Breaking News

ပထဝီ စစ်ရေး နိုင်ငံရေးနဲ့ အိမ်နီးချင်းတွေ ပြည်ပဩဇာတွေ

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၉ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၁၀၊  ၂၀၂၄


ပထဝီ စစ်ရေး နိုင်ငံရေးနဲ့ အိမ်နီးချင်းတွေ ပြည်ပဩဇာတွေ

စိတ်ဝင်စားစရာ သတင်းတခုကတော့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ (ကိုးကန့်၊ တအောင်း၊ အေအေ) တို့ကို တရုတ်အစိုးရက ဖိအားပေးနေချိန်မှာ ကချင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (KIO/KIA) ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လကို ဘေကျင်းမြို့တော်အထိ တရုတ်က ဖိတ်ခေါ်ဆွေးနွေးတယ် ဆိုတဲ့သတင်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် တရုတ် ဗဟိုအစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို ဘေကျင်းမြို့ကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့မှာ KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ကချင် စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပြောဆိုထားပါတယ်။ ယခုတွေ့ဆုံမှုဟာ ယခင်က တိုင်းရင်းသား တပ်များနဲ့ ပုံမှန်တွေ့ဆုံနေကျ တရုတ် အထူးကိုယ်စားလှယ် (သို့မဟုတ်) ဒေသဆိုင်ရာ အာဏာပိုင်များက ဖိတ်ခေါ်ခြင်း မဟုတ်ဘဲ ပီကင်း (ဘေကျင်း) ထိ သွားရောက်ခြင်း ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

၂၀၂၄မတ်လ ကေအိုင်အေရဲ့ အရှိန်အဟုန်မြင့်ထိုးစစ်ကို နေရာအနှံ့ဆင်နွှဲခဲ့ပြီး လက်ရှိအချိန်မှာ KIO/KIA တပ်ဖွဲ့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အပါအဝင် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့ များစွာ အခြေစိုက်ထားတဲ့ ဗန်းမော်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က နယ်စပ်ဒေသမှာ တိုက်ပွဲများ ဖော်ဆောင်ခြင်းမပြုဖို့ ပြောဆိုမှုတွေ ရှိပေမယ့် တရုတ်-မြန်မာ နယ်စပ်က ကုန်သွယ်ရေး မြို့များဖြစ်တဲ့ လွယ်ဂျယ်၊ ကန်ပိုက်တီ အပါအဝင် စစ်ကောင်စီ တပ်စခန်းများနဲ့ ကချင် အထူးဒေသ (၁) တခုလုံးကိုလည်း KIA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း KIA က ကချင်ပြည်နယ်မှာ မြို့ပေါင်း (၁၄) မြို့နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက မဘိမ်းမြို့၊ နမ့်ဖင်ကာရွာ နှင့် စစ်ကောင်စီ တပ်ရင်းများကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ကချင်သတင်းဌာနများနဲ့ ကချင်တိုင်းရင်းသားအဖွဲ့အစည်းများက KIO/KIA ၏ အခန်းကဏ္ဍ၊ ရပ်တည်ချက်များအပေါ် အခြားအိမ်နီးချင်းတိုင်းရင်းသားအဖွဲ့များနဲ့ နှိုင်းယှဉ်ပြီး အပြုသဘော ချီးမွန်းပြောဆိုသုံးသပ်မှုတွေ ရေးသားကြတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ဦးဆောင်မှုနဲ့ စစ်တပ်အာဏာသိမ်းတာကို လုံးဝလက်မခံဘဲ ပြည်သူများနဲ့ တသားတည်းရှိကာနွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေတယ်လို့ ဖော်ပြကြပါတယ်။  ဗိုလ်ချုပ်ကြီးအင်ဘန်ဟာ အသက် ၈၀ ထဲ ဝင်နေပြီဖြစ်သော်လည်း ကျန်းမာသန်စွမ်းဆဲဖြစ်ကြောင်း၊ ၂၀၂၄ အောက်တိုဘာတွင် စစ်မှုထမ်းသက် နှစ် ၆၀ ပြည့် ဂုဏ်ပြုခြင်း ခံခဲ့ရကြောင်း ဖော်ပြကြပါတယ်။

ကချင်တော်လှန်ရေးအဖွဲ့အစည်းဟာ ပြည်ထောင်စုအဆင့် အပစ်ရပ်ရေးဆွေးနွေးပွဲတွေမှာလည်း ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။ ထိုစဉ်က EAO များ၏ UNFC မှာ ဦးဆောင်မှုပေးခဲ့ပါတယ်။ ၎င်းနောက် NCA ကို လက်မခံတဲ့ FPNCC စုစည်းမှုမှာ UWSA တို့အပါအဝင် ရပ်တည်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက် ကိုင်စွဲခဲ့ပါတယ်။ 

နွေဦးတော်လှန်ရေးကာလအတွင်းမှာ လက်နက်စက်ရုံ ပြန်လည်တည်ဆောက်ပြီး ဖြည့်ဆည်းမှုတွေ လုပ်ခဲ့တယ်၊ နွေဦးတော်လှန်ရေးအဖွဲ့များထဲက NUG နဲ့ လက်တွဲပြီး မဟာမိတ်ဆက်ဆံရေး ထူထောင်ခဲ့တယ်၊ NUG လက်အောက်ခံ PDF များကို လေ့ကျင့်သင်ကြားခြင်း၊ တိုက်ပွဲများတွင် ဦးဆောင်မှုပေးခြင်း၊ တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်တဲ့ AA TNLA CNF MNDAA တို့နဲ့ လက်တွဲဆောင်ရွက်မှုတွေ စစ်သင်တန်းများ၊ အခြေခံအကူအညီများ ပေးအပ်ခြင်း စသည်တို့ လုပ်ဆောင်ခဲ့ကြောင်းကို သတင်းများမှာ သုံးသပ်သူတွေက ထုတ်ဖော် ပြောကြားကြပါတယ်။

ပထဝီဒေသ အနေအထားမှာ ကချင်နဲ့ အာရက္ခဒေသနဲ့ ဦးဆောင်နေသူ တော်လှန်ရေးအဖွဲ့အစည်းတို့တွေက ၀၊ ကိုးကန့်နဲ့ ပလောင်တပ်ဖွဲ့တွေထက် တရုတ်အပေါ်  မှီခိုမှုဟာ မတူတဲ့သဘော၊ သီးခြားဖြစ်တည်မှု တစုံတရာရှိတဲ့သဘောလို့ ကောက်ချက်ဆွဲကြပါတယ်။ သဘာ၀သယံဇာတနဲ့ ပထဝီလမ်းကြောင်းအရ အားသာမှု သူတို့တွေမှာ ရှိတယ်လို့လည်း ဆိုကြပါတယ်။ အဆိုပါအခြေခံများကြောင့် ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ တရုတ်ပြည်ခရီးစဉ်ဟာ ထူးခြားမှုရှိမယ်၊ အခြားတိုင်းရင်းသားအဖွဲ့တွေ၏ တရုတ်အ ေပါ် မလွန်ဆန်နိုင်တဲ့ တုံ့ပြန်မှုမျိုး မထွက်နိုင်ဘူးလို့ မဲတင်းပြောဆိုမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

မြန်မာပြည်၏ သယံဇာတ အရင်းအမြစ်များ၊ ရေနံ သဘာဓာတ်ငွေ့စွမ်းအင်ကုန်ကြမ်းများ၊ ပထဝီ ကုန်းလမ်း ရေလမ်း လမ်းကြောင်းများ၏ တန်ဖိုးကြီးမားမှုတွေကြောင့် စစ်ကောင်စီ၏ သက်ဇိုးရှည်နေမှု အခြေခံဖြစ်နေရသလို အဆိုပါ ပထဝီနဲ့ ရင်းမြစ် အချက်အခြာကျနေရာတွေက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ ရပ်တည်မှု ရှင်သန်မှု ရုန်းကန်တော်လှန်မှုတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေကြတာ ဖြစ်ပါတယ်။ ဒေသခံ တိုင်းရင်းသားပြည်သူတွေ၏ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ အခွန်အခပေးဆောင်ရေးတွေကလည်း အဆိုပါ အရေးပါတဲ့ လမ်းကြောင်းတွေ နေရာဒေသတွေ ရှင်သန်လည်ပတ်စေရေး တွန်းအားတွေ အသက်လမ်းကြောင်းတွေ ဖြစ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ၎င်းတို့၏ အဆက်အစပ် ပြည်ပနိုင်ငံတွေကလည်း အဆိုပါအချက်အလက်များအပေါ် သက်ရောက်မှု ပတ်သက်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းက ပြုတ်ကျသွားတဲ့ ဆီးရီးယားအာဏာရှင် အာဆပ်တို့ တိုင်းပြည်နဲ့ တော်လှန်ရေးအင်အားစုများအကြောင်းကို သတင်းများက နားထောင်ကြည့်မယ်ဆိုရင် ပထဝီ စစ်ရေး နိုင်ငံရေး၏ အရေးပါမှုနဲ့  ပြည်ပဩဇာ စွက်ဖက်မှုတွေက နိုင်ငံတခု ဖြစ်တည်ခြင်း နဲ့ ပျက်သုန်းခြင်းကို အရေးပါတယ်ဆိုတာ သိနိုင်ပါတယ်။ အစ္စရေးနဲ့ ပါလစ္စတိုင်း စစ်ပွဲမှာ အစ္စရေးက ဂါဇာအခြေစိုက် ပါလစ္စတိုင်း - ဟားမတ်စ်အဖွဲ့ကို ချေမှုန်းတာအပြင် လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာနဲ့ သူ့ကိုကျောထောက်နောက်ခံပေးထားတဲ့ အီရန်တို့ကိုပါ ဖြတ်တောက် ချေမှုန်းပစ်လိုက်တာရဲ့ ရိုက်ခတ်မှုအဖြစ် ဆီးရီးယားမှာ ဟစ်ဇဘိုလာအဖွဲ့တွေ အားနည်းကုန်ပြီး အီရန်ကိုယ်တိုင်က သူ့အကြမ်းဖက်လက်တံတွေကို ဆီးရီးယားကနေ ရုတ်လီုက်ရပါတယ်။ ယူကရိန်း ရုရှားစစ်ပွဲ၏ တာရှည်နေမှုကြောင့် ရုရှားကိုယ်တိုင်ကလည်း ဆီးရီးယားကို ကျားကန်ပေးမှု အားလျော့လာပါတယ်။ သည်နေရာမှာ အိမ်နီးချင်း တူရကီနိုင်ငံ၏ ကြားနေမှုကို အကဲစမ်းပြီး အတိုက်အခံတော်လှန်ရေးအဖွဲ့တွေက ထိုးစစ်ဆင်လာကြတာကနေ အာဆတ် အာဏာရှင်အဖွဲ့ နေ့ချင်းညချင်းဆိုသလို ပြုတ်ကျသွားရတယ်လို့ သုံးသပ်ကြပါတယ်။ 

အမေရိကန်တွေက သူတို့ ဘာမှ ဝင်မစွက်ပါဘူးလို့ ဆိုပေမယ့် အနောက်အုပ်စု၏ ဆန်ရှင်ပိတ်ဆို့မှုက အာဆပ်တို့ စစ်အစိုးရကို ချွတ်ခြုံကျနေစေပါတယ်။ အမေရိကန်တွေက စစ်စခန်းတွေ တည်ဆောက်ထားပြီး အိုင်းဇက် ISIS လို အကြမ်းဖက်တွေကို အဝေးရောက် ဒုံးတွေ ဗုံးတွေနဲ့ တိုက်ခိုက် ဖျက်ဆီးနေတာ ပြည်တွင်းစစ်ကာလတလျောက်လုံး ဖြစ်ပါတယ်။ အိမ်နီးချင်းတူရကီကိုယ်တိုင်ကလည်း သူ ထောက်ခံတဲ့တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်တွင်းစစ်ကို ပတ်သက်နေပါတယ်။ ဆီးရီးယားစစ်တပ်က စစ်ဗီုလ်က တလ ဒေါ်လာ ၃၀ ရပြီး စစ်သားက ၁၀ ပဲ ရပါတယ်။ စစ်ဗိုလ်က စစ်သားတွေကို အိမ်ပြန်လွှတ်ပြီး လစာတွေကို ခိုးစားပါတယ်။ အကျင့်ပျက်ခြစားမှုက စစ်တိုက်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ ရုရှားနဲ့ အီရန်တို့၏ လေကြောင်းကာကွယ်ပေးမှု တိုက်ခိုက်မှုတို့ကြောင့်သာ အာဆပ်တို့ စစ်အုပ်စု မြို့တော်မှာ ကြံ့ကြံ့ခံနိုင်ခဲ့တာပါ။ ပြီတော့ ဆီးရီးယား၏ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကို လုံး၀နီးပါး ပိတ်ဆို့ထားနိုင်ပြီး ဆီးရီးယား၏ oil & gas ကို အမေရိကန်အုပ်စုတွေက ခြယ်လှယ် အမြတ်ထုတ်နေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အတွင်းလှိုက်စားပြီး အာဆပ်စစ်အုပ်စု ပြိုကျရတယ်။ အနီးကပ်အကြောင်းအရင်းကတော့ အစ္စရေးစစ်တပ်က ဟားမတ်၊ ဟစ်ဇဘိုလား အကြမ်းဖက်အုပ်စုတွေကို အပြတ် ချေမှုန်းတာအပြင် နောက်ခံက လစ်ဘနွန် အီရန်တို့ကိုပါ ဦးချိုးပစ်လိုက်တာက ဆီးရီးယားကို ရိုက်ခတ်သွားတယ် ဆိုကြပါတယ်။

အခုချိန်မှာ ဆီးရီးယားပြည်တွင်းရေး ပြည်တွင်းစစ်က ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေချည်း အချင်းချင်း ဖြေရှင်း ပြေလည် တည်ဆောက်ကြတော့မလား ဆိုတာကလည်း လှည့်စားထားတဲ့ မေးခွန်းပါ။ တကယ်တမ်းကတော့ ရုရှားနဲ့ အီရန်ကလည်း ဆီးရီးယား အသွင်ကူးပြောင်းရေးမှာ ဝင်စွက်ဖက်ကြဦးမှာပါ။ သူတို့ စစ်စခန်းတွေ အကျိုးစီးပွားတွေကလည်း ရှိနေသေးတုန်းကိုး။ အမေရိကန်ကလည်း ခုချိန်ထိ အိုင်ဇစ် ISIS တွေ ပြန် ခေါင်းမထောင်နိုင်အောင် တိုးပြီး ဒုံးကျည်တွေ ပစ်ပြီး ချေမှုန်းနေသလို အစ္စရေးကလည်း အစိုးရမရှိတော့တဲ့ ဆီးရီးယားထဲ ဝင်ပြီး ခြေကုပ်ယူလာတာအပြင် အကြမ်းဖက်စခန်းတွေ လက်နက်တိုက်တွေကို ထောက်လှမ်းခြေမှုန်း အမှုံကြိတ်လျက် ရှိကြောင်းပါ။

မြန်မာပြည်အနေနဲ့ကတော့ ပြည်ပနိုင်ငံတွေ၏ ခြေကုပ်နေရာယူမှုအနေနဲ့ သဘာ၀သယံဇာတ၊ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ အရေးမှာ တရုတ်နိုင်ငံ၏ ခြေရာလက်ရာ အများစုသာ ရှိနေပြီး အခြားနိုင်ငံတွေ၏ ခြေရာလက်ရာ သိပ်မများဟု ဆိုရပါမယ်။ 

သို့သော်လည်း အိမ်နီးချင်းနိုင်ငံအချင်းချင်းနဲ့ အခြားပြည်ပနိုင်ငံများ အားပြိုင်မှု နိုင်ငံရေးကစားကွက်တွေထဲကနေ နွေဦးတော်လှန်ရေးခေါင်းဆောင်တွေက သတိရှိရှိ စောင့်ကြပ် ခြေလှမ်းကြလိမ့်မည်ဟု ယုံကြည်မျော်လင့်မိကြောင်းပါ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar