည့်အခါ အတွေးများသည်လည်း မလန်းဆတ်နိုင်တော့ပဲ စာရေးမရသည့်အခြေအနေဆီ ဆိုက်ကပ်သွားလေတော့သည်။ တည်ငြိမ်ခြင်းကို ငြီးငွေ့ပျင်းရိတတ်သော ကျွန်တော့်စိတ်ကိုကျွန်တော်အကြိမ် ကြိမ်ပြန်မျှားယူရပါသည်။ စာအုပ်များကို လောဘမကြီးပဲဖြည်းဖြည်းချင်းဖတ်နိုင်ရန် ပြန်လည်အားထုတ်ရပါသည်။ စာမဖတ်ဘဲစာရေးခြင်းဖြင့် ကျွန် တော် ကိုယ့်ကိုယ်ကိုယ်မလုပ်ကြံချင်ပါ။ အလုပ်များနေ၍၊အချိန်မရ၍ စသည့် ဆင်ခြေဆင်လက်များဖြင့်လည်း မိမိ၏စာမဖတ်ဖြစ်ခြင်းကို ခုခံကာကွယ်ရန် မကြိုးစားလိုပါ။

ဆရာမြသန်းတင့်၏ဝါကျင့်နေသောစာရွက်များဆိုသည့်စာတစ်ပုဒ်မှ ဂေါ်ကီ၏စာဖတ်ရန်ကြိုးစားအားထုတ်ပုံကိုဖတ်ရ၍ အံ့သြချီးမွမ်းမိသည်။ ဂေါ်ကီသည် သူတပါးအိမ်မှာအိမ်စေအလုပ်လုပ်ရင်း နည်းပါးလှသည့်ညဉ့် နက်သန်းခေါင် အိပ်ချိန်ကလေးအတွင်း မီးဖိုချောင်ထပ်ခိုးလေး၌ ဖယောင်းတိုင်ကလေးနှင့် စာဖတ်ရသည်။ ဖယောင်းတိုင်များကုန်၍ အိမ်ရှင်က ဖယောင်းတိုင်ကိုအတိုင်းအထွာနှင့်ထားတော့၏။ မနက်လင်း၍ ဖယောင်း တိုင်တိုနေသည့်အခါ အရိုက်အနှက်ခံရသည်။

ဖယောင်းတိုင်နှင့် စာဖတ်၍မရသည့်အခါဂေါ်ကီသည် ကြေးလင်ပန်းလေးကို ပြောင်နေအောင်တိုက်၍ လသာညများတွင် ကြေးလင်ပန်းပေါ်ကျလာသည့်လရောင်ပြန်နှင့် စာဖတ်ရသည်ဟုဆိုပါသည်။ ထိုသို့သောအားထုတ်မှုသည် ကမ္ဘာကျော် စာရေးဆရာကြီးဖြစ်လာရန်အတွက် အားကြီးသောအခြေခံ အကြောင်းတရားပင်မဟုတ်ပါလား။ ကျွန်တော်သည် ဂေါ်ကီဖြစ်ရန် ကြိုးစားအားထုတ်ဖို့မလိုအပ်ပေမဲ့။ စာဖတ်ခြင်းကို ကိုယ့်သဘောဆန္ဒနှင့်ကိုယ်ချစ်မက်ခဲ့ရာကနေ စာတိုပေစနှင့်ကဗျာများကိုရေးသားလာသူဖြစ်သည်မို့ အချိန်မရ၍ အလုပ်မအားလပ်၍၊ စိတ်မပါ၍ စသည့် ...၍များစွာနှင့် ဆင် ခြေများသည် ကိုယ့်စိတ်လေလွင့်မှုကိုသူတစ်ပါးမသိစေရန်အလို့ငှာ ရှောင်တိမ်းရန်၊ ပုန်းအောင်းရန်တူးဖော်ထားသည့် စိတ်၏ပုန်းခိုကျင်းကလေးများသာ ဖြစ်ပါလိမ့်မည်။

စစ်အတွင်းကာလများ၌ ဗုံးဒဏ်ကျည်ဒဏ်မှရှောင်ကွင်းရန် ဗုံးခိုကျင်းများကိုတူးဖော်ပြီးရှောင်ရှားကြရသည်ဟု စာထဲတွင် ကျွန်တော်ဖတ်ဖူးသည်။တစ်စုံတစ်ခုသော ကိုယ့်ပျက်ကွက်မှုများကို ဖြေသိမ့်ရန် သို့မဟုတ် ကိုယ့်စိတ်ကိုယ်လှည့်ဖျားရန်အတွက် ဖြစ်ပေါ်လာသည့်ဆင်ခြေဆင်လက်များအား ပုန်းခိုကျင်းဟု ကျွန်တော် အမည် ပေးချင်ပါသည်။ 

လောကတွင် ပုန်းခိုကျင်းများ အများအပြားရှိမည်ဟုလည်း ထင်ပါသည်။ စာမဖတ်ဖြစ်သော နေ့ရက်များအတွက် ကျွန်တော့်တွင်လည်း ပုန်းခိုကျင်းများရှိနေခဲ့ပြီဖြစ်၏။ ထိုပုန်းခိုကျင်းများသည် လရောင်ကိုသော် လည်းကောင်း၊ နေရောင်ကိုသော်လည်းကောင်း၊ လေပြည်လေညင်းကိုသော်လည်းကောင်း ပြည့်ပြည့်ဝဝရရှိခံစားနိုင်သည့်နေရာမဟုတ်မှန်းကိုလည်း ကျွန်တော်ကောင်းစွာ သိနှင့်နေပြီးသားပင် ။ ။

လင်းသက်ငြိမ်