Breaking News

ကိုသန်းလွင် ● တရုတ်နှင့် အမေရိကန်တို့ ကုန်သွယ်ရေးပြဿနာ




ကိုသန်းလွင် ● တရုတ်နှင့် အမေရိကန်တို့ ကုန်သွယ်ရေးပြဿနာ

(မိုးမခ) သြဂုတ် ၂၀၊ ၂၀၁၉

(၁)

အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုသည် လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု သင်ယူဆပါလျှင် သင် သည်ပြဿနာကို သေချာမစဉ်းစားသေး၍ ဖြစ်ပါသည်။ သင်ထင်သည်ထက် ပြဿနာသည် ပို၍နက်ရှိုင်းသည့်အပြင် အန္တရာယ်လည်း အလွန်ကြီးပါသည်။

(၂)

ထရမ့်နှင့် တရုတ်သမ္မတကြီးရှီဂျင်ပင်းတို့သာပြဿနာ ဖြေရှင်းနည်းကို မတွေ့ကြပါက ကျွန်တော်တို့သည် နှစ်ခြမ်းကွဲနေ သော ကမ္ဘာကြီးကို တွေ့ရပါတော့မည်။ ဂလိုဗယ်လိုက်ဇေးရှင်းကြောင့် ပို၍ငြိမ်းချမ်းသော၊ ပို၍ချမ်းသာသော ကမ္ဘာကြီး ဖြစ်ရမည့်အစား ဒီဂျစ်တယ်ဘာလင်ဝေါ (Digital Barlin Wall) ဟုပြောရမည့် အရာကြီးတခု အလယ်မှပေါ်လာပြီး အင် တာနက်နှစ်ခု တက်ခနိုလိုဂျီနှစ်ခု တစ်ဖက်နှင့် တစ်ဖက် အားပြိုင်နေသည်ကို တွေ့ကြရပါလိမ့်မည်။

ထိုအရာသည် ပိုမို၍ တည်ငြိမ်မှုမဖြစ်လာဘဲ ချမ်းသာကြွယ်ဝမှုလည်း ကင်းမဲ့သော ကမ္ဘာကြီးပင် ဖြစ်ပါလိမ့်မည်။ ထရန့်နှင့်ရှီတို့သည်ရှိသမျှအကြောင်းအရာများကိုဘေးချိတ်ပြီး နှစ်ယောက်သားဤပြဿနာကိုပြေလည်အောင် ဖြေရှင်းသင့်ကြသည်။ မောင်းသူမဲ့သော ရထားပျက်ကြီး တစ်စီးလို အမျိုးသားရေးဝါဒ၊ ပေါ်ပျူလာဖြစ်စေသော ဝါဒတို့ဖြင့် ဆိုရှယ်မီဒီယာတို့က နှစ်နိုင်ငံလုံးတွင် မြှောက်ပေးနေကြသောအခါ ဦးတည်ရာမဲ့သွားချင်ရာသွား နေတော့သည်။

ကျွန်တော်တို့သည် ဤနေရာကိုဘယ်လိုရောက်လာကြပါသနည်း။ အကြောင်းအရာများစွာတို့စုပေါင်းဖြစ်လာ ကြသည်။

သမ္မတထရမ့်နှင့် ရှီတို့သည် မိမိတို့တက်နိုင်သည့် အရာမှန်သမျှ အတင်းထုတ်၍ (Over Played) သုံးကြသည်။ ပထမ အနှစ်သုံးဆယ်လုံးလုံး တရုတ်ပြည်မှ အမေရိ်ကန်တို့ထံသို့ တီရှပ်၊ တင်းနစ်စီးဖိနပ်၊ ကစားစရာများကို ဝယ်ခဲ့ကြပါသည်။ အမေရိကန်တို့အဖို့ တရုတ်အစိုးရသည် ကွန်မြူနစ်လော၊ အရင်းရှင်လော၊ အာဏာရှင်လော၊ အသားစားသလား၊ သစ်သီးနှံ ဘဲ စားသလား ဘာမှဂရုမစိုက်ခဲ့ပါ။

သို့ပါသော်လည်း လွန်ခဲ့သော ဆယ်စုနှစ်အတွင်းတရုတ်ပြည်သည် အသင့်အတင့်ကြွယ်ဝသော နိုင်ငံဖြစ်လာခဲ့ပါသည်။ ထို့ နောက် တရုတ်ပြည် ၂၀၂၅ စသည်ဖြင့် စီမံကိန်းများကို ချပြခဲ့ကြသည်။ တီရှပ်များ၊ တင်းနစ်စီး ဖိနပ်များအစား၊ အမေရိကန်နှင့် ဥရောပ နိုင်ငံများကရောင်းချသလို အဆင့်မြင့်စက်မှု (High Tech) ပစ္စည်းများ စမတ်ဖုန်းနှင့် AI (Artificial Intelligence) 5G ဆိုင်ရာပစ္စည်းများ ကားနှင့် စက်ရုံများကို ရောင်းချလာခဲ့ကြပါသည်။

ဤသို့ရောင်းချခြင်းကို ကျွန်တော်တို့ ကြိုဆိုကြရပါမည်။ ယှဉ်ပြိုင်မှုနှင့် အင်နိုဗေးရှင်း (Innovation) ကို ဦးစားပေးသည့် အနေဖြင့် ဖြစ်ပါသည်။ ပစ္စည်းဈေးတွေကလည်း တဖြည်းဖြည်းကျဆင်းလာပါသည်။ သို့ပါသော်လည်း ၄င်းအဆင့်မြင့် စက်မှု ပစ္စည်းများသည် စက်ရုံများ၊ လူနေမှု ပတ်ဝန်းကျင်နှင့် အခြေခံအဆောက်အဦးများတွင် ဝင်ရောက်နေရာယူကြပါသည်။ နေရာယူပြီးသည်နှင့် ဖယ်ရှားဖို့မှာ ခက်ခဲလှပါသည်။

ဤအန္တရာယ်ကို ပုံကြီးချဲ့စရာမလိုပါ။ လူတိုင်းသည် အခြားလူတိုင်းအပေါ်၌ စုံစမ်း ထောက်လှမ်းကြသည်ချည်း ဖြစ်ပါသည်။ သို့ပါသော်လည်းစစ်အေးကာလ (Cold War) ကာလက ဆိုဗီယက်ယူနီယံနှင့် ဆက်ဆံရေးနှင့် မတူပါ။ ကျွန်တော်တို့သည် စီးပွားရေး၊ စက်မှုဖွံ့ဖြိုးရေးတို့တွင် ဆိုဗီယက်တို့နှင့် ဘာမှဆက်စပ်မှုမရှိပါ။ တရုတ်တို့နှင့်က ဤကဲ့သို့မဟုတ် အက်ပဲလ် (Apple) ကတရုတ်ပြည်တွင်း နက်နက်ရှိုင်းရှိုင်းဝင်ရောက် နေသလိုတရုတ် ပြည်ကလည်း အမေရိကန်တို့ဘဝထဲသို့ ဝင် ရောက်နေကြပါသည်။

တရုတ်တို့က ဘာလုပ်နေသည်ကို မသိရသော ကွန်မြူနစ်နိုင်ငံဖြစ်ပါသည်။ အမေရိကားက လူတိုင်းမြင်သာသည့် ဒီမိုကရေ စီနိုင်ငံဖြစ်ပါသည်။

နက်ရှိုင်းသော တက်ခနိုလိ်ုဂျီကို တစ်ယောက်နှင့်တစ်ယောက် အရောင်းအဝယ်ပြုကြပြီဟုဆိုလျှင် တစ်ဦးကို တစ်ဦး ယုံကြည်မှု ရှိဖို့လိုပါသည်။ သူတို့သည် တစ်ဦးကို တစ်ဦး ယုံကြည်မှုမရှိဘဲ ထိုတက်ခနိုလိုလိုဂျီများကို ရောင်းချဖို့ ကြိုးစား နေကြပါသည်။ ထို့ကြောင့်ဘဲ ထရမ့်က ဟွဝေး (Huwei) ၏ 5G တတ်ခနိုလိုဂျီ ကို ရောင်းချခွင့်ကို ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် ဟွဝေး၏ တယ်လီဖုန်းများတွင် မည်သည့်အခြေခံဆော့ဖဝဲယား (Operating System) ကိုသုံးထားပါသနည်း။ ဂူးဂဲလ်၏ အင်ဒရိုက် (Android) ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဂူးဂဲလ်ကို တရုတ်တို့နှင့် အလုပ် မလုပ်ရဘူးဟုဆိုလျှင် ဟွဝေးကလည်း သူတို့ကိုယ်ပိုင်ဆော့လ်ဝဲယားကို သုံးပါလိမ့်မည်။ ဂူးဂဲလ်က အသုံးပြုနေသည့် လုံခြုံရေးဆိုင်ရာ (Security Feature) များတော့ ပါမည်မဟုတ်ပါ။

လွန်ခဲ့သော လေးငါးနှစ်က အမေရိကန်ကုမ္ပဏီများ တရုတ်ပြည်တွင် အလုပ်လုပ်ရာတွင် အသံပြောင်းလာကြပါသည်။ သူတို့ ပြောခဲ့ကြသည်မှာ တရုတ်တို့ကဖိအားပေးသဖြင့် သူတို့ကို တက်ခနိုလိုဂျီကိုပြောပြ (Transfer) လုပ်ပေးနေရကြောင်း။ သူတို့တရုတ်ပြည်မှာ လုပ်သလိုမျိုး တရုတ်ကုမ္ပဏီများအနေဖြင့် အမေရိကားတွင် မလုပ်ကြကြောင်း။ အမေရိကန်အစိုးရက သူပါဝင်ဖို့လိုသလား ဟုမေးသောအခါ မလိုအပ်ကြောင်း။ “တည်ငြိမ်နေသော လှေကို မလှုပ်ပါနဲ့” ဟူ၍ သူတို့ တရုတ်ပြည်မှာ ငွေရှာရတာ အလုပ်ဖြစ်ဖြစ်ကြောင်းပြောကြပါသည်။

ကုမ္ပဏီများမှာ တစ်စတစ်စ တရုတ်ပြည်မှာ အလုပ်လုပ်ရတာ မလွယ်ကြောင်းပြောလာကြပါသည်။ သူတို့ကုန်များကို လွတ် လွတ်လပ်လပ် မရောင်းချရကြောင်း။ တရုတ်အစိုးရက တရုတ်ကုမ္ပဏီများကို အခွင့်အရေးတွေ ပေးနေကြောင်း “Made in China 2025” စီမံကိန်းအရ တရုတ်ကုမ္ပဏီများကို ထောက်ပံ့ငွေများ၊ ချေးငွေများ၊ ရင်းနှီးမြှုပ်နှံရန်ငွေများ စသည်တို့ ပေး သောကြောင့် နိုင်ငံခြားကုမ္ပဏီများထက် ပိုမို အလုပ်လုပ်နိုင်ကြောင်း ပြောလာကြသည်။

ထိုအချိန်တွင် ထရမ့်၏ လုပ်ရပ် ပို၍ကြောက်စရာကောင်းသည်။ (Trans Pacific Partnership) ခေါ် TPP စာချုပ်သည် ပစိဖိတ် ၁၂ နိုင်ငံနှင့် အမေရိကန်ပြည်တို့ချုပ်ဆိုသော စာချုပ်ဖြစ်ပြီး တရုတ်ပြည်မပါဝင်ပါ။ ထရမ့် ကဤစာချုပ်မှ နှုတ်ထွက် လိုက်သည်။ ဥရောပ နိုင်ငံအများအပြားမှာလည်း တရုတ်ပြည်နှင့် ဆက်ဆံရေးပြဿနာများရှိကြရာ ဤစာချုပ်သာ ရှိနေပါက အမေရိကန်နှင့် ပစိဖိတ်နိုင်ငံများပေါင်းစည်းမိပြီး များစွာအသာရမည်ဖြစ်သည်။ ၄င်းနိုင်ငံများကို ထရမ့်က သံမဏိနှင့် အခြား ကုန်ပစ္စည်းများအပေါ်အကောက်ခွန် (tariff) ကောက်၍ ရန်သူသဖွယ်ဆက်ဆံခဲ့ပါသည်။

ဥရောပကောင်စီ နိုင်ငံများ ပစိဖိတ်နိုင်ငံများ မပါဝင်ဘဲ ထရမ့်က တရုတ်တို့၏ တစ်ဦးတည်း ရင်ဆိုင်ခဲ့သည်။ အမေရိကားသည် ပထမမူဝါဒကို ကြေညာပြီး ဆွေးနွေးပွဲမှာ ကူညီမည့်သူ မရှိဘဲ ဖြစ်နေခဲ့သည်။ တရုတ်တို့နှင့် (tit-for-tat) တစ်ဖက်နှင့် တစ်ဖက် အပြိုင်အဆိုင်အငြင်းပွားနေချိန်တွင် ကိုယ့်ဘက်ကလူ မပါဘဲစကားပြောရသည်။ ကာလကြာရှည် စုပေါင်း၍ ဖြစ်ပေါ်လာသော ပြဿနာများကိုအချိန်တိုတို တွေ့ဆုံဖြေရှင်းရုံဖြင့် မပြေ လည်နိုင်ပါ။

ထိုအထဲတွင် သမ္မတရှီဂျင်းပင်းက တောင်တရုတ်ပင်လယ်တွင် ရရှိသော ကျွန်းများကို သိမ်းပိုက်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းဖြင့် အနီးအနားမှ နိုင်ငံများကိုထိတ်လန့်စေခဲ့သည်။ ထို့ပြင် သက္ကရာဇ် ၂၀၂၅ ရောက်လျှင် အနောက်နိုင်ငံများနှင့်တန်းတူ ပစ္စည်းများကို ရောင်းချမည်ဟု ကြုံးဝါးခဲ့သည်။ လွန်ခဲ့သော အနှစ် ၂၀ ကာလကဲ့သို့ တရုတ် ကုမ္ပဏီများကို ဦးစားပေးနေဦးမည်။

တရုတ်ဘက်မှ လေသံပြောင်းလာပါ၏။ ဆွေးနွေးသူများက သူတို့၏ လုပ်နည်း လုပ်ပုံများကို တစ်ချို့တစ်ဝက် ပြင်ဆင်ပေး မည်။ သူတို့ဘက်တွင် မတရားသော လုပ်ရပ်များရှိနေကြောင်း ဝန်ခံသည်။

သမ္မတထရမ့်အနေဖြင့်လည်း တရုတ်ဘက်ကလိုက်လျောမည့် အခြေအနေများ ထွက်ပေါ်လာချိန်တွင်ထုတ် ကုန်ပစ္စည်း ဒေါ်လာ ၃၀ဝ ဘီလီယံ အပေါ်မှ ၁၀ ရာခိုင်နှုန်း ကောက်မည်ဆိုသော ခြိမ်းခြောက်မှုကိုလည်း ဖြေလျှော့ပေးသင့်သည်။

(၃)

ကုန်သွယ်ရေးဝါဒအဟောင်းမှာ အမေရိကန်တို့က ချမ်းသာသောနိုင်ငံဖြစ်သည် တရုတ်တို့က ဆင်းရဲပြီး ကြိုးစားဆဲ နိုင်ငံဖြစ် သည်။ ထို့ကြောင့် တရုတ်တို့ဘက်မှ အချို့အချက်အလက်များကို မမြင်သလို လစ်လျူရှုရမည်ဖြစ်သည်။ ယနေ့အခြေအနေ ကတစ်မျိုးဖြစ်သည်။ အခြေအနေတွေက ပြောင်းလဲနေပြီ။ နှစ်ဘက်စလုံး တူမျှနေပြီ။ ထို့ကြောင့် ကုန်သွယ်ရေးတွင် ဘက်နှစ် ဘက်လုံးက အခြေအနေများ တူညီမှုရှိရမည်။

တရုတ်တို့အနေဖြင့် မလိုက်လျောနိုင်ဘူးဟုဆိုလျှင် အမေရိကန်ကလည်း တရုတ်ကုမ္ပဏီများကို အလားတူ ဆက်ဆံရေး ကိုသာ ပေးရပေမည်။ သို့သော် ရည်မှန်းချက်မှာ တူညီသော စွမ်းအားရှိသူအချင်းချင်း ဘက်နှစ်ဘက် ညီညီမျှမျှသော ဥပဒေ များကို လိုက်နာကြရန်ဖြစ်သည်။

ကိုသန်းလွင်

Ref: How Tramp and Xi Make America and China poor again, Thomas Friedman, New York Times august 6 2019