Breaking News

ကိုလှိုင်းသစ် - ကျွန်တော်နှင့်စာအုပ်စုခြင်း/ စာအုပ်အဟောင်းများနှင့် ကျွန်တော်

 

Photo- Eleven Media

ကျွန်တော်နှင့်စာအုပ်စုခြင်း/ စာအုပ်အဟောင်းများနှင့် ကျွန်တော် 

(စာအကြောင်း ပေအကြောင်း စာအုပ်အကြောင်း)

ကိုလှိုင်းသစ်

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၀

တကယ်တော့ ကျွန်တော်က စာအုပ်တွေကို Collector တစ်ယောက်လို စုဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ သာမာန်စာဖတ်ဝါသနာပါသူတစ်ယောက်ပါပဲ။ အိမ်မှာအရင်တုန်းက အဖေဖတ်တဲ့စာအုပ်အဟောင်းတွေရှိတယ်။ ကျွန်တော်ကလည်း ကျွန်တော်ဖတ်ချင်တဲ့စာအုပ်တွေ ဝယ်ဖတ်တယ်၊ အဖေရော ကျွန်တော်ရော စာအုပ်ကိုင်တာစည်းကမ်းရှိလို့ အိမ်မှာ စာအုပ်တွေစည်းကမ်းတကျနဲ့သိမ်းဖြစ်သွားတာပါပဲ။ Family library ကြီးလုပ်ဖို့၊ ရသမျှ ရှားပါးစာအုပ်တွေစုမယ်တို့ စတဲ့ရည်မှန်းချက်ကြီးကြီးမားမားတွေ မရှိခဲ့ပါ။ စာအုပ်တွေစည်းကမ်းတကျသိမ်းလို့သာ စာအုပ်တွေစုံခဲ့တာပါ။ တခေတ်တချိန်တုန်းက ရှားပါးဆိုတဲ့စာအုပ်တွေ၊ စာပေစိစစ်ရေးကြောင့် တချိန်တုန်းက ပြန်ထုတ်ခွင့်မရတော့တဲ့စာအုပ်တွေ အိမ်မှာအများကြီးပေါ့။

၂၀၁၅ ခုနှစ်လောက်က အကြောင်းကိစ္စရှိလို့ စာအုပ်တွေပြန်မကြည့်နိုင်ချိန်မှာ ကိုယ့်စာအုပ်တွေ တော်တာ်များများ ခြကိုက်ခံခဲ့ရတယ်။ ရှားပါးစာအု ပ်တွေ တော်တော်ပါသွားခဲ့တယ်။ စာအုပ်သမားတိုင်း ကြုံတွေ့ရတဲ့ ပြသနာတစ်ခုပေါ့။ တော်တော်ခံစားခဲ့ရတယ်။ ပျက်စီးသွားတဲ့စာအုပ်တွေအကုန်လုံးက ဒီဘက်ခေတ်မှာ ပြန်ထွက် ထားတာကြီးပါပဲ။ ဒါပေမယ့် ကိုယ်မလိုချင်ဘူး၊ အိမ်မှာရှိခဲ့တဲ့အဟောင်း Ver ကိုပဲ ပိုလိုချင်ခဲ့တယ်။ အဲဒီလိုနဲ့ပဲ စာအုပ်အဟောင်စျေးကွက်၊ စာအုပ်အဟောင်းလောကနဲ့ ကျွန်တော်ဆက်စပ်မိသွားခဲ့တယ်။ အဲဒီအချိန်မှာ ပန်းဆိုးတန်းစာအုပ်အဟောင်းတန်းဆိုတာ အရင်လိုမဟုတ်တော့ဘဲ စာအုပ်ဆိုင်နည်းနည်းပဲရှိတော့တယ်။ ပန်းဆိုးတန်းလမ်း၊ ဗန္ဓုလနဲ့ကုန်သည်ကြားဘလောက်မှာ စာအုပ်ဆိုင်နည်းနည်းနဲ့ ၃၇ လမ်းမှာ အဟောင်းဆိုင် နည်းနည်းပဲ ရှိတယ်။ တချိန်ကနာမည်ကြီးခဲ့တဲ့ ပန်းဆိုးတန်းစာအုပ်တန်းဆိုတာ ကျဆုံးခဲ့ပြီလို့ပဲမြင်မိတယ်။ တချိန်တုန်းက ပန်းဆိုးတန်းစာအုပ်တန်းဆိုတာ လိုချင်တဲ့စာအုပ်ကို အလွယ်တကူရှာလို့ရတဲ့ နေရာပေါ့။ စာအုပ်တန်းလျှောက်လိုက် တစ်ဆိုင်မဟုတ်တစ်ဆိုင်မှာ ကိုယ်လိုချင်တဲ့စာအုပ်ရမှာပဲ။ အခု စာအုပ်တန်းဆိုတာကတော့ လိုချင်တဲ့စာအုပ်ရှာဝယ်ရင် မရဖို့များတယ်။ ဝါသနာပါလို့ ဆိုင်တွေလိုက်ကြည့်ပြီး ကြိုက်တဲ့စာအုပ်ဝယ်တာမျိုးလောက်ပဲရတော့မယ်။ ဆိုင်တွေနည်းသွားတာရယ်၊ စာအုပ်အဟောင်း ရှားသွားတာရယ်ပါကြောင့်ပါပဲ။

စာအုပ်အဟောင်းရှားသွားတာကလည်း တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ ပုဂံစာအုပ်တိုက်၊ ဟံသာဝတီစာအုပ်တိုက်၊ နံ့သာတိုက်၊ မြစာပေ၊ ကျော်လင်းစာပေ အစရှိတဲ့စာအုပ်တိုက်ကတွေက ထုတ်ခဲ့ကြတဲ့စာအုပ်တွေက နှစ်ကာလကြာလာတာနဲ့အမျှ ပျက်စီးဆုံးရှုံးကုန်ကြလို့ပဲပြောရမှာပေါ့။ ခြကိုက်၊ ပိုးကိုက်၊ ပျက်စီး ပျောက်ဆုံး အများကြီးပေါ့။ ကျွန်တော်ဆို စာအုပ်ကို ဘီဒိုနဲ့သေသေချာချာထားတာတောင်မှ သတိလွတ်သွားတဲ့အချိန်၊ ပြန်မကြည့်နိုင်တဲ့အချိန် ခြကိုက်ခံလိုက်ရတယ်။ နောက်တစ်ခုက ခြမကိုက်အောင် ဂရုတစိုက်ထားလို့ရပေမယ့် ပိုးမကိုက်အောင်ထားလို့မရတာပါပဲ။ စာအုပ်တွေ ပိုးကိုက်ပြီး ပျက်စီးဆုံးရှုံးကုန်တာတွေရှိပါတယ်။ စာအုပ်မှာကပ်တဲ့ကော်ဟာ အချိန်ကြာလာတာနဲ့အမျှ ပိုးအဖြစ်ကို ပြောင်းလဲသွားတယ်လို့လည်း ကြားဖူးပါတယ်။ 

တချို့စာအုပ်အဟောင်းရောင်းသမားတွေကတော့ အချိန်ကုန်သက်သာ၊ အရင်းအနှီးနည်း၊ တပြိုင်နက်တည်း အခြားစီးပွားရေးပါလုပ်လို့ရတဲ့ Online စျေးကွက်ကို ရောက်လာကြတယ်။ ဆုံးရှုံးသွားတဲ့ ကျွန်တော့်စာအုပ်တချို့တဝက်ကို Online စျေးကွက်က ဝယ်လို့ရခဲ့တယ်။ ငွေလည်း တော်တော်သုံးလိုက်ရတယ်။ အဲဒီကျမှ တဖြည်းဖြည်းနဲ့စာအုပ်အဟောင်းတွေအကြောင်း စာအုပ်အဟောင်းစျေးကွက်အကြောင်း သိလာခဲ့တယ်။ စာအုပ်ချင်းအတူတူ ပထမအကြိမ်ထုတ်က တန်ဘိုးရှိတယ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်တွေ ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် ပထမအကြိမ် (First Edition) ဟာ တန်ဘိုးအရှိဆုံးပဲ။ ပထမအကြိမ်ရှိလို့သာ ဒုတိယ အကြိမ်၊ တတိယအကြိမ်ဆိုတာ ရှိတာလို့ဆိုကြတယ်။ 

မိတ်ဆွေစာရေးဆရာတစ်ယောက်က ရေးဖူးတယ်။ စာအုပ်အဟောင်းမှာ အဖုံးကအဓိကပဲ၊ အဖုံးကောင်းရမယ်၊ ပန်းချီကောင်းရမယ်၊ စာစုံရမယ်၊ အပြဲအနာချုပ်ရာမပါဘူးဆိုရင် စျေးကောင်းတယ်လို့ရေး တာလေးဖတ်ဖူးပါတယ်။ လက်ရှိစာအုပ်အဟောင်းလောကမှာလဲ အဲဒီပုံစံဖြစ်နေတာကို တွေ့ရတယ်။ စာအုပ်အဟောင်းတစ်အုပ်ဟာ အဖုံးသန့်မယ်၊ စာစုံမယ် စာရေးဆရာနဲ့စာအုပ်က နည်းနည်းနာမည်ကြီးမယ်ဆိုရင် စျေးကောင်းတာကိုတွေ့ရတယ်။ စာရေးဆရာနဲ့ စာအုပ်နာမည်ကြီးမှုပေါ်မူတည်ပြီး စျေးနည်းနည်းကွာတာပဲရှိမယ်။ အဖုံးမပါ၊ Condition မကောင်းတဲ့စာအုပ်တွေက နာမည်ကြီးစာအုပ်ဖြစ်စေဦးတော့ စျေးနည်းတာကိုတွေ့ရတယ်။ အဖုံးက အဓိကဖြစ်တာပါ။ အဲဒီပုံစံက စာအုပ်စျေးကွက်မှာ ၂၀၁၀ လောက်မှာ စပြောင်းလဲသွားတယ်လို့ သူကဆက်ရေးထားတယ်။ ဖြစ်နိုင်ပါတယ်၊ ၂၀၁၀ နောက်ပိုင်း စာပေစိစစ်ရေးက စပြီးဖြေလျော့လာတဲ့အချိန်မှာ တချိန်တုန်းက ပြန်ထုတ်ခွင့်မရတဲ့စာအုပ်တွေ တော်တော်များများ ပြန်ထွက်လာတယ်။ တစ်ချိန်တုန်းက ပြန်ထုတ်ခွင့်မရလို့ စျေးကြီးပေးဝယ်ရတဲ့ စာအုပ်တွေ၊ မိတ္တူပဲဖတ်ရတဲ့စာအုပ်တွေ အများကြီးပြန်ထွက်လာတယ်။ ၂၀၁၂ နောက်ပိုင်းမှာ စာပေစိစစ်ရေးဖျက်သိမ်းတယ်။ တချိန်တုန်းက စာအုပ်အကောင်းတွေ အများကြီးပြန်ထွက်လာတယ်။ သိန်းဖေမြင့်ရဲ့သပိတ်မှောက်ကျောင်းသားလိုစာအုပ်တွေ၊ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာလိုစာအုပ်တွေ ပြန်ထွက်လာတယ်၊ အလွယ်တကူဝယ်ဖတ်လို့ရလာတယ်။ 

အဲဒီတော့ စာကိုပဲဖတ်ချင်တဲ့လူတွေအတွက်က ပြန်ထွက်တဲ့စာအုပ်တွေကို အလွယ်တကူ ဝယ်ဖတ်လို့ရလာတယ်။ သိမ်းချင်လည်း သိမ်းလို့ရလာတယ်။ ဒါပေမယ့် အဟောင်းမူကိုမှ သိမ်းချင်တဲ့လူတွေအတွက်ကတော့ စာအုပ်က အဖုံးပါမှတန်ဘိုးရှိတော့မှာလေ၊ စာကြီးပဲဆို အခုထွက်တဲ့မူကို ဝယ်ဖတ်လည်းရတာပဲလေ။ အဲဒီတော့ အဖုံးက အဓိကဖြစ်လာတယ်။ အဖုံးပါတာချင်းအတူတူတောင် နဂိုစာအုပ်အတိုင်းက စျေးတစ်မျိုး၊ အဖုံးကို ကဒ်ထူစက္ကူမှာ ထပ်ကပ်ပြီး ဘိုင်နင်ပြန်လုပ်တာက စျေးတစ်မျိုးဖြစ်လာတယ်။ နဂိုစာအုပ်အတိုင်းက စျေးပို ကောင်းတာပေါ့။ 

စာရေးဆရာကြီးတွေကိုယ်တိုင်လည်း စာအုပ်အဖုံးတွေကို တန်ဖိုးထားကြပါတယ်။ နာမည်ကြီးစာရေး ဆရာတစ်ယောက်အိမ်ကို ကိုယ်ကိစ္စတခုနဲ့ ရောက်သွားတော့ သူနာမည်ကြီးခဲ့တဲ့ စာအုပ်တွေရဲ့အဖုံးတွေကို မှန်ဘောင်သွင်းပြီး ချိတ်ထားတာကို တွေ့ရတယ်။ ဆရာမင်းသိင်္ခလည်း အရင်တုန်းက မြို့ထဲကသူ့ရုံးခန်းမှာ အဲဒီလို ချိတ်ထားတယ်လို့ ကြားဖူးပါတယ်။ စာအုပ်စုတဲ့သူတွေမှာ တချို့ Heavy Collector လို့ခေါ်ရမလားမသိ တချို့ကို တွေ့ဖူးတယ်။ ကိုယ် crazy ဖြစ်တဲ့စာရေးဆရာဆို ထွက်သမျှစာအုပ်ကို ထွက်သမျှအကြိမ်တိုင်း ဝယ်စုတာ တွေ့ရတယ်။ သူ့ဆီမှာ စာအုပ်တစ်အုပ်ကို ပထမအကြိမ်မှစပြီး ဒုတိယအကြိမ်၊ တတိယအကြိမ် အစရှိသဖြင့် နောက်ဆုံးထွက်တဲ့အကြိမ်အထိ ရှိတယ်။ နောင်တချိန် သုသေသနလုပ်တဲ့လူတွေအတွက် အဆင်ပြေလိမ့်မယ်။ ကိုယ်တော့ အဲဒီလောက်အထိမစုနိုင်ဘူး။ 

တချိန်တုန်းက နာမည်ကြီးခဲ့တဲ့စာအုပ်တွေကို ပြန်ထုတ်တာတွေနဲ့ပတ်သက်လို့ ၁၉၈၀ ကျော်ကနေ ၁၉၉၄ လောက်အထိကို တချိန်တုန်းက စာအုပ်အဟောင်းတွေ ပြန်ထုတ်တာနည်းတယ်လို့ပဲပြောရမယ်။ ၁၉၉၃ လောက်မှာ ပြုံးစာပေက တချိန်ကနာမည်ကြီးစာအုပ်အချို့ကို ပြန်ထုတ်ခဲ့ပေမယ့် စာအုပ် Quality မကောင်းလှ ဘူး၊ လိုင်းစာအုပ်သာသာပဲရှိခဲ့တယ်။ ၁၉၈၀ ကျော် ခုနှစ်တွေမှာ စာပေစိစစ်ရေးက ကျပ်တယ်ဆိုပေမယ့် အရမ်းကြီးမဆိုးလှဘူး။ စာပေစိစစ်ရေးမူနဲ့လွတ်ပြီး ပြန်ထုတ်လို့ရတဲ့ စာကောင်းပေကောင်းတွေ အများကြီး ရှိပေမယ့် ပြန်ထုတ်တာ နည်းတယ်လို့ပဲပြောရမယ်။ ခင်နှင်းယု၊ တက္ကသိုလ်ဘုန်းနိုင်တို့ရဲ့ စာအုပ်တွေလောက်သာ ပြန်ထွက်တာတွေ့ရတယ်။ စာအုပ်အပြင်အဆင် စာရွက်သားညံ့တယ်၊ လိုင်းစာအုပ်သာသာပဲရှိတယ်။ စာအုပ် အမှာ၊ ပုံနှိပ်မှတ်တမ်း အစရှိသဖြင့် အပြည့်အစုံမပါဘူး။ စာပေစိစစ်ရေးကျပ်တာက နဝတအစိုးရတက်တဲ့ နောက်ပိုင်း စာပေစိစစ်ရေးက ပြည်ထဲရေးလက်အောက်ကိုရောက်သွားတဲ့ အချိန်မှာကျပ်တာပါ။ 

၁၉၉၇ လောက်မှာတော့ တချိန်ကစာအုပ်အဟောင်းတွေထဲက ပြန်ထုတ်လို့ရတဲ့စာအုပ်တွေကို ကွန်ပျူ တာစာစီ၊ စာအုပ်အပြင်အဆင် ကောင်းကောင်း၊ စာရွက်သားကောင်းကောင်းနဲ့ ပြန်ထုတ်လာကြတာတွေ့ရတယ်။ စာအုပ်တိုက်တစ်တိုက်ဆိုရင် သူ့တိုက်ကထုတ်တဲ့စာအုပ်တွေကို စာအုပ်အပြင်အဆင်ကောင်းကောင်း၊ သပ်သပ်ရပ်ရပ်နဲ့ စာအုပ်တိုင်းမှာ အဲဒီစာအုပ်ရေးတဲ့ စာရေးဆရာရဲ့ အတ္ထုပတ္တိပါထည့်ထားပေးတာတွေ့ရတယ်။ ဒါတောင် တချို့တိုက်ကထုတ်တဲ့စာအုပ်တွေမှာ အရင်ကထုတ်ခဲ့တဲ့ Quality လောက်တောင် မလုပ်နိုင်တာမျိုး တွေ့ရတယ်။ တချိန်တုန်းက ၁ အုပ်တည်းထုတ်ခဲ့တဲ့စာအုပ်ကို ဒီဘက်ခေတ်နည်းပညာတွေ တိုးတက်လာတဲ့အချိန်မှာတောင် ၂ အုပ်၊ ၃ အုပ် ခွဲထုတ်ရတာမျိုးတွေ့ဖူးတယ်။ ခဲစာလုံးနဲ့ စာမျက်နှာ ၁၀၀ လောက် ရှိရင် ကွန်ပျူတာနဲ့ စာမျက်နှာ ၈၀ ကျော်လောက်ပဲဖြစ်သွားနိုင်တယ်။ အဲဒါကို ဘာဖြစ်လို့ ၂ အုပ် ၃ အုပ်ခွဲထုတ်ရလဲ မသိဘူး။ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်ဦးစံရှားပေါင်းချုပ်ကို ပုဂံစာအုပ်တိုက်နဲ့ တခြားစာအုပ်တိုက် ၁ ခု (စံလှစာအုပ်တိုက် ထင်ပါတယ်) တို့က ၁ အုပ်ထဲ ခန့်ခန့်ငြားငြားထုတ်နိုင်ခဲ့တယ်။ ဒါပေမယ့် ယနေ့မန္တလေးစာအုပ် တိုက်က ဒီဘက်ခေတ်မှာ ပြန်ထုတ်တဲ့အချိန်မှာ ၂ အုပ်ခွဲ ထုတ်ခဲ့ရတယ်။ သိန်းဖေမြင့် "အရှေ့ကနေဝန်းထွက်သည့်ပမာ" လည်း ဒီလိုပဲ၊ အရင်တုန်းက ၁ အုပ်တည်း ထုတ်ခဲ့တဲ့စာအုပ်ကို ဒီဘက်ခေတ်မှာ ၂ အုပ်တွဲ ခွဲထုတ်တာမျိုး၊ ဂျာနယ်ကျော်မမလေးရဲ့ ရင်နင့်အောင်မွှေးဆို တချိန်တုန်းက ၁ အုပ်တည်းထုတ်ခဲ့ပေမယ့် ပြန်ထုတ်တော့ ၃ အုပ် ခွဲထုတ်ရတာတွေရဖူးတယ်။ ဘာကြောင့်အဲလို ခွဲထုတ်ရတာလည်း စဉ်းစားလို့မရဘူး။ 

ဒီဘက်ခေတ်ရောက်လာတဲ့အချိန်မှာတော့ တချိန်တုန်းက နာမည်ကြီး၊ နာမည်မကြီး စာအုပ်မျိုးစုံကို Quality ကောင်းကောင်းနဲ့ ပြန်ထုတ်လာတာတွေ့ရတယ်။ ပေါင်းချုပ်ဆိုပြီး ထုတ်တာတွေလည်း အစုံပေါ့။ ရာပြည့်၊ စိတ်ကူးချိုချို၊ အမေ့ဥယျာဉ်၊ ငါတို့စာပေ၊ စာပေလောက၊ နှစ်ကာလများစာပေ၊ တိုးမြစ်စာပေ (မှတ်မိသလောက် ရေးလိုက်တာပါ) အစရှိတဲ့ စာအုပ်တိုက်တော်တော်များများဟာ တချိန်တုန်းက စာအုပ်ဟောင်း၊ စာအုပ်ကောင်းတော်တော်များများကို ပြန်ထုတ်လာကြတာတွေ့ရတယ်။ စာအုပ်အပြင်အဆင်တွေမှာလည်း သူ့ဟာနဲ့သူ ကောင်းလာကြတယ်။ ဒါပေမယ့်လည်း အဟောင်းစျေးကွက်ကတော့ရှိမြဲပါပဲ။ စာအုပ် အဟောင်းကိုမှ စုချင်တဲ့သူတွေကလည်း ရှိမြဲပါပဲ။ တချိန်ကနာမည်ကြီး ပုဂံစာအုပ်တိုက်ထုတ် စာအုပ်တွေ၊ ဟံသာဝတီတိုက်ထုတ်စာအုပ်တွေကို စီးရီးလိုက်စုဖို့ ကြိုးစားနေတဲ့သူက ကြိုးစားနေဆဲပါပဲ။ စာအုပ်အဟောင်းတွေလည်း စျေးကောင်းနေဆဲပါပဲ။ ဆရာမြသန်းတင့်ဘာသာပြန်တဲ့ စစ်နှင့်ငြိမ်းချမ်းရေးကို အခု အပြင်မှာဝယ်ရင် အသစ်တစ်စုံ (၂ အုပ်တွဲ)ကို ၂၅၀၀၀ိ/- လောက်နဲ့ရနိုင်ပါလျက်နဲ့ တစ်ချိန်က ပုဂံစာအုပ်တိုက်က ထုတ်တဲ့ ၁၂ အုပ်တွဲကိုမှ ရအောင်စုဝယ်တဲ့သူတွေအများကြီး၊ ၁၂ အုပ်လုံးစုံဖို့ ကြိုးစားစုနေတဲ့သူတွေအများကြီး။ ၁၂ အုပ် တွဲလုံး စုံဖို့မလွယ်သလို စုံရင်လည်း စျေးကသိန်းဂဏန်းအထက်မှာရှိပါတယ်။ ဒါပေမယ့် ယူမယ့်လူရှိလားမေးရင် ယူကြမယ့် စာအုပ် crazy သမားတွေ အများကြီးပါ။ 

တချိန်တုန်းက စာအုပ်ဟောင်းတစ်အုပ် စာရေးဆရာကလည်း နာမည်ကြီး၊ စာကလည်းကောင်း၊ စာအုပ်ကလည်းသန့်၊ အဖုံးကောင်း၊ ပိုးကိုက်ခြကိုက်မပါ၊ အသစ်အတိုင်းနီးပါး (သူတို့အခေါ် မှန်ကြည့်လို့ရတဲ့ Condition) ဆိုလို့ကတော့ စျေးမြင့်ပါတယ်။ စာမျက်နှာ သုံးလေးရာလောက်ရှိတဲ့ စာအုပ်တစ်အုပ်ကို ၅/၆ သောင်းအထိ ခေါ်ရောင်းတာတွေ့ဖူးပါတယ်။ ဝယ်တဲ့သူလည်း ဝယ်ပါတယ်။ တန်ဘိုးထားပြီး စုကြတာကိုး။ ဘာလို့လဲဆိုတော့ အဲဒီ Condit- ion မျိုးက ပြန်ရဖို့မှမလွယ်တာ။ ကြိုက်စျေးနဲ့ပဲ ရောင်းဝယ်နေကြတယ်လို့ပဲ မြင်မိပါတယ်။ စျေးကွက်လို့လည်း ပြောလို့မရဘူး။ စျေးကွက်ဆိုတာ ပစ္စည်းရှိမှ စျေးကွက်လို့ခေါ်လို့ရတာလေ။ တလောကဆရာမြသန်းတင့်ရဲ့ နာမည်ကြီးစာအုပ်ဟောင်းတစ်အုပ် (စာအုပ်အသန့်)ကို တစ်သိန်းနဲ့ရောင်းလို့ စာအုပ်အဟောင်းလောကမှာ  ညံသွားတာလေး ကြားလိုက်မိတယ်။ ကြိုက်စျေးနဲ့ ရောင်းဝယ်နေကြတယ်လို့ပဲ မြင်မိပါတယ်။ အဲဒီစာအုပ်၊  အဲဒီ Condition မျိုးကို ထပ်ရှာလို့ရဖို့ လွယ်မှမလွယ်တာ။ စျေးကွက်လို့လည်း ပြောလို့မှမရဘဲ၊ ပစ္စည်းမှ မရှိတာ။ စာအုပ်အဟောင်းရောင်းတဲ့သူဘက်ကလည်း စာအုပ်ကောင်းတစ်အုပ်ရဖို့ သူ မလိုချင်တဲ့စာအုပ်တွေ၊ သူ့အတွက် အသုံးမတည့်မယ့်စာအုပ်တွေပါ ဝယ်ရတဲ့အတွက်လည်း သူ့မှာပေးလိုက်ရတဲ့ အရင်းအနှီးတွေ ရှိပါတယ်။ အဲဒါကြောင့်လည်း တခါတလေ စာအုပ်အဟောင်းစျေးက မြင့်တဲ့အခါမြင့်ပါတယ်။ ပြီးတော့ စာအုပ်အဟောင်းတွေမှာ စာရေးဆရာလက်မှတ်ပါရင် ပိုပြီးတန်ဘိုးကြီးပါတယ်။ ဆရာမကြီးလူထုဒေါ်အမာ လက်မှတ်ပါတဲ့ စာအုပ်အဟောင်း ၂ အုပ်တွဲကို တစ်သိန်းနဲ့ Online မှာရောင်းတာ တွေ့လိုက်ရတယ်။ ကျွန်တော် ကိုယ်တိုင်လည်း လိုတဲ့စာအုပ်အဟောင်းတွေ ဝယ်စုရင်းနဲ့ နာမည်ကြီးစာရေး ဆရာ တချို့ရဲ့လက်မှတ်ပါတဲ့ စာအုပ်တွေ ရလိုက်တာတွေရှိပါတယ်။ 

    တချို့စာအုပ်အဟောင်းတွေမှာ ရှေ့စာမျက်နှာကို သပ်သပ်ရပ်ရပ် ဖြဲထားတာလေးတွေတွေ့ရတတ်ပါ တယ်။ အဲဒါက စာရေးဆရာ၊ ထုတ်ဝေသူ အစရှိသဖြင့် သူတို့အချင်းချင်း နာမည်ရေးပြီးလက်ဆောင်ပေးတာမျိုးမှာ အချိန်ကာလကြာလာတာနဲ့အမျှ အကြောင်းအမျိုးမျိုးကြောင့် အဲဒီစာအုပ်တွေကို ရောင်းချလိုက်ရတာ မျိုးတွေရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ကိုလက်ဆောင်ပေးထားတဲ့ စာအုပ်မှန်းမသိအောင်လို့ နာမည် ရေးထားတဲ့စာမျက်နှာကို ဖြဲလိုက်တာမျိုး ရှိတတ်ပါတယ်။ 

စာအုပ်စုဆောင်းသူတွေ၊ စာရေးရေးဆရာတွေဟာ မိမိတို့စုဆောင်းထားတဲ့စာအုပ်တွေကို အကြောင်းအမျိုးမျိုးကြောင့် ရောင်းချလိုက်ရတာမျိုးတွေ ရှိပါတယ်။ ဆရာနတ်နွယ်ကတော့ သူ့စာအုပ်တွေကို ထားစရာမရှိ၍ တစ်ကြောင်း၊ စားစရာမရှိ၍တစ်ကြောင်းကြောင့် ၃/၄ ကြိမ်လောက် ရောင်းခဲ့ရကြောင်း၊ ပြီးတော့မှ သူ့စာအုပ်လေးကို ပိုင်ရှင်နှစ်ဆက်သုံးဆက်ပြောင်းပြီးတော့မှ စာအုပ်အဟောင်းဆိုင်မှာတွေ့လို့ ပြန်ဝယ်ခဲ့ရကြောင်းလေးရေးထားတာ ဖတ်ဖူးပါတယ်။ စာအုပ်အဟောင်းတွေက ထားစရာနေရာမရှိလို့ပဲဖြစ်ဖြစ်၊ ငွေကြေးအခက်အခဲကြောင့်ပဲဖြစ်ဖြစ်၊ ဆက်လက်မထိန်းသိမ်းနိုင်တော့လို့ပဲဖြစ်ဖြစ်၊ စာအုပ်စုဆောင်းသူ ကာယကံရှင်ကွယ်လွန်သွားတဲ့အချိန်မှာ ကျန်ရှိသူတွေက ဆက်မထိန်းသိမ်းချင်၊ မထိန်းသိမ်းနိုင်တော့လို့ပဲဖြစ်ဖြစ်၊ စာကြည့်တိုက်တွေ၊ စာဖတ်ခန်းတွေ ဖျက်သိမ်းလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ရောင်းချခြင်းခံရပါတယ်။ ဘော်တယ်ကုလားဆီကို ရောက်မသွားရင်ပဲ ကျေနပ်ပါပြီ။ အဟောင်းတန်းကနေ ကိုယ်ဝယ်လာတဲ့ စာအုပ်တစ်အုပ်မှာ နိုင်ငံတော်ပိုင်ဖြစ်သည်လို့ တံဆိပ်နှိပ်ထားတာလေးတွေ့တော့ ပြုံးမိပါသေးတယ်။ အချိန်ကာလတွေ ဘယ်လိုပဲပြောင်း ပြောင်း၊ နည်းပညာတွေ ဘယ်လိုပဲပြောင်းပြောင်း စာအုပ်လောကနဲ့ စာအုပ်တွေ ဆက်လက်တည်တံ့ပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ်။

ကိုလှိုင်းသစ်

2-10-2020 

10:17 PM