Breaking News

မာန်သီဟထွန်း – ကျား နဲ့ မ








မာန်သီဟထွန်း –  ကျား နဲ့ မ 

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၉
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်

Sapiens - 56လူ့အဖွဲ့အစည်း၏ သုံးစားမရသူများ


နောက်သီအိုရီတစ်ခု အရတော့ ယောက်ျားတွေရဲ့ကြီးစိုးမှုဆိုတာ ခွန်အားကြီးလို့ မဟုတ်ဘဲ သူတို့ရဲ့ ရန်လိုမှုကြောင့်လို့ ဆိုပါတယ်။ နှစ်သန်းပေါင်းများစွာကြာတဲ့ ဆင့်ကဲပြောင်းလဲခြင်းကြောင့် မိန်းမတွေထက် ယောက်ျားတွေဟာ ပိုခက်ထန်ကြမ်းတမ်းကြတယ်။ အများအားဖြင့်တော့ မုန်းတီးတာ၊ လောဘကြီးတာ၊ အလွဲသုံးစားလုပ်တဲ့ နေရာတွေမှာ မိန်းမတွေဟာ ယောက်ျားနဲ့တန်းတူပါပဲ။ ဒါပေမယ့် မဖြစ်မနေလိုအပ်လာပြီဆိုရင် ဒီသီအိုရီရဲ့အဆိုအရ ယောကျ်ားတွေက ကိုယ်ကာယအားကိုး အကြမ်းဖက်ဖို့ ပိုမိုစိတ်အားကြီးကြပါတယ်။ ဒါကြောင့်ပဲ သမိုင်းတစ်လျှောက် စစ်ပွဲ၊တိုက်ပွဲဆိုတာဟာ ယောကျ်ားတွေရဲ့တာဝန်သာ ဖြစ်နေတာပါ။

စစ်ဖြစ်တဲ့ကာလမှာ ယောက်ျားတွေက လက်နက်ကိုင်စစ်တပ်တွေအပေါ် ကြီးစိုးရာကနေ လူ့ယဉ်ကျေးမှုအသိုင်းအဝိုင်းရဲ့ အရှင်သခင်တွေ ဖြစ်လာတယ်။ ပြီးတော့ သူတို့ထိန်းချုပ်ထားတဲ့ လူ့အသိုင်းအဝိုင်းတွေကို နောက်ထပ်စစ်ပွဲတွေ တစ်ခုပြီးတစ်ခုကျူးလွန်ဖို့ အသုံးပြုကြတယ်။ စစ်ပွဲအရေအတွက်များလာလေလေ လူ့အဖွဲ့အစည်းကို ယောက်ျားတွေ ပိုင်စိုးလာလေလေပါပဲ။ ဒီသံသရာစက်ဝန်းက နေရာတကာမှာ စစ်ပွဲတွေဖြစ်တာ၊ နေရာဒေသတိုင်းမှာ ယောက်ျားတွေကြီးစိုးကြခြင်းကို ရှင်းပြနေသလိုပါ။

ယောက်ျားနှင့်မိန်းမတွေရဲ့ ဟော်မုန်းဆိုင်ရာ၊ စဉ်းစားတွေးတောမှုဆိုင်ရာစနစ်ကို မကြာသေးမီက အခိုင်အမာ သုတေသနလုပ်ထားတဲ့စာတမ်းတွေအရ ယောက်ျားတွေဟာ မိန်းမတွေထက်ပိုပြီး ရန်လိုကြမ်းတမ်းတဲ့စရိုက်ရှိပါတယ်။ ဒါကြောင့် ပျမ်းမျှအနေနဲ့ ယောက်ျားတွေသာ စစ်သားဖြစ်ဖို့ ပိုသင့်လျော်ပါတယ်။ ဟုတ်ပါပြီ.. ဒါကြောင့်ပဲ ယောက်ျားတွေအားလုံး စစ်သားတွေဖြစ်ကြတယ် ဆိုပါစို့။ ဒါနဲ့ပဲ စစ်ပွဲကိုစီမံခန့်ခွဲတဲ့လူတွေ၊ စစ်ပွဲရဲ့အကျိုးကျေးဇူးခံစားရမယ့် လူတွေ အကုန်လုံးကလည်း ယောက်ျားတွေပဲဖြစ်သွားရောလား။ အဲဒါဟာ အဓိပ္ပါယ်မရှိပါဘူး။ ဘာနဲ့တူလဲဆိုတော့ ဝါစိုက်ခင်းမှုာ အလုပ်လုပ်တဲ့ ကျွန်တွေအားလုံးက လူမည်းတွေမို့လို့ စိုက်ခင်းပိုင်ရှင်ဟာလည်း လူမည်းပဲဖြစ်ရမယ်လို့ ယူဆသလိုဖြစ်နေပါတယ်။ လူမည်းအလုပ်သမားတွေ ချည်းပဲဖြစ်တဲ့ လုပ်သားထုကို လူဖြူသက်သက်နဲ့ပဲ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့က စီမံအုပ်ချုပ်နိုင်ပါတယ်။ ဒါဆိုရင် ယောကျ်ားစစ်သားတွေချည်းပဲဖြစ်တဲ့ စစ်တပ်ကို မိန်းမတွေသက်သက် ဒါမှမဟုတ် မိန်းမတွေ တစိတ်တပိုင်းပါဝင်တဲ့ အစိုးအရအဖွဲ့က ဘာလို့မအုပ်ချုပ်နိုင်ရမှာလဲ။ တကယ်တမ်းကျတော့ သမိုင်းတလျှောက် လူ့အဖွဲ့အစည်းတော်တော်များများမှာ ထိပ်ပိုင်းကအရာရှိတွေဟာ သာမန်စစ်သားအဆင့်ကနေ တက်လှမ်းလာကြတာ မဟုတ်ပါဘူး။ အထက်တန်းစားတွေ၊ ချမ်းသာသူတွေ၊ ပညာတတ်တွေဟာ အထက်တန်းအရာရှိရာထူးကို အလိုလိုရကြပြီး အောက်ခြေအဆင့်မှာ တစ်ရက်တစ်လေမှ တာဝန်ထမ်းဆောင်ဖူးသူတွေ မဟုတ်ကြပါဘူး။


နပိုလီယန်ရဲ့မဟာပြိုင်ဘက်ဖြစ်တဲ့ ဝယ်လင်တန်မြို့စားဟာ ဗြိတိသျှစစ်တပ်ထဲဝင်ဖို့စာရင်းပေးတုန်းက အသက် ၁၈ နှစ်သာ ရှိပေမယ့်လည်း အရာရှိရာထူးကို တန်းရပါတယ်။ လက်အောက်က သာမန်တပ်သားတွေကိုလည်း လုံးဝအထင်မကြီးခဲ့ဘူး။ ပြင်သစ်နဲ့စစ်ဖြစ်စဉ်က ‘ငါတို့ဆီက ရိုးရိုးတပ်သားတွေဟာ လူ့အသိုင်းအဝိုင်းရဲ့ သုံးစားမရတဲ့ကောင်တွေပဲကွ’ လို့ အထက်တန်းစား သူငယ်ချင်း တစ်ယောက်ဆီကို ရေးခဲ့ပါတယ်။ အဲဒီ ရိုးရိုးတပ်သားတွေဆိုတာ ဗြိတိန်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးဆုံးလူတွေ ဒါမှမဟုတ် အိုင်းရစ်ကက်သလစ်တွေလို လူနည်းစုတိုင်းရင်းသားတွေနဲ့ ဖွဲ့ထားတာဖြစ်တယ်။ စစ်တပ်မှာ ရာထူးမြင့်တဲ့နေရာ ရဖို့ဆိုတာ သူတို့အတွက် လုံဝမဖြစ်နိုင်သလောက်ပါပဲ။ အဆင့်မြင့်ရာထူးတွေဆိုတာ မြို့စား၊ မင်းသား၊ ဘုရင်တွေအတွက် သီးသန့်ထားတာပါ။ ဒါပေမယ့် ဘာလို့မြို့စားတွေအတွက်ပဲ ဖြစ်ပြီး မြို့စားကတော်တွေအတွက် မဖြစ်ရတာပါလဲ။

အာဖရိကတိုက်က ပြင်သစ်အင်ပါယာကို ပြင်သစ်အလုပ်သမားလူတန်းစားတွေ၊ ဆီနီဂေါနိုင်ငံသား၊ အယ်လဂျီးရီးယားနိုင်ငံသားတွေရဲ့ သွေးချွေးနဲ့သာ တည်ဆောက်ခဲ့၊ ကာကွယ်ခဲ့ပါတယ်။ အဆင့်တန်းရှိရှိ မွေးဖွားလာတဲ့ ပြင်သစ်သားတစ်ယောက် အောက်ခြေအဆင့်မှာ တာဝန်ထမ်းဆောင် ရတယ်ဆိုတာ မပြောပလောက်အောင် နည်းပါတယ်။ ဒါပေမယ့် ပြင်သစ်စစ်တပ်ကို ဦးဆောင်ပြီး ပြင်သစ်အင်ပါယာကို အုပ်ချုပ်တဲ့ အဆင့်တန်းရှိရှိမွေးဖွားလာတဲ့ အထက်တန်းစား လူနည်းစု တစ်စုကသာ အသီးအပွင့်တွေ အကြီးအကျယ် ခံစားရတာပါ။ ဘာလို့ ပြင်သစ်သားတွေပဲဖြစ်ပြီး၊ ပြင်သစ်သူတွေ မပါရတာလဲ။

တရုတ်မှာဆိုရင် အရပ်သားအုပ်ချုပ်မှုအောက်မှာပဲ စစ်တပ်ကိုထားရှိတာ နှစ်ပေါင်းများစွာကြာရှည်ခဲ့တဲ့ အစဉ်အလာတစ်ခုပါ။ ဒါကြောင့် ဓားလုံးဝမကိုင်ဖူးတဲ့ မန်ဒရင်းတရုတ်တစ်ယောက်ကပဲ စစ်ပွဲတွေစီမံခန့်ခွဲပါတယ်။ ‘သံကောင်းကို အိမ်ရိုက်သံချောင်းအဖြစ် မဖြုန်းတီးရဘူး’ ဆိုတာ လူသိများတဲ့ တရုတ်စကားပုံတစ်ခုပါ။ ဆိုလိုတာကတော့ တကယ်အရည်အချင်းရှိတဲ့လူတွေဟာ စစ်တပ်ထဲကမဟုတ်ဘဲ အရပ်သားအုပ်ချုပ်ရေးမှာသာ ပါဝင်ကြတယ်။ ဒါပေမယ့် ဘာကြောင့် ဒီမန်ဒရင်းတရုတ်တွေအကုန်လုံးက ယောကျ်ားတွေပဲ ဖြစ်ရတာလဲ။

မိန်းမတွေဟာ ကာယခွန်အားနည်းလို့၊ တက်စတိုစထရွန် ဟော်မုန်းအချိုးအစားနည်းလို့ အောင်မြင်တဲ့မန်ဒရင်းတရုတ်တွေ၊ စစ်ဗိုလ်ချုပ်တွေ၊ နိုင်ငံရေးသမားတွေ မဖြစ်နိုင်ကြတာလို့ ဘယ်သူမှ ကျိုးကြောင်းကျ မချေပနိုင်ပါဘူး။ စစ်ပွဲတစ်ပွဲကို ကွပ်ကဲဖို့အတွက် တကယ်သက်လုံကောင်းဖို့ လိုပါတယ်။ ဒါပေမယ့် အဲဒါက ကာယခွန်အားကြီးတာ၊ ခက်ထန်ကြမ်းတမ်းတာကို ဆိုလိုတာ မဟုတ်ပါဘူး။ စစ်ပွဲတွေဆိုတာ အရက်ဝိုင်းက ရန်ပွဲနဲ့မတူပါဘူး။ စစ်ပွဲတွေဆိုတာ အလွန်ရှုပ်ထွေးတဲ့ စီမံချက်တွေဖြစ်ပြီး တကယ်ပဲ ထဲထဲဝင် စုစည်းရ၊ ပူးပေါင်းဆောင်ရွက်ရ၊ အေးဆေးတည်ငြိမ်မှုရှိရှိ လုပ်မှဖြစ်တာပါ။ ကိုယ့်ပြည်တွင်းကို တည်ငြိမ်အောင် ထိန်းသိမ်း၊ ပြည်ပမှာ မဟာမိတ်ရှာ ပြီးတော့ တဘက်လူရဲ့စိတ်ထဲမှာ (အထူးသဖြင့် ရန်သူတွေရဲ့စိတ်ထဲမှာ) ဘာတွေရှိနေလဲဆိုတာ နားလည်ထားတာတွေကသာ စစ်ပွဲကိုအနိုင်ရစေတဲ့ သော့ချက်တွေပါ။ ဒါကြောင့် ကာယအားကိုး ဒေါသကြီးတဲ့လူတစ်ယောက်ကို စစ်ပွဲဦးဆောင်ခိုင်းတာဟာ အဆိုးရွားဆုံး ရွေးချယ်မှုပါပဲ။ အေးဆေးတည်ငြိမ်ပြီး တဖက်သားကို လိုသလို အသုံးချနိုင်တဲ့လူ၊ ကွဲပြားတဲ့အမြင်ကနေ မြင်တတ်ပြီး အများနဲ့ပူပေါင်းလုပ်ဆောင်တတ်တဲ့လူကသာ အများကြီးပိုကောင်းတဲ့ရွေးချယ်မှု ဖြစ်ပါတယ်။ အင်ပါယာတွေ တည်ထောင်တဲ့သူတွေဟာ ခုလိုမျိုး အရည်အသွေးတွေနဲ့ ပြည့်ဝကြပါတယ်။ အတိုက်အခိုက်စွမ်းရည် မထူးချွန်တဲ့ ရောမဘုရင် သြဂတ်စတတ် ဟာ တည်မြဲခိုင်ခံ့တဲ့ အင်ပါယာအုပ်ချုပ်မှုပုံစံကို အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့တယ်။ ဒါဟာ သူ့ထက် အများကြီးပိုတော်တဲ့ စစ်ဗိုလ်ချုပ်တွေဖြစ်တဲ့ မဟာအလက်ဇန္ဒား၊ ဂျူးလိယက်ဆီဇာတို့ထက် သာလွန်တဲ့စွမ်းဆောင်မှုပါ။ အဲဒီခေတ်က သြဂတ်စတတ်ကိုလေးစားသူတွေကရော၊ အခုခေတ် သမိုင်းပညာရှင်တွေကပါ သူ့ရဲ့ သိမ်မွေ့နူးညံ့ပြီး သနားညှာတာတတ်တဲ့ စိတ်ထားကြောင့် အဲဒီလိုအောင်မြင်မှုရတာလို့ ပြောစမှတ်ပြုကြပါတယ်။


မိန်းမတွေဟာ ယောကျ်ားတွေထက်ပိုပြီး လူတွေကိုလိုသလို ခြယ်လှယ်တတ်သူ၊ တဖက်သား ကျေနပ်အောင် အလျှော့ပေးတတ်သူတွေအဖြစ် အများက သတ်မှတ်ထားပါတယ်။ ပြီးတော့လည်း ယောက်ျားတွေထက်ပိုပြီး တခြားလူတစ်ယောက်ရဲ့နေရာကနေ မြင်တတ်၊ ခံစားပေးတတ်ကြတယ်လို့လည်း ဆိုပါတယ်။ တကယ်လို့ ခုလိုယေဘုံယျသတ်မှတ်ချက်တွေသာ မှန်ကန်တယ်ဆိုရင် မိန်းမတွေဟာ တကယ်ထူးချွန်တဲ့ နိုင်ငံရေးသမားတွေ၊ အင်ပါယာတည်ထောင်သူတွေ ဖြစ်သင့်တာပေါ့။ ပြီးတော့ စစ်မြေပြင်က စိတ်မချမ်းသာစရာအလုပ်တွေကို တက်စတိုစထရွန်တွေပြည့်နေပြီး တုံးအတဲ့ ယောကျ်ားဘသားတွေပဲ လုပ်ခိုင်းမယ်လေ။ လူကြိုက်များတဲ့ ဒဏ္ဍာရီကတော့ အခုလိုရှိပေမယ့် တကယ့်လက်တွေ့မှာတော့ ကြုံတောင့်ကြံုခဲပါပဲ။ အဲဒါဘာကြောင့်လဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။


57
ယောက်ျားကြီးစိုးသော မျိုးရိုးဗီဇများ



တတိယမြောက်ရှင်းလင်းချက်ကတော့ ကာယခွန်အား၊ အကြမ်းဖက်ခက်ထန်ခြင်းစတာတွေကို သိပ်အလေးမထားတော့ဘဲ ယောက်ျားနှင့်မိန်းမဟာ နှစ်သန်းပေါင်းများစွာ ကွဲပြားခြားနားတဲ့ အသက်ရှင်သန်မှုပုံစံ၊ မျိုးပွားမှုပုံစံတွေနဲ့ ဆင့်ကဲပြောင်းလဲလာကြတယ်လို့ အဆိုပြုပါတယ်။ ကိုယ့်မျိုးဆက်ကို ပွားစေမယ့် မိန်းမနဲ့ ပေါင်းစပ်မိတ်ဖက်ဖို့ အခွင့်အရေးကို ယောက်ျားတွေဟာ အချင်းချင်းယှဉ်ပြိုင်ကြရတာနဲ့အမျှ ယောကျ်ားတစ်ဦးရဲ့ မျိုးပွားနိုင်မှု အခွင့်အလမ်းဟာ တခြားယောက်ျားတွေကို အနိုင်ယူပြီး သူများထက် ပိုမိုစွမ်းဆောင်ရည်ရှိမှု အပေါ်မှာသာ အများကြီးမူတည်ပါတယ်။ ဒီလိုနဲ့ အချိန်တွေကြာလာတော့ နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းပါလာတဲ့ ယောက်ျားမျိုးရိုးဗီဇတွေဟာ ရည်မှန်းချက်အကြီးဆုံး၊ ရန်လိုမှုအများဆုံး၊ ယှဉ်ပြိုင်လိုစိတ်အပြင်းထန်ဆုံး ယောက်ျားတွေကိုသာ ဖြစ်စေပါတော့တယ်။

တခြားတဘက်မှာတော့ မိန်းမတစ်ယောက်ဟာ သူ့နဲ့ပေါင်းစပ်မိတ်ဖက်မယ့် ယောက်ျားတစ်ယောက်ကို ရှာဖွေရတာ ဘာအခက်အခဲမှ မရှိပါဘူး။ ဒါပေမယ့် သူ့ကိုမြေးမြစ်တွေ မွေးပေးမယ့် သားသမီးတွေလိုချင်ရင်တော့ အရင်ဆုံး အဲဒီသားသမီးတွေကို ကိုးလလောက် ဗိုက်ထဲမှာ ပင်ပန်းတကြီး လွယ်ထားဖို့တော့ လိုပါတယ်။ ပြီးတော့ ဒီသားသမီးတွေကို နှစ်ပေါင်းများစွာ ပြုစုရတယ်။ အဲဒီလိုကာလတွေမှာ မိန်းမတစ်ယောက်အနေနဲ့ အစာရှာထွက်ဖို့ အခွင့်အလမ်း နည်းနည်းသာရှိပြီး ဘေးက ကူညီစောင့်ရှောက်မှုတွေ အများကြီးလိုအပ်ပါတယ်။ ယောကျ်ားတစ်ယောက်ကို လိုအပ်တာပေါ့လေ။ သူအသက်ရှင်သန်ဖို့ နှင့် သူ့ရဲ့ကလေးတွေအသက်ရှင်ဖို့အတွက် သူ့ယောက်ျားကတောင်းဆိုတဲ့ အခြေအနေမှန်သမျှကို လိုက်လျောရုံကလွဲပြီး မိခင်တစ်ယောက်ဟာ တခြားဘာရွေးချယ်စရာမှ သိပ်မရှိပါဘူး။ ဒါမှသာ သူ့ယောက်ျားက သူ့မရဲ့ဘေးမှာထပ်ချပ်မကွာနေပြီး တာဝန်တွေထမ်းကူမှာပါ။ အချိန်တွေကြာလာတာနဲ့အမျှ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးလိုက်တဲ့ မိန်းမမျိုးရိုးဗီဇတွေကြောင့် မိန်းမတွေဟာ နာခံတတ်တဲ့ ပြုစုပျိုးထောင်သူတွေ ဖြစ်လာကြတယ်။ ခေါင်းဆောင်နေရာ၊ အာဏာ ကိုရဖို့အတွက် တိုက်ပွဲဝင်ရင်း အချိန်ကုန်သွားတဲ့ မိန်းမတွေကတော့ သူတို့ရဲ့မျိုးရိုးဗီဇကောင်းကို နောင်မျိုးဆက်အတွက် လက်ဆင့်ကမ်းချန်ထားဖို့ အချိန်မရခဲ့ကြပါဘူး။

ဒီသီအိုရီအရ ခုလိုမျိုး အသက်ရှင်ကျန်ရစ်ဖို့အတွက် သုံးရတဲ့နည်းှဗျူဟာတွေ ကွဲပြားမှုရဲ့ ရလဒ်ကြောင့် ယောက်ျားတွေဟာ ရည်မှန်းချက်ကြီးပြီး ယှဉ်ပြိုင်လိုစိတ်ပြင်းထန်တဲ့ သဘာဝတွေ ရှိလာတယ်။ ဒါကြောင့်လည်း စီးပွားရေး၊ နိုင်ငံရေးစတဲ့နေရာတွေမှာ ပေါက်မြောက်ကြပြီး မိန်းမတွေကတော့ အဲဒီလမ်းကြောင်းကနေ သွေဖယ်သွားပြီး သားသမီးတွေ ပြုစုပျိုးထောင်ဖို့သာ သူတို့ဘဝကို မြှပ်နှံလိုက်ကြတယ် လို့ဆိုပါတယ်။

ဒါပေမယ့် ဒီအဆိုကလည်း တိကျတဲ့အထောက်အထားတွေနဲ့တိုက်ကြည့်ရင် လွဲနေတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ မိန်းမတွေဟာ ပြင်ပအကူအညီအပေါ် မှီခိုရတာကြောင့် တခြားမိန်းမတွေကို မှီခိုမယ့်အစား ယောက်ျားတွေကိုသာ မှီခိုရတယ် ဆိုတဲ့အချက် နှင့် ယောက်ျားတွေရဲ့ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်မှုက လူမှုဝန်းကျင်ကိုအစိုးရစေတယ်ဆိုတဲ့ ယူဆချက်တွေဟာ ထောက်ပြချင်စရာ ကောင်းပါတယ်။ မှီခိုတတ်တဲ့အမတွေနဲ့ ယှဉ်ပြိုင်မှုပြင်းထန်တဲ့အထီးတွေ အပြန်အလှန် ဆက်ဆံ နေထိုင်ကြပေမယ့်လည်း အမတွေသာကြီးစိုးတဲ့ အသိုင်းအဝိုင်းဖြစ်တာကို တိရိစ္ဆာန်မျိုးစိတ် တော်တော်များများမှာ တွေ့ရပါတယ်။ ဥပမာ အနေနဲ့ ဆင်တွေ၊ ဘိုနိုဘို မျောက်တွေကို ကြည့်ပါ။ အမတွေဟာ ပြင်ပအကူအညီကိုလိုတာကြောင့် လူမှုဆက်ဆံရေးစွမ်းရည်၊ တဖက်သားနှင့် ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်၊ အဆင်ပြေချစ်ခင်အောင် ဘယ်လိုနေရမယ်ဆိုတာကို မသင်ယူလို့ မရပါဘူး။ အမတွေချည်းပဲပါတဲ့ ဆက်ဆံရေးကွန်ရက်ကို သူတို့ဖွဲ့စည်းကြပြီး အဖွဲ့ဝင်တစ်ဦးချင်စီရဲ့ သားသမီးကိုပျိုးထောင်ရာမှာ ကူညီကြတယ်။ အထီးတွေကတော့ အဲဒီအချိန်မှာ အချင်းချင်း တိုက်ခိုက်ခြင်း၊ ယှဉ်ပြိုင်ခြင်းတွေနဲ့ အချိန်ဖြုန်းကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ အများနဲ့ဆက်ဆံရေးစွမ်းရည်၊ အချင်းချင်းရင်းနှီးသိကျွမ်းမှုတွေ မဖွံ့ဖြိုးဘဲရှိနေပါတယ်။ ဘိုနိုဘိုမျောက်တွေ၊ ဆင်တွေရဲ့ အသိုင်းအဝိုင်းကို အမတွေပူးပေါင်းထားတဲ့ ခိုင်မြဲတဲ့ဆက်ဆံရေးကွန်ရက်တွေနဲ့ ထိန်းသိမ်းထားတယ်။ တချိန်တည်းမှာတော့ တစ်ကိုယ်တည်းအတွက်ပဲကြည့်ပြီး အများနဲ့ပူးပေါင်းမလုပ်ဆောင်တတ်တဲ့ အထီးတွေကတော့ ဘေးထွက်နေရတယ်။ ဘိုနိုဘိုအမတွေဟာ တစ်ကောင်ချင်းယှဉ်ရင် အထီးတစ်ကောင်ထက် အားနည်းပေမယ့် သတ်မှတ်ထားတဲ့ဘောင်စည်းမျဉ်းကို ကျော်တဲ့အထီးတွေကို အမတွေကဂိုဏ်းဖွဲ့ပြီး ဝိုင်းရိုက်နှက် ဆုံးမတတ်ပါတယ်။

ဒါဟာ ဘိုနိုဘိုမျောက်တွေ၊ ဆင်တွေကြားမှာဖြစ်နိုင်တယ်ဆိုရင် ဟိုမို ဆေပီယန်စ်တွေကြားမှာရော ဘာလို့မဖြစ်နိုင်တာပါလဲ။ ဆေပီယန်စ်တွေဟာ ပျမ်းမျှအားဖြင့် မသန်စွမ်း၊ မကြံ့ခိုင်တဲ့သတ္တဝါတွေပါ။ သူတို့ရဲ့အားသာချက်ဟာ ပမာဏအများအပြားနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်ပါတယ်။ ဒါဆိုရင် အားနွဲ့တဲ့မိန်းမသားတွေလည်း သူတို့ရဲ့ယောက်ျားတွေအပေါ် မှီခိုရတယ်ဆိုပေမယ့် ကိုယ်ကျိုးပဲကြည့်၊ ရန်လိုပြီးလုပ်ချင်ရာလုပ်တတ်တဲ့ ယောက်ျားတွေကို လိုသလိုခြယ်လှယ်ပြီး လှည့်စားအသုံးချဖို့ သူတို့ပိုမိုအားသာတဲ့ ပူးပေါင်းဆက်ဆံရေးစွမ်းရည်တွေကို အချင်းချင်းလက်တွဲပြီး အသုံးချကြဖို့ မျှော်လင့်လို့မရဘူးလား။

အများနဲ့ပူးပေါင်းလုပ်ကိုင်နိုင်လို့သာ အောင်မြင်မှုတွေရတဲ့ ဒီသက်ရှိမျိုးစိတ်တစ်ခုမှာ တစ်ဦးချင်းအားဖြင့် အများနဲ့မပူးပေါင်းတတ်တဲ့လူတွေ(ယောက်ျားတွေ) က တစ်ဦးချင်းအားဖြင့် အများနဲ့ပိုမိုပူးပေါင်းတတ်တဲ့ လူတွေ(မိန်းမတွေ) ကို အုပ်စိုးနေရတာပါလဲ။ လက်ရှိအချိန်အထိတော့ ကျွန်တော်တို့မှာ အဖြေကောင်းကောင်း မရှိပါဘူး။ ကျွန်တော်တို့ ယေဘုံယျယူဆထားတဲ့ ယူဆချက်တွေ မှားနေတာလဲ ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ဟိုမို ဆေပီယန်စ်မျိုးစိတ်တွေရဲ့အထီးတွေဟာ ကာယခွန်အား၊ ရန်လိုမှု၊ ယှဉ်ပြိုင်စိတ်ပြင်းထန်ခြင်း စတာတွေကြောင့် မဟုတ်ဘဲ အဆင့်တန်းမြင့်တဲ့ လူမှုဆက်ဆံရေးစွမ်းရည် နှင့် ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့ထတွေကြောင့်လည်း ဖြစ်နိုင်တာပဲ။ ဒါဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ သိကိုမသိတာပါ။

ဒါပေမယ့် ကျွန်တော်တို့ သေချာသိတာကတော့ ပြီးခဲ့တဲ့ရာစုနှစ်အတွင်းမှာ ယောက်ျားမိန်းမကဏ္ဍတွေမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်သွားတယ် ဆိုတာပါပဲ။ ဒီနေ့အချိန်မှာ အမျိုးမျိုးသော လူ့အသိုင်းအဝိုင်းတွေဟာ အရင်ကထက်ပိုပြီး ယောက်ျားမိန်းမတန်းတူညီတဲ့ ဥပဒေအဆင့်အတန်း၊ နိုင်ငံရေးအခွင့်အရေး နှင့် စီးပွားရေးအခွင့်အလမ်းတွေ ပေးအပ်လာတယ်။ ပြီးတော့လည်း ယောက်ျားမိန်းမကွဲပြားမှုနှင့် လိင်သဘောတွေရဲ့ အခြေခံအကျဆုံး သဘောတရားတွေကိုလည်း တဖန်ပြောင်းလဲတွေးခေါ်လာကြတယ်။ ယောက်ျားမိန်းမကွာဟမှုဟာ ကြီးမားနေသေးသော်လည်းပဲ မှင်သက်စရာကောင်းလောက်တဲ့ အရှိန်အဟုန်နဲ့ ပြောင်းလဲမှုအဖြစ်ပျက်တွေ မြန်ဆန်စွာဖြစ်ပျက်နေကြတယ်။ ၂၀ ရာစုအစပိုင်းတုန်းက မိန်းမတွေကိုမဲပေးခွင့်ပေးဖို့ဆိုတဲ့ အတွေးအခေါ်ဟာ တော်တော်ဒေါသထွက်စရာကောင်းပြီး ရူးနှမ်းတဲ့ကိစ္စတစ်ခုလို့ အမေရိကန်နိုင်ငံမှာ မြင်ခဲ့ကြတာပါ။ မိန်းမတစ်ယောက် ကက်ဘိနက်ဝန်ကြီးအဖွဲ့ရဲ့အတွင်းရေးမှုးတစ်ယောက်ဖြစ်ဖို့၊ နိုင်ငံတော်တရားရုံးချုပ်အဖွဲ့ဝင်ဖြစ်ဖို့ အခွင့်လမ်းဆိုတာ တော်တော်ကိုအဓိပ္ပါယ်မရှိတာပါ။ အဲဒီတုန်းက လိင်တူကိစ္စတွေဆိုတာ အထူးတင်းကျပ်တားမြစ်ထားတဲ့ အရာမျိုးဖြစ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခွင့်တောင် မရပါဘူး။ ၂၁ ရာစု အစောပိုင်းလည်းရောက်ရော မိန်းမတွေရဲ့ မဲပေးပိုင်ခွင့်ဆိုတာ အလကားရလို့ တန်ဖိုးမထားကြတဲ့အထိ ဖြစ်သွားပြီ။ မိန်းမတစ်ယောက် ဝန်ကြီးအဖွဲ့ရဲ့ အတွင်းရေးမှုးတစ်ယောက် ဖြစ်တယ်ဆိုတာ မှတ်ချက်ချစရာတောင်မလိုတဲ့ အရာဖြစ်ပြီး ၂၀၁၃ ခုနှစ်က အမေရိကန်ရဲ့ နိုင်ငံတော်တရားရုံးချုပ်အဖွဲ့ဝင် ၅ ယောက်မှာ ၃ ယောက်က အမျိုးသမီးတွေဖြစ်ပါတယ်။ အဲဒီအမျိုးသမီးသုံးယောက်က (အမျိုးသား တရားသူကြီး ၄ ယောက်ရဲ့ ကန့်ကွက်မှုကို ပယ်ချပြီး) လိင်တူချင်းလက်ထပ်တာကို တရားဝင်ကြောင်းထောက်ခံ ဆုံးဖြတ်ခဲ့ပါတယ်။

ခုလိုမျိုး အင်မတန်ကြီးမားထူးခြားတဲ့ အပြောင်းအလဲတွေက ယောက်ျားမိန်းမကွဲပြားမှုသမိုင်းကို အလွန်တရာပဲ စိတ်ရှုပ်ထွေးအံ့သြစရာကောင်းစေပါတယ်။ တကယ်လို့ ဒီနေ့ခေတ်မှာ အထင်းသားကြီးရှိနေတဲ့ ယောကျ်ားကြီးစိုးတဲ့စနစ်ဟာ တကယ့်အရှိတရား ဇီဝဗေဒအချက်လက်တွေထက် မသေချာတဲ့ စိတ်ကူးအကြောင်းတရားတွေပေါ်မှာသာ အခြေခံထားဖြစ်တယ်ဆိုရင် ဒီယောကျ်ားကြီးစိုးတဲ့စနစ် နေရာတိုင်းမှာ တည်ရှိနေဖို့ နှင့် အစဉ်တည်မြဲဖို့အတွက် ဘာအကြောင်းပြချက်၊ ဘယ်လိုအရာတွေကများ ကျားကန်ထားမှာပါလိမ့်။

အပိုင်း သုံး
လူသားတို့၏ ပေါင်းစည်းခြင်း

သမိုင်း၏ မြားဦး


စိုက်ပျိုးရေးပြောင်းလဲမှုကြီးနောက်ပိုင်း လူ့အဖွဲ့အစည်းတွေဟာ ကြီးမားသထက်ကြီးမားလာပြီး၊ ရှုပ်ထွေးသထက်လည်း ပိုရှုပ်ထွေးလာခဲ့ပါတယ်။ လူတွေစိတ်ကူးဖန်တီးထားတဲ့အရာတွေကသာ လူမှုစနစ်ကိုထိန်းသိမ်းထားတယ်ဆိုတာ ကျယ်ပြန့်ထင်ရှားလာခဲ့တယ်။ စိတ်ကူးအကြောင်းတရားတွေ၊ လူတွေစိတ်နဲ့ဖန်တီးထားတဲ့အရာတွေနဲ့ လူသားတွေရင်းနှီးကျွမ်းဝင်နေတာ မွေးကင်စကတည်းက ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေးခေါ်ရင်လည်း ပုံစံတစ်မျိုး၊ ပြုမူနေထိုင်ပုံကလည်း သတ်မှတ်ထားတဲ့ စံတစ်ချို့နဲ့ကိုက်ညီအောင်၊ တစ်ချို့သောအရာတွေပဲလိုချင်အောင်၊ အချို့သောစည်းကမ်းချက်တွေကိုပဲ လိုက်နာတဲ့အထိ ဖြစ်လာတာပဲ။ ဒီလိုနဲ့ ဗီဇစိတ်အတုတွေကို လူတွေကဖန်တီးလိုက်ပြီး သန်းပေါင်းများစွာသော သူစိမ်းတရံတွေ ထိထိရောက်ရောက် ပူးပေါင်းအလုပ်လုပ်နိုင်ကြတတယ်။ ဒီ ဗီဇစိတ်အတုကွန်ရက် (network of artificial instincts) ကို ‘လူ့ယဉ်ကျေးမှု’ လို့ ခေါ်ပါတယ်။

၂၀ရာစု ပထမနှစ်ဝက်မှာ ပညာရှင်တွေက လူ့ယဉ်ကျေးမှုတိုင်းဟာ ပြီးပြည့်စုံပြီးလိုက်လျောညီထွေမှု ရှိတယ်လို့ သင်ကြားကြတယ်။ နှစ်ကာလများစွာ ကြာတဲ့အထိ မပြောင်းလဲနိုင်တဲ့ အတွင်းအနှစ်တန်ဖိုးတွေ ပိုင်ဆိုင်ထားကြတယ်လို့ ယုံကြည်ကြတယ်။ လူသားအုပ်စု တစ်စုချင်းစီမှာ သူတိုရဲ့ကိုယ်ပိုင် ကမ္ဘာ့အမြင်ရှိတယ်။ စနစ်တကျဖြစ်တဲ့ ကိုယ်ပိုင် လူမှုရေး၊ ဥပဒေရေး၊ နိုင်ငံရေး စနစ်တွေရှိပြီး အဲဒါတွေကလည်း နေကို ဂြိဟ်တွေပတ်နေသလို အဆင်ပြေချောမော အလုပ်ဖြစ်နေတာပါပဲ။ ခုလိုမျိုးအမြင်မှာဆိုရင် သူ့ဟာနဲ့သူလည်ပတ်နေတဲ့ ယဉ်ကျေးမှုဟာ ပြောင်းလဲခြင်းမရှိပါဘူး။ သူတို့ဟာ နဂိုနှုန်းအတိုင်း လည်ပတ်နေပြီး နဂိုဦးတည်ချက်နဲ့ပဲသွားပါတယ်။ ပြင်ပကနေ သက်ရောက်လာတဲ့ တွန်းအားတွေကသော သူတို့ကိုပြောင်းလဲစေနိုင်ပါတယ်။ မနုဿဗေဒပညာရှင်တွေ၊ သမိုင်းပညာရှင်တွေ နှင့် နိုင်ငံရေးသမားတွေကတော့ ဒါကို ‘ဆာမိုအန် ယဉ်ကျေးမှု (Samoan Culture)’ သို့မဟုတ် ‘တက်စ်မေးနီးယန်း ယဉ်ကျေးမှု (Tasmanian Culture)’ လို့ ခေါ်ကြပါတယ်။ ဆာမိုအန်လူမျိုးတွေနှင့် တက်စ်မေးနီးယန်း လူမျိုးတွေရဲ့ ယုံကြည်သက်ဝင်မှု၊ ထုံးတမ်းသတ်မှတ်ချက် နဲ့ လူမှုတန်ဖိုးတွေဟာ ရှေးပဝေသဏီကတည်းကနေ ခုထိ မပြောင်းမလဲရှိသလိုပေါ့။

ဒီနေ့ခေတ်မှာတော့ ယဉ်ကျေးမှုပညာရှင်အများစုက ဒါတွေနဲ့ဆန့်ကျင်ဘက်တွေသာ မှန်ကန်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ ယဉ်ကျေးမှုတိုင်းမှာ သူ့တို့ရဲ့ ယုံကြည်သက်ဝင်မှု၊ ထုံးတမ်းသတ်မှတ်ချက် နှင့် လူမှုတန်ဖိုးတွေရှိပေမယ့် ဒါတွေဟာလည်း အမြဲမပြတ် အတက်အကျနဲ့ပြောင်းလဲနေတာပါ။ ယဉ်ကျေးမှုဆိုတာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲသွားတာကြောင့် ပြောင်းလဲနိုင်တယ်။ ဒါမှမဟုတ် အိမ်နီးချင်း ယဉ်ကျေးမှုတွေနဲ့ အပြန်အလှန်ထိတွေ့ပြီး ပြောင်းလဲနိုင်တယ်။ ဒါပေမယ့် ယဉ်ကျေးမှုဆိုတာ သူ့ရဲ့အတွင်းရွေ့လျားမှုပုံစံတွေကြောင့်လည်း ပြောင်းလဲသွားတာမျိုးဖြစ်တတ်ပါတယ်။ ဂေဟစနစ်အရ တည်ငြိမ်တဲ့ပတ်ဝန်းကျင်ရှိပြီး တခြားဘယ်အရာနဲ့မှမထိတွေ့ရတဲ့ သီးသန့်တည်ရှိနေတဲ့ ယဉ်ကျေးမှုတွေတောင်မှ ပြောင်းလဲခြင်းဆိုတာကို မရှောင်လွဲနိုင်ပါဘူး။ တသမတ်တည်း အမြဲမှန်နေတဲ့ ရူပဗေဒနိယာမသဘောတရားတွေနဲ့မတူဘဲ လူသားတွေစိတ်ကူးယဉ်စုစည်းထားတဲ့ စနစ်တွေ အားလုံးဟာ ဆန့်ကျင်ဘက်အတွင်းသဘောတရားတွေနဲ့ စုစည်းဖြစ်တည်နေတာပါ။ လူ့ယဉ်ကျေးမှုတွေက အဲဒီဆန့်ကျင်ဘက်သဘောတရားတွေကို တည့်မတ်သွားအောင် အမြဲဖျန်ဖြေဖို့ကြိုစားတယ်။ အဲဒီကြိုးစားမှုဖြစ်စဉ်ကပဲ ယဉ်ကျေးမှုပြောင်းလဲခြင်းကို ဖြစ်စေတဲ့တွန်းအားဖြစ်ပါတယ်။

အလယ်ခေတ်ဥရောပက မင်းမျိုးမှူးမတ်တွေဟာ ခရစ်ယာန်ဝါဒနဲ့ အလယ်ခေတ်သူရဲကောင်းဝါဒ နှစ်ခုလုံးအပေါ် သက်ဝင်ယုံကြည်ခဲ့ကြတယ်။ သူကောင်း မှူးမတ်တစ်ယောက်ဟာ ပုံမှန်အားဖြင့် မနက်ကို ဘုရားကျောင်းသွားမယ် ပြီးတော့ ဘုန်းကြီးက ခရစ်ယာန် သူတော်စင်တွေအကြောင်း တရားဟောတာကိုနားထောင်မယ်။ ဘုန်းကြီးက ‘အရာအားလုံးဟာ အနှစ်သာရမရှိတဲ့ ပကာသန မာနထောင်လွှားမှုတွေသက်သက်ပါ’ လို့ ဟောတယ်။ ‘ဒါတွေအားလုံး ပကာသနတွေပါ။ စည်းစိမ်၊ တဏှာ၊ ဂုဏ်သိက္ခာတွေဆိုတာ အန္တရာယ်ကြီးတဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွေပါ။ ဒါတွေအားလုံးရဲ့ အထက်ကိုရောက်အောင် ကိုယ့်ကိုကိုယ်မြှင့်တင်ပြီး သခင်ခရစ်တော်ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်ရမယ်။ ခရစ်တော်လိုပဲ ကျိုးနွံသည်းခံစွာနေထိုင်ပါ။ ရုန့်ရင်းကြမ်းတမ်းမှု၊ အလွန်အကျွံသုံးဖြုန်းမှုတွေကို ရှောင်ကြဉ်ပါ။ ‘တကယ်လို့ ပါးတစ်ဘက် အရိုက်ခံရတယ် ဆိုရင်လည်း နောက်ပါးတစ်ဘက်ကို လှည့်ပေးပါ။’ ဆိုတဲ့ ဒေသနာတွေပေါ့။ အိမ်ပြန်လမ်းတလျှောက်မှာ ကြားနာခဲ့ရတဲ့ တရားတွေ နှလုံးသွင်းဆင်ခြင်ရင်း၊ ကျိုးနွံသည်းခံတတ်တဲ့စိတ်ကလေးနဲ့ အဲဒီသူကောင်းမှူးမတ်ဟာ အိမ်ကိုတော့ ပြန်လာတာပဲ။ အိမ်ရောက်တာနဲ့ အကောင်းဆုံးပိုးထည်တွေဝတ် ပြီး သူ့အရှင်ရဲ့ ရဲတိုက်စားသောက်ပွဲကို သွားတယ်။ အဲဒီမှာ ဝိုင်ကို ရေလိုငဲ့ပြီးသောက်ကြ၊ အလယ်ခေတ် ကချေသည်တွေက လဲန်းစလော့ နှင့် ဂွီနီဗီးယား အကြောင်း သီဆိုကြ။ ဧည့်သည်တော်တွေကလည်း ညစ်ညမ်းတဲ့ဟာသတွေ၊ သွေးချောင်းစီး စစ်ပွဲပုံပြင်တွေ တစ်ဦးနဲ့တစ်ဦး ဖလှယ်ကြ။ “အရှက်သိက္ခာမဲ့ပြီး အသက်ရှင်ရတာထက် သေသွားရတာ ပိုကောင်းတယ်ကွ” “တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ဂုဏ်သိက္ခာကို မယုံသင်္ကာနဲ့ မေးခွန်းထုတ်တယ် ဆိုရင် အဲဒီလိုစော်ကားမှုကို သွေးနဲ့ပဲ ဆေးရမယ်။ ပြီးတော့ ကိုယ့်ရန်သူတွေ ကိုယ့်ရှေ့မှာ ကြောက်ပြေး, ပြေးတာမြင်ရပြီး သူတို့ရဲ့လှပတဲ့သမီးတွေ ကိုယ့်ခြေရင်းမှာ ကတုန်ကယင်နဲ့ ခစားကြတာထက် လောကကြီးမှာကောင်းတာ ဘာရှိသေးလဲကွ” ဆိုပြီး မှူးမတ်တွေ ထ ကြွေးကြော်တယ်။

ခုလိုမျိုး ဆန့်ကျင်ဘက်သဘောတရားတွေဟာ ဘယ်တုန်းကမှ ပြေလည်မသွားခဲ့ပါဘူး။ ဒါပေမယ့် ဥရောပ မင်းမျိုးမှူးမတ်တွေ၊ ခရစ်ယာန်ဘုန်းကြီးတွေ၊ ရိုးရိုးသာမန်လူတွေဟာ ဒီအရာတွေနဲ့ လုံးထွေးရင်းနဲ့ပဲ သူတို့ရဲ့ယဉ်ကျေးမှု တစတစပြောင်းလဲခဲ့တယ်။ အဲဒီဆန့်ကျင်ဘက်သဘောတရားကို အဖြေရှာဖို့ကြိုးစားတာက ခရူးဆိတ်စစ်ပွဲတွေကို ဖြစ်စေခဲ့တာပဲ။ ခရူးဆိတ်စစ်ပွဲမှာ နိုက်သူရဲကောင်းတွေဟာ သူတို့ရဲ့ တိုက်ခိုက်မှုစစ်စွမ်းရည် နဲ့ ဘာသာရေးကိုင်းရှိုင်းမှုကို တစ်ပြိုင်နက် ပြသလို့ရတယ်။ ခုလိုမျိုး တူညီတဲ့ဆန့်ကျင်ဘက်သဘောတရားတွေနဲ့ရှိနေတဲ့ တပ်ဖွဲ့ကတော့ တဲင်ပလာစစ်သည်တော်တွေ (Templars) နဲ့ ဟော်စပီတော်လာ စစ်သည်တော်တွေ (Hospitallers) တွေပါပဲ။ သူတို့ဟာ ခရစ်ယာန်ဝါဒ နဲ့ သူရဲကောင်းဝါဒ စိတ်ကူးတွေကို တင်းတင်းကျပ်ကျပ် ရောနှောခဲ့ကြတယ်။ ပြီးတော့ အလယ်ခေတ် ပန်းချီ၊ အနုစာပေတွေဖြစ်တဲ့ ရစ်ချတ်ဘုရင်၊ ဟိုးလီဂရေး ခေါ် ခရစ်တော်ရဲ့မြင့်မြတ်သောခွက်ဖလား စတဲ့ပုံဝတ္ထုတွေ ဟာလည်း ဒါတွေကြောင့်ပါပဲ။ ရစ်ချတ်ဘုရင်ရဲ့ ဂန္တဝင် ကဲမလော့တ်ရဲတိုက်ဆိုတာကလည်း နိုက်သူရဲကောင်း တစ်ယောက်ဟာ ခရစ်ယာန်ကောင်း တစ်ယောက် ဖြစ်တယ်ဆိုတာကို သက်သေပြဖို့ဖြစ်ပါတယ်။ ပြီးတော့လည်း ကောင်းမွန်တဲ့ ခရစ်ယာန်တွေသာ အကောင်းဆုံးနိုက်သူရဲ့ကောင်းတွေဖြစ်ကြတယ်လို့ ပြောတာပါ။
နောက်ဥပမာတစ်ခုကတော့ အခုခေတ် နိုင်ငံရေးစနစ်တွေပါ။ ပြင်သစ်တော်လှန်ရေးကြီးကစပြီး ကမ္ဘာတဝှမ်းကလူတွေက တန်းတူညီမျှမှု၊ လူတစ်ဦးချင်းလွတ်လပ်ခွင့် စတဲ့အရာတွေဟာ အခြေခံကျတဲ့ မရှိမဖြစ်လူမှုတန်ဖိုးတွေလို့ မြင်လာကြပါတယ်။ သို့တိုင်အောင် ဒီတန်ဖိုးနှစ်ခုလုံးဟာလည်း တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတဲ့သဘောရှိပါတယ်။ တန်းတူညီမျှမှုရှိအာင်လုပ်မယ်ဆိုရင် ပိုမိုအဆင်ပြေ ကောင်းစားနေတဲ့လူတွေရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ပြီးမှသာ ရနိုင်ပါတယ်။ လူတစ်ဦးတစ်ယောက် ချင်းစီကို ကိုယ်လုပ်ချင်ရာကိုလုပ်နိုင်တယ်လို့ အာမခံထားတာဟာ တန်းတူညီမျှမှုကို မလွဲမသွေ ချိုးဖောက်ပါတယ်။ ၁၇၈၉ ခုနှစ်ကစပြီး ကမ္ဘာ့နိုင်ငံရေးသမိုင်းတစ်ခုလုံးကိုကြည့်မယ်ဆိုရင် ဒီဆန့်ကျင်ဘက်သဘောတရားကို ညှိနှိုင်းစေ့စပ်ဖို့ကြိုးပမ်းတဲ့ အစဉ်အဆက်လုပ်ရပ်တွေအဖြစ် မြင်နိုင်ပါတယ်။
ချားလ်စ်ဒစ်ကင်းရဲ့ ဝတ္ထုတွေထဲက တစ်ပုဒ်ပုဒ်ကို ဖတ်ဖူးတဲ့လူမှန်သမျှဟာ ၁၉ရာစု ဥရောပမှာ လစ်ဘရယ်ဝါဒ ကျင့်သုံးတယ်ဆိုတာ သိမှာပါ။ ပြီးတော့ လူတစ်ဦးချင်းစီရဲ့လွတ်လပ်မှုကို ပိုအလေးပေးတဲ့အတွက် စီးပွားပျက် ဆင်းရဲသွားတဲ့မိသားစုတွေကို ထောင်ထဲပို့ပြီး ကျန်ခဲ့တဲ့မိဘမဲ့ကလေးတွေကိုတော့ ဘာရွေးချယ်ခွင့်မှမပေးဘဲ ခါးပိုက်နှိုက်သင်တန်း လိုဟာမျိုးတွေကိုဆီကို ပို့ပစ်တာပါ။ အဲလက်ဇန်းဒါး ဆိုလ်ဂျနစ်စင် (Alexander Solzhenitsyn) ရဲ့ဝတ္ထုတွေထဲက တစ်ပုဒ်ကို ဖတ်ဖူးတဲ့လူတစ်ယောက်ဟာ တန်းတူအခွင့်ရေးရတဲ့ ကွန်မြူနစ်စနစ်ရဲ့ ရည်မှန်းချက်တွေဆိုတာ ရက်စက်တဲ့အာဏာရှင်တွေက လူတွေရဲ့နေ့စဉ်ဘဝနဲ့ပတ်သက်တဲ့အရာအားလုံးကို ထိန်းချုပ်ဖို့ကြိုးစားလာတာဖြစ်ပါတယ် ဆိုတာကို တွေ့ရမှာပါ။

ဒီနေ့ခေတ် အမေရိကန် နိုင်ငံရေးဟာလည်း ဒီဆန့်ကျင်ဘက်သဘောတရားကို စေ့စပ်ညှိနှိုင်းဖို့ကြိုးစားတာနဲ့ တဝဲလည်နေတာပါ။ ဒီမိုကရက်တွေက ပိုပြီးတန်းတူညီမျှတဲ့ လူ့အဖွဲ့အစည်းကို လိုချင်တယ်။ တကယ်လို့ ဆင်းရဲသားတွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေကို ကူညီမယ့်အစီအစဉ်တွေကို ထောက်ပံ့ဖို့အတွက် အခွန်တိုးမြှင့်မယ်ဆိုလည်း အဆင်ပြေလို့ မြင်ကြတယ်။ ဒါပေမယ့် အဲဒါက လူတစ်ဦးချင်းစီရဲ့ သူတို့ပိုက်ဆံကို သူတို့သုံးချင်သလိုသုံးမယ့် လွတ်လပ်ခွင့်ကို စွက်ဖက်ကျူးကျော်သလို ဖြစ်နေပြန်တယ်။

သူရဲကောင်းဝါဒနှင့် ခရစ်ယာန်ဝါဒကို တန်းတူညီမျှသွားအောင်လုပ်ဖို့ အလယ်ခေတ်ယဉ်ကျေးမှုက မတတ်နိုင်ခဲ့သလို အခုခေတ်ကမ္ဘာမှာလည်း လွတ်လပ်မှုနဲ့တန်းတူညီမျှမှုကို ညီမျှအောင် မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် ဒါဟာ စနစ်ရဲ့ချို့ယွင်းချက်တော့ မဟုတ်ပါဘူး။ ခုလိုမျိုး ဆန့်ကျင်ဘက်သဘောတရားတွေဆိုတာ လူ့ယဉ်ကျေးမှုရဲ့ ခွဲခြားမရတဲ့အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းမှာဆို အဲဒီဝိရောဓိဆန်ကျင်ဘက်သဘောတွေဟာ လူ့ယဉ်ကျေးမှုကို မောင်းနှင်ပြီး ကျွန်တော်တို့မျိုးစိတ်ရဲ့ ဆန်းသစ်တီထွင်မှု၊ ရွေးလျားမှုအပြောင်းအလဲတွေကို ဖြစ်စေတဲ့ အင်ဂျင်တွေဖြစ်ပါတယ်။ ဆန့်ကျင်ဘက် ဂီတနုတ်၂ခုကို တပြိုင်နက်တီးလိုက်တာက ဂီတတေးသွားကို ဆက်လက်ဖြစ်ပေါ်စေသလိုပဲ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ အိုင်ဒီယာတွေ၊ တန်ဖိုးတွေ ပဋိပက္ခဖြစ်ကြခြင်းက ကျွန်တော်တို့ကို စဉ်းစားဖို့၊ ပြန်လှန်သုံးသပ်ဖို့၊ ဝေဖန်ဖို့ တွန်းပို့သလိုဖြစ်ပါတယ်။ အမြဲတသမတ်တည်းဖြစ်နေတယ်ဆိုတာ ခပ်တုံးတုံးလူတွေအတွက်တော့ ပျော်စရာပါ။

တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ ညှိနှိုင်းလို့မရတဲ့ ကွာဟမှုတွေဟာ ယဉ်ကျေးမှုတိုင်းရဲ့ ဟင်းခတ်အမွှေးကြိုင်လို ဖြစ်နေတယ်ဆိုရင်.. ယဉ်ကျေးမှုတစ်ခုခုမှာ ပါဝင်ပတ်သက်တဲ့ လူသားတစ်ဦးဟာ တစ်ခုနှင့်တစ်ခု ကိုက်ညီမှုမရှိတဲ့ လူမှုတန်ဖိုးတွေရဲ့ ခွဲခြမ်းစိတ်ဖြာတာခံရပြီး၊ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ယုံကြည်မှုတွေကို ကိုင်စွဲထားရမှာပါ။ ဒါဟာ လူ့ယဉ်ကျေးမှုတိုင်းရဲ့ မရှိမဖြစ် လက္ခဏာတစ်ရပ်ဖြစ်ပြီး ‘တွေးခေါ်မှု ပဋိပက္ခ’ လို့ ခေါ်ဆိုကြပါတယ်။ ‘တွေးခေါ်မှု ပဋိပက္ခ’ ဟာ လူ့အတွင်းစိတ်ပိုင်းဆိုင်ရာ မှားယွင်းမှုတစ်ခုလို့ ယူဆလေ့ရှိကြတယ်။ တကယ်တမ်းတော့ အဲဒါဟာ အသက်တမျှအရေးကြီးတဲ့ အားသာချက် စွမ်းရည်တစ်ခုပါ။ လူသားတွေအနေနဲ့ ခုလိုမျိုးဆန့်ကျင်ဘက်သဘောဖြစ်တဲ့ ယုံကြည်မှုတွေ၊ တန်ဖိုးတွေကို လက်ခံစွဲကိုင်မထားနိုင်ဘူးဆိုရင် လူ့ယဉ်ကျေးမှုဆိုတာကို ထူထောင်ထိန်းသိမ်းနိုင်ဖို့ဆိုတာ မသေချာပါဘူး။

ခရစ်ယာန်တစ်ယောက်က သူတို့လမ်းထဲက ဗလီမှာဝတ်ပြုနေတဲ့ မွတ်ဆလင်တွေကို နားလည်ချင်တယ် ဆိုပါစို့။ ဒါဆိုရင် သူ့အနေနဲ့ မွတ်ဆလင်တိုင်း တမြတ်တနိုးလိုက်နာတဲ့ အကျင့်သီလတန်ဖိုးတွေ လိုက်လံသိမှတ်နေစရာ မလိုပါဘူး။ အဲဒီအစား မွတ်ဆလင်ယဉ်ကျေးမှုရဲ့ ရှေ့နောက်မညီ ကွာဟနေတဲ့သဘောတရားတွေ၊ သူတို့သတ်မှတ်ထားတဲ့ ပညတ်ကျင့်ဝတ်တွေဟာ အချင်းချင်း ဆန့်ကျင်ဘက်ဖြစ်နေကြတာ၊ သူတို့ရဲ့ အဆင့်အတန်း သတ်မှတ်ချက်တွေဟာလည်း တစ်ခုနဲ့တစ်ခု ပြောင်းပြန်ဖြစ်နေတယ် ဆိုတာတွေကိုသာ စူးစမ်းသင့်ပါတယ်။ အဲဒီလို မွတ်ဆလင်တွေကိုယ်တိုင် နားလည်ဝေခွဲရခက်ပြီး သူတို့လိုက်နာရတဲ့ ဆန့်ကျင်ဘက်ကျင့်ဝတ်တွေကြားထဲကို ကိုယ်တိုင်ရောက်မှသာ သူတို့ကို အကောင်းဆုံးနားလည်မှာပါ။

ဘာသာပြန် - မာန်သီဟထွန်း
စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..
ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။

http://shop.theukartdepot.co.uk/…/anima…/elephants-in-sepia/
https://www.beyondsciencetv.com/…/the-mysterious-world-and…/
http://literateur.com/the-lancelot-dilemma/
https://foreignpolicyi.org/the-rock-promotes-samoan-cultur…/


https://weaponsandwarfare.com/…/09/the-greco-persian-wars-i/
http://www.sliderbase.com/spitem-576-1.html
https://www.youtube.com/watch?v=DKFvN52a-zk