Breaking News

သန်းဝင်းလှိုင် - သမ္မတဖြစ်ချင်သူ သူရရွှေမန်း

သန်းဝင်းလှိုင် - သမ္မတဖြစ်ချင်သူ သူရရွှေမန်း

(မိုးမခစာအုပ်စင်၊ သန်းဝင်းလှိုင်၏ သူရရွှေမန်းကို လေ့လာခြင်း)
မိုးမခ၊ မေ ၈၊ ၂၀၁၉

အခန်း ၁၀ - သမ္မတဖြစ်ချင်သူ

ပြည်ပခရီးစဉ် အင်တာဗျူးများ၌ သူရဦးရွှေမန်းသည် သမ္မတဖြစ်ချင် သည်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ သို့သော် သမ္မတဖြစ်ခွင့် မရခဲ့ချေ။ ယနေ့တိုင် စစ်တပ်အပေါ် သြဇာအာဏာညောင်းနေသော ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေသည် ယခုအခါ အသက် (၈၅)နှစ်ခန့် ရှိပြီဖြစ်ရာ ဇရာ ထောင်း၍ ဖွတ်ဖွတ်ကြေနေပြီ ဖြစ်သည်။ သူသည် လူသားတိုင်း မလွန်ဆန် နိုင်သော သင်္ခါရသဘောအရ မသကာနေရလျှင် (၅)နှစ်ထက် ပို၍နေရစရာ အကြောင်းမရှိချေ။

ထို့ကြောင့် မိမိ၏တိုးတောင်းလှသော အနာဂတ်ဘဝအတွက် လုံခြုံ မှု ရစေချင်သည်။ သွားလေသူ စစ်အာဏာရှင် ဖခင်ကြီး ဦးနေဝင်းလို ဘဝမျိုး အဖြစ်မခံနိုင်ပေ။ မိမိ၏မြေး၊ ဇနီး၊ သားသမီးများလည်း မိမိမရှိ သည့် နောက်ပိုင်းတွင် ဘေးကင်းစွာ ကျန်ရစ်ခဲ့စေချင်သည်။

မြန်မာနိုင်ငံအတွက် မိမိဘဝတစ်လျှောက်လုံး ဒုက္ခပေးခဲ့မိသမျှ မိမိ တန်ပြန်ခံရမည်ကိုတွေး၍ လန့်နေခဲ့သည်။ သူတစ်ပါးအပေါ် လက်ရဲဇက်ရဲ လုပ်ရဲသူမှန်သမျှ မိမိအလှည့်ကျလျှင် နွဲ့တတ်ကြသည် မဆန်းလှပေ။

မှန်ပေသည်။ မိမိအသေဖြောင့်ရေးအတွက် မိမိအပေါ် သစ္စာရှိ၍ မိမိစကားကို တသဝေမတိမ်း နားထောင်မည့်သူကိုသာ သမ္မတအဖြစ် တင် လိုသည်။ ဤသို့ဖြင့် အထပ်ထပ်အခါခါ အနုလုံပဋိလုံသုံးသပ်၍ ဝန်ကြီး ချုပ်ဟောင်း ဦးသိန်းစိန်ကို သမ္မတရာထူး ခန့်အပ်လိုက်သည်။ ဦးသိန်းစိန် သည် သူ့အပေါ်သစ္စာရှိမည့်သူဟု ခံယူထားသည်။ သူ့ဇနီး ဒေါ်ကြိုင်ကြိုင်က လည်း သဘောကျသည်။ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကလည်း ထောက်ခံ သည်။ သူရဦးရွှေမန်းနှင့် နှိုင်းဆလျှင် သူက ပို၍သင့်တော်သည်ဟု ယူဆ သည်။ ထို့ကြောင့် ဦးသိန်းစိန်ကိုပင် သမ္မတခန့်ရန် အိမ်တော်မှ မီးစိမ်းပြ လိုက်သည်။ ဤသို့ဖြင့် ဦးသိန်းစိန်သည် မရွယ်ဘဲနှင့် စော်ကဲ မင်းဖြစ် ဆိုသလို သမ္မတ ဖြစ်သွားခဲ့လေသည်။

သမ္မတရာထူးကို အိပ်မက်မက်ခဲ့သော သူရဦးရွှေမန်းသည် ''ခဲလေ သမျှ သဲရေကျ'' ဖြစ်သွားခဲ့ရသည်။ သမ္မတနေရာကို စစ်တပ်ရာထူးအရ သူ့ထက်နိမ့်သည့် ဦးသိန်းစိန်က ရရှိသွားသောကြောင့် ကျွဲမြီးတိုမိခဲ့သည်ဟု သိရသည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် မြန်မာ့တပ်မတော်၌ အဆင့် သုံးဆင့်ရှိသော ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးကို ရရှိခဲ့သူဖြစ်ပြီး ဦးသိန်းစိန် သည် အဆင့် (၆) သာရှိသော စစ်ရေးချုပ်ရာထူးအဆင့်အထိသာ တာဝန်ထမ်း ဆောင်ဖူးသူ ဖြစ်သည်။

သို့သော် သူရဦးရွှေမန်းနှင့် ဦးသိန်းစိန် ကွာခြားချက်မှာ ဦးသိန်းစိန် သည် စစ်ရုံး၌ စစ်ဦးစီးဆိုင်ရာရုံးလုပ်ငန်းများ အတွေ့အကြုံရှိသည်။ ထို့ပြင် နိုင်ငံရေးဝါအဖြစ် အမျိုးသားညီလာခံကျင်းပစဉ်က ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ၊ ၂၀ဝ၈ ခုနှစ် မေလ၌ ဆိုင်ကလုံးနာဂစ် ဖြစ်ပွားပြီးနောက် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပါတီအဖြစ် ပြောင်းလဲသော အခါ ပါတီ ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။ သူသည် ၂၀၁၀ ပြည့် နှစ် ဧပြီလ ၂၄ ရက်တွင် စစ်အရာရှိဝန်ကြီး၊ ဒုဝန်ကြီး (၂၇) ဦးနှင့်အတူ အရပ်ဝတ်လဲပြီး ပါတီထူထောင်ခွင့် လျှောက်ထားခဲ့သူ ဖြစ်သည်။

၂၀၁၀ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင်ကျင်းပသော ပါတီစုံအထွေထွေ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၍ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်မှ ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က သမ္မတအဖြစ် ရွေးကောက် တင် မြှောက်ခဲ့သည်။

ဦးသိန်းစိန်သည် သမ္မတမဖြစ်ခင်က စီးပွားရေး၌ နာမည်ပျက် သတင်း သိပ်မထွက်လှပေ။ နိုင်ငံတကာ အတွေ့အကြုံလည်းရှိသူ ဖြစ်သည်။ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးရှိစဉ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိ လင်္ကာ၊ ထိုင်း စသည့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ဖူးသည်။ထို့အပြင် အာဆီယံအစည်းအဝေးများ၊ တောင်အာရှနိုင်ငံများ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန်နိုင်ငံများ သွားရောက်ဖူးသည်။ နိုင်ငံတကာ အစည်းအဝေးများ သို့လည်း မြန်မာအစိုးရကိုယ်စားပြု တက်ရောက်ခဲ့ဖူးသည်။

စစ်ရေးအတွေ့အကြုံအရ သမ္မတဦးသိန်းစိန်သည် သူရဦးရွှေမန်းထက် စစ်တက္ကသိုလ်အပတ်စဉ် (၄) ပတ် စောသူဖြစ်သည်။ သူသည် ပုသိမ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဒသမတန်း အောင်မြင်ပြီး နောက် ပြင်ဦးလွင် စစ်တက္ကသိုလ်အပတ်စဉ် ၉ သို့ တက်ရောက်၍၊ ၁၉၆၈ တွင် ဝိဇ္ဇာဘွဲ့အထူးပြုဖြင့် အောင်မြင်၍ စစ်သင်တန်းဆင်းခဲ့ပြီး တပ်မတော် တွင် ဒုဗိုလ်အဖြစ် စတင်ထမ်းရွက်ခဲ့သည်။

ဒုဗိုလ်အဖြစ် ရှမ်း (၁) တပ်ရင်းတွင် ၁၉၆၇ မှ ၁၉၇၃ ထိ ထမ်းရွက် ပြီးနောက် ၁၉၆၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဗိုလ်ကြီးအဆင့်တိုးမြှင့်ခံရသည်။ ၁၉၆၈ မှ ၁၉၇၃ အထိ ဗိုလ်ကြီးအဆင့်ဖြင့်လည်းကောင်း၊ ၁၉၇၃ မှ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ (၁၀၉) နှင့် ခလရ (၈၉) တို့တွင် ဗိုလ်မှူးအဆင့်အဖြစ် လည်းကောင်း၊ ၁၉၈၅ တွင် တပ်ရင်းမှူး (ဒုတိယဗိုလ်မှူးကြီး) အဆင့်ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့ ခြေလျင်တပ်ရင်း ခလရ (၈၉) တွင် တာဝန်ထမ်းရွက်ခဲ့သည်။

၁၉၉၃ တွင် ဗိုလ်မှူးကြီးရာထူး တိုးမြှင့်ခံရပြီး ကက (ကြည်း)နှင့် စကခ (၄) တွင် တာဝန်ယူခဲ့ရသည်။ ၁၉၉၆ တွင် အရှေ့ပိုင်းတိုင်း စစ် ဒေသ၏ အမှတ် (၂) မဟာဗျူဟာစစ်ဒေသမှူး၊ ၁၉၉၇ တွင် အထွေထွေ စစ်ဦးစီးအရာရှိအဖြစ် ရန်ကုန်စစ်ရုံးချုပ်၌ လည်းကောင်း၊ ၁၉၉၇ တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် ရွှေတြိဂံစစ်တိုင်းမှူးအဖြစ် တိုးမြှင့်ခံရသည်။ ၂၀ဝ၁ တွင် ဗိုလ်ချုပ်အဆင့်ဖြင့် ရန်ကုန်စစ်ရုံးချုပ်တွင် စစ်ရေးချုပ် ဖြစ်လာသည်။ ၂၀ဝ၂ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ခံရသည်။ ထို့နောက် ၂၀ဝ၄ တွင် နအဖ အစိုးရ၏အတွင်းရေးမှူး (၁) တာဝန်ယူခဲ့ရသည်။ အတွင်းရေးမှူး (၁) အဖြစ် ၂၀ဝ၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်အထိ တာဝန်ထမ်းရွက်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ခံရပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ၂၀ဝ၇ အောက်တိုဘာလ ၂၄ မှ ၂၀၁၁ မတ် ၃၀ ရက်အထိ ထမ်းရွက်ခဲ့သည်။ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီကိုယ်စား နေပြည်တော် ဇမ္ဗူသိီရိမြို့မှ အရွေးချယ်ခံရပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၀ နိုဝင်ဘာ ၈ ရက်မှ ၂၀၁၁ မတ်လ ၃၀ ရက်အထိ ထမ်းရွက်ခဲ့သည်။

ဦးသိန်းစိန်နှင့် နှိုင်းဆလျှင် သူရဦးရွှေမန်းသည် နိုင်ငံရေးအတွေ့ အကြုံ သိပ်မရှိလှချေ။ သူသည် မြန်မာ့တပ်မတော်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်း ကွပ်ကဲရေးမှူး ရာထူး ထမ်းရွက်ခဲ့စဉ်က တပ်အပြောင်း အရွှေ့၊ ရာထူးအပြောင်းအရွှေ့ကဲ့သို့ ကိစ္စရပ်များနှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးထံ တင်ပြစရာ မလိုဘဲ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ခွင့်ပန်ပြီးလျှင် တပ်ကိစ္စ အရပ် ၅ ရပ်ကို နိုင်နိုင်နင်းနင်း လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအတွေ့အကြုံထက် စစ်ရေးအတွေ့အကြုံ ပိုများသည်ဟု ဆိုရပေ မည်။

ထို့ပြင် ထောက်လှမ်းရေးတပ်များကို နှိပ်ကွပ်စဉ်က သူရဦးရွှေမန်း သည် ကက (ကြည်း) အမိန့်ကို တိကျပြတ်သားစွာ ထုတ်ပြန်ပြီး သူကွပ်ကဲ ခဲ့သော တပ်မ (၁၁) ကဲ့သို့ ကြည်းတပ်များကို ပိုင်နိုင်စွာကွပ်ကဲ၍ (၈) မိုင်၊ ကုန်းမြင့်သာယာရှိ တပ်မတော်ထောက်လှမ်းရေး ဌာနချုပ်ကို အပြီး အသတ် ချေမှုန်းနိုင်ခဲ့သောကြောင့် ဦးသန်းရွှေ၏ ယုံကြည်အားကိုးမှုကို ရရှိခဲ့သူ ဖြစ်သည်။

သို့သော် သူရဦးရွှေမန်းသည် တပ်တွင်း၌ နာမည်ပျက်မှုမရှိသော် လည်း သားများ၏ စီးပွားရေး သောင်းကျန်းမှုများကြောင့် သားသမီးမကောင်း မိဘခေါင်းဆိုသလို လူတကာ၏ နှာခေါင်းရှုပ်ခြင်း ခံခဲ့ရသည်။ ထို့ပြင် သူနှင့် ခမည်းခမက်တော်စပ်သော ဇေကမ္ဘာ ဦးခင်ရွှေ၏ မြေသိမ်း၊ ယာသိမ်း လုပ်ဆောင်မှုများကြောင့် သူပါ ကြားထဲက နာမည်ပျက်ခဲ့ရသည်။

ဤကဲ့သို့ အမည်းစက်များကြောင့် ဦးသန်းရွှေသည် သူရဦးရွှေမန်း ကို သမ္မတရာထူး ပေးလိုက်လျှင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၌ ငြိသွား နိုင်သောကြောင့် သမ္မတရာထူးကို ဦးသိန်းစိန်ကို ပေးလိုက်သည်။ တစ်ဖန် မြွေပူရာ ကင်းမှောင့် ဆိုသလို သူရရွှေမန်းသည် မြောက်ကိုရီးယားနိုင်ငံ လျှို့ဝှက်သွားရောက်၍ စစ်ရေးစာချုပ်များ ချုပ်ဆိုခဲ့သည်ကို ဗူးပေါ်သလို ပေါ်သွားသောကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုလည်း မပေးရဲတော့ဘဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုသာ လွှဲပေးခဲ့ရလေသည်။

ဤသို့ဖြင့် နောက်ဆုံး၌ နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒ နယ်မှ ရွေးချယ်ခြင်းခံခဲ့ရသော သူရဦးရွှေမန်းသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ်သာ တင်မြှောက်၍ နှစ်သိမ့်စေခဲ့သည်။

ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲတွင် မိမိဇာတိ ဖြူးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရာ ရှုံးနိမ့်သွားသလို ပြည်ခိုင်ဖြိုး ပါတီမှလည်း ပါတီဝင်အဖြစ်မှ ၂၀၁၆ ဧပြီ လ ၂၃ ရက်တွင် ထုတ်ပယ်ခြင်းခံလိုက်ရသည်။

သို့သော် စိတ်ဓာတ်မကျဘဲ ၂၀၁၅ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ခဲ့သော ရွေးကောက်ပွဲ၌ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ ြီူ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှုကို မသိကျိုးကျွန်ပြုနေသော ဦးသိန်းစိန်အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီတို့ အံ့သြသင့်စရာ လုပ်ပြခဲ့သည်။ ယင်းမှာ အခြားမဟုတ် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီအပေါ် ယနေ့တိုင် သြဇာရှိနေသော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံခွင့်ရစေ ရန် ညှိနှိုင်း စီစဉ်ပေးခဲ့ပါသည်။ ၂၀၁၅ ဒီဇင်ဘာလ ၄ ရက်တွင် ဦးသန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲသည် ၂ နာရီခွဲမျှ ကြာခဲ့သည်။ တွေ့ဆုံပွဲအပြီး၌ ဦးသန်းရွှေက ''အနာဂတ် မြန်မာနိုင်ငံခေါင်းဆောင် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးက လက်ခံရမယ်'' ဟူ၍ ပြောကြားခဲ့ သည်အထိ ခရီးပေါက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးနိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်ပေးခဲ့မှုကြောင့် သူရဦးရွှေမန်း၏ နိုင်ငံရေး ရေချိန်သည် လည်း ပိုမိုမြင့်မားသွားလေသည် မဟုတ်ပါလော။


ယခင်ဆောင်းပါးများ ဖတ်လိုရင် - သည်နေရာကို နှိပ်လိုက်ပါ