Breaking News

ကိုသန်းလွင် - အီဂျစ်သမ္မတဟောင်းမော်စီ



ကိုသန်းလွင် - အီဂျစ်သမ္မတဟောင်းမော်စီ

မိုးမခ၊ ဇူလိုင် ၃၊ ၂၀၁၉

(၁)

မိုဟာမက်မော်စီ (Mohammed Morsi) မှာမရည်ရွယ်ဘဲ အီဂျစ်နိုင်ငံ၏ အရပ်သားထဲမှ ပဌမဆုံးသမ္မတဖြစ်လာ ခဲ့ပါသည်။ သူသည် သမ္မတအဖြစ်တစ်နှစ်ခန့်တာဝန်ထမ်းဆောင်ရာတွင် အီဂျစ်ပြည်သူများက သူ့ကို ချစ်စနိုးဖြင့် “စပယ်ရာ တာယာ” ဟူ၍ခေါ်ကြပါသည်။ အကြောင်းမှာနောက်ဆုံးအချိန်ရောက်မှ မွတ်စလင်ဘရားသားဟုဒ်၏ ခေါင်းဆောင်အဖြစ် တင်မြောက်ခြင်းခံရပါသည်။ ၂၀၁၁ ဖေဖော်ဝါရီ ၂၅ ရက် ရွေကောက်ပွဲတွင်ထောင်မှလွတ်စ သန်းကြွယ်သူဌေး စီးပွားရေးသမားမှာ စည်းကမ်းမညီညွတ်၍ဟု ဆိုကာ ကိုယ်စားလှယ်အဖြစ်မှနှုတ်ထွက်လိုက် ရပါသည်။

ထို့ကြောင့် သမ္မတအာဏာကို မရည်ရွယ်ဘဲ ရရှိလိုက်သဖြင့်သူ့ကိုသူလည်းအံ့အားသင့်ခဲ့ရပါသည်။ သူ့ထက်ကြီး မားသော အရာတခု၏ ကောက်ယူမွေးစားခြင်းခံရသူတစ်ယောက်ဖြစ်ပါသည်။ ယခုတော့မူ သူ့အတွက်ရည်ရွယ် ပြုလုပ်ထားသော တရားရုံးအတွင်း အသံလုံလှောင်အိမ်အတွင်းမှာ သူသမ္မတဖြစ်ခဲ့သည့်နေ့မှ ခြောက်နှစ်တိတိ အကြာ ဇွန်လ ၁၇ ရက်နေ့ကရုတ်ရက်လဲကျသေဆုံးသွားပါသည်။ သေဆုံးချိန်မှာသူ့အိမ်သားတွေနှင့် လူ့အခွင့် အရေးလှုပ်ရှားသူ တစ်ဦးနှစ်ဦးမှအပ သူ့ကို မေ့လျော့နေကြပါပြီ။

(၂)

အီဂျစ်တရားရုံးများတွင် တရားခံမှာ လှောင်အိမ်များနှင့်နေရလေ့ရှိသည်။ ရည်ရွယ်ချက်ရှိရှိ စိတ်ဓာတ်ကို ထိခိုက် အောင်လုပ်ခြင်းဖြစ်သည်။ အီဂျစ်ကို ယနေ့အုပ်ချုပ်နေသူများက မစ္စတာမော်စီကို အသံလုံလှောင်အိမ်ထဲတွင် ထည့်သွင်းထားခဲ့ကြပါသည်။ သူ့ကိုသမ္မတဟူ၍ ထားရှိအပ်သောရိုသေမှုကို ပေးရန်ပျက်ကွက်သဖြင့် ဟစ်အော် တောင်းဆိုသောကြောင့်ဖြစ်သည်။ တရားမျှတခြင်းဟူ၍ ဟန်ဆောင်ပန်ဆောင်မျှမရှိဘဲ သူ့ကို ၄၅နှစ်မျှထောင် ချပြီးပါပြီ။

လွန်ခဲ့သော ၆နှစ်အတွင်း သူ့ကို တစ်ကိုယ်တည်းချုပ်နှောင်ထားခဲ့ပါသည်။ သူ့မိသားစုနှင့် ၆နှစ်အတွင်းတွင် သုံးကြိမ်သာ တွေ့ဆုံခွင့် ရခဲ့ပါသည်။ သူ့ဆီးချိုရောဂါအတွက် ဆေးမယ်မယ်ရရ ဘာမှမရခဲ့ပါ။ သွေးတိုးနှင့် အဆုပ်ရောဂါလည်းရှိနေပါသည်။ သူ့ကိုသေသွားစေနိုင်သည်ဟု သူ၏ရှေ့နေများက အကြိမ်ကြိမ် ပြောသည့် တိုင်ဘာမှ ဖြစ်မလာပါ။ သူ့စိတ်ဓာတ်အခြေအနေမှာ သူသည်အီဂျစ်ပြည်၏ တရားမျှတစွာ ရွေးကောက်တင် မြောက်ထားသော သမ္မတဖြစ်သည်ဟု ပြောတုန်းရှိပါသေးသည်။

မော်စီမှာ အသက် ၆၇ နှစ်ရှိပါပြီ။ အသက် ၉၁နှစ်ရှိပြီဖြစ်သော ယခင်အာဏာရှင် ဟော့စနီ မူဘာရက် မှာ လွတ်လပ်လျှက်ရှိသည်။ အီဂျစ်ပြည်မှာတော့ စစ်အာဏာအုပ်ချုပ်ရေး အောက်မှာဘဲရှိနေပါသေး သည်။

အီဂျစ်နိုင်ငံက ကျဉ်းမြောင်းသောအောင်မြင်မှုကို မော်စီအားပေးအပ်ခဲ့ပါသည်။ မော်စီသည် မိမိကိုယ်တိုင်ပြုလုပ် သောအရာများနှင့် တခြားသူများဖန်တီးသော ပရောဂဖြင့် ပြဿနာများတွင် ပါဝင်ပါတ်သက်ခဲ့ပါသည်။ သူတက်လာခါစက သူ့ကိုဆန့်ကျင်သော အင်အားစုမှာ အများကြီးရှိပါသည်။ ဥပမာ တိုင်းပြည်၏ မွတ်စလင်များ ဖြင့်ကြီးစိုးသော ပါလီမန်ကိုသူ၏ ၂၀၁၂ ရွေးကောက်ပွဲမကျင်းပမီ ၂ ရက်အလိုတွင် မူဘာရက်ခန့်အပ်ထားသော တရားသူကြီးများ ပါဝင်သည့် အဖွဲ့ကဖျက်သိမ်းပြစ်ခဲ့ပါသည်။ ပြီးဆုံးသွားပြီဖြစ်သော ခေတ်ဟောင်းက အစိုးရ အဖွဲ့ကအင်အားပြသလိုက်ခြင်းပင်ဖြစ်သည်။ သူ၏သမ္မတ မော်စီကိုယ်တိုင်ကမှု ခေတ်ပြောင်းတော်လှန်ရေး ခေါင်းဆောင်ကြီးဆိုခြင်းထက် သူလာခဲ့သည့် မွတ်စလင်ဘလာသားဟုဒ်ကို အင်အားတောင့်တင်းအောင်သာ လုပ်နေသည့်သဘောရှိပါသည်။ အဆိုးဆုံးမှာ ၂၀၁၂ နိုဝင်ဘာလတွင်မိမိကိုယ်ကို သြဇာအာဏာအပြည့်ပေး ထားသော အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ရည်ရွယ်သည်မှာ မွတ်စလင်များကြီးစိုးသည့် ကက်ဘိနက်က ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲနိုင်ရန်ဖြစ်ပါသည်။

ပို၍ဆိုးသည်မှာဖွဲ့စည်းပုံရေးဆွဲရန်တာဝန်ပေးထားသောရုံးများကိုကာကွယ်ရန်စစ်တပ်ကိုအာဏာအပ်နှင်းလိုက် ခြင်းပင်ဖြစ်သည်။ ထိုစဉ်ကလည်း စစ်တပ်ဘက်က ဘက်လိုက်ခြင်းအတွက်များစွာသော နိုင်ငံရေးကျွမ်းကျင်သူ များက မော်စီကိုအပြစ်တင်ခဲ့ကြပါသည်။

၂၀၁၃ ဇွန်လ ၃၀ ရက်တွင် လူထုက လမ်းမများပေါ်တွင်ထွက်၍မော်စီကို ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆို ခဲ့ကြပါသည်။ ထိုရက်မှာ သူတာဝန်ယူခဲ့သည်မှ တစ်နှစ်ပြည့်မြောက်သော နေ့ဖြစ်ပါသည်။ ၃ရက်ကြာသောအခါ မော်စီကိုယ်တိုင်က ရာထူးကိုပေးထားသော စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စီစီ က( Abdel Fattah el-Sisi) က အာဏာသိမ်းယူခဲ့ပါသည်။

အာဏာသိမ်းပြီးလေးလအကြာတွင် မော်စီနှင့်သူ၏ စီနီယာလုပ်ဖော်ကိုင်ဖက်မွတ်စလင်ဘရာသားဟုဒ် ၁၄ ယောက်ကို ရုံးတင်စစ်ဆေးခဲ့ပါသည်။ ပထမမော်စီကို အလက်ဇန္ဒီးယားမြို့အနီးမှ ထောင်တွင်ထိန်းသိမ်းထားပြီး နောက်တစ်ခါ Scorpion Prison သို့ပြောင်းရွေ့ခဲ့ပါသည်။ ထိုတောင်မှာ “ဝင်ပြီးလျှင်အသက်ရှင်လျက် ပြန်မ ထွက်ရ” ဟူသော ဆောင်ပုဒ်ဖြင့် နာမည်ကြီးသည့် ထောင်ဖြစ်ပါသည်။

ကြမ်းတမ်းသည့်မော်စီအပေါ် တရားရေးစနစ်ကပေးသည့် ဆက်ဆံမှုမှာနှစ်ပေါင်းသုံးဆယ်ခန့် မစ္စတာမူဘာရက် အောက်တွင်နေခဲ့ရသည့် အီဂျစ်ပြည်အဖို့ ရွေးကောက်ပွဲမသမာမှု၊ ညှင်းပန်းနှိမ်စက်ခြင်း၊ ခြစားခြင်း ကဲ့သို့သော ကိစ္စများရှိခဲ့သောအီဂျစ်ပြည်တွင်မထူးဆန်းသကဲ့သို့ဖြစ်နေပါသည်။ မစ္စတာမူဘာရက်မှာ ဖေဖော်ဝါရီလ ၁၁ရက် ၂၀၁၁ ခုနှစ်က သမ္မတရာထူးမှ ပြုတ်ကျခဲ့ရပါသည်။

မူဘာရက်ကိုရုံးတင်ထားစဉ်အတွင်းအချိန်များမှာစစ်ဆေးရုံတွင်သာနေခဲ့ရပြီး ရုံးချိန်းများကို တယ်လီကော်ပတာ ဖြင့် ပို့ပေးပါသည်။ သူ့ရှေ့နေများက မူဘာရက်ကို သေရက်နီးလာပြီဟု ခဏခဏပြောပါသည်။ မူဘာရက်မှာ ဘာပြောပြော လက်ရှိစစ်ကောင်စီမှ လူများအတွက် ယခင်လေတပ်ဦးစီးချုပ်ဖြစ်သဖြင့် သူတို့ဘက်မှ လူဟူသော အယူအဆက အမြဲရှိနေပါသည်။ မတ်လ ၂၇ရက်နေ့က မှုဘာရက်ကို သူ့ကို ၆နှစ်ကြာမျှချုပ်နှောင်ထားရာ စစ် ဆေးရုံမှသူ့အိမ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။ သူ့တွင်ကျန်ရှိသော ပြစ်မှုမှာ ငွေအလွဲသုံးစားလုပ်မှုတစ်ခုဘဲ ကျန်ရှိ ပါသည်။

မူဘာရက်မှာ လူ ကိုးရာကျော်သေဆုံးခဲ့ရသော ၁၁ ရက်ကြာ ဆန္ဒပြမှုများတွင် တာဝန်ရှိသူဖြစ်ပါသည်။ ထို့အတူ မစ္စတာစီစီနှင့် အခြားစစ်တပ်ဆိုင်ရာအရာရှိများမှာ သူတို့ပြစ်မှုများအတွက် အပြစ်ပေးခံရစရာအကြောင်းမရှိပါ။ သူတို့က မော်စီကို ကိုင်ရိ်ုသင်းချိုင်းတစ်ခုတွင် အစောင့်အကြပ်ထူထဲစွာချ၍ သဂြိုလ်ခဲ့ကြပါသည်။ သူ့မိသားစုက အလိုရှိသည့်အတိုင်း (Sharqiya) မြို့အနီးမှ သူ့မိသားစု သဂြိုလ်ခွင့်မပြုခဲ့ပါ။ ၂၀၁၅ ခုနှစ်က ချမှတ်ခဲ့သော သေ ဒဏ်ကို ရုတ်သိမ်းခဲ့ခြင်းမှာ မော်စီကို သူရဲကောင်းမဖြစ်သွားစေလို၍ ဖြစ်ပါသည်။ သို့ပါသော်လည်း စစ်တပ် ၏ ရက်စက်ကြမ်းကြုတ်မှုများက မော်စီကိုသူရဲကောင်းတစ်ယောက်ဖြစ်စေခဲ့ပါသည်။

သို့ပါသော်လည်း အီဂျစ်ပြည်တွင် မော်စီသေဆုံးသွားခြင်းမှာ မွတ်စလင်ဘရားသားဟုဒ်ကို လူအများအုံံကြွလာ အောင် ဆူပူမှုမျိုးဖြစ်စေနိုင်မည်မဟုတ်ပါ။ မစ္စတာစီစီ တာဝန်ယူပြီးသည့်နောက်တွင် ဆန္ဒပြမှုမဖြစ်ပွားစေနိုင်ရန် ဥပဒေများ ချမှတ်ထားပြီး ဖြစ်ပါသည်။

၂၀၁၃ ဇူလိုင်လ မော်စီပြုတ်ကျအပြီးမှ ၂၀၁၆ ဇန်နဝါရီလအထိ မွတ်စလင်ဘားလားဟုဒ်ကို မတရားအသင်း ကြေညာပြီးမှ လူ ၁၆,ဝ၀ဝနှင့် ၄၁,ဝ၀ဝ အကြားတွင် အဖမ်းခံကြရပြီး အချိုု့မှာ သေဒဏ်၊ အချို့မှာ တရားစစ် ဆေးခြင်းမရှိဘဲ သေကြရသည်။ သူတို့သည် ဘရားလားဟုဒ်၏အသံကို ငြိမ်သက်သွားအောင် ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။

သူ့ကိုထောက်ခံသူများက မစ္စတာမော်စီသည် သူရဲကောင်းတစ်ယောက်ဖြစ်သည်။ မီဒီယာများကမှု မော်စီ သေဆုံးကြောင်းကို သူသမ္မတဟောင်းဖြစ်ပါသည် ဆိုသောအချက်မပါဘဲကြေညာကြပါသည်။

(၃)

အီဂျစ်ထောင်တွေထဲတွင် ၆၀,ဝ၀ဝ ကျော် နိုင်ငံရေးအကျဉ်းသားများရှိနေပါသေးသည်။ သူတို့မှာ မတရားသော စနစ်ကြောင့် မတရားမှုများကို ခါးစည်းခံကြရပါသည်။

မစ္စတာမော်စီမှာ သေဒဏ်မှ လွတ်ပြီးပါပြီ။ သို့သော် မှန်လုံခမ်းတွင်လဲကျသေဆုံးအောင် ညှင်းဆဲ၍ တဖြေးဖြေး သေသွားအောင် သတ်လိုက်ခြင်းဖြစ်ပါသည်။ ထိုကိစ္စအတွက်တာဝန်ရှိသော စစ်ကောင်စီ လူကြီးများမှာ သူတို့ ပြုလုပ်သော အပြုအမူ အတွက် အပြစ်ဒဏ်ပေးမည့် လူမရှိဘဲဖြစ်နေပါသည်။

ကိုသန်းလွင်

Ref: Mohamed Morsi died in a Soundproof Cage, by Mona Eltahawy New York Times June 18 2019.