Breaking News

ဒဂုန်တာရာ - နိုင်ငံရေးသမားနှင့် စာရေးဆရာ

ဒဂုန်တာရာ - နိုင်ငံရေးသမားနှင့် စာရေးဆရာ

ဒီဇင်ဘာ ၂၈၊ ၂၀၁၂ (ပြန်လည်ဆန်းသစ်ခြင်း)

ဤဆောင်းပါးကို ဒဂုန်တာရာ၏ “ စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်” စာအုပ်မှ ထုတ်နုတ်ပါသည်၊ နိုင်ငံရေးသမားနှင့် စာရေးဆရာ အကြောင်းရေးထားသော်လည်း နိုင်ငံရေးနှင့် အနုပညာအဆက်အစပ်သည် ပရိသတ်အပေါ်မှာပဲ အဓိကအခြေပြုထားရ သည့်သဘောကိုပါ မြင်နိုင်လိမ့်မည်ဟု ယူဆမိသဖြင့် ဖော်ပြလိုက်ခြင်းဖြစ်သည်၊ (အယ်ဒီတာ)
……..

နိုင်ငံရေးသမားနှင့် စာရေးဆရာကို မနှိုင်းယှဉ်မီ နိုင်ငံရေးသမားဆိုတာ ဘာလဲ၊ စာရေးဆရာဆိုတာ ဘာလဲကို ရှင်းပြဖို့ လိုပေလိမ့်မည်၊

နိုင်ငံရေးသမားဆိုတာ ဘာလဲ၊
နိုင်ငံရေးဆိုသည်မှာ စီးပွားရေးတောင်းဆိုချက်ကို လူထုအင်အားဖြင့် လှုပ်ရှားမှုပြုမူခြင်းပင်ဖြစ်သည်၊

စာပေဆိုတာ ဘာလဲ၊
စာပေဆိုသည်မှာ လူ့ဘဝအကြောင်းအရာကို စာဖတ်သူ ရသအပေါ်အောင် ဖွဲ့နွဲ့ထားသော အရေးအသားဖြစ်သည်။
နိုင်ငံရေးဆောင်ရွက်သူသည် နိုင်ငံရေးသမားဖြစ်သည်။ စာပေရေးသားသူသည် စာရေးဆရာဖြစ်သည်၊ ဤသို့ အကြမ်းဖျင်းသိရသည်၊

သည့်ထက် တင်းပြည့်ကျပ်ပြည့်အဓိပ္ပါယ်ဖြင့် ဆိုရလျှင် နိုင်ငံရေးကို မိမိဘဝ၌ မြှုပ်နှံကာ နိုင်ငံရေးတခုတည်းကိုသာ ဆောင်ရွက်သူကို နိုင်ငံရေးသမားဟု ခေါ်သင့်ပေသည်၊

စာပေကို မိမိဘဝ၌ မြှုပ်နှံကာ စာပေတခုတည်းကိုသာ ရေးသားသူကို စာရေးဆရာဟု ခေါ်သင့်ပေသည်၊
ယင်းအဓိပါယ်ဖွင့်ဆိုချက်အတိုင်း အတိအကျ သတ်မှတ်ရန် မဟုတ်ပေ၊ နိိုင်ငံရေးသက်သက်၊ စာပေသက်သက် ဆောင်ရွက်သူများ ရှိသလို ရောနှောဆောင်ရွက်ကြသူများလည်း ရှိပေသည်၊ လောက၌ သတ်သက်ဟူ၍ မရှိနိုင်ပေ။ သို့သော် ယင်းအင်အားအများဆုံးရှိသူကို တိုင်းတာ၍ ခေါ်ဝေါ်မှတ်ယူကြခြင်သာလျှင် ဖြစ်ပေသည်၊

ဤနေရာ၌ နိုင်ငံရေးသမားသက်သက်၊ စာရေးဆရာသက်သက် ဟူ၍ နှိုင်းယှဉ်လိုခြင်း မဟုတ်ဘဲ နိုင်ငံရေးသမားနှင့် စာရေးဆရာ လုပ်ငန်း နှစ်ရပ်ကိုသာ နှိုင်းယှဉ်လိုခြင်းဖြစ်၍ ရှေ့ဆက်ကြပေအံ့။

(၂)
နိုင်ငံရေးနှင့် စာပေမည်သည့်နေရာ၌ တူကြသလဲ။

နိုင်ငံရေးသည် စီးပွားရေးတောင်းဆိုချက်နှင့် သက်ဆိုင်သလို၊ စာပေသည် လူ့ဘဝနှင့် သက်ဆိုင်သည်၊ ဟော၊ တူကြပေပြီ၊

စီးပွားရေးဆိုသည်မှာ စာဝတ်နေရေးပင်မဟုတ်ပါလော။ လူ့ဘဝဆိုသည်မှာလည်း စားဝတ်နေရေးမဟုတ်ပင် မဟုတ်လော။ နိုင်ငံရေးဝေါဟာရအားဖြင့် သိပ္ပံကျကျ စီးပွားရေးဟုခေါ်ကြသည်၊ စာအုပ်သံပါပါ၊ တက္ကသိုလ်ဟန်ပါပါဟု ခေါ်လျှင် ဘောဂဗေဒဟုလည်း တနည်းခေါ်နိုင်သေးသည်၊ လူ့ဘဝဟု စာဆန်ဆန်ခေါ်လျှင်လည်း ရသေးသည်၊ ကဗျာဆရာတို့က ဘဝဟု လှလှလေး ခေါ်ကြပေသည်၊
စီးပွားရေးနှင့် လူ့ဘဝအနှစ်သာရချင်း အတူတူပင် မဟုတ်ပေလော၊

စီးပွားရေးအကြောင်းပြောလျှင် လူ့ဘဝပါရမည်၊ လူ့ဘဝအကြောင်းပြောလျှင် လူတွေ၏ စီးပွားရေးပါရမည်၊ မပါ၍ မဖြစ်။ လူ့ဘဝသည် စီးပွားရေးတောင်းဆိုချက်ဖြင့် လှုပ်ရှားနေသော ဘဝဖြစ်သည်၊ ငြိမ်သက်နေသော လူ့ဘဝမဟုတ်ပေ။ လူ့ဘဝ၏ အသက်သည်ပင်လျှင် စီးပွားရေးတောင်းဆိုချက်ဖြစ်ပေသည်။ စီးပွားရေးတောင်းဆိုချက်မရှိလျှင် လူ့ဘဝသည် သေနေခြင်းပင်၊

လူ့ဘဝသည် မည်သို့ရှိသလဲ၊
လူ့ဘဝသည် လူတန်းစားများဖြင့် ပိုင်းခြား စိတ်ဖြာလျက်ရှိပေသည်၊ စီးပွားရေးတောင်းဆိုချက်သည် လူတန်းစားက တောင်းဆိုသော စီးပွားရေးတောင်းဆိုချက်သာလျှင် ဖြစ်ပေသည်။ နိုင်ငံရေးသည်ပင်လျှင် လူတန်းစားနိုင်ငံရေးဖြစ်ပေသည်။ လူတန်းစားမှ ကင်းသော နိုင်ငံရေးဟူသည် မရှိနိုင်ပေ။

(၃)
နိုင်ငံရေးသည် စီးပွားရေးတောင်းဆိုချက်၊ စာပေသည် လူ့ဘဝကို ရေးသားခြင်း၊

စီးပွားရေးကို မည်သို့တောင်းဆိုသလဲ၊ လူထုအင်အားဖြင့် လှုပ်ရှားကာ တောင်းဆိုသည်၊ ဟော၊ နိုင်ငံရေး၌ လူထုအင်အားကို တွေ့ရှိရပေပြီ၊၊

လူ့ဘဝကို မည်သို့ရေးသားသလဲ၊ စာဖတ်သူ ရသပေါ်အောင် ဖွဲ့နွဲ့သည်၊ ဟော၊ စာပေ၌ စာဖတ်သူကို တွေ့ရပေပြီ၊
နိုင်ငံရေး၌ လူထုအင်အား၊ စာပေ၌ စာဖတ်သူ၊ အတူတူပင်ဖြစ်သည်၊ စကားလုံး အခေါ်ကွဲသော်လည်း အနှစ်သာရအားဖြင့် အတူတူပင်ဖြစ်သည်၊ စာဖတ်သူ စာဖတ်ပရိသတ် သည် လူထုဖြစ်သည်။ တနည်းအအသေးစိတ် အတိအကျ ဆိုရလျှင် စာဖတ်သူသည် လူထုအစိတ်အပိုင်း တရပ်ပင်ဖြစ်ပေသည်။

နိုင်ငံရေးသမားသည် လူထုမပါဘဲ မရပ်တည်နိုင်၊ စာရေးသူသည် စာဖတ်သူမပါဘဲ မရပ်တည်နိုင်၊ နိုင်ငံရေးသမားနှင့် စာရေးဆရာ၊ နှစ်ဦးစလုံး လူထု၌ အမြစ်တွယ်လျက်ရှိသည်။
လူထု၌ အခြေမစိုက်သော နိုင်ငံရေးသည် ကျဆုံးမည်ဖြစ်၍ စာဖတ်သူ လူထု၌ အခြေမစိုက်သော စာပေသည်လည်း တိမ်ကောရမည်သာ ဖြစ်ပေသည် မဟုတ်ပါလော၊၊

(၄)
စာရေးဆရာ၏ လုပ်ငန်းကား အဘယ်နည်း၊
စာရေးဆရာသည် အနုပညာလုပ်ငန်းကို ဆောင်ရွက်သည်။ သူသည် လူ့ဘဝကို ထိတွေ့ခံစား ရူ့မြင်သုံးသပ်၍ အလှပညာဖြင့် ဖွဲ့နွဲ့သည်။

သူ၏ အတတ်ပညာသည်ကား သူ၏ စာဖတ်ပရိသတ် (ဝါ) လူထုစိတ်၌ စွဲလမ်းကပ်ငြိအောင်၊ နှစ်သက်ယုံကြည်အောင်၊ ရသခံစားရအောင် ရေးသားရသော အတတ်ပညာဖြစ်သည်။ စာဖတ်ပရိသတ်က သူ၏ စာပေကို နှစ်သက်ခံစားခြင်း ရှိသလောက် သူ၏စာပေအင်အားသည် ကြီးမားလာပေသည်။ သူ၏ အနုပညာသည် အောင်မြင်သည်ဟု ဆိုရပေမည်။

နိုင်ငံရေးသမား၏ လုပ်ငန်းကား အဘယ်နည်း၊
နိုင်ငံရေးသမားသည် လူထုလှုပ်ရှားမှု လုပ်ငန်းကို ဆောင်ရွက်သည်။ သူသည် လူတန်းစားတို့ဖြင့် ပြွမ်းသော လူ့ဘဝကို တိုးဝှေ့လေ့လာဝေဖန်ကာ နိုင်ငံရေးဘောဂဗေဒပညာ၊ နိုင်ငံရေးအဘိဓမ္မာတို့ဖြင့် ဆောင်ရွက်သည်။
နိုင်ငံရေးအာဏာရအောင် အားထုတ်သည်။ သူ၏ တနည်းဆိုရသော် သူ့ပါတီ၏ နိုင်ငံရေးဝါဒ၊ လမ်းစဉ်များကို လူထုက လက်ခံနှစ်သက်၊ ယုံကြည် တက်ကြွလာအောင် ပြောဟော လှုပ်ရှားဆောင်ရွက်ရသည်။

သူ၏ အတတ်ပညာကား သူ့နိုင်ငံရေးပါတီ၏ ဝါဒ၊ လမ်းစဉ်ကို လူထုက နှစ်သက် လက်ခံ၊ ယုံကြည် တတ်ကြွလာအောင် ပြုလုပ်သော အတတ်ပညာဖြစ်သည်။ လူထုက ယင်းနိုင်ငံရေးဝါဒ၊ လမ်းစဉ်ကို နှစ်သက်လက်ခံခြင်းရှိသလောက် သူ၏ နိုင်ငံရေးအင်အားသည် ကြီးမားလာပေသည်။ သူ၏ နောက်ပါး၌ လူထုရှိမှ အောင်မြင်သည်ဟု ဆိုရပေမည်။

နိုင်ငံရေးသမားသည် လူုထုနှင့် ညှိနှိုင်း၍ နိုင်ငံရေးလှုပ်ရှားမှုကို ဆောင်ရွက်ရသည်။ စာရေးဆရာသည်လည်း စာဖတ်ပရိသတ် (လူထုအစိတ်အပိုင်းတရပ်) နှင့် ညှိနှိုင်း၍ ရေးသားရသည်၊ လူထု၏ ဆန္ဒနှင့် ညှိနှိုင်၍ မဆောင်ရွက်လျှင် ယင်းနိုင်ငံရေးသမားသည် ကျဆုံးသလို၊ စာဖတ်ပရိသတ်၏ ဆန္ဒနှင့် ညှိ၍ မရေးသားသော စာရေးဆရာသည်လည်း ကျဆုံးရမည် ဖြစ်ပေသည်။

နိုင်ငံရေးသမားတို့ မည်သည် လူထု၏ ရှေ့မှ ကျော်တက်နေ၍လည်း မရ၊ နောက်ကျန်ရစ်နေ၍လည်း မရ၊ လူထုနှင့် တသားတည်း နေရပေမည်။ လူထု၏ ဆန္ဒအရသာလျှင် နိုင်ငံရေးသမားက လူထုကိုယ်စား စေပါးဆောင်ရွက်ခြင်း ဖြစ်ပေသည်။ နိုင်ငံရေးသမားက သတ်သက်၊ လူထုက သတ်သတ် မဟုတ်ရပေ။

စာရေးဆရာသည် လူထု၏ ခံစားမှုကို ထင်ဟပ်ဖော်ပြရပေမည်။ သူ၏ စာပေသည် လူထုခံစားမှု ဝေဒနာကို ထပ်ဟပ်ရပေမည်၊ စာရေးဆရာ၏ စိတ်ခံစားမှုနှင့် စာဖတ်ပရိသတ်၏ ခံစားမှုသည် ကိုက်ညီရပေမည်၊ စာရေးဆရာသည် ရောမမြို့ကြီးမီးလောင်နေစဉ် တယောထိုးပြရန်မဟုတ်ပေ။

နိုင်ငံရေးသမားသည် လူထုကို ချဉ်းကပ်ရာ၌ လမ်းမှန်ကမ်းမှန်ဖြင့်သာ ဖြောင့်မတ်တည်ကြည်စွာချဉ်းကပ်ရပေမည်။ လူထုအား လိမ်လည် လှည့်ဖြား၍ မချည်းကပ်ရပေ။

စာရေးဆရာသည် စာဖတ်ပရိသတ်၏အကြိုက်ကို အလိုလိုက်ကာ စိတ်ကူးယဉ်စာပေ။ ဘဝထွက်ပြေးမှုစာပေတို့ဖြင့် မှိန်းယစ်အောင် ရေးသားရမည်မဟုတ်ပေ။

နိုင်ငံရေးသမားသည် အခြေအနေကို လူထုအားတင်ပြရပေမည်။ စာရေးဆရာသည်လည်း တကယ့်ဖြစ်ပျက်နေသော ခေတ်ကို သရုပ် ဖော်ရပေမည်။

နိုင်ငံရေးသမားအား အဆုံးအဖြတ်ပေးရာသည်လည်းကောင်း၊ စာရေးဆရာအား အဆုံးအဖြတ်ပေးရာသည်လည်းကောင်း လူထုပင်ဖြစ် သည်။

(၅)
ပြည့်သူ့အကျိုးဆောင် နိုင်ငံရေးသမား၏ ရည်မှန်းချက်သည် ထာဝစဉ် ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ငြိမ်းချမ်းမှ ပျော်ရွင်မည်။ တိုးတက်မည်။ သာယာမည်။

ပြည်သူ့အကျိုးဆောင် စာရေးဆရာ၏ ရည်မှန်းချက်သည်လည်း ငြိမ်းချမ်းရေးပင်ဖြစ်သည်၊ အနုပညာသည် ငြိမ်းချမ်းမှ အစွမ်းကုန် အလှဆုံးပွင့်ဖူးနိုင်ပေမည်။

နိုင်ငံရေးသမားသည် နိုင်ငံရေးလုပ်စားလျှင် ဝါ ကိုယ်ကျိုးရှာလျှင် ပျက်စီးလေတော့သည်။ စာရေးဆရာသည်လည်း ငွေကြေးအတွက် လိုက်ကာ စာရေးလျှင် မှိန်လာတော့သည်။
နိုင်ငံရေးသမားသည် အာဏာရယူရေးအတွက် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်သူ ဖြစ်ရာ သေလျှင်မြေကြီး၊ ရှင်လျှင် ရွှေထီး လုပ်တတ်သည်။ ရက်စက်သည်။

စာရေးဆရာကား နူးညံ့သိမ်မွေ့သည်။ ဝေဒနာခံစားမှု၌ ထက်မြက်သည်။ ဆွတ်ပျံ့သည်။ တစုံတရာကို စိစစ်ဝေဖန်တွေးခေါ်ပြီးမှ လက်ခံတတ်သည်၊ နိုင်ငံရေးသမားသည် မှားလျှင်ပြင်မည်ဟူသော သဘောထားနှင့် တိုးလုပ်တတ်သည်။ စာရေးဆရာကား အမှားနည်းရန် ကြိုးစားသည်။ သစ္စာတရားကို ရှာဖွေသည်။ အဖြူပေါ် အမည်းတင်၍ ကမ္မည်းထိုးသူဖြစ်ရာ သတိကြီးစွာထားသည်။

ထို့ကြောင့် တခါတရံ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် အသင့်မတင့်ဖြစ်တတ်သည်။ ပဋိပက္ခဖြစ်တတ်သည်။

သို့ဖြစ်ရာ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် တူသည်၊ မတူ။

၁၉၆၈
ဒဂုန္တာရာ
(လှိုင်းသစ် စာပေ၊ အနုပညာနှင့် အတွေးအခေါ် မဂ္ဂဇင်း၊ အမှတ် (၁၆)၊ အောက်တိုဘာလ၊ ၂၀၁၂)

ဤနေရာမှ ပြန်လည်ကူးယူဖော်ပြပါသည်။
– http://www.facebook.com/photo.php?fbid=290737607695751&set=a.165163023586544.22632.100002785434909&type=1&theater
– http://www.facebook.com/photo.php?fbid=291051900997655&set=a.165163023586544.22632.100002785434909&type=1&theater