ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ ပြည်သူ့စစ်အင်အား
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၃၀ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၄
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ ပြည်သူ့စစ်အင်အား
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တွေကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပြီး ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသား တပ်မတော်ရဲ့ ပြည်သူ့စစ်အင်အား လက်နက်ကိုင် အင်အား အရေအတွက်ဟာ သောင်းဂဏန်းနဲ့ ရှိနေပြီး စစ်ကောင်စီကလည်း ၄င်းနဲ့ လက်တွဲကာ ဒီဒေသမှာ စစ်ရေးလှုပ်ရှားမှု၊ PDF နဲ့ စစ်ကောင်စီကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ ပအိုဝ်းလက်နက်ကိုင် အဖွဲ့နဲ့ အခြားသောအဖွဲ့အစည်းတွေ နယ်မြေထိန်းချုပ်မှု မလုပ်နိုင်အောင် လက်နက်ကိုင် ကာကွယ်နေကြတာ ဖြစ်ပါတယ်။
၁၉၆၀ ခုနှစ်တွေကတည်း ဖွဲ့စည်းခဲ့တဲ့ ပအိုဝ်းလူမျိုး လွတ်မြောက်ရေးလက်နက်ကိုင် လှုပ်ရှားမှုတွေကနေ ယခုလက်ရှိ PNO/PNA လက်နက်ကိုင်အဖွဲ့ဟာ ၁၉၈၈ စစ်အာဏာသိမ်းပြီး တက်လာတဲ့ နဝတ လက်ထက်မှာ ထိုစဥ်က အာဏာသိမ်း စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပြီး ထိုခေတ်ကအခေါ်အဝေါ်အားဖြင့် ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ အဖြစ်ရပ်တည်ခဲ့ပါတယ်။ ရှမ်းပြည်တောင်ပိုင်းက ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် နဝတ အစိုးရက သတ်မှတ်ပေးကာ လက်နက်စွန့်စရာ မလိုတဲ့ အပစ်ရပ်အဖွဲ့ တဖွဲ့ဖြစ်ရပ်တည်ကာ ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာ မိမိတို့ဒေသရဲ့ လမ်းဖောက်တာမျိုးတွေလည်း စစ်အစိုးရရဲ့ ဘဏ္ဍာငွေလိုမျိုး ခွဲဝေသုံးစွဲ လုပ်ဆောင်ခဲ့ကြပြီး တဖက်မှာတော့ ငြိမ်းချမ်းရေး လုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက လက်နက်ကိုင် အဖွဲ့ရပ်တည်ရေး အတွက်ရော၊ ၄င်းတို့ကိုယ်ပိုင် စီးပွားရေးတွေကိုပါ ရောပြီး လုပ်ကိုင်ခဲ့ကြတာတွေ့ရပါတယ်။
နိုင်ငံအနှံ့က သယံဇာတတူးဖော်ကာ ပြည်ပတင်ပို့ခွင့်တွေ၊ ကန့်သတ်ထားတဲ့ မော်တော်ယာဥ် တင်သွင်းခွင့်ပါမစ်တွေ လက်လွှဲရောင်းချတာမျိုးတွေ အဓိက လုပ်ဆောင်ကာ စီးပွားရှာခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်က ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့တွေက ကချင်ပြည်နယ်က ဖားကန့်မှာ ကျောက်စိမ်းတူးတဲ့ ကုမ္ပဏီတွေ ထူထောင်တာမျိုး၊ ကချင်ပြည်နယ်က ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့က တနင်္သာရီတိုင်းလိုမျိုးမှာ သတ္တုတူးဖော်ကာ ပြည်ပတင်ပို့တာမျိုးတွေ နဝတ/နအဖ စစ်အစိုးရခေတ် တလျှောက်လုံးဖြစ်ပွားခဲ့တာပါ။ ဒီလို ဖြစ်စဥ်တွေထဲမှာ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO/PNA ကလည်း တက်တက်ကြွကြွပါဝင် စီးပွားရေးလုပ်ကိုင်ခဲ့ကြပြီး ပတ္တမြားနဂါး ကုမ္ပဏီအနေနဲ့ သိရှိကြတဲ့ ကျောက်မျက်တူးဖေါ်တဲ့ ကုမ္ပဏီဟာ PNO/PNA က ဒုတိယခေါင်းဆောင်သဖွယ် ဖြစ်တဲ့ နေဝင်းထွန်း ဦးဆောင်လုပ်ကိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာတော့ နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းခဲ့တဲ့ PNO/PNA ဟာ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရှမ်းတောင် ဒေသမှာ နကို အပစ်ရပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက တိုက်ပွဲပြန်လည် ဖြစ်ပွားလာတာ၊ PDF လို လက်နက်ကိုင်အဖွဲ့သစ်တွေ ပေါ်ထွက်လာပြီး စစ်ကောင်စီကို တိုက်ခိုက်လာကြချိန်မှာ စစ်ကောင်စီ အနေနဲ့ ယုံကြည်ရတဲ့ မဟာမိတ်ဖြစ်လာခဲ့ပါတယ်။ ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင် အခြားတဖွဲ့ဖြစ်တဲ့ လက်ရှိ ခွန်သူရိန်ဦးဆောင်တဲ့ PNLO/PNLA နဲ့ လည်း နယ်မြေစိုးမိုးမှုအရ ဆန့်ကျင်ဘက် ရပ်တည်ချက်ဖြစ်ကာ တိုက်ခိုက်မှုတွေ ရှိသလို၊ ကရင်နီပြည်က KNDF လို အသစ်ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ PNO/PNA အနေနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်သစ်နဲ့ ပြည်သူ့စစ် စုဆောင်းမှုမှာ ပအိုဝ်းဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေရာမှာ အင်အား သောင်းဂဏန်းနဲ့ချီ ရောက်ရှိလာတဲ့အထိ အတင်းအကြပ် စုဆောင်းနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် သြဂုတ်လအတွင်းက ပင်လောင်းမြို့နယ် နောင်တရား မြို့မှာ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ တခုကျင်းပရာမှာ တပ်သားသစ် တသောင်းရှိကြောင်း သတင်းဓါတ်ပုံတွေနဲ့ တကွပေါ်ထွက်လာခဲ့ပြီး တဖန် ၂ လနီးပါးအကြာ စက်တင်ဘာ လကုန်မှာတော့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲမှာ စစ်သည်အင်အား ၂ သောင်းကျော်ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အထူးဒေသ ၆ ရဲ့ ရန်ကင်း စစ်ဒေသမှာ ကျင်းပတယ်ဆိုတဲ့ အခြေခံစစ်ပညာ သင်တန်းမှာ စစ်သည်အင်အား ၂ သောင်းကျော်နဲ့ ပြုလုပ်ခဲ့တဲ့ အကြောင်း PNO/PNA က ထုတ်ပြန်ကြေညာခဲ့တာလို့ သိရပါတယ်။
အင်အား ၂ သောင်း မပြည့်ခဲ့ရင်တောင် ၁ သောင်းနဲ့ အထက် အရေအတွက်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းလို ဒေသအဖို့ များပြားလှတဲ့ ပမာဏဖြစ်ပြီး ဒီ ၁ သောင်းကျော် ၂ သောင်းနီးပါးကို လက်နက် ဘယ်လို တပ်ဆင်မလဲ၊ တပ်ဆင်နိုင်တဲ့ အနေအထားရှိသလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေမှာဖြစ်ပြီး ယခုလက်ရှိ အချိန်ထိတော့ ဒီ စစ်သင်တန်းဆင်း ပြည်သူ့စစ်အင်အားအားလုံးကို တပ်ဆင်ထားတဲ့ လက္ခဏာ မတွေ့ရသေးပါဘူး။ သို့ပေမယ့် အရွယ်ရောက်ပြီး လူငယ်တွေကို သောင်းဂဏန်းနဲ့ချီ လိုအပ်ရင် ခေါ်ယူတိုက်ခိုက်နိုင်ဖို့ ပြင်ဆင်ထားတဲ့ အနေအထားက ဒီဒေသတွင်းမှာ ရှိနေကြတဲ့ အခြားသော လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လေးလေးနက်နက် စဥ်းစားရမယ့် အချက်လည်း ဖြစ်ပါလိမ့်မယ်။
ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ရှမ်းအရှေ့မှာ လက်ရှိ အနေအထားအရ ပြည်သူ့စစ် ၅ ဖွဲ့/၆ ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့ထက်မနည်းရှိကာ မြို့အလိုက် ဒေသအလိုက် PDF လက်နက်ကိုင် အဖွဲ့အချို့လည်း ရှိနေတာဖြစ်ပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင် ဒေသတွေဟာ ကရင်နီဒေသက လက်နက်ကိုင်တွေ အနေနဲ့ အရှေ့မြောက်ဘက် နေပြည်တော်ကောင်စီနယ်မြေ ဘက်နဲ့ အကြားထိစပ်နေတဲ့ ဒေသ၊ သို့မဟုတ် ကရင်နီကနေ ရှမ်းအရှေ့ ရှမ်းတောင်ကို ဆက်သွယ်မယ်ဆို ဖြတ်သန်းရမယ့် ဒေသဖြစ်တာကြောင့် ဗျူဟာအရ အရေးပါတဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုရင် မှားမယ်မထင်ပါ။
ဒီလို အနေအထားတွေကို စစ်ကောင်စီတပ်ကတည်း သတိပြုမိပြီး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ အဖို့ PNO/PNA ကို မဟာမိတ် အဖြစ်ကနေ လက်လွတ်လို့ မဖြစ်တဲ့ အနေအထားမှာရှိပြီး ခုချိန်မှာ PNO/PNA ရဲ့ လိုလားချက် တောင်းဆိုချက်တွေကို ဘာဖြစ်ဖြစ် လိုက်လျောရမယ့် အနေအထားမျိုး ရောက်ရှိနေတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar