Breaking News

ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဆိုတဲ့ မိတ်ဆွေတွေနဲ့ ဒဂုန်တာရာ အသက် ၉၀ ပြည့် အမှတ်တရ


ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဆိုတဲ့ မိတ်ဆွေတွေနဲ့ ဒဂုန်တာရာ အသက် ၉၀ ပြည့် အမှတ်တရ
(ပြန်လည်ဆန်းသစ်ခြင်း)

မိုးမခ။ ဇန်နဝါရီ ၁၂၊ ၂၀၀၈

၂၀ဝ၈ လွတ်လပ်ရေးနေ့ မိတ်ဆုံပွဲမှာ ဆရာဒဂုန်တာရာ ပြောကြားတဲ့ – ရန်သူမရှိ၊ မိတ်ဆွေသာ ရှိဆိုတဲ့ စကားအမှတ်တရကို သတင်းအဖြစ် တင်ဆက်ခဲ့ဖူးပါတယ်။ ဆရာ အဲသည် ပွဲမှာ အကျယ်တဝင့်ပြောကြားခဲ့တာကို စာနဲ့လည်း မှတ်တမ်းတင်ခဲ့ပြီး အသံနှင့်လည်း ဖော်ပြခဲ့ပါတယ်။ အခု အဲသည် သတင်းတိုလေးကို ပြန်လည်တင်ဆက်ပါတယ်။

ဒဂုန်တာရာ၊ ပါရဂူ နဲ့ မောင်မိုးသူတို့ စာရေးဆရာများရဲ့ လွတ်လပ်ရေးနေ့ မိတ်ဆုံပွဲတွင် ပြောကြသည့် စကားလက်ဆုံ အမှတ်ရမိသည်များ

မိုးမခ အထောက်တော် ဝ၀၃
ဇန်နဝါရီ ၁၂၊ ၂၀ဝ၈

ဇန်နဝါရီ ၄ ရက်၊ မြန်မာပြည် နှစ် ၆၀ မြောက် လွတ်လပ်ရေးနေ့မှာ သက်တော်ရှည် စာရေးဆရာကြီးများ ဖြစ်ကြတဲ့ ဒဂုန်တာရာ နဲ့ ပါရဂူတို့ကို အမှူးထားပြီး ခေတ် ၃ ခေတ်က စာနယ်ဇင်းဆရာတွေ မိတ်ဆုံ အမှတ်တရပွဲ ပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။

အဲဒီမှာ ဆရာကြီးတွေ အမှတ်တရပြောကြတဲ့ စကားလက်ဆုံတွေကို အသံဖိုင်အနေနဲ့ ဒီနေရာကနေ တင်ပြဖို့ စီစဉ်လိုက်ပါတယ်။ ပြင်ဆင်နေရင်းကပဲ အမှတ်တရ ကောက်နုတ်မိသမျှကိုလည်း စာနဲ့ပါရေးပြီး တခါတည်း တွဲပြီး တင်ဆက်လိုက်ပါရစေ။

ဆရာ ဒဂုန်တာရာက သူရေးခဲ့တဲ့စာထဲက “ရန်သူ မရှိ မိတ်ဆွေသာရှိ ” ဆိုတဲ့ စကားကို အကျယ်တဝင့် ရှင်းပါတယ်။

ဆရာပြောတဲ့အထဲမှာပါတဲ့ ခေတ် ၃ ခေတ် ဆိုတဲ့ စကားကို ယူပြီးတော့ သတင်းကို ခေါင်းစဉ်ပေးခဲ့တာပါ။ ဂန္ထဝင် နယ်ချဲ့ခေတ်၊ လွတ်လပ်ရေးရပြီး ဖူးပွင့်စ ဒီမိုကရေစီခေတ် နဲ့ ၆၂ နောက်ပိုင်း ယခုအချိန်ထိ ပြည်တွင်းစစ်ခေတ် လို့ ဆရာက ပြောလိုက်ပုံရပါတယ်။

ယခု လွတ်လပ်ရေး နှစ် ၆၀ ကာလမှာ ငြိမ်းချမ်းရေး မရသေးတဲ့ ခေတ်လို့ ဆရာက ပြောလိုက်တယ် လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေး ရဖို့အတွက် ဆောင်ရွက်တဲ့နေရာမှာ ရန်သူမရှိ မိတ်ဆွေရှိဖို့ လိုအပ်တယ် လို့ ဆရာက သူ တင်စားပြီး ပြောခဲ့တာ ဖြစ်တယ်လို့ ဆိုလိုက်ပါသေးတယ်။ ယုံကြည်ချက်တွေ မတူတာထက် လုပ်ရပ်က အရေးကြီးတဲ့ သက်သေပါပဲတဲ့။ လုပ်ရပ်က ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သက်သေ ဖြစ်ရမှာ တဲ့။

နိုင်ငံရေး ဆိုတာကိုလည်း ဆရာက ရှင်းလိုက်ပါသေးတယ်။ နိုင်ငံရေးလုပ်တယ် ဆိုတာ ရာထူးရဖို့ မဟုတ်၊ တိုင်းပြည်အတွက် လုပ်ကြတာဖြစ်ပါတယ် တဲ့။ ညီညွတ်ရေးကို လုပ်ကြတာ၊ ပူးပေါင်းပြီး လုပ်ကြပါ။ ညီညွတ်ခဲ့ကြလို့ ဖဆပလ ကြီးကို ဖွဲ့နိုင်ခဲ့ကြတာပါတဲ့။ ပြည်တွင်းစစ် ကာလမှာ တောခိုကြတော့ သူ့ဖက်က ဝေခွဲမရတဲ့ အဖြစ်တခုကိုလည်း ထည့်ပြောသွားပါသေးတယ်။

ဒီတော့ ငြိမ်းချမ်းရေးကို သွားတဲ့လမ်းမှာ ညီညွတ်ရေးလိုတယ်။ အခွင့်အရေးတန်းတူတဲ့ လွတ်လပ်ရေး လိုတယ်။ ဒီတော့ သူနားလည်တဲ့ နိုင်ငံရေးဆိုတာ လွတ်လပ်ရေး၊ ညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ကြတာပါပဲ တဲ့။ အခုလို စာနယ်ဇင်းဆရာတွေ၊ အနုပညာရှင်တွေ နဲ့ စာရေးဆရာတွေ စုံစုံလင်လင်တွေ့နေရတဲ့အချိန်မှာ ဆရာက လှိုက်လှိုက်လှဲလှဲ ပြောနေတာပါ။

အချိန်ကြာချင် ကြာမယ်။ လက်နက်မကိုင်ဘူး။ လက်နက်ဆိုတာ လူဆိုးတွေအတွက်ပဲ ဖြစ်တယ်။ လက်နက်မကိုင်ရင် ပြည်တွင်းစစ် ဆက်မဖြစ်နိုင်ဘူး။ မိတ်ဆွေတွေနဲ့ လွတ်လပ်ရေး၊ ညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ နိုင်ငံရေးကို ဆောင်ရွက်ကြရင် ဆရာက – ” တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ” လို့ ပြောသွားပါတယ်။

ဆရာ ပါရဂူ ရဲ့ ပုံတူ ပန်းချီ

ဆရာပါရဂူ ကတော့ လွတ်လပ်နေ့ မိတ်ဆုံပွဲကို နှစ်စဉ်မပျက် လုပ်ဆောင်ပေးကြတဲ့သူတွေကို ကျေးဇူးတင်တဲ့အကြောင်း၊ တနှစ်တခါ အခုလို ခေတ် ၃ ခေတ်က လူတွေ စုံစုံလင်လင် တွေ့ဆုံလိုကြောင်း ပြောသွားပါတယ်။

ဆရာ မောင်မိုးသူ က ယခုလို အရေးကြီးတဲ့ အခြေအနေမှာ ညီညွတ်ကြရင်ဖြင့် တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ လို့ ထပ်လောင်း ပြောကြားသွားတာကို တွေ့ရပါတယ်။

လက်ရည်တပြင်တည်း၊ တို့ဗမာတွေ ရှေးကထက် ပိုပြီး ချစ်ကြတယ် ဆိုတဲ့ သီချင်းသံတွေကို ကြားယောင်နေမိပါတယ်။ ဆရာ ဒဂုန်တာရာ က “တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ” တဲ့။ အခန်းဆက်ပြီး ဖတ်နေရတဲ့ မြန်မာပြည် နဲ့ သူ့ နိုင်ငံသားတွေ အတွက် …. ကျနော်တို့ အားလုံး အတွက်။