Breaking News

စိုးခိုင်ညိန်း ● ဝေဒနာနုပဿနာ

 စိုးခိုင်ညိန်း ● ဝေဒနာနုပဿနာ
(မိုးမခ) ဧပြီ ၂၁၊ ၂ဝ၁၉

တရက်က ဆေးရုံက ဖုန်းဆက်ပါသည်။ A သွေးလိုနေ၍ လှူမလားဟု လှမ်းမေးခြင်းဖြစ်သည်။ ဒီဆေးရုံလေးမှာ ကျွန်တော် ပထမတခါ သွေးလှူခဲ့တုန်းက နောက်ဆိုရင် A သွေးလိုရင် ဖုန်းဆက်ပါဟု မှာထားခဲ့သောကြောင့် ဆက်ခြင်းဖြစ်ပါသည်။ ကျွန်တော်သည် သွေးလှူနေရင်းက လူနာတွေ၊ နပ်စ်မလေးတွေဖြင့် စည်ကားရှုပ်ထွေးနေသောဆေးရုံကို ကြည့်ကာ ဆေးရုံ၊ ဆေးခန်းဆိုတာ လူမစည်းကားအပ်တဲ့အရပ်ပဲဆိုသောစကားကို သတိရနေမိပါသည်။ ကျွန်တော်သည် ဆေးရုံရက်ရှည် မတက်ဘူးပေမယ့် ဆေးရုံတက်သည့် သူငယ်ချင်းအပေါင်းအသင်းတယောက်ယောက်တက်သည့်အခါမျိုးမှာ လူနာစောင့် အဖြစ် မကြာခဏ စောင့်ပေးခဲ့ရဘူးသောကြောင့် ဆေးရုံမှာတွေ့ရတတ်သောမြင်ကွင်းများနှင့် မစိမ်းပါ။ လူနာပေါင်းများစွာ ကိုလည်း ပုံစံအမျိုးမျိုးဖြင့် မြင်ဘူးပါသည်။ တချို့လူနာက ကြည့်ရမြင်ရသည်ပင် စိတ်မသက်သာစရာကောင်းလောက်အောင် ဆိုးဆိုးဝါးဝါးပုံစံ ဖြစ်သည်။

မန္တလေးမှာ နေစဉ်တုန်းက အတူနေသူငယ်ချင်းတယောက် ည ၁ နာရီလောက်မှာ ဗိုက်ထဲက မခံမရပ်နိုင်လောက်အောင့်ပြီး နာသောကြောင့် ဆေးရုံသို့ ချက်ချင်းလိုက်ပို့ခဲ့ဘူးသည်။ ဆေးရုံရောက်တော့ ဆရာမက ကျွန်တော့်ကိုလူနာထင်ပြီး ဘာဖြစ် လို့လဲ မေးပါသည်။ လူနာက ကျွန်တော်မဟုတ်ဘူးဗျ၊ သူပါဟု ကျွန်တော့်သူငယ်ချင်းကို ထိုးပြရပါသည်။ အဲသည်တုန်းက ကျွန်တော့်ပုံစံက အတော်ပိန်ပြီး ချိနဲ့နဲ့ လူမမာရုပ်ပုံစံဖြစ်သည်။ ဆရာမက လူနာထင်မည်ဆိုလည်း ထင်စရာပင်၊ ဗိုက်အောင့် သည့် ကျွန်တော့်သူငယ်ချင်းက ထောင်ထောင်မောင်းမောင်းနဲ့ ခပ်တောင့်တောင့်ပုံစံဖြစ်သည်။ လူမမာပုံစံနဲ့ နည်းနည်းမှ မတူ။

ပြီးခဲ့သည့် တပတ်ကျော်လောက်က ကျွန်တော် ဆိုင်ကယ်မတော်တဆဖြစ်လိုက်သေးသည်။ ကြီးကြီးမားမားတော့ ထိခိုက် ဒဏ်ရာမဖြစ်လိုက်၊ ဒူးကွဲရုံ ပွန်းရုံပဲ့ရုံပဲ ဖြစ်သည်။ သို့သော် လက်ကိုင်နဲ့ စောင့်မိသည့်ဒဏ်ကြောင့် ညာဘက်ရင်ဘတ်က အတော်လေး အောင့်သွားသည်။ ညာဖက်လက်ကလည်း အပေါ်မြောက်သည့်အခါမှာ အောင့်သည်။ ဒါက ဒုတိယအကြိမ် မြောက် ဆိုင်ကယ်မတော်တဆဖြစ်ခြင်းဖြစ်သည်။ ပထမအကြိမ်တုန်းကတော့ အတော်လေး ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာ ဖြစ် သည်။ သတိမေ့သလိုလိုပင် ဖြစ်သွားခဲ့တာ ဖြစ်သည်။

ပြန်စဉ်းစားကြည့်မိတော့ အခုထိ မသေသေးတဲ့ကိုယ့်အဖြစ်ကို အံ့သြနေမိသေးသည်။ သေမယ်ဆို သေခဲ့သင့်တဲ့ အဖြစ်ပါ လားဟုအတွေးက မကြာခဏ စိတ်ထဲရောက်ရောက်လာသည်။ ပထမတခါ ဆိုင်ကယ်မတော်တဆဖြစ်ခဲ့သည့်ကိစ္စသည် သေခြင်းတရားနဲ့ အတော်ကိုပဲ နီးနီးကပ်ကပ်တွေ့ခဲ့ရသည့်အဖြစ်ပဲဟု သဘောပေါက်ထားမိသည်။ အဲဒီတုန်းက တကယ်လို့ များသေခဲ့ရင် အခုချိန် ငါ ဘယ်ဘဝရောက်လို့ ငါဘယ်လိုများ ဖြစ်နေမှာပါလိမ့်လို့ သေခြင်းတရားကို အောက်မေ့ဆင်ခြင်နေ မိသည်။ အဲဒီတုန်းက မသေရင်တောင် ကြီးကြီးမားမား ထိခိုက်မှုနဲ့ ကျိုးခဲ့ပဲ့ခဲ့မယ်ဆိုရင်လည်း အခုချိန်မှာ ဘဝကို သေတာနဲ့ မခြား စိတ်ပျက်နေမိလိမ့်မည် ထင်ပါသည်။ ကံကောင်းထောက်မ၍ ပြင်းပြင်းထန်ထန် ထိခိုက်မှုမဖြစ်ခဲ့၊ မေးမှာ ခြောက် ချက်ချုပ်၊ လက်မောင်းမှာ ငါးချက်ချုပ်ရရုံလောက်သာ ဒဏ်ရာရခဲ့သည်။ ဆေးရုံထဲကို လိုက်ကြည့်လိုက်တော့ ကျွန်တော့် ထက် အခြေနေဆိုးသည့် လူနာများကို တွေ့ရတော့မှပဲ စိတ်သက်သာရာ ရခဲ့ခြင်းဖြစ်သည်။ တဖက်ကုတင်မှ လူနာ၏ ဝေ ဒနာကို မခံမရပ်နိုင်စွာ ညီးညူနေသောအသံ၊ ခြေထောက်တဖက် ကြေမွနေသော ကလေးတယောက်၏ အော်ဟစ်ငိုနေ သော အသံတို့သည် အလွန်စိတ်မသက်သာစရာ ကောင်းလှသည်။ 

အတွင်းဒဏ်ရာအချို့က အခုချိန်ထိ မပျောက်ချင်သေး။ အထိုင်အထလောက်မှာ လက်ပြင်ကြောနဲ့ ရင်ဘတ်ဆီက အောင့် အောင့် နေသေးသည်။ လည်ပင်းကလည်း ဘယ်ဘက်ကို စောင်းကြည့်သည့်အခါမှာ အပြည့်အဝစောင်းလို့မရသလို အောင့် သလိုမျိုး နာကျင်ခံစားနေရသေးသည်။ အခုရက်ပိုင်းမှာတော့ ခန္ဓာကိုယ်ပေါ်မှ ခံစားနေရသောဝေဒနာကိုပဲ စိတ်က အချိန် ပြည့်လိုလို ရောက်နေသည်။ ဝေဒနာကို တရားကျအောင် ရှုပွားနေမိတာမျိုးတော့မဟုတ်၊ နာကျင်မှုကို အလိုမကျခြင်း စိတ်ခံ စားမှုမျိုးသာ ဖြစ်သည်။

ထိုအဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်မိတိုင်း သေတောင်သေခဲ့သင့်တဲ့အဖြစ်ပဲလို့တွေးမိပြီး အခုလို ဒဏ်ရာလောက်နဲ့ပဲ ပြီးခဲ့တာကိုပဲ ဝမ်းသာရမှာပဲလို့ ဖြေတွေးမိကာ မသေခဲ့တဲ့ဘဝ၏ ကံတရားကို အံ့သြနေမိသည်။ ဒါဟာ အဲသည်နေ့ရက်မှာ သေရမဲ့ကံ မပါလာသေးလို့ပဲဟု နားလည်လိုက်မိသည်။ သေခြင်းတရားသည် နေရာမရွေး၊ အချိန်မရွေး အလစ်ငိုက် ဝင် ရောက်လာတတ်သောအရာဖြစ်သည်။

သတိတရား၊ ဉာဏ်ပညာတို့ဖြင့် ရှင်သန်နေရခြင်းကို တည်ဆောက်ကာ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်တတ်သော ရန် သူ၏ရန်ကို ခံတပ်ကောင်းကောင်းဖြင့်တည်ဆောက်ကာ စောင့်ကြည့်နေပါမှ တော်ကာကျပေလိမ့်မည်။ ထိုကဲ့သို့ ကျွန်တော် က စဉ်းစားနေမိသည်။

အခုလို သေရမည့်အဖြစ်မှ ပွတ်ကာသီကာလေး လွတ်လာကာမှပဲ ကျွန်တော်သည် သေခြင်းတရားကို အထိပ်ထိပ် အလန့် လန့်ဖြင့် အဖန်ဖန်အထပ်ထပ် စဉ်းစားနေမိခြင်း ဖြစ်သည်။ အခုအရွယ်အထိ ကျန်းမာရေးနဲ့ပတ်သက်လျှင် ကျွန်တော့်မှာ ဘာမှ ဆိုးဆိုးရွားရွား တခါမှမဖြစ်ခဲ့ဘူး။ ဆေးရုံ၊ ဆေးခန်းတွေဆီ မရောက်ခဲ့ရ၊ ကြီးကြီးမားမား ရောဂါစသည်တွေလည်း မဖြစ်ခဲ့ဘူးတော့ သေခြင်းတရားကို မေ့မေ့လျှော့လျှော့ ဖြစ်ခဲ့တာ ဖြစ်သည်။ ချောင်းဆိုး၊ နှာဆေးတာလောက်ကိုဖြင့် ကျွန် တော်က ရောဂါလို့ပင်မထင် ဘာဆေးမှမသောက်ဖြစ် ဒီအတိုင်းပေနေလိုက်ကာ သူ့ဟာသူ ပျောက်သွားတာပဲ ဖြစ်သည်။ အနည်းငယ် ဖျားတာလောက်ကိုတော့ ဆေးဝယ်သောက်လိုက်တာနဲ့ ပျောက်သည်။

အခုကတော့ဖြင့် ပေါ့ပေါ့ဆဆ မနေရဲတော့၊ ခန္ဓာကိုယ်က ထိခိုက်ထားသည့် ဒဏ်တွေဖြင့် နဂိုမူလ အတိုင်း မဖြစ်သေးဟု စိတ်က ထင်နေသည်။ ဒါဟာ သတိတချက် လွတ်သွားတာကနေ ဖြစ်သွားရတာပဲဟု ကိုယ့်ဟာကိုယ် အပြစ်ဖို့နေမိသည်။ အဲသည် လွတ်သွားသည့် သတိတချက်လေးက သေသွားနိုင်သည်။ မသေတောင် ကြီးကြီးမားမား ထိခိုက်ကျိုးကြေသွား နိုင်သည်။ အခုတော့ အရာရာကို သတိတရားဖြင့်သာ စောင့်ကြည့်နေမိတော့သည်။ အသက်ကို ဉာဏ်စောင့်သည်ဟု ဆိုပါ သည်။ စောင့်လည်း စောင့်သင့်ပါသည်။ တန်ဖိုးအကြီးဆုံးဆိုသည့်အရာများကို ခံစားဖို့ သုံးဆောင်ဖို့အတွက် အသက်ရှင် သန်နေဖို့ လိုအပ်ပါသည်။ ထိုကြောင့် အသက်သည် တန်ဖိုးအရှိဆုံးဟု ဆိုရမည်။ ဘဝတခု၊ အသက်တခု ရှင်သန်နေလျှင် လိုချင်တာကို ကြိုးစားဖန်တီးယူ၍ ရနိုင်သည်။ အသက်မှ မရှိ၊ ဘဝမှ မရှိတော့လျှင်တော့ အရာအားလုံး ဆုံးရှုံးသွားပေပြီ။ ဘာကိုမှ လုပ်ယူ၍ မရနိုင်တော့။

လူဆိုသည်မှာ သေမျိုးပဲ ဖြစ်သည်။ လူမှမဟုတ် သက်ရှိသတ္တဝါအားလုံး တနေ့တော့ သေဆုံး ရမည်ပဲ ဖြစ်သည်။ ထာဝရ ရှင်သန်နေသူဟူ၍ မရှိ၊ စောစောသေရတာနဲ့ နောက်ကျမှသေရတာ ဒါပဲကွာသည်။ အားလုံးကတော့ သေရမည်ပင်။ တနေ့ သေရမည့်အတူတူ အသက်ကို ဘာစောင့်ရှောက်နေစရာလိုမလဲဟူ၍ စောဒကတက်၍ မရနိုင်။ လူတိုင်းက အသက်ရှည်ရှည် နေချင်ကြသည်။ ဖြစ်နိုင်လျှင် ဘယ်သူမှပင် မသေချင်ကြ။ ဒါကြောင့်ပင် အသက်ကို ငွေကုန်ကြေးကျခံ၍ နည်းလမ်းပေါင်းစုံဖြင့် ကယ်တင် စောင့်ရှောက်ဖို့ ကြိုးစားကြရတာ ဖြစ်သည်။

တတ်နိုင်သော သူတွေက အချိန်မရွေး ဝင်ရောက်လာနိုင်တဲ့ သေမင်း၏ ရန်ကို ခံတပ်ကောင်းကောင်း တည်ဆောက်ကာ အသက်ကို မပင်မပန်းထားကာ မွေးဖြူစောင့်ရှောက်ကြသည်။ မတတ်နိုင်တဲ့အဆုံး လက်မြောက်လိုက်ရတောင် နောက်ဘဝ အတွက် နေရာကောင်းကောင်းတခု ရဖို့အတွက် ပြင်ဆင်ထားကြသူတွေလည်း ရှိသည်။ ထိုသူများကတော့ အခုဘဝမှာ ကောင်းကောင်းမွန်မွန် ရှင်သန်သည်။ မကောင်းမှု ဆိုတာတွေ မလုပ်၊ ကောင်းမှု ဆိုတာတွေကို ကြိုးစားလုပ်ရင်း အသက်ကို မွေးမြူသည်။ ဒါက နောက်တဘဝအတွက် ခံတပ်တခု တည်ဆောက်ခြင်း ဖြစ်သည် မတတ်နိုင်ကြသော ဆင်းရဲသားများ အဖို့တော့ အသက်ကို ခဲရာခက်ဆစ် ရှင်သန်မွေးဖြူရသည်။ ထိုကဲ့သို့ အသက်ရှင်သန်ဖို့ ကြိုးစားနေရင်းကနေ အသက်ထွက် သွားကြရသည့် အဖြစ်တွေလည်း များစွာ ရှိလေသည်။

ဘဝတခု ရှင်သန်နေရဖို့အတွက် စားဝတ်နေရေးဆိုသည့် အရေးသုံးပါးသည် ပဓာနကျသည်ဟု ဆိုရပေမည်။ စားစရာ၊ ဝတ်စရာ၊ နေစရာမှ မရှိတော့လျှင် လူသည် သေဆုံးဖို့ပဲ ရှိတော့သည်။ ရှင်သန်ခြင်း၏ အသက်ဖြစ်သော စားဝတ်နေရေး အတွက် လူတိုင်း အလုပ်လုပ်ကြရသည်။ တချို့ကတော့ သက်သက်သာသာလေး လုပ်ရသည်။ တချို့ကတော့ ခဲရာခက်ဆစ် ပင်ပင်ပန်းပန်း လုပ်ရသည်။ တချို့ကတော့ စွန့်စွန့်စားစားပင် လုပ်ရသည်။ ထိုအထဲတွင် တချို့က လုပ်ရင်းကိုင်ရင်းနဲ့ အသက်စွန့်သွားရတတ်သည်။ ဘဝရှင်သန်ဖို့အတွက် လုပ်ကိုင်နေရင်းက ဖားကန့်မှာ မြေပိ၍သေဆုံးသွားကြသော လူတွေ ကို မြင်ယောင်လိုက်မိသည်။ အသက်ကို မွေးမြူဖို့ ကြိုးစားရင်းက အသက်ကိုစွန့်လွှတ်လိုက်ရတဲ့ အဖြစ်တွေပါလားဟု စဉ်း စားနေမိသည်။

သူတို့အဖို့မှာတော့ ဘဝအတွက် စောင့်ကြည့်စရာ ဘာခံတပ်မှ တည်ဆောက်မထားနိုင်၊ အသက်ကို အသက်နဲ့ရင်းပြီး တည် ဆောက်ယူနေရသည့် အဖြစ်ဟု ဆိုရမည်။ ကျွန်တော်သည်လည်း သူတို့လိုပင် သေခြင်းတရားအတွက် ဘာခံတပ်မှ ကောင်းကောင်း တည်ဆောက်မထားနိုင်ပါ။ ခံတပ်မရှိတော့ ရန်သူလာလျှင် တတ်နိုင်သမျှ ပြေးရုံပဲရှိသည်။ မပြေးနိုင်လျှင် တော့ ခံလိုက်ရုံပဲ ရှိသည်။ ရန်သူ၏ အရိပ်အယောင် မြင်ရပြီဆိုတာနဲ့ ဖိနပ်ချွတ်ကာ အသင့်ပြင်ထားရသည်။ ရန်သူက လိုက် လာပြီဆိုလျှင်တော့ ပြေးနိုင်သမျှ မြန်မြန်ပဲပြေးရမည်သာ ဖြစ်သည်။

ပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်တော့်ဘဝမှာ ဖိနပ်သဲကြိုးပြတ်မှာကြောက်ရသော နေ့ရက်တွေ ရှိခဲ့ဘူးပါသည်။ ဖိနပ်စီး နေရင်းကနေ ဘယ်တော့များ သဲကြိုးပြတ်သွားမလဲ တထိပ်ထိပ်ဖြင့် ဖိနပ်ကို ခပ်ဖွဖွ သတိအနေအထားဖြင့် စီးကား အသာ အယာ သွားနေခဲ့ရသောကာလတခုပဲ ဖြစ်သည်။ ထိုအသက်အောင့်ကာ စီးနေခဲ့ရသော ဖိနပ်ကလည်း ချက်ကောင်းစောင့်၍ နေပါသည်။ ကျွန်တော့်မှာ ပိုက်ဆံပြတ်လိုက်တာနဲ့ ဖိနပ်သဲကြိုးကလည်း တခါတည်း ပြတ်သွားပါတော့သည်။ နောက်ဆုံး အားကိုးရာ ခံတပ်သည်ပင် ပြိုပျက်သွားခဲ့ရသည့်အဖြစ်ပါလားဟု ထိုအချိန်က အဖြစ်အပျက်လေးကို ပြန်စဉ်းစားနေမိသည်။

အခုလိုအချိန်မှာ ရန်သူက မထင်မှတ်ပဲ ဝင်လာမည်ဆိုလျှင်တော့ ကျွန်တော့်မှာ ခံလိုက်ရဖို့ပဲရှိသည်။ ကျွန်တော့်မှာ ပြေးဖို့ပင် ကောင်းကောင်းမတတ်နိုင်သေး။ ပြေးနိုင်သည်ဆိုဦးတော့ ဝေးဝေးမပြေးနိုင်သေး။ ကောင်းကောင်း အမောမခံနိုင်သေး။ ခန္ဓာကိုယ်က နာနေသေးသည်။ နောက်ဆုံး ကိုယ့်ရဲ့ခံတပ် ဖိနပ်ပေါ်မှာပဲ ခြေစုံရပ်ကာ ကြံကြံခံကာ ရင်ဆိုင်လိုက်ဖို့ပဲ ရှိ သည်။ အကယ်၍များ လက်မြောက် အရှုံးပေးရမည်ဆိုလျှင်လည်း ကြည်ကြည်ဖြူဖြူ ပြုံးပြုံးလေးနဲ့ပဲ လိုက်ပါသွားဖို့ ပြင်ဆင် လိုက်ရုံပဲ တတ်နိုင်ပါတော့သည်။

စိုးခိုင်ညိန်း