Breaking News

မြင့်ကျော် - ဒစ်ဂျစ်တယ်ခေတ်မှာ ဆိပ်ကွယ်ရာမရှိ

Photo - RFA

မြင့်ကျော် - ဒစ်ဂျစ်တယ်ခေတ်မှာ ဆိပ်ကွယ်ရာမရှိ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၉

ဒစ်ဂျစ်တယ်ခေတ်နှင့် တာဝန်ခံမှု

ဥပဒေ အရမဟုတ်ပဲ သတ်ဖြတ်မှုမျိုး၊ လူလူချင်းမညှာမတာ ညှင်းပန်းနှိပ်စက်မှု တွေက လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိကြတာ လေ့လာမိတယ်။ ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုလိုက်လို့ ဒါကို ထောက်ခံအားပေးတာမျိုး သဘောထား လုံးဝမဟုတ်ပါဘူး။ ပင်ကိုယ်က လက်နက်ကိုင် တိုက်ခိုက်နေ နေ့စဉ်၊ လစဉ် နှစ်စဉ် တိုက်ပွဲတွေတိုက်၊ ကိုယ့်အသက်မသေဖို့ တဖက်ကို လက်ဦးမှုယူသတ်ရတဲ့ လက်နက်ကိုင် ပဋိပက္ခ တွေနဲ့ ယဉ်ပါးနေတဲ့ အသိုက်အဝိုင်းမှာ ဒီလို သတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာကို ပြစ်မှုကြီးလို့ မမှတ်ယူကြတဲ့ သဘောကို ဆိုလိုတာပါ။

သတ်ဖြတ်ခံရတဲ့အထဲ ရန်သူတွေသာမက အရပ်သားတွေလည်း ရန်သူလို့ စွပ်စွဲပြီး သတ်ဖြတ် ညှင်းဆဲခံရတာတွေ ဖြစ်နိုင်ပါတယ်။

စစ်ပွဲတွေ တိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့ဘယ်အဖွဲ့မဆို ညှင်းဆဲမှု သတ်ဖြတ်မှုတွေ ရှိကြတာတွေ့ရမှာပါ။ အမေရိကန် တပ်တွေ အီရတ်မှာတုန်းက အဘူဂါရိပ် အကျဉ်းထောင်လိုမျိုးမှာ ညှင်းဆဲမှုတွေ လုပ်ခဲ့တာကို သတင်းမီဒီယာက ထုတ်ဖေါ်ခဲ့တဲ့ သာဓကလည်း ရှိပါတယ်။

အလားတူ ပြည်တွင်းစစ် ဖြစ်နေတဲု့ မြန်မာနိုင်ငံမှာလည်း သတ်ဖြတ်မှု၊ ညှင်းဆဲမှုတွေကို လက်နက်ကိုင် အဖွဲ့တွေက ကျူးလွန်ခဲ့ကြတဲ့ အဖြစ်တွေ သာဓကတွေ ရှိခဲ့တာပါ။

ဒါပေမယ့် တဦးတလေကို ကျူးလွန်တာမျိုးက တိမ်မြုပ်နေလေ့ရှိပြီး အုပ်စုလိုက် ဆယ်ဂဏန်းနဲ့ချီတဲ့ အပြစ်မဲ့တဲ့ အရပ်သားဖြစ်စေ၊ အရပ်သားတွေကို လက်နက်ကိုင် အဖွဲ့ကို ထောက်ခံတယ်စွပ်စွဲပြီး သတ်ဖြတ်တာဖြစ်စေ ၊ ကိုယ့်တပ်ဖွဲ့ဝင်တွေထဲက သစ္စာဖောက်တယ်လို့ စွပ်စွဲပြီး သတ်ဖြတ်တာဖြစ်စေ အဲဒီလိုအမှုတွေက ဖုံးကွယ်ထားဖို့ ခက်ခဲပါတယ်။ ဒါကို တနည်းအားဖြင့် အရိုးတွန်တယ်လို့ တင်စားကြပါတယ်။ သေဆုံးရတဲ့သူက တဦးမက ရှိခဲ့ရင် ဒီမိသားစု ပတ်သက်ရာ ပတ်သက်ကြောင်းတွေက မေ့ပျောက်လို့မရတော့ တချိန်မဟုတ် တချိန်မှာ ကျူးလွန်ထားတဲ့ သမိုင်းကြောင်းတွေက ပေါ်လာလေ့ရှိပါတယ်။ တနည်းအားဖြင့် ပြောရရင် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုး mass killing လို အဖြစ်အပျက်မျိုးဖြစ်ပါတယ်။

လက်နက်ကိုင် အဖွဲ့က သူပုန်မို့လို့ အစိုးရ မဟုတ်လို့ ဒီလိုကိစ္စမျိုးတွေကို ကာလတခုထိ မပြောရဲ မဆိုရဲတာမျိုးရှိလေ့ရှိပါတယ်။ အာဏာရှင် အစိုးရတပ်ဖွဲ့လိုမျိုးက ကျူးလွန်ရင်လည်း ဖိနှိပ်အုပ်ချုပ်၊ အကြောက်တရားနဲ့ ခြိမ်းခြောက်ထားတာမျိုးကြောင့် အချိန်ကာလတခုထိ အဲဒီလိုကျူးလွန်မှုကို ဖေါ်မထုတ်ရဲ သက်သေမခံရဲ မပြောရဲ လို့လူမသိ သူမသိ ဖြစ်တာမျိုးလည်း ဖြစ်တာတွေ့ရပါတယ်။

လတ်တလော ဗီဒီယို ဖိုင်က လက်နက်ကိုင် တပ်ဖွဲ့တခုက ကျူးလွန်တဲ့ သတ်ဖြတ်မှုတစ်ခုပါ။ ကျူးလွန်တဲ့ အဖွဲ့တွေ အနေနဲ့တော့ ဒါမျိုးအဖြစ်အပျက်ကို သစ္စာဖောက်လို့ သို့မဟုတ် စစ်စည်းကမ်း ဖောက်ဖျက်လို့ ဆိုတဲ့ စွပ်စွဲချက်နဲ့ လုပ်ကြတာမျိုး ဖြစ်တော့ သူတို့အမြင်မှာတော့မထူးဆန်းဘူးလို့ ထင်မြင်ပါလိမ့်မယ်။
ဒါပေမယ့်သာမာန်လူထု အနေနဲ့ ဒါမျိုး မြင်ရကြားရတဲ့အခါ အလွန် ထိတ်လန့်ခြောက်ခြား စက်ဆုပ်ဖွယ် လို့ခံစားကြရတာဖြစ်ပါတယ်။

အခုခေတ်လို ခေတ်သစ်နည်းပညာ ပစ္စည်းတွေ လူတိုင်းလက်လှမ်းမီနေကြတာကြောင့် ကောင်းတာရော မကောင်းတာပါ မှတ်တမ်းတင်ကြရာက ကျူးလွန်မှုတွေကို သက်သေ အထောက်အထားနဲ့ အများပြည်သူရှေ့ ထွက်လာတာမျိုးပါ။ သက်ဆိုင်တဲ့ အဖွဲ့အစည်းက ဘာပဲဖြစ်ဖြစ် အနည်းနဲ့အများ တာဝန်ခံရတော့မယ့် သဘောဖြစ်ပါတယ်။

တနည်းအားဖြင့် ပြောရရင် ဒစ်ဂျစ်တယ်ခေတ်မှာ ဆိပ်ကွယ်ရာ မရှိတဲ့သဘောပါ။

ဆက်စပ်သတင်း - https://www.rfa.org/burmese/program_2/armed-men-killed-civilian-10312019084954.html