Breaking News

ကောင်းဇေလူ - ဖက်ဆစ်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးသည် ပထမ၊ နိုင်ငံ‌ရေးဆွေးနွေးပွဲသည် ဒုတိယ

ကောင်းဇေလူ - ဖက်ဆစ်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးသည် ပထမ၊ နိုင်ငံ‌ရေးဆွေးနွေးပွဲသည် ဒုတိယ

(မိုးမခ) ဇန်နဝါရီ ၈ ၊ ၂၀၂၅


မြန်မာ့ နွေဦးတော်လှန်ရေးဟာ ရည်မှန်းချက်ပန်းတိုင်ကို လှမ်းမျှော်ကြည့်ရင် မြင်နိုင်တဲ့ အခြေအနေသစ်ကို ရောက်ရှိပြီလို့ ဆိုနိုင်တယ်။ တနည်းအားဖြင့် အကြမ်းဖက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ အချိန် နီးကပ်လာနေပြီလို့ ဆိုနိုင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ဟာ နိုင်ငံတစ်ဝန်းက မြို့နယ် ၁၄၄ မြို့နယ်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားကြောင်း RFA သတင်းအရ သိရတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အဓိက ရှေ့တန်းစစ်မျက်နှာတွေဖြစ်တဲ့ မန္တလေးမြို့နားကို ရောက်ရှိလာပြီး နေပြည်တော်၊ ရန်ကုန်၊ တောင်ငူနဲ့ မိတ္ထီလာ စတဲ့ စစ်နယ်မြေတွေကို ပုံမှန် တိုက်ခိုက်လာနိုင်ပြီဖြစ်ကြောင်း NUG-ကာကွယ်ရေးဝန်ကြီးဌာနက ဆိုတယ်။

ဆက်လက်ပြီး မကွေးတိုင်း (တောင်ခြမ်း)၊ ပဲခူးတိုင်း (အနောက်ခြမ်း) နဲ့ ဧရာဝတီတိုင်းတွေမှာပါ ပြောက်ကျားစစ်နဲ့ လှုပ်ရှားစစ်တွေ ချဲ့ထွင် ဆင်နွှဲလာနေတယ်လို့ သိရတယ်။ ဒီအတောအတွင်းသေဆုံးတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်သောင်းလေးထောင်ကျော် (၁၄,၀၉၃ ဦး) ရှိပြီး ဒဏ်ရာရသူ ခုနစ်ထောင်ကျော် (၇၃၆၃ ဦး) ရှိတာကြောင့် စစ်ကောင်စီအတွက် တပ်မအင်အား (၁၀ ခု) ကျော်နဲ့ ညီမျှတဲ့ အင်အားပြုန်းတီးမှုဖြစ်စေတယ်လို့ NUG က ဆိုတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ မြို့နယ်ပေါင်း (၄၈) မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားပြီး နောက်ထပ် မြို့နယ်တွေမှာ အလုံးစုံ မထိန်းချုပ်နိုင်သေးသည့်တိုင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ရပ်ဆိုင်းပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ ဆိုတယ်။

ရခိုင်စစ်မျက်နှာဘက်ကို ကြည့်ရင်လည်း အာရက္ခတပ်တော် (AA) စစ်ဆင်ရေးကာလ တနှစ်ကျော်အတွင်း ရခိုင်ပြည်နယ်က ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်တယ်။ ဒီအခြေအနေမှာ AA က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်တွေကို စစ်ရေးထက် နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အသင့်ရှိကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တယ်။ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေဟာ ရခိုင်ပြည်သူ လူထုတရပ်လုံး လိုလားတဲ့ ဆန္ဒနဲ့ ရခိုင်ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအတွက် အဓိက ရည်ရွယ်တာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိကြောင်း RFA သတင်းအရ သိရတယ်။

ဒီအပြင် ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိတဲ့အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားကြောင်း လွတ်လပ်တဲ့သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP -Myanmar) က ဒီဇင်ဘာ ၂၈ ရက် ဒီနေ့ ထုတ်ပြန်ထားတယ်။ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ရင်းနှီးမြှုပ်နှံမှုရှိတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ နီးပါးရှိတဲ့ ရေနံပိုက်လိုင်းစီမံကိန်းနဲ့ ဒေါ်လာ သန်း ၁၈၀ ရှိတဲ့ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်းတွေဟာ စီမံကိန်းအကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ ဆိုတယ်။

တချိန်ထဲမှာ အာရက္ခတပ်တော် (AA) နဲ့အတူ မြန်မာပြည်သူတရပ်လုံး လွတ်မြောက်ရေး၊ စစ်အာဏာရှင် အဆုံးသတ်ရေးအတွက် လက်တွဲပူးပေါင်းမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာလ ၂၂ ရက်နေ့ က AA ကိုပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတယ်။ စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ခြင်းဟာ အာရက္ခ ပြည်သူတွေရဲ့ အောင်ပွဲဖြစ်ရုံသာမက နိုင်ငံတခွင် တော်လှန်တိုက်ပွဲဝင်နေသူတွေကို တော်လှန်ရေးစိတ်ဓာတ် ခွန်အားအမြင့်ဆုံး ရောက်ရှိစေတယ်လို့ ယာယီသမ္မတက ပြောကြောင်း RFA သတင်းအရ သိရတယ်။ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ တိုင်းစစ်ဌာနချုပ်ကြီး နှစ်ခုကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်တာဟာ စစ်ကောင်စီ မကြာခင် အဆုံးသတ်တော့မယ်ဆိုတာ ပြနေတာဖြစ်တယ်လို့ ယာယီသမ္မတက ဆိုတယ်။

 ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်ဆိုရင် မြန်မာနိုင်ငံ ပြည်သူလူထု အနေနဲ့ လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေးနှင့် အခြေခံလူ့အခွင့်အရေးတွေ  ဆုံးရှုံးခဲ့ရတာ ၄ နှစ်ပြည့်တော့မှာ ဖြစ်တယ်။ ၂၀၁၄ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုများကြောင့် သေဆုံး ဒဏ်ရာ အနာတရဖြစ်ရတဲ့ ကလေးအရေအတွက် အနည်းဆုံး ၆၅ဝ ရှိကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က နိုဝင်ဘာလ ၂၁ ရက်က ထုတ်ဖော်ပြောဆိုခဲ့တယ်။ မြန်မာနိုင်ငံတဝန်းမှာ လတ်တလော အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူ ၃ သန်းခွဲရှိနေပြီး၊ ယင်းတို့အနက် (၄၀) ရာခိုင်နှုန်းဖြစ်တဲ့ ၁၃ သိန်းခန့်ဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF က ဆိုတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွင်း ဖမ်းဆီး၊ နှိပ်စက်၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးရသူ အရပ်သား ခြောက်ထောင်ရှိသွားပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ Tom Andrews အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ ၁၂ ဦးက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာ တွေ့ရတယ်။ ကုလသမဂ္ဂက လက်ခံရရှိထားတဲ့ အစီရင်ခံစာတွေ အရ စစ်ကောင်စီက ဖမ်းဆီးထားချိန် လူ နှစ်ထောင်နီးပါး သေဆုံးခဲ့ရကြောင်း၊ ယင်းတို့အနက် ၃၆၅ ယောက်က ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရကြောင်း၊ ၂၁၅ ယောက်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဖော််ပြထားတယ်။ စစ်ကောင်စီဟာ  ဝေဖန်သူတွေကို နှုတ်ပိတ်ဖို့  မတရားဖမ်းဆီးထိန်းသိမ်းခြင်း၊ တိတ်တ‌ဆိတ် လက်စဖျောက်ပစ်ခြင်းများ ဆက်လုပ်နေတဲ့အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ကုလသမဂ္ဂက လက်ခံရရှိထားတဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားတယ်။

အထက်မှာ ဖော်ပြထားချက်တွေအရ စစ်ကောင်စီက သူ့အာဏာ သက်ဆိုးရှည်ရေးအတွက် စစ်ရာဇ၀တ်မှုပေါင်း အမြောက်အမြား ကျူးလွန်နေတာ မြင်နိုင်တယ်။ ဒါပေမဲ့ စစ်အာဏာရှင်အုပ်စုဟာ ဥပဒေအရ အရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်နေဆဲ ဖြစ်တယ်။ စစ်အာဏာသိမ်းမှုကြောင့် သွေးချောင်းစီးခဲ့ရတဲ့ ဖြစ်ရပ်တွေအတွင်း သေဆုံးခဲ့ကြရတဲ့ အပြစ်မဲ့ တိုင်းရင်းသား  ပြည်သူတွေ၊ ခုခံတော်လှန်ခဲ့ကြတဲ့ တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးဘက်တော်သားတွေအတွက် တရားမျှတမှုရရှိရေးကို ဘယ်သူတွေက တာဝန်ယူမှာလဲ? ဆိုတဲ့ မေးခွန်းကို ဘယ်လို အဖြေပေးကြမှာလဲ။  ဒီသွေးချာင်းစီးသတ်ဖြတ်မှုတွေအတွက် ICC မှာ တရားစွဲဆိုထားမှုကို ပြည်တွင်းပြည်ပက အထူးသတိပြု စောင့်ကြည့်နေကြဆဲ ဖြစ်တယ်။

အဲဒီလိုအနေအထားမှာ  လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့အတွက် လူထုထောက်ခံမှုရှိနေတဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်အချို့နဲ့ ပြည်တွင်းမှာ ကျန်ရှိနေတဲ့ အာဏာရှင်စနစ်ကို တော်လှန်ခဲ့ဖူးတဲ့ နိုင်ငံရေးအင်အားစုအသီးသီးက လူအချို့ က ငွေဆောင်မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၈ ရက်မှာ သီးသန့်တွေ့ဆုံခဲ့ပြီး အချက် ၇ ချက်ကို မူအရ သဘောတူခဲ့ကြောင်း သတင်းတခု ထွက်ပေါ် လာတယ်။ အဲဒီဆွေးနွေးပွဲမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက်က မပါပေမဲ့ ၇၄ ခုနှစ်ကတည်းက နိုင်ငံရေးဖြတ်သန်းမှုရှိခဲ့တဲ့သူအချို့ အပါအဝင် ၈၈ မျိုးဆက် တချို့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ကြားရတယ်။

ငွေဆောင်ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတဲ့ အချက် ၇ ချက်ထဲမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ အပါအဝင် သက်ဆိုင်သူအားလုံး လက်ခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်တဲ့ နိုင်ငံရေးသဘောတူညီချက်တရပ် ပေါ်ပေါက်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဖြစ်လာဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးပြီး ရောက်နေတဲ့နေရာမှာ စစ်ပွဲတွေ ရပ်တန့်ထားဖို့ဆိုတဲ့ အချက်တွေ ပါဝင်ကြောင်း DVB သတင်းအရ သိရတယ်။ နိုင်ငံရေးဆွေးနွေးပွဲ အထမြောက်ဖို့အတွက် နိုင်ငံတကာက ကူညီဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေကို အချိန်ကာလ သတ်မှတ်ထားဖို့၊ ဆွေးနွေးပွဲကာလမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ စီမံခန့်ခွဲရေးယန္တရားတရပ်ကို ပဋိပက္ခနဲ့သက်ဆိုင်တဲ့ အစုအဖွဲ့တွေနဲ့ ဖွဲ့စည်းဖို့၊ ပြည်လည်ထူထောင်ရေးနဲ့ ကုစားရေးလုပ်ငန်းတွေအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုပြီး သဘောတူခဲ့ကြတယ်လို့ ဆိုတယ်။

ဒီပြဿနာမှာ အရေးကြီးတဲ့ မေးခွန်းတခု ပေါ်လာတယ်။ ငွေဆောင် ဆွေးနွေးပွဲကို ဘယ်သူတွေက ဦးဆောင်ပြီး စကစရဲ့  ခွင့်ပြုချက်ရရှိအောင် ဆောင်ရွက်ခဲ့တာလဲ။ ဒီလို နိုင်ငံရေးဆွေးနွေးပွဲကို မဆိုထားနဲ့ ပရဟိတအလှူအတန်းပွဲမျိုး လုပ်ချင်ရင်တောင် စကစရဲ့ ခွင့်ပြုမိန့် တောင်းနေရချိန်မှာ ငွေဆောင်ဆွေးနွေးပွဲ လုပ်ခွင့်ရခဲ့တယ်ဆိုတဲ့ အချက်က သိပ်ပြီး ရိုးရှင်းလှပုံမရဘူးလို့ ဆိုချင်တယ်။ နောက် အရေးကြီးတဲ့အချက်က "စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး" လို့ ဂျန်ဇီးမျိုးဆက် သို့မဟုတ် နွေဦးတော်လှန်ရေးရဲ့ အဓိကအင်အားစုက ဆုံးဖြတ်တိုက်ပွဲဝင်နေချိန်မှာ ငွေဆောင် သဘောတူချက် ၇ ချက်ဆိုတာ အရှိန်ရနေတဲ့ တော်လှန်ရေးကို ဂျမ်းတုံးခုရာ မရောက်ပေဘူးလား။ လက်ရှိ စစ်ရေးနည်းလမ်းကို ရွေးချယ်တိုက်ပွဲဝင်နေကြသူတွေက ငြိမ်းချမ်းရေးကို ဆန့်ကျင်သူတွေလို့ ,ယူဆနေတာလား။ ၁၉၆၃ ဗိုလ်နေဝင်းခေတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ နောက်ဆုံး ၂၁-ရာစုပင်လုံ နဲ့ NCA ဆွေးနွေးပွဲတွေအထိ စစ်တပ်ရဲ့ ကလိမ်ကျမှုတွေ၊ ဗိုလ်ကျစိုးမိုးလိုမှုတွေ၊ နေရာတကာ တပ်မတော်သာ ပဓာနဆိုပြီး အခွင့်ထူးယူလိုမှုတွေ၊ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ဇွတ်နေရာယူမှုတွေ၊ တန်းတူရေးနဲ့ တရားမျှတရေးကို စစ်တပ်က ဘယ်တုန်းကမှ လက်မခံမှုတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ခွင့်မရအောင် ကန့်လန့်တိုက်ခဲ့တာတွေ၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို စစ်တပ်က  အစဉ်တစိုက်  ငြင်းပယ်ခဲ့တာတွေ၊ စစ်တပ်ဟာ ဘယ်တုန်းကမှ ကတိမတည်ခဲ့ပုံတွေကို ငွေဆောင်အဖွဲ့သားများ မမေ့လောက်သေးဘူးလို့ ထင်ပါတယ်။

အမြင်သာဆုံး ဖြစ်ရပ်က ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပဓာနအချက်ကို ဖော်ထုတ်ဖွင့်ဆိုပြခဲ့သူ ဦးကိုနီကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့တာကို ငွေဆောင်အဖွဲ့ဝင်တွေ မေ့သွားကြပြီလားလို့ မေးစရာ ဖြစ်လာတယ်။ ခေတ်ကိုပြောင်းဖို့ ခေါင်းကို ပစ်ဆိုတဲ့ အမိန့်ကြောင့် မြသွဲ့သွဲ့ခိုင်၊ ကြယ်စင်၊ ကေဇဝင်း အစရှိတဲ့ လူငယ်ပေါင်း မြောက်မြားစွာ ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရတာကို တာဝန်မဲ့စွာ မေ့ပျောက်လိုက်ကြရမှာလား။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိတာကို လက်ခံပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအရှိန်မြင့်နေချိန်မှာ ၂၀၂၄ စက်တင်ဘာလက သဘောတူချက် ၇ ချက်ဆိုတာကို ထုတ်ပြလာတာက ဝါရင့်နိုင်ငံရေးသမားတွေအနေ့ မလုပ်သင့်ဘူးလို့ ဆိုရမှာပဲ။ စက်တင်ဘာတုံးက အချိန်မဆိုင်းဘဲ ထုတ်ပြန်ခဲ့ရင်တောင် ဘာမှ ဝေဖန်စရာ မရှိပါဘူး။ ပဓါနကျတဲ့ အချက်ကို ထောက်ပြရရင် စစ်အာဏာရှင်အဆက်ဆက် သူတို့ အာဏာမြဲရေး အခက်တွေ့လာတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဥ်နဲ့ ပြည်သူလူထုကို လိမ်ညာလှည့်ဖြားခဲ့တဲ့ အကြိမ်ပေါင်း မနည်းတော့ဘူးဆိုတာကို သတိပြုစေချင်တယ်။ ကျားသေကို အသက်သွင်းဖို့ မကြိုးစားစေချင်ဘူး။ လက်ရှိနွေဦးတော်လှန်ရေးအတွင်း အသက်တွေ ဘဝတွေ စွန့်လွှတ်တိုက်ပွဲဝင်သွားခဲ့ကြတဲ့ (ဂျန်ဇီးလူငယ်အများစု ပါဝင်တဲ့) တော်လှန်ရေးရဲဘော်တွေကို ဘယ်လို ဆင်ခြေပေး ရှင်းပြကြမှာလဲ။ အားနာပေမယ့် မကူညီနိုင်ရင် နေပါ၊ အခက်တွေ့အောင် မလုပ်သင့်ပါလို့ ဆိုပါရစေ။

စစ်ကောင်စီရဲ့ အန္တိမရည်မှန်းချက်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပဖို့ ဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီ ၄ ရက်နေ့ (၇၇) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုသွားတယ်။ အာဏာသိမ်း စစ်ကောင်စီက စီစဉ်ကျင်းပမယ့်  ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာမဟုတ်လို့ ကန့်ကွက်ကြောင်း NUG အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့  နိုင်ငံတကာက ပြောဆိုထားပြီးဖြစ်တယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားအင်အားစုတွေ ပူးပေါင်းပြီး လုပ်ငန်းဖော်ဆောင်ကြဖို့  မုံရွာသပိတ် ဦးဆောင်ကော်မတီက မေတ္တာရပ်ခံလိုက်တာကိုလည်း သတိပြုစေချင်တယ်။

စစ်ကောင်စီခေါင်းဆောင်က သူ့ရဲ့နိုင်ငံရေးထွက်ပေါက်ရရေးအတွက် ရွေးကောက်ပွဲ ကျင်းပဖို့ အကြိမ်ကြိမ် ပြောဆိုနေတာဖြစ်တယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များနဲ့ ပါတီဝင်များကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ပြီး ပြန်မလွှတ်ရဲသေးတာ တွေ့ရတယ်။

ဂျန်ဇီးလူငယ်တွေ အဓိကပါ၀င်တဲ့ PDFs အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေ EAOs ဦးဆောင်တဲ့  တိုက်ပွဲတွေကို ရပ်တန့်သွားအောင် စစ်ကောင်စီတပ်က လုပ်နိုင်စွမ်း မရှိတာလည်း ပေါ် လွင်နေတယ်။ ထိန်းချုပ်နယ်မြေနဲ့ မြို့တွေကို တော်လှန်ရေးအင်အားစုတွေက ဆက်တိုက်ဆိုသလို သိမ်းယူနေတဲ့ အခြေအနေကို ကြည့်ရင် စစ်ကောင်စီ စီစဉ်နေတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေနည်းပါတယ်။ အတုအယောင် ရွေးကောက်ပွဲမှာ စစ်တပ် အလိုတော်ရိ နိုင်ငံရေးပါတီတွေသာ ဝင်ပြိုင်ကြမှာဖြစ်လို့ စကစရဲ့ ရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် အစိုးရဟာ နိုင်ငံနဲ့ ပြည်သူကို ကိုယ်စားပြုနိုင်ဖွယ် မရှိဘူးလို့ နိုင်ငံရေးလေ့လာသူအများစုက သုံးသပ်ထားကြတာတွေ့ရတယ်။

ဒီအတောအတွင်း ဇန်နဝါရီ ၄ ရက် ၇၇ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ခေါင်းဆောင်က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေကို ချီးမြှင့်အပ်နှင်းခံရသူတွေစာရင်းမှာ တိုင်းရင်းသားခေါင်းဆောင်အချို့ကိုလည်း ထည့်သွင်းဖော်ပြထားတာသတိပြုသင့်တယ်။ ဒါဟာ စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ် သွေးခွဲ စည်းရုံးသိမ်းသွင်းတဲ့ နည်းလမ်းအဟောင်းဖြစ်တာ သတိပြုဥြဖို့လိုတယ်။

မြန်မာ့အရေး မငြိမ်းမအေးဖြစ်နေရတဲ့ အဓိက တရားခံဟာ အကြမ်းဖက်စစ်ကောင်စီ ဖြစ်တာ မှန်ပေမယ့် အခြေအနေကို ဆိုးသည်ထက်ဆိုးအောင် မီးလောင်ရာ လေပင့်လုပ်နေသူမှာ တရုတ်ကွန်မြူနစ် အာဏာရှင်စနစ် ဖြစ်တာကိုလည်း မြင်နေရတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရေးမူဝါဒဟာ "ပြည်သူတစ်ရပ်လုံးကို မျက်နှာမူရေး" ဟု ဆိုပေမယ့် လက်တွေ့မှာ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်၊ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ကျေးရွာတွေကို  ဗုံးကြဲ မီးရှို့ စသဖြင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေတဲ့ မင်းအောင်လှိုင်ဘက်ကို မျက်နှာမူနေတာတွေ့ရတယ်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများအနေနဲ့ အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကြပါလို့ တရုတ်က တိုက်တွန်းနေတယ်။ ဒါပေမယ့် စစ်ရာဇ၀တ်မှုတွေ အဆက်မပြတ် ကျူးလွန်နေတဲ့ မင်းအောင်လှိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် လူသတ် မီးရှိုနေမှုများ ရပ်တန့်ဖို့ တရုတ်နိုင်ငံက ပြောဆိုမှု လုံးဝ မလုပ်ခဲ့တာဟာ စိတ်ပျက်စရာ ဖြစ်တယ်။

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာပြည်သူများကို လုံးဝ ကိုယ်စားပြုခွင့် မရှိဆိုတဲ့ အချက်ကို တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံများ အနေနဲ့ လက်ခံဖို့ လိုတယ်။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာပြည်သူလူထုရဲ့ သဘောထားအမှန်ကို သိအောင် လုပ်သင့်တယ်။ အမှန်တကယ် မြန်မာပြည်သူတို့ရဲ့ ကိုယ်စားလှယ်များနဲ့ တရားဝင် ထိတွေ့ဆက်ဆံချိန် ရောက်ပြီလို့ သတိပေးချင်တယ်။ ဂျန်ဇီးလူငယ် မျိုးဆက်သစ်တွေ ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးသန္နိဋ္ဌာန်အရ မြန်မာ တိုင်းရင်းသားပြည်သူ လူထုအနေနဲ့ တရုတ်အကူအညီနဲ့ မြန်မာစစ်ကောင်စီက လုပ်ဖို့ ကြံစည်နေတဲ့ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲအစီအစဉ်ကို လုံး၀လက်ခံမှာ မဟုတ်ပါ။   အတုအယောင် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံအတွင်း သွေးချောင်းစီးမှုတွေ ဆက်လက်ဖြစ်လာမယ့်အရေးကို တရုတ်နှင့် အာဆီယံနိုင်ငံများ အထူးသတိပြုစေချင်တယ်။

တရုတ်နိုင်ငံက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမူဘောင်ထဲကနေ လုပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့  အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲကို အလျင်အမြန် လုပ်ပြီး တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ကနေ သွားဖို့ ဝမ်ယိက မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ စစ်ခေါင်းဆောင်တွေကို ပြောဆိုခဲ့ဖူးတယ်။  မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့အတွက် စစ်ကောင်စီ တဖက်တည်းကိုလက်ခံရပ်တည်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်မှုဟာ လက်ရှိ နွေဦးတော်လှန်ရေးအရှိန်ကို ရပ်တန့်အောင် လုပ်နိုင်ခြေ  မရှိဘူးလို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ကြတယ်။

ဒီအတောအတွင်း NUG နဲ့ EAOs တွေအကြား၊ NUG အတွင်း အထက်အောက်/ဗဟိုနဲ့ မြေပြင်အဖွဲ့တွေအကြား၊ NUCC အဖွဲ့၀င်အချင်းချင်းအကြား၊ PDFs အဖွဲ့တွေနဲ့ EAOs တွေအကြား၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် တာ၀န်ယူမှု တာ၀န်ခံမှုတွေ ခိုင်မာအောင် တည်ဆောက်မှု အခြေအနေ တိုးတက်လာနေလို့ ဆိုနိုင်တယ်။ လိုအပ်တဲ့ စစ်ရေးဗျူဟာ ပြုပြင်ပြောင်းလဲမှုတွေကို အချိန်နဲ့ တပြေးညီ လုပ်လာကြတာတွေ့ရတယ်။ လက်ရှိ အခြေအနေအရ နွေဦးတော်လှန်ရေးအတွက် သွေးစည်းညီညွတ်မှုနဲ့  စစ်အနိုင်တိုက်ရေးကို အဓိက ဦးစားပေး ဆောင်ရွက်ကြရမှာ ဖြစ်တယ်။

တရုတ်နဲ့ အာဆီယံအဖွဲ့ဟာ စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှု အမြောက်အမြား ကျူးလွန်နေတာကို မသိကျိုးကျွံလုပ်နေတယ်။ မြန်မာပြည်သူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတာကို စာနာမှုမရှိဘဲ လက်ပိုက်ကြည့်နေကြတယ်။ အခု အကြမ်းဖက် စစ်ကောင်စီရဲ့ ထွက်ပေါက်အဖြစ် လုပ်မယ့် ၂၀၂၅ခရွေးကောက်ပွဲအတုကို တရုတ်-အာဆီယံတို့က အားပေးနေတာ သတိပြုကြရမယ်။ ထိုင်းနိုင်ငံအပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံတွေဟာ မြန်မာ့အရေးအတွက် မြန်မာပြည်သူတွေဘက်က ထောက်ခံမှု မပြုဘဲ အာဏာရှင် စစ်အစိုးရတွေဘက်ကပဲ အမြဲရပ်တည်ခဲ့တာ တွေ့ရတယ်။ အခုအချိန်အထိ တရုတ်-အာဆီယံနိုင်ငံတွေက မြန်မာစစ်ဘေးသင့်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီ တိုက်ရိုက်မပေးခဲ့ဘူး။ တရုတ်နဲ့ အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးမှာ မြန်မာပြည်သူတွေဘက်က မရပ်တည်ဘဲ၊ စစ်ကောင်စီဘက်က ရပ်တည်ခဲ့တာဟာ အလွန်စိတ်ပျက်ဖွယ် ဖြစ်တယ်။ သူတို့အနေနဲ့ ကိုယ်ကျိုးစီးပွားကိုသာ ပဓါနထားခဲ့ကြတဲ့အတွက် သူတို့ရဲ့ မြန်မာ့အရေး မူဝါဒတွေဟာ အလွဲလွဲအချော်ချော် ဖြစ်နေတာ တွေ့ရတယ်။

တရုတ်နဲ့ အာဆီယံဟာ မြန်မာလူထုဘက်က မရပ်ဘဲ စစ်အာဏာရှင်ဘက်ကပဲ အစဉ်တစိုက် ရပ်တည်ခဲ့ကြတာကို ကြည့်ရင် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိသွားမှာ မလိုလားကြောင်း တွေ့နိုင်တယ်။ ဒါကြောင့် မြန်မာ့အရေးဟာ အဓိကအားဖြင့် ကိုယ့်အားကိုယ် အားကိုးကြရမှာ ဖြစ်တယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးအင်အားစုများနဲ့တကွ တိုင်းရင်းသား EAOs အဖွဲ့အားလုံး သွေးစည်းညီညွတ်ကြရေးဟာ လက်ရှိအချိန်အတွက် အလွန်အရေးကြီးပါတယ်။

လက်ရှိ သွေးစည်းညီညွတ်မှုကြောင့် စစ်ရေးအသာစီး ဆက်တိုက်ရရှိနေတဲ့ အခင်းအကျင်းမျိုး နောက်တကြိမ် ထပ်ရဖို့ မလွယ်ပါဘူး။ အချိန်ဆွဲတာနဲ့အမျှ စစ်တပ်ဘက်က ပြင်ဆင်ချိန်ပိုရသွားနိုင်တယ်။ ဒီနှစ်အတွင်းမှာ တော်လှန်ရေးအောင်ပွဲ အရယူဖို့  စီမံချက်ဆွဲသင့်ပြီ ဖြစ်တယ်။ စစ်အနိုင်တိုက်ရေးသည် ပထမ ဖြစ်ပါတယ်။  တရုတ်နဲ့ အာဆီယံရဲ့ နိုင်ငံရေးဖိအားပေးမှုတွေဟာ စစ်ကောင်စီတပ် အသက်ရှူခွင့်ရဖို့ အချိန်ဆွဲပေးတာ ဖြစ်တယ်။ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် PDFs အဖွဲ့တွေနဲ့ EAOs အဖွဲ့တွေ မူလ ရည်မှန်းချက်ကနေ သွေဖည်စရာ မရှိကြောင်း စစ်မြေပြင် အောင်ပွဲတွေက သက်သေပြနေပါတယ်။

ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အခွင့်သာခိုက်မှာ အပြီးအပြတ် ချေမှုန်းဖို့ နွေဦးတော်လှန်ရေးအဖွဲ့အားလုံးနဲ့  PDFs အဖွဲ့တွေနဲ့ EAOs အဖွဲ့တွေ ဆုံးဖြတ် တိုက်ပွဲဝင်နေခြင်းအပေါ်  ပြည်သူလူထုကလည်း အင်တိုက်အားတိုက် ထောက်ခံနေတာ တွေ့ရတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှု ပြည့်ပြည့်ဝဝ ရရှိထားတဲ့အတွက် နွေဦးတော်လှန်ရေး အောင်ပွဲကို ဒီနှစ်အတွင်း မြင်ရမယ်လို့ ယုံကြည်ပါတယ်။ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးအပြတ် ချေမှုန်းနိုင်မှသာ တိုင်းရင်းသားပြည်သူအားလုံးရဲ့  လူမှုဘ၀တွေ လွတ်မြောက်နိုင်မှာ ဖြစ်တယ်။  ဒါကြောင့် တော်လှန်ရေး အရှိန်ကျဆင်းအောင် မလုပ်မိကြဖို့ "စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံရေးအင်အားစုများ" အနေနဲ့လည်း သတိပြု ဆင်ခြင်ကြစေလိုတယ်။ အရေးတော်ပုံ အောင်နေပြီ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar