Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၇ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၇ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) မတ်လ ၈၊ ၂၀၂၂

◾️တနှစ်တာ ပြန်ပြောင်းငဲ့ကြည့်ကြဖို့
ဖေဖေါ်ဝါရီလ နဲ့ မတ်လရဲ့ နေ့ရက်တွေဟာ နေ့တိုင်းနီးပါးလောက် ယခင်တနှစ်တိတိတုန်းက အဖြစ်အပျက်တွေနဲ့ မှတ်မှတ်ရရ ရှိစရာနေ့ရက်တွေဖြစ်ပါတယ်။  ဖေဖေါ်ဝါရီလ လယ်နဲ့ နှောင်းပိုင်းက စလို့ ဆန္ဒပြသူတွေကို လုံထိန်းရဲတွေက အသံမိုင်း၊ ရာဘာကျည်/ကျည်အစစ်တွေနဲ့ ပစ်ခတ်တာ၊ ရိုက်နှက်ဖမ်းဆီးတာတွေ တောက်လျှောက်ဖြစ်ပွားခဲ့တဲ့ ကာလတွေ ဖြစ်ပါတယ်။ ပျဥ်းမနားမြို့မှာ ကျည်အစစ်နဲ့ ပစ်ခတ်လို့ ပထမဆုံးသေဆုံးရတဲ့ မမြသွဲ့သွဲ့ခိုင်၊ အဲဒီနောက် မန္တလေးမြို့က ကြယ်စင်၊ အဲဒီနောက် ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ စတဲ့ ဆက်ကာဆက်ကာ ပစ်ခတ်ခံရလို့ သေဆုံးရသူတွေ ၊ မတ်လဆန်းပြီးနောက် မြို့အသီးသီးမှာ ဆန္ဒပြသူတွေက မြို့နယ်အလိုက် လူစုဝေးတဲ့နေရာတွေ  ဆန္ဒပြတဲ့နေရာတွေမှာ ဆန္ဒပြကြပြီး စစ်ကားရဲကား ချက်ခြင်း ဝင်မလာနိုင်အောင် လမ်းဆုံတွေမှာ ကျောက်တုံးတွေ၊ ကွန်ကရစ်တွေ၊ အတားအဆီးမျိးစုံပိတ်ဆို့ထားပြီး တမြို့လုံးအနှံ့ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ ကာလဖြစ်ပါတယ်။ 

ရန်ကုန်မြို့ရဲ့ မြင်ကွင်းတွေကို ပြန်တွေးကြည့်ရင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကော်ဦးထုပ်တွေ၊ တချို့က ဓါတ်ငွေ့ကာ မျက်နှာဖုံးတွေ ဆောင်ထားကြပြီး လူငယ်တွေ အနက်ရောင် အဖြူရောင် တီရှပ်တွေ ဝတ်ဆင်ကာ ကျောပိုးအိပ်တလုံးလွယ်ထားပြီး အချို့ရဲ့ ကျောပိုးအိတ်မှာ ခြင်ရိုက်ဘက်တံကို ထည့်ထားကြပြီး မျက်ရည်ယိုဗုံးကို ကာဖို့ ဖယ်ရှားဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ 

လမ်းဆုံတွေမှာ အတားအဆီးတွေ ရဲ့ နောက်မှာ ဆန္ဒပြသူတွေ စုဝေးရာ အမှိုက်အိတ်တွေထဲ ရေတွေဖြည့်ပြီး လမ်းမပေါ် နေရာချထားတာ၊ စောင်အဟောင်းတွေကို ရေဆွတ်ပြီး လမ်းနဘေးတွေ လမ်းမပေါ်တွေမှာ ချခင်းထားကြတဲ့ မြင်ကွင်းတွေက မနှစ်က ရန်ကုန်မြို့ရဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ 

မတ်လဆန်းနောက်ပိုင်း သေဆုံးမှုတွေက တနေ့တနေ့ နာမည်နဲ့ မှတ်မိလောက်တဲ့ အခြေအနေမဟုတ်တော့ပဲ ကိန်းဂဏန်းကို မှတ်တမ်းတင်ရတဲ့အခြေအနေမျိုးပြောင်းလဲလာခဲ့ပါတယ်။ မတ်လလယ် ၁၄၊ ၁၅ ရက်တွေမှာတော့ လှိုင်သာယာ မြို့နယ်တခုထဲတင် တရက်တာအတွင်း လူ ၆၀မှ ၈၀ ဝန်းကျင်ထိ သေဆုံးရတဲ့ နေ့ရက်တွေ ဖြစ်ခဲ့ပါတယ်။ 

ဒီအဖြစ်အပျက်တွေကို ပြန်တွေးမိတဲ့အခါ မနှစ်က ဆန္ဒပြမှုတွေမှာ စိတ်အားတက်ကြွစွာပါဝင် ခဲ့ကြတဲ့ လူငယ်တွေထဲက အချို့ဟာ အခုအချိန်မှာ မြို့ပြမှာ ပျောက်ကြားအစုအဖွဲ့တွေဖွဲ့ပြီး စစ်ကားတွေ ရဲကား၊ လုံခြုံရေးကင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ၊ သတင်းပေး ဆိုသူတွေကို တိုက်ခိုက်တာ လုပ်ကြံသတ်ဖြတ်တာတွေ လုပ်ဆောင်နေကြတာ ၊ အချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ PDF တပ်ဖွဲ့ဝင် အဖြစ်နဲ့သော်လည်းကောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အမိန့်ပေးမှုအောက်မှာသော်လည်းကောင်း စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်တွေကို တိုက်ခိုက်ဖို့ စိတ်အားထက်သန် နေကြတာ တွေ့ရပါတယ်။ 

ပြီးခဲ့တဲ ၁ နှစ်တာအတွင်း အခြေအနေတွေ အဆင့်ဆင့် အမျိုးမျိုး ပြောင်းလဲခဲ့ပြီး ဖြစ်ကာ ရင့်ကျက်သူတွေလည်း အတိုင်းအတာတခုအထိ ရင့်ကျက်ခဲ့ပြီ ဖြစ်ပါတယ်။ နိင်ငံတကာရဲ့ လူသားချင်းစာနာမှု အကူအညီခေါင်းစဥ်အောက်က တတိယနိုင်ငံရောက်သွားသူ အရေအတွက်တချို့လည်း ရှိပါတယ်။ အများစုကတော့ ပြည်တွင်းမှာ၊ အကျဥ်းထောင်ထဲမှာ၊ နယ်စပ်မှာ အခြေအနေအမျိုးမျိုးအောက် လှုပ်ရှားနေကြရပြီး အသက်ဆုံးရှုံးသွားရသူတွေလည်း မနည်းလှတဲ့အရေအတွက်ရှိနေပြီဖြစ်ပါတယ်။ 

တနှစ်တာ အတွင်း စစ်အာဏာရှင် စနစ်ဖယ်ရှားရေး၊ ဖက်ဒရယ်အရေး သဘောတူညီမှု၊ နယ်မြေစိုးမိုးရေး စတဲ့အပိုင်းတွေမှာ ဘယ်လောက် ခရီးရောက်ခဲ့သလဲဆိုတာ အတွင်းထဲက ပါဝင်နေသူတွေ မဖြစ်မနေ ပြန်သုံးသပ်ကြဖို့ လိုအပ်ပါတယ်။ အလားတူပဲ အပြင်ကနေ ထောက်ခံအားပေးနေကြသူတွေလည်း တနှစ်တာအခြေအနေကို ပြင်ပသုံးသပ် ဝေဖန်ချက်တွေ ပြုလုပ်သင့်ပါတယ်။ 

အခုလို တနှစ်တာအတွင်း ရောက်ခဲ့တဲ့ ခရီး လျှောက်လှမ်းဖို့ ကျန်သေးတဲ့ ခရီးတွေနဲ့ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေမှာ ဘယ်ဟာတွေက အလုပ်ဖြစ်သလဲ ဘယ်ဟာတွေက အလုပ်မဖြစ်တော့ဘူးလဲဆိုတာတွေ ကိုပါ သုံးသပ်ကြဖို့အရေးကြီးလှပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar