Breaking News

မောင်စွမ်းရည် - မုံရွာ ဦးလေးခန့်





မောင်စွမ်းရည် - မုံရွာ ဦးလေးခန့်

(မိုးမခ ပြန်လည်ဆန်းသစ်) ဇူလိုင် ၁၄၊ ၂၀၁၁
ဒီဇင်ဘာ ၁၈၊ ၂၀၁၉

'မုံရွာဦးလေးခန့်'' လို့ ခေါင်းစီတပ်လိုက်ရာကို သိပ်အားမရ။ ဆွဲဆောင်မှုရှိအောင် ''မုံရွာ ဦးခန့်၊ ရွှေမန်းတင်မောင်နဲ့ ဝင်းဦး''လို့ ခေါင်းစီးတပ်လိုက်ချင်တာပါ။ ခေါင်းစီရှည်တာကို မကြိုက်လို့ မုံရွာဦးလေးခန့် လို့ပဲ တပ်လိုက်ရပါတယ်။ ဒါပေမယ့် တချို့လူငယ်တွေက ဘာမှန်းမသိလို့ စိတ်မဝင်စားနာနဲ့ မဖတ်ဘဲနေမှာတော့ စိုးမိပါတယ်။ သူကွယ်လွန်တာကိုက နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီလေ။ သူ့အသက် ၅၀ လောက် ရှိပါသေးတယ်။ ရှစ်လေးလုံးအရေးတော်ပုံ ကာလ လောက်ကပါပဲ။ နှလုံးရောဂါလား၊ ဘာလား စဉ်းစားမရတော့ပါ။ ကျနော်စာသင်ပေးခဲ့ရတဲ့ သူ့သားငယ်လေးကိုပဲ ကွယ်လွန်ခဲ့ရှာတာ ကြပါပကော။ သင်္ဘောလိုက်ရင် ဆုံးရှာဆို ထင်ပါရဲ့။

မုံရွာ ဦးလေးခန့်က ကျနော့်ထက် အသက်ကြီးပါတယ်။ ကြီးလှ ၁၀ နှစ်ရှိမှာပေါ့။ ဒါပေမယ့် ကျနော်က ဆရာခန့်လို့ ခေါ်တယ်။ တခါတလေ ''လေးခန့်'' ''လေးလေးခန့်'' လို့ခေါ်ပါတယ်။ သူ့အမည်က ''လေးခန့်''တဲ့။ တရားဟော ဓမ္မကထိကအကျော် မဓမ္မကထိက ဦးလှသန်းရဲ့ ညီငယ်ပါ။ သူတို့အမျိုးတွေက ဇာတ်သဘင်တို့၊ ဆို အပြောအဟောတို့ ဝါသနာထုံပါတယ်။ တကယ်တော့ မုံရွာသားတော်တော်များများဟာ ဇာတ်သဘင်ကို စိတ်ညွှတ်ကြတယ်လို့ သတိပြုမိပါတယ်။ ဆိုင်းပညာ ဇာတ်ပညာဆိုရင် မန္တလေးက ဗဟိုလို့ ဆိုရပေမယ့် မုံရွာက ပိုစွာတယ်လို့ ကြားရဖူးပါတယ်။ ဘယ်လိုစွာတယ်၊ သာတယ်ဆိုတာ ကျနော် ဆိုင်းပညာဇာတ်ပညာနားမလည်လို့ ရှင်းမပြတတ်ပါဘူး ပညာရှင်တွေလောကမှာ အပြောများတော့ ကြားမိလို့ပါ။

မုံရွာ ဦးလေးခန့်က ရွှေမန်းတင်မောင်လို သဘင်ပညာရှင်ကြီးက ဆရာတင်ခံရတဲ့ ပုဂ္ဂိုလ်ပါ။ ရွဲကုန်သည် သီချင်းတထဲက ''ရွှေ ..ရွှေ ...ရွှေ'' လို့ ခုနှစ်သံချီ ဟစ်ရတဲ့ သီချင်းဟာ ဦးလေးခန့် ရွေးကားသင်ပေးတာလို့ ကြားဖူးပါတယ်။ မောင်မှူးဇာတ်၊ ရွဲကုန်သည်ဇာတ်တို့ဟာ ဇာတ်လမ်းကိုပဲ ဦးလေးခန့်ရေးတာ လို့ ကြားမိလိုက်ပါတယ်။ ဦးသုခရဲ့ ''စကားပြောသော အသဲနှလုံး''ထဲက ဇာတ်ဝင်သီချင်းကလဲ ခုနှစ်သံချီအော်ရတယ်။ အဲဒါလဲ ဦးလေးခန့်လက်ရာ၊ ဦးလေးခန့်အသံလို့ပဲ ကျနော် ကြားလိုက်မိဖူးပါတယ်။

ကျနော်ဆိုလိုချင်တာက ဦးလေးခန့်ဟာ သီချင်းရေးဆရာလဲဖြစ်၊ အဆိုတော်လဲဖြစ်ကြောင်း ပါပဲ။ သီချင်းကလဲ မြန်မာသီချင်းတွေပါ။ အများအားဖြင့် ဦးလေးခန့်က အော်နိုင်ဟစ်နိုင်လို့ ခုနှစ်သံချီဆိုတာ ရေးတာ ပိုင်နိုင်ပါသတဲ့။ ရွှေမန်းတင်မောင်ကလဲ သူ့အာလျှာကို ကြိုက်လို့ ဆရာတင်တာပါ။ အဲဒီ ဇတ်ဆရာကြီးကလဲ သူကြိုက်ရင် အိမ်ဦးခန်းကို ခေါ်တင်ထားတတ်ပါတယ်။ ကျနော်တို့တတွေ ဟိုးမန္တလေးရဲ့ ဟို အနောက်ပြင်ထဲက ''ချမ်းသာရထုံးကုန်း''ထဲရှိ ရွှေမန်းမဟာ သသင်အိမ်ကြီးကို သွားပြီး မုံရွာ ဦးလေးခန့်ကို ရှာရတယ်။ ရှာတော့ ''အမယ်ကြီးအို ဦးအောင်စိန်''လို့ကျော်ကြားတဲ့ သဘင်ပညာရှင်ကြီးတဦးကို အိမ်ဦးခန်းတင်ထား တွေ့ခဲ့ရဖူးပါတယ်။ အဲဒီအိမ်ကြီးမှာ ဇာတ်တိုက်လေ့ရှိပါတယ်။ ရွှေမန်းမိသားစု မန္တလေးမြို့လယ် ဆည်ကန်ရပ်လမ်းက လူထုတိုက်အနီးမှာ ဆောက်လုပ်ထားတဲ့ တိုက်ကြီးမှာနေတာပါ။ ရွှေမန်းတင်မောင် ယောင်ပေးစူး ကလေးနဲ့ အရွယ်ကတည်းက ဒေါ်အမာနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေမို့ ''အမာ - ကိုတင်မောင်''လို့ တဦးနဲ့ တဦးခေါ်ကြတာပါ။ အိမ်နီးချင်းဖြစ်ရတာကိုက ဇာတ်ဆရာပူဆာလို့ ဒေါ်ဒေါ်က ရှားပေးရတဲ့ မြေကွက်မှာ တိုက်ဆောင်ဖို့ပါ စီစဉ်လာခဲ့ရတာပါတဲ့။ အမာနဲ့ အိမ်နီးချင်းဖြစ်ချင်တယ်လို့ ပူဆာသတဲ့။ သူတို့က စစ်ပြေးတုန်းကလဲ အတူတူ၊ တရွာတည်းနေခဲ့ကြတဲ့ သူငယ်ချင်းတွေလေ။

ကျနော် ဦးလေးခန့်ကို သွားရှာတယ်ဆိုတာက ဦးလေးလူထုဦးလှနဲ့ အတူသွားတာပါ။ ၁၉၆၆ - ၆၇ လောက်က ထင်ပါတယ်။ စာဆိုတော်နေ့ ဖွင့်ပွဲအခမ်းအနားမှာ သီချင်းတိုက်ဖို့၊ သီချင်းတောင်း ဖို့သွားတာပါ။ အဲဒီနှစ်တွေမှာ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်လူငယ်တွေထဲက အတီးအမှုတ်၊ အဆိုအပြောကိစ္စတွေမှာ ဝါသနာကြီးပြီး အခြေခံရှိတဲ့ ကိုသာနိုင်နဲ့ ကိုဘဂျမ်း (တင်မိုး) တို့က ရန်ကုန်ကိုပြောင်းသွားခဲ့ကြပါပြီ။ အမှုဆောင် တယောက်ဖြစ်တဲ့ တက္ကသိုလ်မောင် သိန်းနိုင် (ခု - ဂုဏ်ထူး ဦးသိန်းနိုင်) ကလဲ ကျူရှင်တွေနဲ့ မအားဘူးတဲ့။ ဒါနဲ့ပဲ ကျနော်ပဲ ဦးလေးနဲ့လိုက်သွားရပါတယ်။ သီချင်းစာသားကိုလဲ ကျနော် ဦးလေးနဲ့တိုင်ပင်ပြီး အကြမ်းရေးပေးရ ပါတယ်။ ဦးလေးခန့်က သီချင်းအဖြစ်ဆိုပြပေးတာကို အဖွဲ့သားလူငယ်တွေက သင်ယူမှတ်သားရပါတယ်။ ဒီလိုသွားရင်းနဲ့ သူနဲ့ကျနော် ရင်းနှီးသွားခဲ့ပါတယ်။ သီချင်းစာသား ကိုတော့ ကျနော်မေ့သွားပြီ။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက ထုတ်တဲ့ စာတမ်းပေါင်း ချုပ်စာအုပ်တအုပ်ထဲမှာ ဦးလေးလှ ထည့်ရိုက်ထားတာတော့ မှတ်မိပါတယ်။ ပြန်ရှာလို့ ရနိုင်ပါတယ်။

ကျနော်က ၁၉၇၀ - ၇၂ လောက်မှာ ရန်ကုန်ကို ကျောင်းသုံးစာအုပ်ပြုစုရေးကိစ္စနဲ့ ပြောင်းရတယ်။ စမ်းချောင်း အထက (၁) မှာ ခေတ္တတွဲဖက်ထားလို့ ဟံသာဝတီလမ်းပေါ်က အဲဒီကျောင်းမှာ စာသင်ရသေးတယ်။ ဦးလေးခန့်က သူ့သားငယ်ကို ကျောင်းလာအပ်တာနဲ့ ကျနော်ုတို့ချင်း ပြန်ဆုံးတယ်။ သူကလဲ ကျနော်တို့ကျောင်းရဲ့ အနောက်ဘက်နား မလှမ်းမကမ်းမှာပဲ နေပါတယ်။ စာရေးဆရာ ကိုအောင်သင်းတို့၊ ဗိုလ်သောကတို့နဲ့ တရပ်ကွက်ထဲမှာ သိပ်မဝေးကြဘူး။ သူမြို့ထဲထွက်ရင် ကျနော်စာသင်တဲ့ကျောင်းရဲ့ရှေ့က ထွက်ရတာဆိုတော့ လမ်းပေါ်မှာလဲ မကြာခဏ ဆုံတတ်ပါတယ်။ သူက ကျနော့်ထက်ကြီးပေမယ့် ''သူငယ်ချင်း''လို့ပဲ ကျနော့်ကိုခေါ်ပါတယ်။

ကျနော့်အိမ်နဲ့ ကျောင်းက ''ကြံတော'' ခြားပါတယ်။ ဒါကြောင့် အိမ်က ကမာရွတ်ရပ်ကွက်ထဲဝင်နေပါတယ်။ တခါတော့ သူနဲ့ ဗိုလ်သော်ကတို့ ကမာရွတ်ဘေးက ဆင်မလိုက်စျေးကွက်လပ်ထဲမှာ စာပေဟောပြောဖို့ရောက်လာကြပါတယ်။ ဆင်မလိုက်စျေးက ကျနော့်အိမ်နဲ့ သိပ်မဝေးဘူး။ ''ကမာရွတ်ထဲမှာဆိုတော့ မောင်စွမ်းရည်ပါရမှာပေါ့၊ သွားခေါ်ချေ''လို့ ကော်မတီဝင်လူငယ်တွေကို ဆဲဆိုပြီးလွှတ်လိုက်သတဲ့။ ဒါနဲ့ သူတို့နဲ့အတူ ဟောပြောရဖူးပါတယ်။ ကျနော်က အစိုးရအလုပ်က တဖက်ရှိနေတာကြောင့် စာပေဟောပြောပွဲတွေကို လိုက်ခဲတယ်။ ဟောပြောတာညံ့လို့တကြောင်း၊ အဖိတ်ခံရနည်းပါတယ်။ သူတို့နဲ့တခါမှ မဟောပြောခဲ့ဖူးခဲ့ပါဘူး။ အဲဒီပထမဆုံးအကြိမ်းတွဲဖူးတာပါပဲ။ ကျနော်ဟောပြောပြီးလို့ စင်ပေါ်က ဆင်းလာတော့ သတို့နှစ်ယောက် လက်ခုပ်သြဘာပေးပြီး မတ်တပ်ရပ်တွဲခေါ်ပါတယ်။ ''ကောင်းတယ်ဟေ့ ..ကောင်းတယ်ကွ၊ သောက်မြင်ကပ်စရာ'' လို့ နားနားကပ်ပြီး ချီးမွမ်းကြပါတယ်။ ''ကိုယ့်လူကို ဒါ့ကြောင့် လူချစ်လူခင်များတာကိုး' လို့ ငေါ့ပြောကြလေရဲ့။ ''ပြောတာတော့ အေးဆေးပါပဲ။ ပြုံးပြုံးလေးနဲ့တော့ ပြောပါရဲ့။ ဒီလို စာပေဝေဖန်တာတော့ ဘယ်ခံနိုင်မှာလဲဟ'' လို့ ဝေဖန်ပါတယ်။ ဦးလေးခန့်ကလဲ အမူအရာလုပ်ပြပါတယ်။ ''ဟောသလို ဟောသလို ဟိုဘက်တိုးလိုက်၊ ဒီဘက်ဆိတ်လိုက်နဲ့ လုပ်သွားပုံများ''လို့ လုပ်ပြပါတယ်။ ကျနော်ဟောပြောတာက ''ကျနော့်ရဲ့ စာပေဝေဖန်ရေး အတွေ့အကြုံ'' ခေါင်းစီးအောက်မှာပါ။ ကျနော်က ဘယ်လိုဝေဖန်တော့ ဝေဖန်ခံရသူတွေကလဲ ဘယ်လိုတုံ့ပြန်တာ'' ဆိုပြီး ပြောပြတာပါ။



နောင်ဟောပြောပွဲတွေသွားရင်လဲ အတူသွားတဲ့အခါတွေများလာပါတယ်။ ဗိုလ်သော်ကကြီးကတော့ ကဗျာရွတ်ဆိုဖို့ပဲ တိုက်တွန်းတယ်။ သူကိုယ်တိုင်လဲ အင်္ဂလိပ်ကဗျာတွေ ရွတ်ဆိုပြပါတယ်။ ဦးလေးခန့်ကတော့ ''အတို့အဆိတ်ကလေးတွေ လုပ်ပါအုံး'' လို့ပြောပြတတ်ပါတယ်။ ကျနော်မပါတဲ့ ဟောပြောပွဲတွေက ပြန်လာလို့ ကျနော့်စာသင်ကျောင်းရှေ့ကဖြတ်သွားရင်း အပြင်ကလှမ်းခေါ်ပြီး ဟောပြောပွဲတွေကရလာတဲ့ လက်ဆောင်ထုပ်ကလေး တွေကို ပေးလေ့ရှိပါတယ်။ ''သူငယ်ချင်းဖို့'' ဆိုတာလဲ ပြောတတ်လေရဲ့။ တခါတော့ ဝင်းဦးဆီက သူပြန်လာသတဲ့။ ကျနော် နားကြားလွဲသလားထင်လိုက် လို့ ပြန်မေးရပါတယ်။ သူနဲ့ ကိုဝင်းဦးနဲ့ကလဲ သူငယ်ချင်းပဲတဲ့။ ငယ်သူငယ်ချင်းလို့တောင် ဆိုနိုင်သတဲ့။ အဲဒီတုန်းက သူကလဲ ဇာတ်သဘင်လောကထဲ မရောက်သေးဘူး။ ရပ်ကွက်စင်မှာတော့ မင်းသားပေါ့။

၀င်းဦးက စစ်ဗိုလ်လေး၊ ဒီဇာတ်လမ်းကို ကိုဝင်းဦးကိုယ်တိုင်ပြောတာက ပိုနားထောင်လို့ကောင်းတယ်လို့ စာရေးဆရာ မင်းကျော်နဲ့ ကဗျာဆရာ တင်မိုးတို့က ပြောဖူးပါတယ်။ အဲဒီတုန်းက ဝင်းဦးက စစ်ဗိုလ်၊ ကျနော်တို့က သူက လေတပ်ကလို့သိထားပေမယ့် ဘယ်လိုလုပ်မုံရွာဘက်မှာ တာဝန်ကျနေလဲ မသိပါဘူး။ ဘုတလင်မှာ ဦးသိန်းဖေမြင့်က ပမညတဘက်က အမတ်လောင်းအဖြစ် အရွေးခံဖို့ မုံရွာရောက်နေတဲ့ကာလ ဆိုထင်ပါရဲ့။ ရွေးကောက်ပွဲပျက်အောင်ဖျက်ဖို့ ကိုဝင်းဦးက တာဝန်ကျသတဲ့။ အဆိုတော်လဲ မဖြစ်သေးဘူး။ နမည်ကလဲ ဒီနာမည်မဟုတ်ဘူး။ ''ဗိုလ်လှမြင့်' ဆို ထင်ပါရဲ့။ ဗိုလ်လှမြင့် (ဝင်းဦး) ရွေးကောက်ပွဲဖျက်ပုံကတော့ လွယ်လွယ်လေးပဲ။ စစ်သားတယောကို ကုက္ကိုပင်ပေါ်တက်ခိုင်းပြီး ဦးသိန်းဖေမြင့်ကို မဲပေးဖို့ ချီတက်လာတဲ့ လူထုပုရိသတ်ရှေ့ကနေကပ်ပြီး ဘရင်းဂန်းကျည်တကပ်လောက် ဆွဲလိုက်တာပဲတဲ့။ လူထုရှေ့မှာ ကျည်ဆန်တွေ တဖုတ်ဖုတ်နဲ့ ဖုန်တထောင်းထောင်းထသွားတော့ လူထုက နောက်ပြန်ပြေးရောတဲ့။ ဖဆ-ဆိုရှယ်ဘက် စစ်တပ်မပါဘူးလို့ ဇွတ်ငြင်းခဲ့ပေမယ့် ပါခဲ့ရတဲ့ စစ်ဗိုလ်က ကိုယ်တွေ့ပြောပြတာပါ။

အဲဒီမတိုင်ခင်ညမှာ အရပ်ဇာတ်ပွဲကတော့ မင်းသားက ကိုလေးတဲ့။ ညက မဲဆွယပြီး ဖဆပလကို ပြက်လုံးတွေထုတ်ကြ၊ သံချပ်တွေထိုးကြနဲ့ ပရိတ်သတ် အလွန်ပွဲကျသတဲ့။ ဒါနဲ့ စစ်သားတွေက ဦးလေးခန့်ကို ဖမ်းလာခဲ့ပြီး စစ်တပ်စခန်းရဲ့ အချုပ်ခန်းထဲကို ကိုလေးခန့်တယောက် နောက်ပြန်ကြိုးတဲပြီး ရောက်လာသတဲ့။ ပြီးတော့ ထွက်ပြေးလို့ဆိုပြီး နောက်ကနေ သေနတ်နဲ့ပစ်သတ်လိုက်မှာပဲတဲ့။ ဦးလေးခန့်ကတော့ ဘာမှမသိဘူး။ မူးမူးနဲ့ လိုက်လာရတာ။ တော်ကြာတော့ ပျင်းတာနဲ့ သီချင်းတွေ ကုန်းအော်နေသတဲ့။ ဗိုလ်လှမြင့်(ဝင်းဦး) က ''အဲ့ဒီကောင် ထုတ်ခဲ့စမ်း''လို့ စစ်သားတဦးကို ခိုင်းပြီး ခုနဆိုတဲ့သီချင်း ပြန်ဆိုစမ်းပါဗျာ။ ကောင်းလွန်းလို့တဲ့။ ကျက်ထားချင်လို့ ရေးပေးပါတဲ့။ ရေးလိုက်၊ ဆိုလိုက်၊ ကျက်လိုက်နဲ့ပေါ့။ ထမင်းလဲကျွေး၊ အရက်လဲတိုက်ပြီး မိတ်ဆက်ကြသတဲ့။ ရန်ကုန်ရောက်ရင် ကျနော့်အိမ်ကို ဝင်ဖြစ်အောင် ဝင်ပါလို့လဲ စစ်ဗိုလ်ချောချောလေးက ဖိတ်လိုက်သေးသတဲ့။ ပြီးတော့လဲ သေဘေးကလွှတ်လိုက်ရုံမက ကားနဲ့ပြန်ပို့လိုက်ပါသတဲ့။ ဒါနဲ့သူတို့ သီချင်းဆိုဖက် ပုလင်းတူ ဗူးဆို့ တွေဖြစ်သွားပါလေရောတဲ့။

မုံရွာသားတွေထဲမှာ ဦးသိန်းဖေမြင့်အပြင် နာမည်ကြီးတဲ့ စာရေးဆရာပညာရှိကြီးတဦးကတော့ ဦးဘဝင်းတဲ့။ လင်းယုန်ဘဝင်းအမည်နဲပ စာရေးတဲ့ပုဂ္ဂိုလ်ပါ။ လူပျံတော် ပညာရှိတဦးပေါ့။ ဘာသာပြန်စာအုပ်တွေလဲ ရေးသားထုတ်ဝေဖူးပါတယ်။ သူ့တို့နှစ်ယောက် အသက်ချင်းတော့ကွာတယ်။ သားအဖလိုကွာတယ်။ ကျနော် တနေ့သား ဦးလေးခန့်အိမ်သွားတော့ အိမ်အပေါ်ထပ် အိမ်ရှေ့ ၀ရန္တာမှာ သူတို့နှစ်ဦး ဒူးလန်ပေါင်လန်နဲ့ ကြက်ခွပ်တမ်းကစားတော့မလို မျက်နှာချင်းဆိုင်ထိုင်နေကြပါတယ်။ လက်ထဲမှာ ကြွေပန်းကန်လုံးကလေးကိုယ်စီနဲ့ သူတို့နှစ်ယောက်ကြားမှာ လက်ဖက်ရည်အဖန်ကရားကြီးတလုံးချထားတာကို အောက်ကလှမ်းမမြင်ရဘူး။ အပေါ်တက်သွားမှ မြင်ရတာပါ။ အိမ်ထဲဝင်သွားတော့ ဦးလေးခန့်ရဲ့ဇနီးက အမူအရာနဲ့ စကားပြောပြီး တိတ်တိတ်လာဖို့ပြောပါတယ်။ ကျနော်လဲ သူ့နောက်က ချွတ်နင်းပြီး လိုက်သွားရပါတယ်။ သူက ဟိုသူငယ်ချင်းနှစ်ယောက် အကြီးအကျယ်ရန်ဖြစ်နေကြတယ်။ အသာသွားပြီး ကွယ်ရာကပုန်းပြီး နားထောင်ပါတဲ့။ ဒါနဲ့ ကျနော်လဲ အိမ်ပေါ်တက်သွားပြီး ခေါက်တံခါးအကွယ်က နားထောင်ရပါတယ်။

သူတို့နှဏ်ဦးက အမူအရာအားဖြင့် အသံကုန်ဟစ်ပြီး ဆဲဆိုနေကြတာပါ။ ဆဲတာကလဲ ဇာတိရွာနာမည်တွေပါ ခေါ်ပြီး ဆဲနေတာပါ။ ''ဟေ့ အေးရိုး .. စိုးသန်းသား၊ မင်းက ဘယ်လောက်မိုက်လို့လဲ။'''ဟေ့ နင်တို့ လယ်ဇင်သားတွေကို ငါက ဘောထင်တယ်ဟေ့'' စသဖြင့် ဆဲနေကြတာပါ။ ဦးလေးခန့်က စိုးသန်းသား။ ဦးဘဝင်းကြီးက လယ်ဇင်ရွာသားပါ။ အဖန်ကရားကြီးထဲမှာ အရက်ဖြူတွေထည့်ပြီး လူမြင်ကောင်းအောင် ဖန်တီးထားတာတဲ့။ ပုလင်းတွေကတော့ တံခါးရွက်နောက်မှာပါ။ ကရားထဲမှာ ကုန်သွားရင် တံခါးရွက်နောက်က ယူပြီး ဖြည့်သတဲ့။ ကျနော်က သူတို့ရန်ပွဲကို နားထောင်ရင်း မအောင့်နိုင်လို့ အသံထွက်ရယ်မိတယ်။ မြင်းခြံသားက ပိုမိုက်တယ်ဟေ့ဆိုပြီး သူတို့ရှေ့က အရက်ဖြူကရားကြီး ဆွဲမလိုက်တော့ ''မောင်မင်းကြီးသား ချမ်းသာပေးပါ''လို့ လက်အုပ်ချီကြတာနဲ့ ပြန်ချထားရပါတယ်။ ဦးဘဝင်းကြီးကတော့ ထုံးစံအတိုင်း ''ဟေ့ ဟေ့ လာခဲ့ ဒီနားလာခဲ့။ ငါ့ နင့်ကို ဖက်နမ်းချင်လို့''တဲ့။ ဒါနဲ့ ကျနော်လဲ အလျှော့ပေးခဲ့ရပါတယ်။ ခက်တာက သူတို့ရှေ့မှာ နှိုက်စားစရာ ဘာအမြည်းမှ မပါတာပါဘဲ။ အင်မတန်ပျော်တတ်တဲ့ မုံရွာသားကြီးတွေပါ။

သူတို့က ကျနော်စုဆောင်းထားတဲ့ ကောက်စိုက်သီချင်းတွေ၊ ဗုံကြီးသံတွေအကြောင်း မေးကြပါတယ်။ စာအုပ်ထုတ်ဖို့လဲ ပြောကြပါတယ်။ ဦးလေးခန့်က မြန်မာသံစစ်စစ်နဲ့ သီချင်းလုပ်ဆိုမယ်တဲ့။ ဒါနဲ့ ကူပြီး ဖိုင်တွဲ့နဲ့ ပို့ပေးရပါတယ်။ မြန်မာ့အသံမှာ အစီအစဉ်တခုအဖြစ်နဲ့ အပတ်စဉ်လွှင့်ခွင့်ရပါတယ်။ နားထောင်လို့ကောင်းပေမယ့် ကောက်စိုက်တေးသံ၊ ဗုံးကြီးသံ သဘာဝတော့ လုံးဝမပါတော့ပါဘူး။ အမှန်ကတော့ လယ်ကွင်းထဲက အသံကိုလဲ ဆိုပြ သင့်ပါတယ်။ သူက ပရိတ်သတ် နားငြီးမှာစိုးလို့တဲ့။ မူရင်းတေးသွားကို လုံးဝမဆိုပါဘူး။ ဒါကြောင့် တန်ဖိုးတော့ လျော့ပါတယ်။ နောက်တော့ အဲဒါတွေ ပွဲထုတ်ဖို့ စာပေဟောပြောပွဲတွေကိုလဲ ခေါ်သွားပါတယ်။ အဲဒါတွေကို နည်းနည်းပဲဆိုပြီး ''ရေးချင်ရာရေး၊ တေးဖြစ်ရမယ်'' လို့ ကြွေးကြော်ရင်း ပရိတ်သတ် ဆီက ရေးချင်ရာရေးစာတိုလေးတွေကို လက်ခံပြီး တေးသံသွင်းဆိုပြလေ့ရှိပါတယ်။ ပရိတ်သတ်နဲ့ သူနဲ့ အင်မတန့်ကို တွဲမိဖက်မိသွားလို့ အချိန်လွန်ရင် တားယူရပါတယ်။

မုံရွာ ဦးလေးခန့်ဟာ လူကတော့ သေးသေးပါ။ အသံကတော့ ဆွဲသလောက်ရပါတယ်။ လူဗလံလေးပေမယ့် မာမာကျစ်ကျစ်နဲ့ ကျန်းမာကြံ့ခိုင်ပုံရပါတယ်။ ယမကာလေးနဲ့မှ အာရွှင်ပါတယ်။ ကွမ်းစားတတ်တယ်။ ဆံပင်ကတော့ တိုတို ညှပ်ထားလေ့ရှိတယ်။ မဖြီးမသင်ရတဲ့ ပုံစံပေါ့။ လည်ပင်းမှာ တဘက် တထည် ဇာတ်ဟန်နဲ့ တင်ထားတတ်တယ်။ ပင်နီတိုက်ပုံဝတ်လေ့ရှိပါတယ်။ အသက်တိုတာကတော့ အသောက်ကြောင့်ဖြစ်မယ်ထင်ပါတယ်။ အသက်ငါးဆယ်ကျော်လောက်ပဲရှိအုံးမယ်။ သူကွယ်လွန်သွားခဲ့ရှာပါတယ်။ ကြံတော့ မရွှေ့သေးခင်ကာလမို့ ကျနော်လဲ သူ့စျာပနကို ကောင်းကောင်း လိုက်ပါ သဂြုႋလ်လိုက်ရပါတယ်။ သူ့မှာ သားသမီး အများကြီးကျန်ရစ်ပါတယ်။ သူကွယ်လွန်တာဟာ သဘင်လောကရဲ့ ကြယ်တလုံး ကြွေတာပါပဲ။ စိတ်ကောင်းရှိသူတဦးမို့ ကောင်းရာသုဂတိရောက်မယ်လို့ ယုံကြည်ပါတယ်။