Breaking News

မောင်ဘဦး - အိမ်ပြန်ကြရအောင်

အိမ်ပြန်ကြရအောင်
မောင်ဘဦး
(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၄

(၁)

"... ဒို့ ပြန်ကြရအောင်။ ဒီမှာနေရတာ ၈ -လ ရှိသွားပြီ။ ရွာဖက်ဆီလည်း အခုတော့ အေးပြီတဲ့။ တခါတလေ စစ်ကြောင်းလေးရှိမှ ခဏပြေးရတယ် ပြောတယ်။ ဒီမှာက ညည ဧည့်စာရင်းဝင်စစ်ပြီး အရစ်ခံရတယ်။ မနေ့ကလည်း မြောက်ပိုင်းတပိုင်းလုံး မီတာစာရွက်တွေ ဝေသွားသတဲ့၊ ၃ရစ် လာသွင်းလှည့် ဆိုလား..." 

"... သဘောပဲလေ။ အိုးဝေလေးငှား၊ ပြန်ကြစို့ရဲ့..."

   ရွာမီးရှိူ့ခံရ၍ မြို့တက်ပြေးကြရစဉ်က၊ တချို့က ဘုန်းကြီးကျောင်း၊ တချို့ ဆွေမျိုးမိတ်ဆွေ အသိနေအိမ်တွေ၊ တချို့ အိမ်ငှား၍ နေကြသည်။ အနည်းစု တချို့တလေကတော့ အိမ်ဝင်းခြံဝင်း အပိုင်ဝယ်၍ နေကြသည်။
   အိမ်ဝင်းခြံဝင်းအပိုင်ကိုတော့ မဝယ်နိုင်။ အိမ်ငှားဖို့ကလည်း ‌တလ ၁ သိန်းခွဲ။ ပင်စင်နာ'ဘဦး' စိတ်မကူးရဲ။ ဘုန်းကြီးကျောင်းဆိုတာကလည်း များသောအားဖြင့် သူ့ရပ်နဲ့သူ့ရွာနဲ့ အဆက်ရှိမှ။ ကျောင်းထိုင်, ခန်းနေ၊ ကျောင်းရဲ့ကပ္ပိယ ဒကာဒကာမတွေ ဝေယျာဝစ္စတွေနဲ့က ရင်းနှီးနေမှ။

တပည့်မလေးက မြို့မှာပွဲရုံဖွင့်ထားလို့ သူ့ဂိုဒေါင်မှာ နေကြသည်။ မီးလောင်ခံရပြီး အလုပ်က မဖြစ်။ ကျန်သမျှလက်ဝတ်လက်စားလေးတွေလည်း 'အပြင်ရွှေဝယ်သည်' ဆီသို့ ခဏခဏ။ 'အပြင်ရွှေဝယ်သည်' ဗီနိုင်းတွေကလည်း တမြို့လုံးနေရာအနှံ့။ သည်မြို့မှာ အပြင်ရွှေဝယ်သည့်ဆိုင်တွေချည်းပဲလို့တောင် ထင်မိသည်။ ပခ,ရခ,စခ ဓားပြကတော်တွေ ရွာတွေ မီးရှို့လုယက် ဓားပြတိုက်ကာ ရလာသမျှ လာလာရောင်းချ၊ သူခိုးဈေးနဲ့ရကြလို့ ဖြစ်မည်။ မိမိတို့ရှေ့တွင်ပင် မဲမဲပုပုဝဝ အလုပ်ကြမ်းမိန်းမသွင် သဏ္ဍာန်၊ ပခရခ ကတော်တစ်ယောက်၊ လွယ်ထားသည့်စလင်းဘက်အိတ်ကို ရွှေဆိုင်မှန်ကောင်တာပေါ် မှောက်သွန်ချပြီး လက်ကောက်ဆွဲ ကြိုးကုံးများကိုပေးသည့်ဈေးနှင့် ရောင်းချသွားတာ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရ၍ အံ့ဩမိသည်လေ။ အထည်မှ ဖြုတ်ချထားသော ဖြူနီပြာဝါကျောက်မျက်များကိုပင် ပြန်ယူမသွားတော့၊ ထားပစ်ခဲ့သည်။ ကိုယ်လိုသူလို နေအိမ်မီးရှိူ့ခံ၊ သူများအိမ်ဂိုဒေါင်ခိုကပ်နေကြရသည့် အလုပ်အကိုင်မဲ့ ချွေးနဲစာသမားတွေအဖို့ အံ့ဩရင်နာမိပါသည်။

သည်ရက်ပိုင်းထဲတွင် ဂိုဒေါင်ပိုင်ရှင်သမီးကို ဘယ်အဖွဲ့အစည်းကရယ် မသိ။ ဖမ်းသွားပြီး ရွာတစ်ရွာမှာ လာ အရွေးခိုင်းသည်။ ခုတလော မြို့မှာက လူပြန်ပေးက ခေတ်စားနေသည်။ ညညတွင်လည်း မီးကြိုးဖြတ် ဆိုင်ကယ်ခိုး၊ လူနိုးပေမင့် မအော်ရဲကြ။ အော်သူရှိပြန်ကလည်း ရပ်ကွက်က အုံခဲ၍ပါမလာကြ။ ကိုယ်နဲ့မဆိုင် ကိုယ်အိမ်မဟုတ်သေး၊ အိပ်ရာထက် မျက်လုံးဖွင့်ပြီး မှေးစက်နေကြသူချည်းသာ။

ဂိုဒေါင်ရှင်လူပြန်ပေး၊ ကျေးဇူးရှင်လေးများ ဒုက္ခရောက်ရှာကြသည်။ သိန်း ၁,၀၀၀ ကို ၅၀၀ နဲ့ ရွေးခဲ့သည်ဆိုလား။ ဘုရားဘုရား။ ‌ပညာတွေသင် ဘွဲ့လွန်တွေတက် လုပ်သက်ပြည့်ပင်စင်နာအဖို့ အံ့ဩကုန်နိုင်ဖွယ်တွေနှင့်ချည်းသာ။

   ဟုတ်တော့ ဟုတ်နေပြီ။ ပညာမသင် ဘွဲ့လွန်မတက် လုပ်သက်မရှိငြား၊ ပေးထားတဲ့ လက်နက်ခဲယမ်းတွေနဲ့ စီဒီအမ်ဝင်လိုက်ရင်ကိုပဲ သိန်း ၅၀-၆၀- ၁၀၀-၂၀၀။ 'ပက်ခနဲ။
' ပညာတွေသင် ဘွဲ့လွန်တွေတက်၊ လုပ်သက်ပြည့်ပင်စင် မြေဖြူနဲ့တကွ ဝင်တဲ့သူမှာက ... ။

မြို့မှာ နေလာခဲ့ရသည်မှာ ၈ လကြာပြီ။ ရွာပြန်ချင်ပြီ။ မိုးအကျ သီးပင်စားပင်လေးတွေကလည်း စိုက်ချင်သည်။ ဘယ်မှလည်း စစ်ရှောင်သွားမနေချင်တော့။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အိမ်ဝင်းထဲမှာပဲ တဲထိုးနေတော့မည်။ စခတွေဝင်လာရင်တော့ လွတ်ရာပြေးရုံပေါ့။ မလွတ်ရင်တော့လည်း လူ သားဒိုင်းအဖြစ် အခေါ်ခံရပေမည်ပေါ့။

ရှိသည့်ဆိုင်ကယ်လေးက နေအိမ်နှင့်အတူ မီးထဲပါသွားခဲ့၍ မိတ်ဆွေ တစ်ယောက်ဆီက ဆိုင်ကယ်ကို ငှား၊ ခဏတဖြုတ် ရွာပြန်ရင်း မီးလောင်ပြင်ကို ရှင်းရသည်။ ရှင်းခ နေ့တွက် တစ်ယောက် ၆,၀၀၀ နှုန်းနဲ့ ကောင် မလေး ၃ ယောက်ကို ကြားဖောက်လုပ်ပေးဖို့ တောင်းတောင်းပန်ပန် ငှားရသည်။ မုန့်ဖိုးက‌ တစ်ယောက် ၈၀၀။ သံတိုသံစ,ရောင်းရငွေ ၇ သောင်း။ ဆိုက်တွဲခ ၁ သောင်းခွဲနှုတ်တော့ ၅ သောင်းခွဲရသည်။ အင်္ဂလိပ် ဂျပန် လူမျိုးခြား‌တို့ခေတ်က ဘေးမသီရန်မခ,ခဲ့သော ဘိုးဘွားမိဘ အမွေအနှစ် ကျွန်းပျဉ်ထောင်၂ ထပ်အိမ်ကြီးမှာ၊ မ A-ိုးမင်းအောင်လှိုင် အကြမ်းဖက် စတန်းဒပ်အာမီ၏ အာဏာသိမ်းခေတ်ကျမှ ထင်းမီးသွေးဘဝ လုံးလုံး လျားလျား ဖြစ်ခဲ့ရချေပြီ။ အိမ်ကြီးမှ မိုက်ထုတ်၊ ၅ သောင်းခွဲ ရသည်။

ဒီရက်ပိုင်းမှာ ကြက်သွန်ရွေးက တော်တော် အလုပ်ဖြစ်သည်။ ရွာဘုန်း ကြီးကျောင်း ၃ ကျောင်းစလုံး စောင်းတန်းပါမကျန် ကြက်သွန်တွေနဲ့ချည်း။ တချို့က ကျောင်းဝင်းထဲ တဲဆောက် စင်ထိုးပြီး ထားကြသည်။ ရွာထဲတော့ မထားရဲကြရှာ။ ဘဦးကတော် မဟေသီပင်လျှင် ရွာပြန်ရောက်တော့ ကြက်သွန်ရွေး ၅ ရက်လိုက်ရာ ဟင်းဖိုး ၃ သောင်းလောက် ဖာသွားသည်။ ပညာရေးပင်စင်နှင့် အသက် ၆၆ နှစ်၊ ခါးနာတာတော့ ကျန်ရစ်သပေါ့။ အရိုးအထူးကု 'အော်သိုဆာဂျင်' သွားမပြတော့။ တော်ကြာ ရတာ ၃ သောင်း၊ ဆေးဖိုးဝါးခ ၃ သိန်းဖြစ်နေလိမ့်။

ကြက်သွန်ရွေးက တနေ့ ၆ ထောင်၊ အရိပ်ထဲရွေးရသည်။ မီးလောင်ပြင် ရှင်းတာက ဘာအပင် ဘာအရိပ်မှမရှိ။ လုပ်ပေးဖို့ကို အတော်တောင်းပန်ယူရသည်။ ရှင်းနေရင်းပင် စရစခတွေ ပျူတွေ ရွာထဲဝင်လာ၍ ပြေးရသေးသည်။ နောက်ထပ် တစ်အိမ် မီးထပ်ရှို့သွားကြပြန်သည်။

မီးလောင်သစ်ပင် ဖြတ်ပေးသည့်သူက ဖြတ်ခ မယူ၊ ထင်းပဲယူမည်ဆို၍ အဖြတ်ခိုင်းသည်။ ပင်စည်နှင့်ကိုင်း ခပ်ကြီးကြီး တွေလောက်သာ လက် ကိုင်လွှစက်နှင့် ဖြတ်ယူသွားပြီး၊ ပုလွေရိုးလောက် ကိုင်းဖျားကိုင်းနားတွေကို မီးလောင်ပြင်မှာ ကြဲဖြန့်ကာ ထားပစ်ခဲ့၍ အလုပ်သမားနှင့် ပြန်အရှင်းခိုင်းရပြန်သည်။ တရွာလုံးတွက် ကားကြီး ၈- စီးတိုက်။ 'ရေနံကုန်း' က တော့ဖြင့် လာဘ်ဆိုက်လေပြီ။ လုံးပတ် လူ ၂ ဖက်စာ ၅ လက္မ ၆ လက္မ ပင်စည်အဝိုင်းကြီးတွေကို သပ်သပ်တနေရာသို့ ပို့ သည်။ ငယ်စဉ်က တည်းက အပင်‌ကြီးတွေအောက် ဆော့ကစားခဲ့ရသည့် နှစ် ၁၀၀ အနည်း ဆုံးသက်တမ်းရှိ မန်ကျည်းပင်ကြီးများမှာ အိမ်ဝင်းတစ်ဝင်းလျှင် ၂ ပင် ၃ ပင်စီမျှ ရှိကြလေရာ၊ တရွာလုံးစုစုပေါင်း ၄-၅-၆၀ လောက် မီးလောင်ခံခဲ့ရသဖြင့် နှမျောမိသည်။

မီတာဘောက်,ဆားဗစ်ကြိုးပါ မီးထဲပါသွား၍ မီးကြိုးဝယ်ပြီး ဓာတ်တိုင်မှ တိုက်ရိုက် တပ်ရသည်။ မီးထဲမပါသည့်အိမ်တွေကလည်း မီတာဘောက်တွေကို မီးထဲပါမည်စိုး၍ အကုန်ဖြုတ်သိမ်းကုန်ကြပြီ။ 7044 ဆားဗစ်ကြိုးဘိုး ပေ ၁၀၀ တခွေက ၂,၂၁,၅၀၀/၊ တပ်ဆင်ခ,က  ၅၀,၀၀၀/။ မီးလုံး ခလုပ် ပလပ်ခုံမပါသေး။ မီးကတော့ လင်းပြီ။ ရေကိုတော့ မီးထဲမပါတဲ့အိမ်မှ တကန် ၁၀၀ နဲ့ ရေချိုးပြီး သောက်ရေသုံးရေ ဆိုင်းထမ်းတစ်ထမ်း ထမ်းခဲ့ရမည်။

ဆိုင်းထမ်းဆို၍ ဟိုတုန်းကလို ဆယ်ဝင်ပုံး သံပုံး၂ ပုံးနှင့် ဝါးဆိုင်းထမ်း မဟုတ်တော့။ ပလပ်စတစ် ဆယ်ဝင်ပုံးအဝါကို ထိပ်ဖြတ်၊ ခလယ်, ကန့် လန့် သစ်သားတန်းထည့်၍ သံရိုက်ကာ ရေပိုက်ဟောင်းကိုနွှံထားသောကြိုးဖြင့်ချည်ပြီး ရှေ့နောက် တပုံးစီ ထမ်းပိုးနှင့်ထမ်းကြရသည့် ခေတ်ဖြစ်သွားပြီ။ ပလပ်စတစ် ဆယ်ဝင်ပုံးအဝါကလည်း တပုံး ၉‌ ထောင်။ ဒီတော့ ဘုန်းကြီးကျောင်းက 'စွန့်ပါဘုရား' တောင်းလာခဲ့သော တိုက်သုတ်ဆေးပုံးခွံ အကြီးကိုပဲ သုံးရသည်။ သူက လက်ဆွဲကိုင်း ပါသည်။ ထည့်စရာ စဉ့်အိုးတွေကလည်း မီးလောင်၍ လန့်ကွဲကုန်ပြီဆိုတော့ သည်အတိုင်း ရေထည့်ထားပြီး သုံးရသည်။

'ပန်းကန်တစ်ချပ်ကို ၂ ယောက်အတူစား၊ ပန်းကန်နှုတ်ခမ်းပေါ် တက်ထိုင်တော့မလို' ဆိုသလို ပင်စင်နာ တူနှစ်ကိုယ်မှာ နေအိမ်မီးလောင်ခံရမှ မင်္ဂလာဆောင်ပြီးစ အိမ်ခွဲရသလို၊ ရေဖလား ပန်းကန်ခွက်ယောက် ဇွန်းကအစ တလှည့်စီ သုံးရသည်။ ဧည့်လာသောင်လာ ထိုင်စရာ မရှိ။ မြေကြီး ဖိနပ်ဖင်ခု ထိုင်ကြရလေ၏။

တဲထိုးတဲထိုးနှင့် သစ်ဝါးဈေးက 'တာဝတိံသာ'။ ယာ ၂ ခင်း ရောင်းလိုက်ရသည်။ ဗိုက်နာနေတော့ ဗိုက်နာဈေး။ ကိုယ်ကဝယ်ရင်ဖြင့် "...ငွေကြေးက တန်းဖိုးမရှိတော့လို့၊ ရွှေဈေးက ဘယ်သို့ ဘယ်ညာ။ တစ်ဧက ၁၅၀-၂၀၀။" ခေတ်ပျက်မှာ ဒါတွေဟာ သဘာဝ။ ခေတ်ပျက်မှာ တချို့တွေ လုံးဝ ချမ်း သာသွားကြသည်။

မီးမလောင်ခင်က ဝါးတစ်လုံး ၁၀၀၀-၁၅၀၀/။ အခု ၂၂၀၀/။ မျောတိုင် ခပ်သေးသေး ခပ်စိုစိုကို အခု တသောင်းခွဲ ၂ သောင်း။ သစ်မာ ခပ်နုနုခပ်စိုစို အနာအဆာခပ်များများ၊ တစ်တန်ကို သိန်း၂၀ ဆိုလား။ ထန်းလက်က အရောက်ပို့ တလက် ၆၀၀/။ လက်သမားခက ဆရာကြီး သောင်းရှစ်ထောင်၊ နောက်လူ ၅ ယောက် သောင်း၂ ထောင်နှုန်း။ ဒါ ဆိုင်ကယ်နှင့် မသွားရသည့် ရွာခံလက်သမားမို့ပါ တဲ့။ စုစုပေါင်း လူ ၆ ယောက် ဥပုသ်နေ့ မနား၊ ၈ ရက်အကြာမှာ နေစရာ ရလာသည်။ ယာခင်းဖိုးထဲက တဝက်ကျော်လောက် ပါသွားပြီ။

ငယ်ငယ်တုန်းက အိမ်မိုးမိုးလျှင် လက်သမားခ မလို။ ရွာရှိ လူငယ်လူရွယ် ယောကျာ်းမှန်သမျှ ကပ်မိုးတတ်သည်။ အိမ်ရှင်အဖို့ အကြော်ရေနွေးကြမ်းဝိုင်းသာ လိုသည်။ သစ်တိုသစ်စ ဝါးတိုဝါးစ တွေကိုလည်း ဖြတ်ချသည့်အတိုင်း ပစ်မထားခဲ့။ သေချာရှင်းလင်းပြီး အမှိူက် အမှိူက်နေရာ၊ ထင်း ထင်းနေရာ ပုံထားသွားကြသည်။ တချို့ကျုံး၍ပစ်၍ပင် ပေးသေးသည်။ ယနေ့ခေတ်လို လုပ်ရင်းကိုင်ရင်း ဖုန်းနားကြပ်နှင့်မဟုတ်။ ပန်းရံလက် သမား ပြန်သွားလျှင် အိမ်ရှင်နောက်ကလိုက်သိမ်း မဟုတ်။ သွားလေသူ စိုင်းဆိုင်မောလို 'ငယ်ဘဝကိုပဲ တမ်းတနေမိသေးတော့။'

ယာခင်းစာချုပ် ချုပ််ချုပ်ချင်း သိန်း ၅၀ ကုန်သည်။ အရောင်းအဝယ် စာချုပ်စဉ် ကျေးရွာ ပအဖ လက်မှတ်ထိုးက သိန်း ၅၀။

"... ကျုပ်တို့ အလကားမလုပ်ပါဘူး။ ဒီငွေက မောင်းပြန်ဝယ်မှာပါ..."

ပြီးခဲ့သည့်အစိုးရလက်ထက် ရွာအုပ်ချုပ်ရေးမှူးတုန်းကလည်း လက်မှတ် ထိုးခ ခေါ်မလား၊ သက်သေခ ခေါ်မလား၊ သည်လိုပေးခဲ့ကြရသည်ပဲလေ။ ထိုစဉ်ကများ၊ အုပ်ချုပ်ရေးမှူးမခေါ်ပဲ ရောင်းသူ-ဝယ်သူ ၂ ဦးသာ အခြားသက်သေတစ်ယောက်နှင့် စာချုပ် ချုပ်ကြည့်။ ပုံစံ-၇ အမည်ပေါက်အပြောင်း၊ လယ်စီနှင့်မြေစာရင်း ပေါင်း၍ ဒုက္ခပေးတော့သည်သာ။

"... ကျုပ်သိတာက ဒီယာဟာ 'ဦး- - ' ရဲ့ ယာ ပါ။ ခင်ဗျားနာမည်နဲ့ ဘယ်လိုလုပ်လျှောက်လွှာတင်ပေးလို့ရမလဲ။ ယာနီးချင်းတွေရဲ့ လက်မှတ် ထိုးထောက်ခံစာတွေကရော၊ ဟုတ်ရောဟုတ်လို့လား ..." ဆိုပေလိမ့်မည်။ ရစ်ပေလိမ့်မည်။

ယာခင်းအရောင်းအဝယ်စာချုပ်ပေါင်းက ဒီနှစ်ထဲမှာတင် တက်တက်စင်။ ပြီးတော့ ဟိုဈေးဆိုင်တိုက်က ကလေးမလေးကို ည လာဆွဲပြီး ၁၀၀ နဲ့ ပြန်လွှတ်တာက ရှိသေးသည်။
   ပြောလက်စနှင့် ဆက်ပြောရ။ ရွာပြန်ရောက်ခါစ၊ 'ဒရုန်းမဲလက်မှတ်' ဆိုလား...။

မောင်းပြန်တလက်၂၅၀-၃၀၀ ထား။ လေးငါး ခြောက်လက်တော့ ရလောက်ပြီထင်သည်။ လောလောဆယ်မြင်နေရတာကတော့ လက်လုပ်တွေချည်း။ လက်ဝယ်ရောက်ကတည်းက ဂျီးဆေး ပြောင်းတိုက်ဟန်လည်း မတူ။ တလောလေးတင် ခွေးတွေ နောက်ထပ် ရွာဝင်မီးထပ်ရှို့တုန်းက သေနတ်ရော မိုင်းတွေရော ဂျမ်းဖြစ်ကုန်လို့ မကွဲဘူး တဲ့။

ပြောင်းတော့ မတိုက်၊ ကြက်တော့ ဥပုသ်နေ့တိုင်း တိုက်ကြသည်။ အကောက်ဘယ်လောက်ရမည် မသိ။ စုန်းပြူးကတော့ နေရာတကာမှာ ပါပေလိမ့်မည်။ မတားမြစ်ရဲ၊ အကြံမပေးရဲ။ တော်ကြာ လက်ထဲသေနတ်ကြီးထိုးအပ်ပြီး၊ "...ရော့ဗျာ၊ ခင်ဗျားတို့လုပ်နိုင်ရင်လုပ်တော့၊ ခင်ဗျားတို့ကိုယ်တိုင် ထွက်တိုက်ချေတော့..." အငေါ့ခံရမှာက သေချာပေါက်။ 'ကွန်ဆပ်တင့်' အတိုင်ပင်ခံဆိုတာ အမေစုနဲ့ 'ရှောင်တာနယ်'၊ သည် ၂ ယောက်သာ။ သူတို့ကိုတောင်မှ တချို့က ... ။

သေချာတွက်ကြည့်ပြန်တော့ ကလေးတွေအဖို့ကလည်း မလွယ်လှ။ စိတ်ဓာတ် ပြင်းထန်လှ၍သာ ၂ နှစ်ကျော် ၃ နှစ်ကြာ မိမိတို့ရပ်ရွာကို ကာကွယ်ပေးနေကြရရှာသည်။ လုပ်သေနတ်ဖိုး နှုတ်ခမ်းနီဖိုး၊ သံပုရာသီးဖိုး လျှက်ဆားပုလင်းဖိုး အုန်းသီးဖိုး၊ ဘက်ထရီအိုးဖိုး ဝါယာကြိုးဖိုး။ ပြီးတော့ လှည့် ကင်း ပတ်ကင်း၊ ကင်းတို ကင်းရှည်၊ ၇ ယောက် ၈ ယောက် ညမနက်စာ။ 'ဆာကေ'လေးများ ပါရင်ဖြင့် တစ်လတစ်လ အတော်ကုန်ရှာပေမည်။ ရှူးရှဲထုပ်ကတော့ နေ့တိုင်း ပါ။

သွားရေးလာရေး စစ်ပြေးရေးအတွက် တပတ်ရစ် ဆိုင်ကယ်လေးတစ်စီးလောက် ဝယ်ရန် စိတ်ကူးမိသည်။ ဈေးက 'ဆိုင်ကယ်လေး'မဟုတ်၊ 'ဆိုင်ကယ်ကြီး'ဖြစ်နေပြီ။ ဆီဖိုးကလည်း ထောင်းလိမ့်မည်။ နိုင်တီးတူးဆီ ရေသန့်ဘူးလတ် ၃၀၀၀/၊ ရေသန့်ဘူး ၅၀၀၀/။ ဆိုင်က ဆီဘောက်ဆာမဝင် ဆီပြတ်လို့ စိတ်ညစ်ပါသတဲ့။
   ယာခင်းဖိုးထဲကလည်း သိပ်မကျန်တော့။ စားဖို့သောက်ဖို့နဲ့ ဆေးဖိုးက ရှိသေးသည်။ စက်ဘီးဝယ်ရင် ကောင်းမည်။

(၂)

အထက်ပါတွေကတော့ မီးဘေးသင့် စစ်ဘေးရှောင် အညာက ပင်စင်စားလင်မယားဇနီးမောင်နှံ အိမ်ထောင်စုတစ်ခု၏ မြေပြင်လက်တွေ့နှင့် ခံစားချက်အတွေးများ။
တစ်ရွာလုံး ဆိုလျှင်...၊ တစ်မြို့လုံး ဆိုလျှင်...၊ တစ်ပြည်ထောင်လုံး ဆိုလျှင်ဖြင့် ...။

(၃)

ရှေ့တန်းဖက်မှာက ပီဒီအက်လေးတွေက ရဲရဲဝံ့ဝံ့ သက်စွန့်ကြိုးပမ်း တမြို့ပြီးတမြို့ မနားတမ်း သိမ်းပေးနေကြပြီ။
   လူထုဖက်က ... ... ။ အောင်သပြေခက် ကမ်းရုံမျှနှင့် မက,စေချင်ပြီ။

   "ပြန်လည်တည်ဆောက်ရေး ကာလ...။"
   လူညီမှ...။
   ပြီးတော့၊
   'ညှာတာထောက်ထား၊ ကိုယ်ချင်းစာနာ ဗြဟ္မစိုရ်တရား'၊ လူတိုင်း ထားနိုင်ကြမှ..။

သုခိတာ ဟောထ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် နေရပ်နေအိမ်ပြန်နိုင်ကြပါစေ။

မောင်ဘဦး
(၈၆၊ ခေါင်ဆန်း ၁)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar