Breaking News

၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ထူးခြားချက်များ


၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ထူးခြားချက်များ

ဉာဏ်လှိုင်လင်း၊ Myanmar NOW

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၉

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ကိုမူ ကော်မရှင်က အတည်မပြုသေးသော်လည်း ရွေးကောက်ပွဲ ကျင်းပစရိတ် ကျပ်ဘီလီယံ ၅၀ ခန့် သုံးရန် လျာထားသည်။

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပွင့်လင်းမြင်သာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ယနေ့ ကျင်းပခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ပြုလုပ်ရန် ကော်မရှင်က စီစဉ်ထားသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ဆွေးနွေးခဲ့သည်များမှ ထူးခြားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မဲပေးနိုင်သူဦးရေ
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြုစုပြီးစီးသည့် အခြေခံမဲစာရင်းအရ ၃၇သန်းကျော် မဲပေးရန် ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က အသိပေးသည်။ အဆိုပါစာရင်းတွင် ရွှေ့ပြောင်းတာဝန်ထမ်းဆောင်မှုများပြားသည့် တပ်မတော်နှင့် တပ်မိသားစုဝင်များ မပါဝင်သေးဘဲ ယခင်ရွေးကောက်ပွဲများကဲ့သို့ နီးကပ်လာချိန်မှ စာရင်းသွင်းမည်ဟုလည်း ဦးမြင့်နိုင်က ရှင်းပြသည်။

သို့သော် တစ်နိုင်ငံလုံး၌ ကနဦး ပြုစုပြီးစီးသည့် အခြေခံမဲစာရင်းတွင်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ မြို့နယ် ငါးခု မပါဝင်သေးသဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဟုလည်း ၎င်းက ဆိုသည်။

တပ်မဲရုံကိစ္စ
ထို့အတူ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေပြင်ဆင်ချက်အတိုင်း အများပြည်သူနှင့်တန်းတူ လွတ်လပ်စွာမဲပေးနိုင်ရန် တပ်တွင်းမဲရုံများ ထားမည်မဟုတ်ဘဲ တပ်အပြင်ထွက်၍ အဆင်ပြေစွာမဲပေးနိုင်မည့် မဲရုံများ စီစဉ်ပေးမည်ဟု ကော်မရှင်တာဝန်ရှိသူများက ထပ်မံအတည်ပြုသည်။ တပ်မတော်သားများ မဲပေးနိုင်ရန် မဲရုံ ၈၃၁ ရုံ စီစဉ်ပေးရနိုင်သည်ဟုလည်း ၎င်းတို့က ခန့်မှန်းသည်။

မဲစာရင်းစိစစ်မှု
ဝေဖန်မှုများရှိနေသည့် ရောက်ရှိမဲဆန္ဒနယ်တွင် ရက် ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ရမည့်ကိစ္စမှာ မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် စီစဉ်ခြင်းသာဖြစ်ကြောင်း ကော်မရှင်က တုံ့ပြန်သည်။

ရောက်သည့်နေရာတွင်ဖြစ်စေ၊ မူလနေထိုင်ရာဒေသသို့ပြန်၍ သို့မဟုတ် ကြိုတင်မဲဖြစ်စေ ပေးနိုင်ရန် ရည်ရွယ်ကြောင်း ဦးမြင့်နိုင်က ရှင်းပြသည်။

ထို့အတူ အသုတ်လိုက် ရွှေ့ပြောင်းမဲပေးလာနိုင်သည့် အခြေအနေများ ပေါ်ပေါက်လာလျှင်လည်း ကိစ္စရပ်အလိုက် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ၎င်းက ဆိုသည်။ မဲနှစ်ကြိမ်ပေးခြင်း မရှိစေရန် အခြေခံမဲစာရင်း၊ ကြိုတင်မဲပေးလိုသူများ၊ အဝေးရောက်မဲဆန္ဒရှင်စာရင်းတို့ကို ပါတီများ၊ အမတ်လောင်းများ ပူးပေါင်း၍ စိစစ်မည်ဟုလည်း ကော်မရှင်က ပြောသည်။

မဲဆွယ်စရိတ်တိုးမည်
မဲဆန္ဒနယ်မြေအကန့်အသတ်ရှိသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများကိုမူ လက်ရှိသတ်မှတ်ထားသည့် မဲဆွယ်စရိတ် ကျပ်သိန်းတစ်ရာသာ ဆက်လက်ခွင့်ပြုရန် ကော်မရှင်က စီစဉ်ထားသည်။

သို့သော် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံး မဲဆွယ်စည်းရုံးရမည့် တိုင်းရင်းသားလူမျိုးဝန်ကြီး နေရာများအတွက် ယှဉ်ပြိုင်မည့် အမတ်လောင်းများကိုမူ မဲဆွယ်စရိတ်ကို ကျပ်သိန်း၁၅၀ အထိ တိုးမြှင့်သတ်မှတ်ပေးရန် ရှိသည်ဟု ဦးမြင့်နိုင်က ပြောသည်။

ကျပ်ဘီလီယံ ၅၀
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ကိုမူ ကော်မရှင်က အတည်မပြုသေးသော်လည်း ရွေးကောက်ပွဲ ကျင်းပစရိတ် ကျပ်ဘီလီယံ ၅၀ ခန့် သုံးရန် လျာထားကြောင်း တာဝန်ရှိသူများက အတည်ပြုသည်။

လက်ရှိတွင် တည်ဆဲနိုင်ငံရေးပါတီ ၉၃ ပါတီရှိပြီး၊ တည်ထောင်ခွင့်ပြုရန်နှင့် မှတ်ပုံတင်ခွင့်ပြုရန် စိစစ်ဆဲ စုစုပေါင်း ၅ ပါတီ ရှိကြောင်း ဒီဇင်ဘာလကုန်တွင် လျှောက်ထားခွင့် စာရင်းပိတ်သည့်အခါ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီစုစုပေါင်း ၁၀၀ ကျော် ရှိလာနိုင်သည်ဟု ကော်မရှင်က ခန့်မှန်းထားသည်။