Breaking News

"မတင်တင်ညို (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) ရဲ့ တိတ်တဆိတ်နှုတ်ထွက်ခြင်း (၂၇)နှစ်"



"မေ့ပျောက်ခြင်းခံသွားရတဲ့ ဒီဇင်ဘာ (၃၁)" (သို့) "မတင်တင်ညို (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) ရဲ့ တိတ်တဆိတ်နှုတ်ထွက်ခြင်း (၂၇)နှစ်"

ဉာဏ်ရှင်း ။ (မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၉
(သူ့ဖေ့စ််ဘွတ်ကနေ ယူပါတယ်)

မတင်တင်ညို (ရ က သ) လို့ ပြောလိုက်တာနဲ့ ၁၉၈၈ အရေးတော်ပုံကြီးကတဆင့်မွေးဖွားလာခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှာ တက်ကြွစွာလှုပ်ရှားပါဝင်ခဲ့သူ ဂျင်းဂျာကင်အမြဲဝတ်ဆင်သူ အသားညိုညို အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ယောကျာင်္းလေးအရမ်းဆန်တဲ့ အစ္စလာမ်ဘာသာသက်ဝင်ကိုးကွယ်သူတယောက်ကို ၈၈ ကျောင်းသားခေါင်းဆောင် ( ဗ က သ၊ ရ က သ၊ အ က သ မကျန်၊ ယနေ့ အစိုးရတပိုင်းပါတီခေါင်းဆောင်များနဲ့ ၁၉၈၉ ကာလတုန်းက ပါတီခေါင်းဆောင်အတော်များများသိကြပါတယ်။ အားလုံးက သူ့ကို ညိုကြီးလို့လည်းခေါ်တတ်ကြတယ်။

သူ့မှာ ချစ်စရာကောင်းတာလေးတွေအများကြီးထဲက တခုထဲကိုပြောရရင်တော့ အရေးတော်ပုံကြီးကို သံယောဇဉ်ကြီးလွန်းပြီး တခါတရံ တဇွတ်ထိုးလုပ်ချခြင်တဲ့စိတ်ဓါတ်ပြင်းပြတာလေးတွေအပြင် ဘယ်သူတွေဘယ်လိုအခက်အခဲရှိရှိ သူလုပ်ပေးနိုင်တဲ့ထောင့်က ကူညီတတ်သူတယောက်ပါ။

၁၉၈၈ အရေးတော်ပုံကြီးတလျှောက် ကျောင်းသားလှုပ်ရှားမှုတိုက်ပွဲတိုင်းလိုလို ပါဝင်ခဲ့သူလည်းဖြစ်တယ်။ ထင်ထင်ရှားရှား မှတ်မိနေသေးတာတခုကို ပြန်ပြောရရင်တော့ ၁၉၈၉ ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီအတွက် စည်းရုံးရေး၊ ၁၉၉၀ ရွေးကောက်ပွဲကြိုပါတီရုံးခန်းဖွင့်ပွဲတွေနဲ့အတူ "အများပြည်သူသဘောမတူတဲ့ မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ" ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ ရန်ကုန်တိုင်း မြို့နယ်အတော်များများမှာ တရားဟောပြောနေခဲ့ချိန်၊ ဖြစ်ချင်တော့ ၁၉၈၈ မြေနီကုန်းမီးပွိုင့်အရေးအခင်းဖြစ်တဲ့ ဇွန် (၁၉) တနှစ်ပြည့်နေ့မှာ စမ်းချောင်းမြို့နယ် NLD ရုံးကို ဒေါ်အောင်ဆန်းစုကြည် တရားလာဟောမယ်ဆိုလို့ ကျောင်းသားအဖွဲ့အစည်းအစုံကလာရောက်ဝန်းရံကြသလို မြေနီကုန်းကိစ္စကလည်း ကျွဲကူးရေပါဆိုတဲ့သဘောနဲ့စုမိကုန်ကြပြီ။

ဒီအချိန်မှာ စစ်အုပ်စုကလည်း နေရာအနှံ့လုံခြုံရေးအပြည့်ယူထားတယ်။ ကျောင်းသားအဖွဲ့အစည်းအကုန်ကလည်း ဒီတနှစ်ပြည့်အတွက်တခုခုတော့လုပ်ချင်တယ်။ ခက်နေတာက ဒီလောက်များပြားတဲ့ လူစုလူအုပ်ကြားမှာ လုပ်လိုက်ရင်ပိတ်မိသွားပြီး လူထုနစ်နာသွားမလား ဒွိဟစိတ်နဲ့ ဗျာများနေချိန်၊ မတင်တင်ညိုတယောက်ကတော့ ကျောင်းသားအဖွဲ့အစည်းတွေအပြင် အခြားသောအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကြား ကူးချီသန်းချီအလုပ်ရှုပ်နေတာတွေ့နေမိတဲ့ ကျနော်ကတော့ အခြေအနေတခုတော့ထူးတော့မယ်။ ဒီတော့ တခုခုဖြစ်ရင်တော့ လှုပ်ရှားမှုနဲ့အတူ အဖမ်းမခံရရေးကို နီးစပ်ရာတပ်လှန့်လိုက်တယ်။ 

ထင်ထားတဲ့အတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် တရားဟောပွဲလာတယ်၊ တရားဟောပွဲ အောင်မြင်တယ်၊ တရားပွဲအပြီးအပြန်မှာ မြေနီကုန်းမီးပွိုင့်အနီး ဒေါ်အောင်ဆန်းစုကြည်အရောက်မှာ ဘယ်လိုကဘယ်လို မတင်တင်ညို လူအုပ်ကြားထဲက ပန်းစည်းနဲ့ထွက်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကားထဲကအရလက်ဆွဲခေါ်ပြီး မြေနီကုန်းမီးပွိုင့်မှာ ပန်းစည်းအတူချလိုက်တယ်ဆိုတာ တကယ့်ကိုလျပ်တပြတ်ပါဘဲ။ ရုတ်တရက်ဆိုတော့ စစ်အုပ်စုအငိုက်မိသွားပြီး ချက်ခြင်းဆိုသလို ချက်ခြင်းစစ်အုပ်စုလှုပ်ရှားချိန်က နောက်ကျသွားပေမယ့် ကျောင်းသားအဖွဲ့အစည်းတွေလည်း အလျှိုလျှိုအမြန်ဆုံးလူစုခွဲနိုင်ခဲ့တယ်။

ဒီအဖြစ်အပျက်ကို ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ငြင်းမလား။ ဒါဆို ၁၉၈၈ က မြေနီကုန်းမီးပွိုင့်မှာ လုံထိန်းတွေနဲ့ ကျောင်းသားတွေရဲ့ အထိကရုဏ်းမဖြစ်ခဲ့ဘူးပြောရဲခဲ့ရင် သူကိုယ်တိုင်ပန်းစည်းချတဲ့အဖြစ်ကို လီဆယ်လိုက်တာပေါ့။ မတင်တင်ညိုက အဲဒီ့သမိုင်းမှတ်တမ်းတခုကို အရယူချန်ထားခဲ့တယ်။

နောက်ပိုင်းမှာတော့ ကျောင်းသားလှုပ်ရှားမှုတွေအတွက်ပဲ မတင်တင်ညိုဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ထောင်သွင်းအကျ ဉ်းချခံခဲ့ရတယ်။ ပြန်လည်လွတ်မြောက်လာတော့လည်း ထောက်လှမ်းရေးက အိမ်တိုင်ရာရောက် မိသားစုကိုခြိမ်းခြောက်သလို မတင်တင်ညိုကိုလည်း အမြဲတစေ ဒေါက်ထောက်စောင့်ကြည့်တာအပြင် ခေါ်ယူသတိပေးတာမျိုးတွေပါရှိလာတယ်။

တနေ့မှာပေါ့ဗျာ။ အဲဒီ့နေ့က ၁၉၉၃ ခုှန ဒီဇင်ဘာလ (၃၁) ရက်နေ့ (ကျနော်လည်းထောင်ကလွတ်ပြီးခါစ)အချိန်၊ ကျနော်နဲ့အတူ မြို့နယ်သမဂ္ဂ(ကျောက်တံတား) မှာ လုပ်ကိုင်နေကြသူတွေ လွစ္စလမ်း (ယခု ဆိပ်ကမ်းသာလမ်း)ထဲက လ္ဘက်ရည်ဆိုင်(သုံးရောင်ခြယ်)မှာ လ္ဘက်ရည်သောက်ရင်းဆွေးနွေးတိုင်ပင်နေကြတုန်းမှာ ရဲဘော်တယောက်က မတင်တင်ညို ဆုံးပြီဆိုတဲ့သတင်းဆိုးကြီးသယ်လာတယ်။ 

သူ့လောက်ကျန်းမာပြီး ဂျူဒိုအားကစားဝါသနာပါတဲ့ ရဲရဲတောက်စိတ်ဓါတ်ကြံ့ခိုင်သူတယောက်သေဆုံးတာ ဘယ်သူမှမယုံနိုင်စရာပါ။ ပိုဆိုးတာက သာမန်တယောက်လိုသေဆုံးတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကို အိမ်မှာ လူမရှိတုန်း ကြိုးဆွဲချအဆုံးစီရင်သွားခဲ့တာပါပဲ။ ကျနော်တို့ (၃၉)လမ်း (အထက်လမ်း) က သူ့အိမ်ရှိရာကို ချက်ခြင်းလိုက်သွားကြတော့ လတ်လတ်ဆတ်ဆတ် ထောင်ကပြန်လွတ်လာသူ ကိုငွေထွန်း(ရ က သ/ ယခု နော်ဝေနိုင်ငံ) လည်း သတင်းကြားကြားချင်း ကျနော်တို့အရင်ကြိုရောက်နေနှင့်ပြီး မျက်ရည်ဝဲနေတယ်။ အစ္စလာမ်ဘာသာထုံးတမ်းစဉ်လာအရ စျာပနအမြန်ဆုံးချရမှာဆိုပေမယ့် သေမှုသေခင်းအရ နောက်တနေ့ (နှစ်သစ်ကူးနေ့)နေ့လည်မှ ဦးအုန်းခိုင်လမ်း(ယခု ဗိုလ်မြတ်ထွန်းလမ်း) ကန်တော်ကလေးမှာရှိ စွန်နီမဟာမေဒင်သုဿန်မှာ မြေချခဲ့ရတယ်။

ဟုတ်ပါတယ်။ မတင်တင်ညို တိတ်တဆိတ်ထွက်ခွါ နှုတ်ထွက်သွားခဲ့တာ နှစ်ပေါင်း (၂၇) ကြာမြင့်ခဲ့ပါပြီ။ သူမရဲ့ သေဆုံးခြင်း ပဟေဠိများစွာသာ ကျနော့်မှာကျန်ရှိနေဆဲတဲ့အကြောင်းကတော့ သူမ,မသေဆုံးခင် သေတမ်းစာရေးပြီး အဲဒီ့အချိန်က ပုဇွန်တောင်မြို့နယ် NLD က အန်တီ (အမည်မဖော်ပြလိုပါ) တယောက်ဆီကို ကြိုပေးထားခဲ့တယ်လို့သိထားခဲ့ရပါတယ်။

အရင်တခါက သူမအကြောင်းကို ဒီလို နှစ်သစ်ကူးအချိန်အခါမှာတုန်းက တစိတ်တပိုင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီ့တုန်းက ကျနော့်ပို့စ်ကြောင့် သူနဲ့ )အခင်မင်ဆုံးမိန်းကလေးသူငယ်ချင်းက ကျနော့်ကိုမိတ်ဆက်ပြီး စကားပြောလာခဲ့ဖူးတာအမှတ်တမဲ့ပါပဲ။ နောက်ပိုင်း ဘာရယ်မဟုတ် မပြောဖြစ်တော့ပါ။ အခုတော့ အဲဒီ့အကောင့်လည်းပြန်မရတော့ပါ။

တိုက်တိုက်ဆိုင်ဆိုင် မောင်နှမ,လို ခင်မင်ရင်းနှီးရတဲ့ရဲဘော်တယောက်က အမေရိကားကိုရောက်နေလို့ စကားလှမ်းပြောရင်း "နင့်ကို မဖြူက ငါးပိကြော်ထည့်ပေးလိုက်တယ်" လို့ ပြောလာတော့ ကျနော်က ကျနော်နဲ့ သိတဲ့ ကျန်းမာရေးမကောင်းတဲ့ နိုင်/ကျဉ်းတွေကို ဆေးဝါးကုသဖို့ နိုင်သလောက်ဝိုင်းကူနေတဲ့ မဖြူထင်လို့ ကျနော့်ကိုလည်း ဘာမှမပြောပါလားပေါ့။ နောက်မှ ငါးပိကြော်ပေးတဲ့ မဖြူပုံကိုပါပို့ပေးတော့ ကျနော်သူ့ကိုမသိဘူးပြန်ပြောမှ မတင်တင်ညိုအကြောင်းနဲ့ဆက်စပ်ပြောတော့မှ ပြန်အမှတ်ရသွားသလို နှစ်သစ်ကူးအချိန်နဲ့လည်းတိုက်ဆိုင်နေတာမို့ မတင်တင်ညိုအကြောင်း ဒီအကောင့်မှာ ပြန်ပြီးပိုပြည့်စုံအောင်ရေးဖို့သတိရသွားတယ်။ 

တဆက်ထဲမှာပဲ ၈၈ ဂီးဆောင်ကျောင်းတချို့ (ယနေ့တိုင် ကျောင်းသားစိတ်နဲ့နိုင်ငံရေးခံယူရပ်တည်သူများမပါ)ရဲ့ ဟက်ပီးနယူးရီးယား သံသေးသံကြောင်တွေကို ပန်းစည်းကလေးနဲ့ သူမကတော့ ဂုဏ်ပြုမည်တော့မထင်ပါ။ နိုင်ငံတော်အတိုင်ပင်ခံရဲ့ နှစ်သစ်ကူးညစာစားပွဲမှာလည်း လက်ဆွဲပြီး တွဲက,ပြနေမှာမဟုတ်ပါ။ မျိုးချစ်တွေဆိုပြီး အနောက်တံခါးကိုအကြောင်းပြုဘာသားရေးအခြေခံရန်လိုသူများကိုလည်း မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲမှာပါဝင်တိုက်ပွဲဝင်ရင်း ဆုအဖြစ်ရရှိခဲ့တဲ့ သူမအဖေရဲ့ အိမ်ရှေ့ခန်းမှာ ချိတ်ဆွဲထားတဲ့ ငွေဓါးကြီးကို ကိုင်ဆွဲရင်း လှောင်ပြောင်က,ပြနေဦးမယ်ပုံရိပ်တွေသာ မြင်ယောင်မိနေပါကြောင်း။

"မတင်တင်ညို ဘုရားသခင်ရဲ့စံအိမ်မှာ ငြိမ်းချမ်းပါစေ။"
ဉာဏ်ရှင်း (ဂျွန်ဂလင်း)
ဒီဇင်ဘာလ (၂၉)ရက်၊ ၂၀၁၉ ခုနှစ်
နံနက် (၃)နာရီ (၃၅) မိနစ်