Breaking News

ခင်မျိုးချစ် - ဧရိပ်သာ (၁)

နောက်တန်း ဘယ် တတိယမြောက်မှ ကြည်အေး၊ ခင်မျိူးချစ်၊ ခင်မောင်လတ်၊ သော်တာဆွေ၊ ထင်လင်း၊ ခင်ခင်။ ရှေ့တန်း ဘယ်တတိယမြောက် ခင်မောင်ဝင်း

ခင်မျိုးချစ် - ဧရိပ်သာ (၁)

(အတွေးအမြင်၊ ဇွန်၊ ၂၀၁၉)
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၉

1960 Guardian Magazine တွင် ပါဝင်ခဲ့သော ဒေါ်ခင်မျိုးချစ်၏ Aye Yeik Tha ဆောင်းပါးများကို ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)က ဘာသာပြန်သည်။ အင်္ဂလိပ်ဘာသာ ဆောင်းပါးများ၏ အချို့အပိုင်းများမှာ ထင်လင်း၏ မြန်မာဘာသာဖြင့် ရေးသော ဆောင်းပါးများကို ဒေါ်ခင်မျိုးချစ်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ခြင်း ဖြစ်သည်။

စစ်ပြီးခေတ်ကာလ အလွန်ကျပ်တည်းနေသည့် အချိန်တွင် ကျွန်မတို့သည် စမ်းချောင်းရပ်ကွက်တွင် နေစရာ အခန်းတစ်ခန်းကို ရရှိခဲ့သည်။ ရရှိခဲ့ပုံမှာ ဤသို့ ဖြစ်သည်။ ကိုလတ်သည် ဂျပန်ခေတ် နိုင်ငံခြားရေးရုံးတွင် အလုပ်လုပ်နေစဉ် ဖြစ်သည်။ နိုင်ငံခြားရေးရုံးတွင် ကိုလတ်နှင့် လုပ်ဖော်ကိုင်ဖက် စာရေးမတယောက် ရှိပါသည်။ ထိုစာရေးမလေးသည် အသက်နှစ်ဆယ်လောက်သာ ရှိပြီး အခြေအနေကြောင့် အပြင်ထွက်၍ အလုပ်လုပ်နေရပါသည်။ ထိုခေတ်တွင် မိန်းကလေးတဦးအနေဖြင့် အပြင်ထွက် အလုပ်လုပ်ခြင်းသည် အန္တရာယ်များပါသည်။ ဗုံးတွေကလည်း ကျ၊ ဂျပန်စစ်သားများကလည်း နေရာတကာ ရှိနေပါသည်။ ထိုမိန်းကလေး၏ အိမ်သည် ရုံးနှင့် ခြောက်မိုင်လောက် အကွာတွင် ရှိပါသည်။ ထို့ကြောင့် ကိုလတ်နှင့် အခြား ရုံးသားအချို့သည် ထိုမိန်းကလေးကို အိမ်သို့ ဝင်ခေါ်ပြီး အသွား အပြန် လိုက်ပို့ကြသည်။ ထို့ကြောင့် သူ၏ အိမ်သားများသည် သူ့အတွက် စိတ်မပူရတော့ချေ။ ထိုမိန်းကလေး၏ အမည်မှာ မသန်းခင် ဖြစ်ပြီး သူသည် ကျွန်မတို့နှင့် အလွန်ရင်းနှီးသော မိတ်ဆွေတဦး ဖြစ်ပါသည်။ ထိုမိန်းကလေး၏ အိမ်သည် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းတွင် ရှိပါသည်။

မသန်းခင်၏ မိသားစုတွင် သူ၏ မိခင် မုဆိုးမနှင့် အစ်မတယောက်၊ ညီမ သုံးယောက်နှင့် မောင်လေးတယောက်တို့ ပါဝင်ပါသည်။ သူတို့၏အိမ်သည် နှစ်ထပ်တိုက်ကြီး ဖြစ်ပြီး စစ်အတွင်းတွင် သူတို့မိသားစုသည် အတူနေထိုင်ခဲ့ကြသည်။ စစ်ပြီးသွားသောအခါတွင် မသန်းခင်သည် အထွေထွေအုပ်ချုပ်ရေးဌာနတွင် ဆက်လက်၍ အလုပ်လုပ်ရသည်။ ထိုအချိန်က ကျွန်မတို့အတွက် နေစရာ တော်တော်ရှား၍ ရှားမရ ဖြစ်နေပါသည်။ ထိုအခါ မသန်းခင်၏ အမေကြီးက သူ့အိမ်တွင် အခန်းတခန်းကို ကျွန်မတို့ မိသားစု သုံးယောက် (ကျွန်မ၊ ကိုလတ်နှင့် သားလေး)ကို နေခွင့်ပေးသည်။ ဤသည်ကား ကျွန်မတို့အတွက် နေစရာ ပြဿနာ ရှင်းသွားခြင်း ဖြစ်၏။ မသန်းခင်၏ မိခင် ဒေါ်သေးသေးကို အားလုံးက ‘ဒေါ်ဒေါ်’ဟု ခေါ်သည်။

ဒီအတိုင်းသာ အေးအေးဆေးဆေး နေနေလျှင် ဒေါ်ဒေါ်၏အိမ်တွင် အကန့်အသတ်မရှိ ဆက်လက်၍ နေနိုင်ကြမည် ဖြစ်ပါသည်။ သို့သော် ဒေါ်ဒေါ်၏အိမ်တွင် ဆက်လက်၍ မနေနိုင်တော့သည့် အဖြစ်ကို ကံကြမ္မာက ဤသို့ ဖန်လာသည်။

ကိုလတ်အကြောင်းကို စပြောလျှင် သူသည် ထိန်းမရသော အောင်သွယ်တတ်သူ တဦး ဖြစ်သည်။ သူ၏အနားတွင် အိမ်ထောင်မရှိသေးသော အပျို၊ လူပျို ဟူ၍ မရှိအောင်ပင် အောင်သွယ်တတ်သူ ဖြစ်ပါသည်။ ဖြစ်ပုံမှာ ကိုလတ်၏ မိတ်ဆွေ လူပျိုကြီးတယောက်သည် ကျွန်မတို့ နေထိုင်လျက်ရှိသော သံတံတားလမ်း အိမ်သို့ ရောက်လာသည်။ သူသည် မသန်းခင်၏ အစ်မအကြီးဆုံးကို မြင်၍၊ ကြိုက်သွား၍ အိမ်ထောင်ပြုချင်ကြောင်း ပြောသည်။ ထို့ကြောင့် ကျွန်မတို့အားလုံးသည် ဖူးစာရေးနတ်လုပ်၍ ထိုလူပျိုကြီးနှင့် အပျိုကြီးကို အိမ်ထောင်ပြုဖြစ်သွားအောင် လုပ်လိုက်ကြသည်။ သူတို့သည် အိမ်ထောင်ကျသွားပြီး နေစရာအိမ် မရှိသဖြင့် ကျွန်မတို့မိသားစု နေသော အခန်းကို ပေးလိုက်ရသည်။

ဤသည်ကား ကျွန်မတို့၏ အပြစ်ကြောင့် ကျွန်မတို့ နေစရာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခြင်း ဖြစ်လေသည်။ ဒေါ်ဒေါ်က ဤသို့မဖြစ်စေရန် သံတံတားလမ်း အိမ်ကို အခန်းတခန်း ထပ်၍ တိုးချဲ့ပေးမည်ဟု ဆိုသည်။ သို့သော် သံတံတားလမ်းအိမ် မိသားစုကို အဲဒီလောက်တော့ ဒုက္ခမပေးသင့်တော့ပါ။ ထို့ကြောင့် ကျွန်မတို့မိသားစု နေစရာ ရှာကြရသည်။

ကျွန်မသည် ရန်ကုန်တက္ကသိုလ်၏ နယ်မြေပေါ်တွင် သစ်သားအိမ်လေးတလုံးကို တွေ့ခဲ့သည်ကို မှတ်မိသည်။ ထိုအိမ်လေးတွင် နေထိုင်ခွင့်ရရှိရန် ရန်ကုန်တက္ကသိုလ်၏ အာဏာပိုင်များအား ပြောရန် ကိုလတ်ကို အကြံပေးသည်။ ကိုလတ်သည် အရာရာကို စဉ်းစဉ်းစားစား လုပ်တတ်သူ ဖြစ်၍ ကျွန်မ၏ အကြံဉာဏ်များကို အလွယ်တကူနှင့် လက်မခံပါ။ အထူးသဖြင့် ကိုလတ်သည် ကျွန်မ ပေးသော အကြံဉာဏ်များဆိုလျှင် သိပ်ယုံကြည်မှု မရှိပါ။ သို့သော် ဒီတကြိမ်မှာတော့ ကိုလတ်သည် ကျွန်မ၏အကြံ မဆိုးဘူးဟု ယုံကြည်၍ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နှင့် သွားတွေ့သည်။ ပါမောက္ခချုပ်ကလည်း ကျွန်မတို့ကို ထိုအိမ်ကလေးတွင် နေခွင့်ပြုလိုက်သည်။

ထိုအိမ်လေးကို ပြုပြင်ပြီး ရေ၊ မီးများ တပ်ဆင်ပြီးသောအခါ ကျွန်မတို့ ပြောင်း၍နေကြသည်။ ထိုအိမ်လေးကို ‘ဧရိပ်သာ’ ဟူ၍ အမည်ပေးလိုက်သည်။

(ဘာသာပြန်သူ၏ ဖြည့်စွက်ချက်။ ဧရိပ်သာ၏ နေရာကို ညွှန်းရမည်ဆိုလျှင် ၎င်းသည် တီတီစီ (TTC) ကျောင်းဝင်း၏ မြောက်ဘက်၊ ဘီအိုစီ (BOC) ကောလိပ်၏ အနောက်ဘက်၊ ပြည်လမ်း၏ အရှေ့ဘက်တွင် ရှိသည်။ ပြည်လမ်းမှ စတင်၍ ပြန်ညွှန်းရလျှင် ပြည်လမ်း၏အရှေ့တွင် ပြည်ဆောင်နှင့် တကောင်းဆောင် အမည်ရှိ ကျောင်းသားအဆောင် နှစ်ဆောင် ရှိသည်။ ယင်းအဆောင်နှစ်ခုသည် မျက်နှာချင်းဆိုင် မြောက်ဘက်နှင့် တောင်ဘက်တွင် ရှိကြသည်။ အဆောင်နှစ်ခုကြားတွင် ကွင်းတခု ရှိသည်။ တောင်ဘက်ရှိ တကောင်းဆောင်၏ အရှေ့ဘက် ပေ တထောင်လောက် အကွာတွင် ဧရိပ်သာ ရှိသည်။ ဧရိပ်သာ ပတ်ဝန်းကျင်သည် သစ်ပင်များဖြင့် အုံ့ဆိုင်းနေသည်။ ဥဩသံကို တနေကုန် ကြားနေရသည်။ ယခုအခါတွင် ဧရိပ်သာ၏ နေရာတွင် အဝေးသင်တက္ကသိုလ်၏ တိုးချဲ့ရုံးခန်းများ ရှိပါသည်။ ယခု ဒေါ်ခင်မျိုးချစ်၏ ဆောင်းပါးကို ဆက်ဖတ်ပါ။)

ကျွန်မတို့သည် ဧရိပ်သာတွင် ပြောင်းနေသောအခါ ကျွန်မတို့နှင့်အတူ အဖော်များ ပါလာပါသည်။ ကျွန်မတို့သည် နိုင်ငံရေးသမားများနှင့် အဆက်ဖြတ်ပြီး ဘဝသစ်ကို ထူထောင်ရာတွင် မိတ်ဆွေ အနုပညာရှင်များနှင့် စာရေးဆရာများနှင့် ပေါင်းသင်းခဲ့ပါသည်။ ကျွန်မတို့ ပေါင်းသင်းခဲ့သော မိတ်ဆွေများထဲတွင် ထင်လင်း အမည်ရှိသော စာရေးဆရာတဦး ပါလာပါသည်။ သူသည် ဝါသနာအလျောက် စာရေးဆရာ ဖြစ်သော်လည်း စာရေးဆရာ အလုပ်တခုတည်းဖြင့် စားဝတ်နေရေး မလုံလောက်ပါ။ ထို့ကြောင့် မြန်မာဘာသာပြန်အသင်းတွင် စာတည်းအလုပ်ကို လုပ်ရပါသည်။ သူ့မှာ ဇနီးနှင့် သားသမီး လေးယောက် ရှိသည်။ အားလုံးသည် ဧရိပ်သာတွင် အတူ လာ၍နေကြပါသည်။

ကျွန်သည် ဝါသနာအလျောက် ပန်းပင်များ စိုက်ပါသည်။ ကျွန်မ စိုက်သော ပန်းပင်များကို ယဉ်ကျေးမှုအရ စိတ်ဝင်စားဟန်ဆောင်သော ဧည့်သည်များကို ပြ၍ ကြွားဝါလေ့ရှိပါသည်။ ဧရိပ်သာသည် လူငယ် စာရေးဆရာများ၊ ကျောင်းသားများနှင့် အနုပညာရှင်များ ချိန်းတွေ့သည့်နေရာ ဖြစ်လာပါသည်။ ဧရိပ်သာတွင် ချိန်းတွေ့နေကျ စာရေးဆရာတဦးမှာ သော်တာဆွေ ဖြစ်ပါသည်။

သော်တာဆွေသည် ထင်လင်းနှင့် ကျွန်မတို့၏ မိတ်ဆွေ ဖြစ်သောကြောင့် သူသည် ဧရိပ်သာတွင် စနေ၊ တနင်္ဂနွေနေ့များတွင် လာရောက်နေထိုင်လေ့ရှိသည်။ မြန်မာလစဉ်မဂ္ဂဇင်းများကို ဖတ်သူများသည် သော်တာဆွေကို ‌ကောင်းကောင်းသိကြပါသည်။ သူသည် စစ်ပြီးခေတ်၏ လူငယ်စာရေးဆရာများထဲတွင် တဦး အပါအဝင် ဖြစ်သည်။ သူသည် လူငယ်ဘဝကို လျင်မြန်စွာ ဖြတ်ကျော်၍ နှစ်ပေါင်း ငါးဆယ်အတွင်းတွင် တွေ့ကြုံရမည့် အတွေ့အကြုံများကို အနှစ်နှစ်ဆယ်လောက်အတွင်းတွင် ဖြတ်ကျော်ခဲ့ရသူ ဖြစ်သည်။

သို့သော် စာဖတ်သူများအနေဖြင့် သော်တာဆွေ၏ စာများကို ရယ်စရာ၊ ဟာသများဟူ၍သာ သိကြသည်။ အချို့သော စာဖတ်သူများသည် သူ၏ အရေးအသားများ၊ ဝတ္ထုများကို ညစ်ညမ်းသည်ဟူ၍ပင် ယူဆကြသည်။ သူ၏ ဟာသဇာတ်လမ်းများကို ဖတ်ရှုသော စာဖတ်ပရိသတ်များသည် သူ၏ ဟာသနောက်ကွယ်တွင် ရှိသော ဘဝသင်ခန်းစာများကို မမြင်ကြချေ။ သူသည် မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးသော တောသူ တောသား၏ ဘဝကို ကောင်းကောင်းသိသူ ဖြစ်သည်။

စာရေးဆရာ ထင်လင်းအကြောင်းကို ဆက်လျှင် သူသည် ကျွန်မတို့နှင့်အတူ ဧရိပ်သာတွင် နေသောသူ ဖြစ်သည်။ ကျွန်မတို့နှင့်အတူ ဧရိပ်သာ၏ ပျော်စရာများ၊ စိတ်ညစ်စရာများကို မျှဝေခံစားသောသူ ဖြစ်ပါသည်။ သူသည် စာရေးအလွန်ကောင်းသော စာရေးဆရာတဦး ဖြစ်သည်။ သူသည် စကားပြောကောင်းသူ တဦးလည်း ဖြစ်သည်။ သူသည် ဧရိပ်သာ၏ ဇာတ်လမ်းများကို မှတ်တမ်းတင် ရေးသားထားသော ဆောင်းပါးများကို မြန်မာ မဂ္ဂဇင်းများတွင် ထည့်သွင်းနိုင်ခဲ့သည်။ ယခု ကျွန်မ ရေးသော ဧရိပ်သာ ဆောင်းပါးများသည် သူ၏ မှတ်တမ်းများကို ဘာသာပြန်ဆိုခြင်း ဖြစ်သည်။

ယခု ဆရာထင်လင်း ရေးသားခဲ့သော ဧရိပ်သာ၏ ဇာတ်လမ်းများကို စတင်ပါတော့မည်။

‘ဧရိပ်သာ’ ဟူသည်မှာ ကိုလတ်နှင့် ခင်မျိုးချစ် (ကျွန်တော်က ခေါ်တော့ အစ်မကြီး)က ဤသို့ အမည်ပေးခဲ့သော ပျဉ်ထောင်အိမ်လေး၏ အမည် ဖြစ်ပါသည်။ ဧရိပ်သာ၏ ဇာတ်လမ်းမှာ ရှေးက နယ်မြေသစ်ကို တိုးချဲ့၍ ရှေ့ဆောင်တီထွင်သော ဇာတ်လမ်းများနှင့်မခြား၊ နှိုင်းယှဉ်နိုင်သော ဇွဲ၊ လုံ့လ၊ သတ္တိတို့ ဖော်ထုတ်ပြသသော အဖြစ်အပျက် ဖြစ်ပါသည်။ အကြောင်းမှာ ဧရိပ်သာကို ကျွန်တော်တို့ စတင်၍ တွေ့စဉ်အခါက အမည်နှင့် မလိုက်အောင်ပင် စုတ်ပြတ်နေသော အိမ်စုတ်ကလေး ဖြစ်ခဲ့ပါသည်။ ဧရိပ်သာ၏ နေရာသည် ယခင်က သူပုန်များ၏ ဘေးအန္တရာယ်မှ ပြေးလာ၍ ခိုလှုံနေကြသော ဒုက္ခသည်များ နေထိုင်သောအရပ် ဖြစ်ခဲ့ပါသည်။

ဂျပန်ခေတ်က ဤအိမ်ကလေးကို ဂျပန်များက ကုန်ပစ္စည်းများ သိုလှောင်ရန် တည်ဆောက်ခဲ့ပုံရပါသည်။ ဧရိပ်သာ၏ အမိုး၊ အကာ၊ ကြမ်းပြင်အားလုံးကို သစ်သားဖြင့် ဆောက်လုပ်ထားပါသည်။ အခန်းများ လုံးဝ မရှိပါ။ ကြမ်းပြင်သည် မြေကြီးမှ တပေလောက်သာ ကွာပါသည်။ ကြမ်းပြင်သည် ခြများ စား၍ ပျက်စီးနေပါသည်။ ကြမ်းပြင်အောက်တွင် ကြွက်တွင်းများ ရှိပါသည်။ ထို့ကြောင့် ကြမ်းပြင်အောက်နှင့် အပေါ်တို့သည် နောင်အခါ နယ်မြေသစ် တီထွင် တိုးချဲ့လာသူများနှင့် ကြွက်များတို့၏ စစ်ခင်းရာ စစ်နယ်မြေတခု ဖြစ်ပါတော့သည်။

ထိုအချိန်က ကျွန်တော်သည် ဇနီးနှင့် ကလေးများကို ရွှေဘိုတွင် ထားခဲ့ပြီး ရန်ကုန်တွင် တယောက်တည်း အလုပ်လုပ်နေသည်။ ကျွန်‌တော်၏လခသည် ဇနီးနှင့် ကလေးများ စားဝတ်နေရေးအတွက် မလုံလောက်ပါ။ ကျွန်တော်သည် ရန်ကုန်တွင် တဦးတည်း နေနေစဉ် ကိုလတ်နှင့် အစ်မကြီးတို့၏ ဧရိပ်သာအကြောင်း သတင်းကြား၍ ကျွန်တော့်အား အတူနေရန်အတွက် ဖိတ်ခေါ်ရန် ဖန်တီးခဲ့ပါသည်။

ဧရိပ်သာကို ပြုပြင်၊ ရေ၊ မီးတို့ တပ်ဆင်ပြီးသွားသောအခါ ကျွန်တော့်ဇနီးနှင့် ကလေးများကို ခေါ်လိုက်ပါသည်။ ထိုအိမ်လေးသည် ဒီဒီတီ ဆေးနံ့များဖြင့် လှောင်နေပါသည်။ ကိုလတ်က ကျွန်တော့်အတွက် ပြောင်းရွှေ့ရန် ဤသို့ အမိန့်ပေးလိုက်သည်။

“မောင်ထင်လင်းက မင်းနဲ့ မိသားစုကို ခေါ်ပြီး အရင်ပြောင်းနှင့်၊ ငါတို့က သံတံတားလမ်းက ဒေါ်ဒေါ်ဆီမှာ နေနိုင်သလောက် နေလိုက်ဦးမယ်”

(ဆက်လက်ဖော်ပြပါမည်)
ခင်မျိုးချစ်