Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၂၃)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၂၃)
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၉

● အိမ်စောင့်အစိုးရနှင့် စော်ဘွားများအာဏာစွန့်လွှတ်ခြင်း
၁၉၅၈ ခုနှစ်အိမ်စောင့်အစိုးရတက်ပြီး ရှမ်းပြည်နယ်ကောင်စီ အသစ်ဖွဲ့စည်းသောအစည်းအဝေးတွင်ပင် ဦးထွန်းအေးက စော်ဘွားများ အာဏာစွန့်လွှတ်ရေးကို ဆွေးနွေးခဲ့သည်။ ၁၉၅၈ ခုနှစ် နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ် ကောင်စီဥက္ကဌ စဝ်ဟုန်ဖသည် စော်ဘွားများအသင်းနှင့်၎င်း ရှမ်းပြည်နိုင်ငံ ရေးအဖွဲ့အစည်းအသီးသီးနှင့်၎င်း စေ့စပ်ဆွေးနွေးသည့်အတွက် ၁၉၅၉ ခုနှစ် ဇန္နဝါရီ လအတွင်း စော်ဘွားများအာဏာစွန့်ရေးအောင်မြင်တော့မည်ဆိုသည့် သတင်းထွက်ပေါ်လာသည်။

တဖက်တွင်လည်း အစိုးရအတွင်းဝန်ကလေး ဦးထွန်းခိုင်မှ ရှမ်းပြည်နယ်တိုင်းမင်းကြီးနှင့် ခရိုင်ဝန် ၆ ဦးထံသို့ ၁၉၅၉ ခုနှစ် မတ်လ ၃ ရက်နေ့ပေးစာတွင် ရှမ်းပြည်နယ်အုပ်ချုပ်ရေးအပြောင်းအလဲအတွက် ပြင်ဆင်ထားရန်ညွှန်ကြားသည်ကို တွေ့ရှိရ ပေရာ အိမ်စောင့်အစိုးရအနေနှင့် စော်ဘွားများအာဏာစွန့်ရေး ပြင်ဆင်ပြီးဟု ဆိုရမည်။

၁၉၅၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရှမ်းစော်ဘွားများက မိမိတို့နယ်အတွင်း အုပ်ချုပ်စီမံပိုင်ခွင့်အာဏာများအား ရှမ်းပြည်နယ် အစိုးရသို့ လွှဲပြောင်းပေးသည့် သဘောတူစာချုပ်အား တောင်ကြီး၌ ချုပ်ဆိုကြသည်။ စော်ဘွား ၃၃ ဦးရှိသည့်အနက် ထိုနေ့တွင် ၂၉ ဦး လက်မှတ်ထိုးပြီး နောက်ရက်တွင် ၂ ဦး ထပ်မံလက်မှတ်ထိုးသည်။ ၁၉၅၉ ခုနှစ် ဧပြီလ ၂၇ ရက်တွင် စော်ဘွားများ အာဏာစွန့်လွှတ်သည့်ကိစ္စအား ရှမ်းပြည်နယ်ကောင်စီတွင် အတည်ပြုသည်။ ၁၉၅၉ ဧပြီလ ၂၉ ရက်တွင် ရှမ်းပြည်သူ့အုပ်ချုပ်ရေး ပန္နက်ချအခမ်းအနားဆိုသည်ကို တောင်ကြီး၌ပြုလုပ်ရာ သမတဦးဝင်းမောင်နှင့် ဝန်ကြီးချုပ်ဗိုလ် ချုပ်ကြီးနေဝင်းတို့ တက်ရောက်ကြသည်။

စော်ဘွားများအာဏာစွန့်ရာတွင် မူလသဘောတူညီချက်တွင် လျော်ကြေးငွေပေးရေး၊ ပင်စင်လစာပေးရေးစသည့် သဘောတူညီချက်များပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျက်ပြယ်ခဲ့သည်။

ရှမ်းစော်ဘွားများအာဏာစွန့်ခြင်းနှင့်ပတ်သက်၍ ရှမ်းပဒေသရာဇ်စနစ်ဆန့်ကျင်သူများအတွက် အောင်ပွဲဖြစ်ခဲ့သည်။ သို့ သော် ရှမ်းပြည်သူ့အုပ်ချုပ်ရေးအုပ်ချုပ်စနစ် အုတ်မြစ်ချလိုက်ပြီဟုဆိုကြသော်လည်း ရှမ်းပြည်နယ်နှင့်ကိုက်ညီသော စည်း မျဉ်းဥပဒေအသစ်တခု ရေးဆွဲနိုင်ခြင်းမရှိမီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။ ရှမ်းပြည်နယ်၌ စော်ဘွားအုပ်ချုပ်ရေး စနစ်သည် နှစ်ထောင်ချီ၍ အမြစ်တွယ် အသားကျနေသောစနစ်တရပ်ဖြစ်သည်။ သူ၏နယ်ပယ်အတွင်း ကျေးလက်တောင် ပေါ်အထိ အုပ်ချုပ်ရေးစနစ်ကို ဖြန့်ကျက်ထားပြီးဖြစ်သည်။ ထို့ုပြင် ရှမ်းပြည်နယ်ရှိ မြို့ပေါ်များမှလွဲ၍ ကျေးလက်တောင် ပေါ်ဒေသများတွင် ဗမာစကား၊ ဗမာစာမတတ်ကြပေ။ သို့ဖြစ်ရာ ပြောင်းလဲလိုက်သော ပြည်မပုံစံအုပ်ချုပ်ရေးနှင့်၎င်း ဥပဒေ ဝေါဟာရများနှင့် ၎င်း ရှမ်းလူထု အံဝင်ဂွင်ကျ ဖြစ်ရန်ခက်ခဲနေပေတော့သည်။

လက်တွေ့တွင် စစ်တပ်အင်အား၊ ရဲအင်အားဖြင့် ထိမ်းချုပ်နိုင်သည့် မြို့ကြီးများတွင် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ မြို့ပိုင်များ သည်၎င်းတို့၏ အာဏာစက်အား တည်ဆောက်နိုင်သော်လည်း မြို့နယ်နမိတ်ပြင်ပ ကျေးလက်တောင်ပေါ်သို့ သြဇာအာဏာ စက်ပြန့်အောင် လုပ်ဆောင်နိုင်ခြင်းမရှိပေ။ သို့ဖြစ်ရာ ကြီးမားကျယ်ပြန့်သော ရှမ်းပြည်နယ်၏ကျေးလက်တောင်ပေါ်ဒေသ များတွင် အုပ်ချုပ်ရေးဟာကွက် ကြီးကြီးမားမားပေါ်ပေါက်လာပြီး လက်နက်ကိုင်ပုန်ကန်မှုများအတွက် ရေခံမြေခံကောင်းများဖြစ်လာပေတော့သည်။

● သန့်ရှင်းဖဆပလနှင့် ပထစအစိုးရ
အိမ်စောင့်အစိုးရလက်ထက် စော်ဘွားများအာဏာစွန့်ခဲ့ရသော်လည်းခံသာနေသေးသည့်အချက်မှာ ပြည်မတွင် ပါလီမန်ဒီမိုကရေစီစနစ်ရှိနေသေးခြင်းဖြစ်သည်။ အိမ်စောင့်အစိုးရလက်ထက်တွင်လည်း ပါလီမန်သည် ဆက်လက်လည်ပတ်ဆဲဖြစ် သည်။ ၁၉၅၉ ခုနှစ် ဖေဖဝါရီ ၂၇ ရက်တွင် ကျင်းပသောပါလီမန်လွှတ်တော်ညီလာခံတွင် ဗိုလ်ချုပ်ကြီးနေဝင်းအား ဝန်ကြီးချုပ် အဖြစ်ပြန်လည်တင်မြှောက်ခဲ့သည်ကို တွေ့ရသည်။ ပါလီမန်ရှိနေသေးသဖြင့် ရှမ်းအမတ်များသည် ပါလီမန်အတွင်း ဆက်ရှိ နေပြီး ပြောရေးဆိုခွင့် ဆက်လက်ရ ရှိနေခဲ့ကြသည်။

၁၉၆၀ ခုနှစ် ဖေဖဝါရီ ၆ ရက်နေ့တွင် ပါလီမန်ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲကြီးကို ပြန်လည်ကျင်းပသည်။ ထိုစဉ်က မဲဆန္ဒနယ်၂၅၀ နှင့် မဲပေးနိုင်သူ ၉၉၁၅၂၁၆ ဦးရှိသည့်အနက် မဲဆန္ဒနယ် ၂၃ နယ်ကို မတည်ငြိမ်မှုများကြောင့် ၁၉၆၀ ခုနှစ် မေလ ၆ ရက်သို့ ရွှေ့ဆိုင်းရပြီး ကျန်မဲ ဆန္ဒနယ်များတွင် သတ်မှတ်ထားသည့်အတိုင်း တပြိုင်တည်းကျင်းပခဲ့သည်။

အဆိုပါရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလက ၂၀၃ နေရာ အနိုင်ရပြီး တည်မြဲဖဆပလက ၃၉ နေရာသာ အနိုင်ရခါ သန့်ရှင်းက အပြတ်အသတ် အနိုင်ရရှိသွားသည်ကိုတွေ့ရသည်။ ၁၉၆၀ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် တတိယပြည်သူ့လွှတ် တော်ညီလာခံအစည်းအဝေးကိုကျင်းပရာ အမတ်စုစုပေါင်း ၂၃၄ ဦးတက်ရောက်ပြီး ရှမ်းအမတ် ၂၃ ဦးပါဝင်သည်။ ၁၉၆၀ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင်ကျင်းပသည့်ညီလာခံတွင် ဦးနုအား ပြိုင်ဖက်မရှိ ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ပြီး အိမ်စောင့် အစိုးရထံမှ အာဏာလွှဲပြောင်းယူခဲ့သည်။

အဆိုပါရွေးကောက်ပွဲတွင် တည်မြဲဖဆပလအား ထောက်ခံသည့်တပ်မတော်အရာရှိများက ရွေးကောက်ပွဲတွင် ဘက်လိုက် မဲဆွယ်မှုများပြု ခဲ့ကြပြီးရွေးကောက်ပွဲအပြီးတွင် ၎င်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများဖြစ်သည့် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ရွှေ (နောင် NLD-ကွယ်လွန်) အပါ အရာရှိကြီးအချို့ တပ်မတော်မှ နှုတ်ထွက်ခဲ့ရပါသည်။

ဦးနုခေါင်းဆောင်သည့် သန့်ရှင်းဖဆပလသည် ရွေးကောက်ပွဲအနိုင်ရပြီးနောက် ၁၉၆၀ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ပြည်လုံးကျွတ်ညီလာခံကျင်းပခဲ့သည်။ ထိုညီလာခံမှအစပြု ၍ ပြည်ထောင်စုအဖွဲ့ (ပထစ) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

● ၁၉၄၇ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဖက်ဒရယ်မူ (ရှမ်းမူ)
၁၉၄၇ ခုနှစ် အခြေခံဥပဒေသည် တနှစ်အတွင်းလွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေသည့်ကာလ၌ တနှစ်အတွင်းအပြီးရေးဆွဲခဲ့ရသည်ဖြစ်ရာ လိုအပ်အားနည်းချက်များရှိရာ ရှိပြီးသားမူအပေါ်အခြေခံ၍ ပြင်ဆင်မှုများပြုလုပ်ရန် ပါလီမန်၏ဆုံးဖြတ်ချက်အရ နိုင်ငံတော်သမတက ဥပဒေပြင်ဆင်ရေးကော်မတီကို ၁၉၆၀ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ထိုကော်မ တီတွင် အဖွဲ့ဝင် ၂၉ ဦးပါဝင်ပြီး ဥက္ကဌအဖြစ် တရားရေးဌာနဝန်ကြီးက ဆောင်ရွက်သည်။

အဆိုပါ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကဆုံးဖြတ်သောအခါ အထူးစိတ်ဝင်စားပြီး အရေး တယူစတင်ဆောင်ရွက်ခဲ့သည်မှာ ရှမ်းပြည်နယ်အစိုးရဖြစ်သည်။ ရှမ်းပြည်နယ်အစိုးရသည် အခြေခံဥပဒေပြင်ဆင်ရေး အ တွက် အကြိုဆွေးနွေးပွဲကို ၁၉၆၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် စဝ်ခွန်ချို ဦးစီး၍ပြုလုပ်ခဲ့သည်။ ထို့ုပြင် ပါလီမန်အမတ်များ၊ နိုင်ငံရေးပါတီများ၊ ပင်လုံစာချုပ်လက်မှတ်ထိုးခဲ့သူများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကြံဉာဏ်များရယူရန် ၁၉၆၀ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့၌ တောင်ကြီးတွင် အစည်းအဝေးတရပ်ကျင်းပခဲ့သည်။ ထိုအစည်းအဝေးမှ နိုင်ငံရေးပါတီကိုယ်စားလည်၊ စော်ဘွားကိုယ်စားလည်နှင့်တသီးပုဂ္ဂလကိုယ်စားလှယ်များပါသည့် အခြေခံဥပဒေစီစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ မူလက ၂၅ ဦးနှင့်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတွင် ၇ ဦး ထပ်မံဖြည့်စွက်ခဲ့သည်။ ထိုကော်မတီ၏တာဝန်မှာ အခြေခံဥပဒေပြင်ဆင် ရေးအတွက် တာဝန်ပေးရန်ဖြစ်သည်။။ ကော်မတီအမည်အား ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး ကြိုးကိုင်ကော်မတီဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။

အဆိုပါကော်မတီ၏ ဥပဒေပြင်ဆင်ရေးစာတမ်းတွင် ပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်အောက်ပါအတိုင်း အကြံပြု ထားသည်ကို တွေ့ရပါသည်။

၁။ ဗမာပြည်နယ်အပါ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအား ဗဟိုအစိုးရသော်၎င်း၊ ပြည်နယ်အချင်းချင်းက၎င်း ဝင်ရောက် စွက်ဖက်ခြင်းမရှိစေရန်၊ လုံးဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး အခြေခံဥပဒေတွင် အခိုင်အမာပြဌာန်းထားရှိသင့်သည်။

၂။ ပြည်နယ်များတွင် ဗဟိုပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံနှင့်မဆန့်ကျင်သော သီးခြားပြည်နယ်ဖွဲ့စည်းပုံဥပဒေရှိရမည့်အပြင် သီးခြားဥပဒေပြုလွှတ်တော်၊ သီးခြားအစိုးရ၊ သီးခြားတရားရုံးများထားရှိရမည်။

၃။ ပြည်နယ်ဖွဲ့စည်းရန် အင်္ဂါလက္ခဏာမပြည့်စုံသည့် လူမျိုးစုများအား လူမျိုးစုဒေသဖွဲ့စည်းပေးပြီး လူမျိုးစုအခွင့်အရေးများကာကွယ်နိုင်ရန် အခြေခံဥပေးဒေတွင် လုံလောက်စွာ ပြဌာန်းပေးရမည် ဟူ၍ဖြစ်သည်။

ကြိုးကိုင်ကော်မတီသည် အခြေခံဥပဒေပြင်ဆင်ရေးစာတမ်းရေးဆွဲပြီးသောအခါ ၁၉၆၁ ခုနှစ် ဖေဖဝါရီ ၂၅ ရက်တွင် တောင် ကြီးတွင် ညီလာခံတရပ်ကျင်းပအတည်ပြုခဲ့သည်။ ထို့ုနောက် စဝ်ရွှေသိုက်အပါ ၆ ဦးပါဝင်သည့်ကော်မတီတရပ်ဖွဲ့စည်းပြီး တရားရေးဝန်ကြီးနှင့် ဆွေးနွေးရန်တာဝန်ပေးခဲ့သည်။ အဆိုပါစာတမ်းသည် နောက်ပိုင်းတွင် ရှမ်းမူဟု လူသိများလာခဲ့သည်။

အဆိုပါရှမ်းမူကို ရှမ်းပြည်နယ်မှ အများစုထောက်ခံခဲ့သော်လည်း ကြို းကိုင်ကော်မတီဝင်တဦးဖြစ်ခဲ့ပြီး နမ့်ခမ်းအမတ်ဟောင်း ဦးထွန်းအေးက ဆန့်ကျင်ခဲ့ပြီး ကော်မတီအစည်းအဝေးများအားလည်းမတက်ရောက်ခဲ့ပေ။

ထိုအတောအတွင်း ရှမ်းခေါင်းဆောင်များသည် နိုင်ငံခြားဆက်သွယ်အကူအညီတောင်းခံ၍ ရှမ်းပြည်အား ပြည်ထောင်စုမှခွဲ ထွက်ရန် ကြံစည်နေသည်ဟူ၍၎င်း ၊ ရှမ်းခေါင်းဆောင်များသည် ၎င်းတို့လိုလားချက်များရရှိအောင်ရှမ်းလက်နက်ကိုင်များအား မြှောက်ထိုးပင့်ကော်လုပ်နေသည်ဟု၎င်း စသည့်စွပ်စွဲချက်များထွက်ပေါ်လာသည်။

ဤသည်ကိုတုန့်ပြန်သည်အနေနှင့် ရှမ်းသောင်းကျန်းသူများကို ရှုံ့ ချသည် သာမက ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးရသည် အထိ အစိုးရ၊ လူထုတို့နှင့် ပူးတွဲကာ နှိမ်နင်းသွားမည်ဟု ၁၉၆၁ ခုနှစ် ဧပြီလ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရထုတ်ပြန်ကြေညာခဲ့သည်။

● တောင်ကြီးညီလာခံ
ရှမ်းပြည်နယ်မှတင်သွင်းသော အခြေခံဥပဒေပြင်ဆင်ရေးစာတမ်းအား ဆွေးနွေးရန် နှင့် တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန်ရည်ရွယ်ပြီး ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်မှ ဦးစီးကျင်းပသည့် ပြည်နယ်ပေါင်းစုံ ညီလာခံတရပ်ကို တောင်ကြီးမြို့၌ ၁၉၆၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစတင်ကျင်းပခဲ့သည်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းဝိသေသတိုင်းမှ ကိုယ်စားလည်များ၊ ဝန်ကြီးချုပ်ဦးနုက ကတိပေးထားသော မွန်နှင့် ရခိုင်တို့မှ ကိုယ်စားလည်များ စုစုပေါင်း ၂၂၆ ဦး၊ လေ့လာသူ ၁၀၄ ဦးတက်ရောက်သည်။ အဆိုပါညီလာခံသို့ဗမာကိုယ်စားလည်နှင့် ဦးထွန်းအေး (နမ့်ခမ်း) ၏ "ရပလဖ" ကိုဖိတ်ကြားခြင်း မပြုခဲ့ပေ။

အဆိုပါညီလာခံကျင်းပနေစဉ် အကြိတ်အနယ်ဆွေးနွေးကြပြီး ညီလာ ခံနောက်ဆုံးနေ့ဖြစ်သည့် ဇွန်လ ၁၆ ရက်နေ့တွင် အဆို ၅ ရပ်တင်သွင်း အတည်ပြု ခဲ့သည်။ အဆို ၅ ရပ်အနက် အရေးကြီးသော အချက်မှာ ရှမ်းပြည် နယ်မှတင်သွင်းသော အခြေခံဥပဒေပြင်ဆင်ရေးမူ (ရှမ်းမူ) အား ဤညီလာခံမှ တညီတညွတ်ထဲသဘောတူထောက်ခံသည်ဟူသည့် အချက်ဖြစ်ပေ သည်။သို့သော် အဆိုပါမူ အများစုထောက်ခံကြသော်လည်း ဆမားဒူဝါးဆင်ဝါးနောင် (ကချင်ပြည်နယ်)၊ ဦးဇာရဲလျန်( ချင်း) နှင့် ဦးအေစိုးမြင့်(ကရင်) တို့ကကန့်ကွက်ခဲ့ကြသည်။

အဆိုပါ အဆိုအားတင်သွင်းဆုံးဖြတ်ပြီးနောက် ပြည်နယ်များညီညွတ်ရေးအဖွဲ့ ယာယီအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ကချင်၊ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းနှင့် မွန်ကိုယ်စားလည်များပါဝင်ပြီး အမှုဆောင်အဖွဲ့ဝင် ၂၃ ဦးပါဝင်သည်။

ထို့ုနောက် ရှမ်းကိုယ်စားလည်အဖွဲ့သည် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်သည့် ၎င်းတို့သဘောထားကို ဖဆပလ အစိုးရအပါ ပြည်မခေါင်း ဆောင်များအား သွားရောက်တွေ့ဆုံရှင်းလင်းသည်။ ထိုအချိန်တွင် နမ့်ခမ်းဦးထွန်းအေးခေါင်းဆောင်သည့် ရပလဖ အဖွဲ့က ဖက်ဒရယ် (ဝါ) ပြည်ထောင်စုစစ်စစ်မူဟု မျက်နှာဖုံးတပ်ထားသော စော်ဘွားမူအား ပြင်းပြင်း ထန်ထန်ရှုံ့ချကြောင်း ကြေညာသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး