Breaking News

ကိုသန်းလွင် ● ဒီမိုကရေစီသည် လူတို့အတွက်မဟုတ်၊ နတ်ဒေဝတာများအတွက်သာ

ကိုသန်းလွင် ● ဒီမိုကရေစီသည် လူတို့အတွက်မဟုတ်၊ နတ်ဒေဝတာများအတွက်သာ
(မိုးမခ) သြဂုတ် ၅၊ ၂၀၁၉

(၁)
ဒီမိုကရေစီစနစ်သည် အဘယ့်ကြောင့် မအောင်မြင်ရပါသနည်း။ လွန်ခဲ့သောနှစ်များအတွင်း မကြာခဏ ဤမေးခွန်းကို ကြားခဲ့ကြရပါသည်။ သတင်းစာများ၊ စာအုပ်များ၊ အတွေးအခေါ်စာမျက်နှာများမှာလည်း ဤမေးခွန်းကိုတွေ့ကြရပါသည်။ ဒီမိုကရေစီသည် ရှေ့တန်းသို့မရောက်နိုင်ဘဲ ကျရှုံးနေကြရပါသည်။

(၂)
ဤမေးခွန်းကို သမိုင်းဆိုသော ဂိုက်တံဖြစ်သာ ဖြေကြားကြရပါသည်။ ထိုအခါ ဒီမိုကရေစီသည် လွန်စွာရှားပါးပြီး ဆုတ်ယုတ် နေသည်များကိုသာ တွေ့ကြရပါသည်။ ကံကောင်းသော နေရာအချို့တွင်သာ ရုတ်တရက်ပွင့်လင်း လာပြီးတဖန်တဖြည်းဖြည်း လျှို့ဝှက်ဆန်းကျယ်သောနည်းများဖြင့် ပျောက်ကွယ်မြဲပျောက်ကွယ်သွားကြပါသည်။  တကယ့်ဒီမိုကရေစီအစစ်ကို ရရှိရန် ခက်ခဲလှပါသည်။ အောင်မြင်ပြန်လျင်လည်း အလွန်ပျက်စီးလွယ်ပါသည်။ လူတို့၏သမိုင်းတွင် ဒီမိုကရေစီသည် ချွင်းချက် သဖွယ်သာဖြစ်ပြီး တကယ်မဖြစ်နိုင်ပါ။

ဒီမိုကရေစီသည် ပျောက်ကွယ်ရန် လွယ်ကူသလို ၎င်း၏အဓိကအဓိပ္ပါယ်မှာ ရိုးရှင်းလွယ်ကူပါသည်။ လူအုပ်စုအတွင်းနေထိုင် သောလူတစ်ဦးအနေဖြင့် ကျွန်တော်တို့၏ ဘဝရေးရာများနှင့်ပတ်သတ်၍ ညီမျှသောပြောဆိုပိုင် ခွင့်ရှိပါသည်။ လူတစ်ဦး အနေဖြင့်လူတို့၏ ဘဝများကို မည်သို့နေထိုင်ကြမည်ဟု ပြောဆိုကြရာတွင်လွတ်လပ်ခွင့် ရှိပါသည်။ ခေါင်းမာမှု၊ လူပါးဝမှု၊ မတရားလုပ်မှုများဖြင့် လူတစ်ဦးတစ်ယောက်၏ အစိုးမိုးမခံပါ။

လူတို့တွင် အခြေခံအားဖြင့် ဒီမိုကရေစီနည်းလမ်းကျကျနေထိုင်ရန် မဖြစ်နိုင်ပါ။ လူတို့၏ အဓိကကျသော ဗီဇအခြေခံကိုကြည့်လျင်ဒီမိုကရေကျကျနေနိုင်ဖို့ကိုဆန့်ကျင်လျက်ရှိကြပါသည်။ ကျွန်တော်တို့အတွက်  လူ့ဘ၀ တွင် ဆက်လက်နေထိုင်နိုင်ရန် (Survive) နှင့် ကလေးပြန်လည်မွေးဖွား နိုင်ရန် (Reproduce) တို့နှစ်ခုသာ အရေးကြီးပါသည်။ ထိုရည်ရွယ်ချက်နှစ်ခု အောင်မြင်နိုင်ရန်အတွက် ကျွန်တော်တို့သည် တစ်ပါးသူတို့အပေါ် ရိုင်းရိုင်းပြပြ ဆက်ဆံကြရပါသည်။ တစ်ခါတစ်ရံ ရက်စက် ကြမ်းကြုတ်စွာ ပြောဆိုနေကြရပါသည်။ ဘေးကိုတွန်း လျင်တွန်းမည်၊ ကျော်ရ ခွရမည်၊ ပြုံးနေသူတို့၏ မျက်နှာများ၏ နောက်ကွယ်တွင် တိရစ္ဆာန်တို့၏ ရိုင်းစိုင်းမှု ရုတ်ရင်းကြမ်းတမ်းမှုတို့ရှိနေကြပါသည်။

လူပုဂ္ဂိုလ်တို့၏အပေါ်ယံမျက်နှာဖုံးကို  လှန်ခွာ၍ကြည့်လိုက်လျင် ထိုရိုင်းစိုင်းမှုကို တွေ့နိုင်ပါသည်။ ၎င်းသည် လူတို့၏ သဘာ ဝမကျသော (Unreasonable) အချက်ဖြစ်ပါသည်။ ပါတီနှစ်ခု ဝါဒနှစ်ခုရှိနေပြီဆိုလျင် ပါတီ နှစ်ခုလုံးက လူသားကောင်းကျိုးကို ရည်ရွယ်သည်ဆိုစေဦး၊ တစ်ဦးကို တစ်ဦးခါးခါးသီးသီးတိုက်ကြခိုက်ကြပါသည်။ အလက်ဇန္နားသို့မဟုတ် နပိုလီယံ တို့သည် မိမိဝါဒနှင့် ဆန္ဒ ပြည့်ဝအောင်မြင်ရေးအတွက် လူသန်းပေါင်းများစွာတို့၏ အသက်၊ သွေး၊ ချွေးများကို ဂရုမစိုက်နိုင်၊ သေ ကြေပျက်ပြုန်းစေခဲ့ကြပါသည်။ ကမ္ဘာကြီး၏သမိုင်းမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ယုံကြည်မှုဆန္ဒ ပြည့်ဝစေရေး အ တွက် လူပေါင်းများစွာတို့၏ အသက်များ ကို ပေးဆပ်ကြရပါသည်။

ထိုကဲ့သို့သောပုဂ္ဂိုလ်များအာဏာရရှိသွားလျင်ဘေးကလူတွေကလည်း သူ့အပေါ်မြှောက်ထိုးပင့်ကော် လုပ်ကြပါသည်။ သူတို့လက်တွင် လွတ်လပ်မှုများ ရှိခဲ့ကြသော်လည်း ထိုလွတ်လပ်မှုကို အချုပ်အချယ်ခံ၍ ထိုပုဂ္ဂိုလ်ကို ဆည်းကပ်ကြပါသည်။  လူများစုမှာသူတို့အရိုအသေပေးရမည့်သူကို အတင်းရှာဖွေ၍သာ လက်နက်ချ အညံ့ခံကြပါသည်။ အလက်ဇန္နားသည် ဂရိတ်၊ ဂျူးလီးယက်စီဇာ၊ နပိုလီယန်၊ ဟစ်တလာနှင့် မွတ်ဆိုလိုနီတို့ အားလုံးသည် စကားကိုချောမွေ့စွာပြောဆိုနိုင်သူများဖြစ်ကြပါသည်။ လူအုပ်စုကိုသူ့ဘက်ပါအောင် ဆွဲဆောင်နိုင်သူများ ဖြစ်ပါသည်။ နိုင်ငံရေးကို အမြတ်ထုတ်နိုင်သူများ ဖြစ်ကြပါ သည်။

သူတို့၏ လူအုပ်စုအပေါ် လွှမ်းမိုးနိုင်မှုကို လျော့တွက်၍မရပါ။ ထိုသူတို့၏ အုပ်ချုပ်မှုအောက်တွင် လူထုမှာ ငြိမ် ဝပ်ပိပြားနေပြီး သူပြောသမျှ၊ လုပ်သမျှ ပြီးနေပါတော့သည်။ သူပြောနေသောစကားများမှာ အဓိပ္ပါယ်မဲ့ချင်မဲ့  နေမည်။ ပလာဖြစ်လျင် ဖြစ်နေမည်။ ဘာပြောနေသည်ဆိုခြင်းက အကြောင်းမဟုတ်တော့ပါ။ လူအုပ်က ခေါင်းဆောင်ပြောရာ၊ လုပ်သမျှကို လိုက်နာ ရန်သာ ပြင်ဆင်နေကြပါသည်။

ထို့ကြောင့် ၎င်းတို့ကိုတိုက်ဖျက်ရန်အတွက်ဒီမိုကရေစီ၏စိတ်ကူးစိတ်သန်းများပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီ သည် လူတို့၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာသော အဆင့်အတန်းကိုရစေနိုင်မည်။ သို့ပေမဲ့ ဒီမိုကရေစီစနစ်မှာ လုံခြုံစိတ်ချရပါ မည်ဟု ကတိကဝပ်လည်းမရှိ။

ပေါ်ပျူလာဖြစ်နေသော လူ့အကြိုက်ကို လိုက်ပြောသောစနစ်နှင့် နှိုင်းယှဉ်ကြည့်ပါ။ အဘယ်သူသည် ဒီမိုကရေစီ ကပေးသော တာဝန်များကို ယူရန်ဆုံးဖြတ်ပါမည်နည်း။ မစားရ ဝခမန်း စကားများအကြား ပေါ်ပျူလာဖြစ်နေသော ဆွဲဆောင်မှုနောက်ကိုသာလိုက်ပါလိမ့်မည်။ ဒီမိုကရေစီကျဆုံးရခြင်းမှာ မဆန်းပါ။

ဒီမိုကရေစီအတွက် လိုအပ်ချက်တစ်ခုမှာ လူသားဆန်ခြင်းပင် ဖြစ်သည်။ (Sense Of Humility) လူသားဆန် ခြင်းဆိုသည်မှာ အတွင်းသဘောအားလုံး စုပေါင်းညီညာစွာရှိခြင်းနှင့်အတူ ရှေ့ရေးကို မျှော်ကြည့်တတ်ခြင်းတို့ ပါဝင်ပါသည်။ သဘာဝမကျ သောအကြောင်းအရာများကိုမြင်ဖန်များ၍ ၎င်းတို့မှ သင်ခန်းစာ ရယူတတ်ရပါမည်။ အခြားလူများနှင့် စုပေါင်းနေထိုင်ရ သည့်အခါ သင်သည် ထူးခြားသူမဟုတ်၊ လူထဲက လူတစ်ယောက်သာဖြစ်သည်ဆိုခြင်းကို သဘောပေါက်ရမည်။ လူသားဆို သည်မှာ မပြည့်စုံခြင်း၊ မှားယွင်းခြင်းများပါဝင်ကြပါသည်။

ရှေးခေတ်အေသင်တို့၏ ဒီမိုကရေစီစနစ်တွင် အရေးကြီးသော အချက်ကြီး နှစ်ချက်ရှိပါသည်။ ပထမဦးဆုံး အချက်မှာ (Sortition) ခေါ် တန်းတူညီမျှခြင်းဖြစ်ပါသည်။ အေသင်လူမျိုး ယောကျ်ားတိုင်း ယောကျ်ားတိုင်း သည် နိုင်ငံရေးနှင့် ပတ် သက်၍ ရာထူးယူစရာရှိလျှင် လူတိုင်းညီမျှသော အခွင့်အရေးရှိခြင်းပင်ဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် တကယ့် အရွေးချယ်ခံထဲမှ ( Random) ကောက်ယူခြင်းပင်ဖြစ်ပါသည်။

အခြားစည်းကမ်းတစ်ခုမှာ (Ostracization) ဖြစ်ပါသည်။ တစ်စုံတစ်ယောက်သည် အလွန်အဆမတန် ပေါ်ပျူလာဖြစ်လာပါက သူကို ၁၀နှစ်တာမျှ အရွေးခံနိုင်ခွင့်ကို ပိတ်ပင်ခြင်းပင်ဖြစ်သည်။ ဤသည်မှာ ပေါ်ပြူလာဖြစ်သူကို အပစ်ပေးခြင်းမဟုတ်ဘဲ ကြိုတင်၍အလွန်ထင်ပေါ်ကြော်ကြားသူကို အာဏာမရရှိစေရန် ကာကွယ်ခြင်းပင်ဖြစ်သည်။

အေသင်နိုင်ငံ၏ ဒီမိုကရေစီ စမ်းသပ်မှုကို တနေရာရာ၌ ပြန်လည်ပေါ်လာကောင်း ပေါ်လာမည်ဖြစ်သော်လည်း ရှေးခေတ် အေသင်တို့က ထိုနိုင်ငံများကို ဒီမိုကရေစီနိုင်ငံဟုမခေါ်နိုင်ကြ။ ဥပမာယခုအခါ ဒီမိုကရေစီစနစ် ထွန်းကားသည်ဟု ခေါ်ဆို နိုင်သော အမေရိကန်နိုင်ငံကိုကြည့်လျင် အေသင်နိုင်ငံသားတို့က အုပ်စုဖွဲ့ (oligachic) ခြင်းဟု ခေါ်ကြပါလိမ့်မည်။ အ ကြောင်းမှာ ချမ်းသာသော၊ ကံကောင်းသော လူနည်းစုကသာ နိုင်ငံရေးလောကကို လွှမ်းမိုးထားနိုင်သောကြောင့်ဖြစ်ပါသည်။ ဘယ်သူတွေနိုင်၍ ဘယ်သူတွေရှုံးကြ သည်ဆိုခြင်းကိုထိုချမ်းသာ သော လူတစ်စုကသာ ဆုံးဖြတ်နိုင်ကြသောကြောင့် ဖြစ်ပါသည်။ ဤသည်မှာ ဒီမိုကရေစီ နိုင်ငံစင်စစ်ထူထောင်လိုကြသော လူထုအတွက် ရှောင်ရှားကြရမည့် အခြေအနေ ပင်ဖြစ်ပါသည်။ အဏာကိုလိုလားသော၊ မာနကြီး သော၊ မိမိအကျိုးကို ဖြစ်စေဖို့ဆိုလျှင် ဘယ်အရာကိုမဆို ဖိနှိပ်ချုပ်ချယ်ဖို့ ဝန်မလေးသောလူတို့သာ အာဏာ ရလာကြပါသည်။

(၃)
ဤအကြောင်းများကြောင့်ရူးဆိုး (Jean Jacques Rousseau) က ပြောခဲ့ဖူးပါသည်။ “ လူများသာ နတ်ဒေဝတာ များကဲ့သို့ ပြုမူနေထိုင်ကြပါလျင်သူတို့သည်ဒီမိုကရေစီကျကျအုပ်ချုပ်နိုင်ပါလိမ့်မည်” ဟုဖြစ်ပါသည်။ ဒီမိုကရေစီ သည် လူတို့ကမ္ဘာတွင် ရှာရခက်သော အမျိုးအစားတစ်ခုဖြစ်နေပါသည်။ ကျွန်တော်တို့က ဒီမိုကရေစီဟုပြော သောအခါအကြောင်းအရာ (Facts) တစ်ခုထက် စိတ်ကူးယဉ် အခြေအနေတစ်ခုကိုသာ ဖော်ပြနေကြပါသည်။ ဒီမိုကရေစီဆိုသည်မှာ လူတို့သည် မကြာခဏ ကျင့်သုံးကြမည်ဟု ကြိုးစားကြခြင်းသာ ရှိသည်။ ဘယ်သောအခါမှ အောင်မြင်သည်မရှိ။ အောင်မြင်လျင်လည်း ခဏတာ မျှသာ တည်ရှိနိုင်သည်။ ရှုပ်ထွေးသော  အစမ်းခံကာလ များမှာသာတည်ရှိနိုင်သည်။

ဒီမိုကရေစီနှင့် ကျွန်တော်တို့၏ပျော်ရွှင်မှုများမှာ အတူရရှိနိုင်သည်ဟု မျှော်လင့်၍မရပါ။ ဒီမိုကရေစီကို ရပါလိမ့်မည်ဟု အာမ ခံခြင်းသာရှိသည်။ ကျွန်တော်တို့သည် ဘယ်သောအခါမှ တကယ့်ဒီမိုကရေစီအစစ်ကို ဖေါ်ဆောင်နိုင်ကြမည်မဟုတ်။ သို့ပါသော်လည်း ဒီမိုကရေစီကိုရပါလိမ့်မည်ဟု မျှော်လင့်ချက်ကိုကား အမြဲထားရပါလိမ့်မည်။

ကိုသန်းလွင်
Ref : Democracy is for the Gods by Costica Bradatan New York Times July 10, 2019