အောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁၃ (နိဂုံးပိုင်း-၃)
ကိုအောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁၃ (နိဂုံးပိုင်း-၃)
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၂
နိဂုံးပိုင်း
(အစိုးရတရပ်ကို
အခိုင်အမာအကာအကွယ်ပေးမဲ့ စစ်တပ်တတပ် မရှိရင် အဲဒီအစိုးရဟာ စစ်တပ်ကို အမြဲတစေ
မျက်နှာချိုသွေးနေရလိမ့်မယ်။ စစ်တပ်ရဲ့ ခြိမ်းခြောက်တာကိုလည်း နိစ္စဓူဝ ခံနေကြရလိမ့်မယ်။ စစ်တပ်ကို ဖျောင်းဖျလို့ရမယ် ဆိုတဲ့ စိတ်ကူးဟာ
ဆောင်းအိပ်မက်ထက် ထူးဆန်းနေလိမ့်မယ်။) ကိုအောင်မှိုင်း
အပိုင်း ( ၃ )
စစ်ပြီးခေတ် လွတ်လပ်ရေးကြိုးပမ်းမှု
ဧပြီလ ၂၈ ရက်နေ့မှာ အီတလီဖက်ဆစ်ဆန့်ကျင်ရေးသမားများက အာဏာရူး မူဆိုလီနီအား သုတ် သင်လိုက်ကြပါတယ်။ မေလ ၁ ရက်နေ့မှာတော့ ဟစ်တလာ သေဆုံးပြီဆိုတဲ့ သတင်းကို ဂျာမန် ရေဒီယိုက ကြေညာခဲ့ပါတယ်။ နောက်တနေ့မှာတော့ ရုရှားတပ်နီတော်က ဘာလင်မြို့ကို သိမ်းပိုက် လိုက်ပါတယ်။ ဒီနောက် ငါးရက်မျှအကြာ မေလ ၇ ရက်နေ့တွင် ဂျာမနီက ခြွင်းချက်မရှိ လက်နက်ချခဲ့ပါတယ်။
၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ဂျပန်နိုင်ငံ ဟီရိုးရှီးမားမြို့ပေါ်သို့ ပထမဆုံးအကြိမ် အဏုမြူဗုံးတလုံး ချခဲ့ပြီး ဩဂုတ်လ ၉ ရက်နေ့မှာ နောက်ထပ် အဏုမြူဗုံးတလုံးကို ဂျပန်နိုင်ငံ နာဂစကီမြို့ ပေါ်သို့ ကြဲချခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှာ ဂျပန်နိုင်ငံ လက်နက်ချခဲ့ပြီး လက်နက်ချ စာချုပ်ကို စက်တင်ဘာလ ၂ ရက်နေ့မှာ ဂျပန်အစိုးရက လက်မှတ်ရေးထိုးခဲ့ပါတယ်။
၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ အမေရိကန်ရေတပ်သင်္ဘော (USS Missouri) ပေါ်မှာ ဂျပန် တို့ မဟာမိတ်တပ်တွေထံ တရားဝင်လက်နက်ချခဲ့ပါတယ်။ မဟာမိတ်အင်အားစု ကိုယ်စားလှယ်အ ဖြစ် မဟာမိတ်တပ်တွေရဲ့ စစ်သေနာပတိ အမေရိကန်တပ်မတော် ဗိုလ်ချုပ်မှူးကြီး ဒေါက်ဂလပ်စ် မက်အာသာ (Douglas MacArthur)၊ ဂျပန်ဘက်ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ရှိဂဲ မစ်စုမမိုရု (Shigemitsu Mamoru၊ ဂျပန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးအူမဲဇုရိုရှိဂျီရို (Umezu Yoshijiro) တို့ တက်ရောက်ခဲ့ကြပါတယ်။
ဗမာပြည် စစ်မျက်နှာမှာတော့ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ ရန်ကုန်မြို့ အစိုးရအိမ်တော်တွင် ဂျပန်ဗိုလ်ချုပ်ကြီး အီချိဒါဂျီရို (မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော် ခေတ္တကာကွယ်ရေးဦးစီး ချုပ်) သည် ဗြိတိသျှဗိုလ်မှူးချုပ် အီးပီအီးအမ်းစထရောင်း (E.P.E Armstrong) ရှေ့မှောက်မှာ တရားဝင် လက်နက်ချခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် မြက်ခင်းပြင်မှာ လက်နက်ချအခမ်းအနားလုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားခဲ့ပါပြီ။
စစ်ပြီးကာလ မြန်မာနိုင်ငံအခြေအနေ
၁၉၄၂ခုနှစ် မြန်မာနိုင်ငံကို ဂျပန်တို့ ဝင်ရောက်သိမ်းပိုက်ပြီးနောက် အင်္ဂလိပ်အစိုးရဟာ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ကို မြို့တော်အဖြစ် သတ်မှတ်ပြီး ရုံးထိုင်ခဲ့ကြပါတယ်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဂျပန်တပ်မတော် လက်နက်ချပြီးတဲ့နောက် စစ်ပြေးဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် (Sir Reginald Dorman-Smith) ဟာ ၁၉၄၅ ခု အောက်တိုဘာလ ၁၆ ရက်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူနဲ့အတူ စက္ကူဖြူစာတမ်းဆိုတဲ့ မြန်မာနိုင်ငံကို အုပ်ချူပ်ဘို့အတွက် စီမံကိန်းတခုပါ အတူပါလာခဲ့ပါတယ်။
၁၉၄၅ခုနှစ် မေလ ၁၇ ရက်နေ့မှာတော့ ဒေါ်မန်စမစ်ရဲ့ စက္ကူဖြူစီမံကိန်း Statement of Policy by H.M. Government May 1945 ကို ထုတ်ပြန်ခဲ့ပါတယ်။
စက္ကူဖြူစာတမ်းမှာ ပါဝင်တဲ့ အဆိုပြုချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
( ၁ ) ဘုရင်ခံကိုယ်တိုင် (မြန်မာခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အမှုဆောင်ကောင်စီ၏ အကူ အညီဖြင့်) တိုက်ရိုက်အုပ်ချုပ်မည့် ကာလတစ်ခုထားရှိရေး၊ နိုင်ငံ့စီးပွားရေး ပြန်လည် ထူ ထောင်ရေးနှင့် တည်ဆောက်ရေး (ထိုစဉ်က တိုင်းပြည်မှာ ဖြူခါပြာခါကျလျက် ရှိသည်)၊ ၁၉၄၈ ခုနှစ် မေလ မတိုင်ခင် ရွေးကောက်ပွဲများ ကျင်းပရေး၊
( ၂ ) ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်ဥပဒေအရအသစ် ဖွဲ့စည်းလိုက်သော မြန်မာလွှတ်တော်က ဝန်ကြီးချုပ်နှင့် အစိုးရအသစ်တို့ကို ရွေးချယ်တင်မြှောက်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တရပ် ရေးဆွဲရေး၊
( ၃ ) နောက်ဆုံးတွင် မြန်မာနိုင်ငံကို (သြစတြေးလျနိုင်ငံနှင့် ကနေဒါနိုင်ငံတို့ကဲ့သို့) ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပြည်အဖြစ် လွတ်လပ်ရေးပေးရေးတို့ ဖြစ်ပါတယ်။
စက္ကူဖြူစာတမ်းဟာ ဒိုင်အာခီခေတ်အုပ်ချူပ်ရေးထက် ခေတ်နောက်ပြန်ဆွဲတဲ့ အုပ်ချူပ်ရေးအဖြစ် မြန်မာပြည်သူများ ရှုမြင်ခဲ့ကြပါတယ်။ ဒီစာတမ်း ထွက်လာပြီးတဲ့နောက်မှာတော့ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ (ဖတပလ)အဖွဲ့ကြီးအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လမှာ နေသူရိန်ပြဇာတ်ရုံမှာ လူထုအစည်းအဝေးကြီးတခု ပြုလုပ်ခဲ့ပါတယ်။ ဒါကို နေသူရိန်အစည်းအဝေးအဖြစ် သမိုင်းမှာ ထင်ရှားခဲ့ပါတယ်။ ဦးအောင်ဆန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး တပ်မတော်တရပ်ဖွဲ့စည်းရေး ယာယီအစိုးရဖွဲ့စည်းရေးနဲ့ တနိုင်ငံလုံး ညီညွတ်ရေးဆိုတဲ့ အဆို ၃ရပ် ကိုတင်ပြခဲ့ပါတယ်။လူထုထောက်ခံမှု အပြည့်အဝရရှိခဲ့ပါတယ်။
၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ သီဟိုဠ်ကျွန်းရှိ ကန္ဒီမြို့တွင် စစ်တပ်ဖွဲ့စည်းရေးအတွက် လော့ဒ်မောင့်ဘက်တန်နဲ့ ဆွေးနွေးခဲ့ကြပြီး ကန္ဒီစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ စစ်တပ်အတွက် တပ်သား ၅၂၀၀ အရာရှိ ၂၀၀ တို့ဖြင့် အမြဲတမ်းတပ်တခုအ ဖြစ် ပါဝင်ရန် ဖြစ်ပါတယ်။ စစ်တပ်မှာ မပါဝင်နိုင်တော့တဲ့ ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲပြန်တွေကို ဦးအောင်ဆန်းက ပြည်သူ့ရဲဘော်အဖွဲ့အမည်နဲ့ တပ်ဖွဲ့စည်းပုံသဏ္ဌာန်တပ်ဖွဲ့တခုအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။
ဘုရင်ခံက အောက်တိုဘာ ၁၇ ရက်မှာ ဝန်ကြီး ၁၇ ဦးနဲ့ အမှုဆောင်ကောင်စီကို ဖွဲ့မည်ဖြစ်ကြောင်း ကြေညာပြီး ဖတပလ ဗဟိုအမှုဆောင်အဖွဲ့ဝင်များနဲ့ အောက်တိုဘာလ ၁၈ရက်မှာ သီးခြားတွေ့ ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဖတပလမှ ဝန်ကြီး ၁၁ ဦးအား ရွေးချယ်ရန် ဆွေးနွေးခဲ့သော်လည်း အောက်တိုဘာလ ၂၄ ရက်မှာ ဖတပလမှ ဝန်ကြီး ၁၁ ဦး အမည်စာရင်း တင်သွင်းသောအခါ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဘုရင်ခံအကြံပေးက ၇ ဦးသာ လက်ခံမည်ဖြစ်ကြောင်းနဲ့ အရေးကြီးသောနေရာများနှင့် ကျန်နေရာများကို ဘုရင်ခံ အလိုတော်ရိများကိုသာ ခန့်ထားမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ ဒါကြောင့် ဖတပလ က သူတို့ တင်ပြထားသော ဝန်ကြီးအမည်စာရင်းများကို ရုပ်သိမ်းခဲ့ရာ နိုဝင်ဘာလ ၁ ရက်နေ့မှာ အစိုးရအဖွဲ့ဝင်အားလုံးကို ဘုရင်ခံက အင်္ဂလိပ်အလိုတော်ရိများနဲ့သာ ဖွဲ့ စည်းလိုက်ပါတယ်။
၁၉၄၆ ဇန်နဝါရီလမှာတော့ ရွှေတိဂုံစေတီအလယ်ပစ္စယံတွင် ဖတပလ ပြည်လုံးကျွတ်ညီလာခံကြီး ကို ကျင်းပခဲ့ရာ ဖတပလအဖွဲ့ခွဲများမှ ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော်နှင့် လူထုပရိသတ် ၄ သိန်း တက်ရောက်ခဲ့ကြပါတယ်။ ညီလာခံကြီးမှာ တင်သွင်းခဲ့သော အဆို ၁၇ ချက်အနက် အရေးကြီးဆုံးက မြန်မာနိုင်ငံဟာ ဗြိတိသျှနယ်ပယ်ရဲ့ ဒိုမီနီယံအဆင့်အတန်းအဖြစ် မဟုတ်ဘဲ လုံးဝလွတ်လပ်ရေးကိုသာ ရရှိရန် ဖြစ်ပါတယ်။ ၄င်းအပြင် ဖတပလအဖွဲ့ကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ဆိုပြီး ပြောင်းလဲဖွဲ့စည်းခဲ့ကြပါတယ်။ ဒေါ်မန်စမစ်က ဂဠုန်ဦးစောနဲ့ ပေါင်းပြီး ဦးအောင်ဆန်းကို အရေးယူဖို့ ကြံစည်နေစဥ်မှာပဲ ၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်မှာ အင်္ဂလန်ကို ပြန် သွားခဲ့ရပါတယ်။
အောင်ဆန်းအက်တလီစာချုပ်
၁၉၄၆ ဩဂုတ် ၅ ရက်မှာ ဟူးဘတ်ရန့်စ် ဘုရင်ခံဖြစ်လာခဲ့ပါတယ်။ စက်တင်ဘာလ ၆ ရက်မှာ စက္ကူဖြူစီမံကိန်းကို ဆန့်ကျင်တဲ့အနေနဲ့ စခဲ့တဲ့ ပုလိပ်သပိတ်ကနေ စက်တင်ဘာ ၂၄ ရက်မှာတော့ အထွေထွေသပိတ်ကြီး ဖြစ်ပေါ်လာခဲ့ရာ အုပ်ချုပ်ရေးယန္တရားများ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဘုရင်ခံအသစ်က သပိတ်ဖြေရှင်းဖို့ ဖဆပလနဲ့ ဆွေးနွေးခဲ့ရာ စက်တင်ဘာ ၂၆ နေ့မှာ ဖွဲ့စည်းခဲ့တဲ့ အမှုဆောင်ကောင်စီ အသစ်တွင် ဦးအောင်ဆန်းကို ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်ထားခဲ့ပါတယ်။အစိုးရအဖွဲ့မှာ ဖဆပလကိုယ် စားလှယ်များလည်း ပါဝင်လာခဲ့ပါတယ်။
ဘုရင်ခံရဲ့ အတိုင်ပင်ခံ အမှုဆောင်ကောင်စီအဟောင်းမှာ ဆာပေါ် ထွန်း ဆာထွန်းအောင်ကျော် သ ခင်ထွန်အုပ် ဦးဘဦး ဦးအေး ဦပု ( သာယာဝတီ ) ဦးအေးမောင် (သာယာဝတီ ) စတဲ့ အင်္ဂလိပ်အလို တော်ရိတွေကို တွေ့ရပါတယ်။ အထွေထွေသပိတ်တိုက်ပွဲကြီးအပြီးမှာတော့ ဦးအောင်ဆန်း၊ သခင်မြ၊ ဦးဘဖေ၊ ဦးအောင်ဇံဝေ၊ မန်းဘခိုင်၊ စောဘဦးကြီး၊ ဆာဂျေအေမောင်ကြီး၊ ဦးတင်ထွဋ်၊ သခင်ဗစိန် နဲ့ ဂဠုန် ဦးစောတို့ ဖြစ်ကြပါတယ်။
၁၉၄၆ နိုဝင်ဘာမှာ ဖဆပလ အနေနဲ့ အင်္ဂလိပ်အစိုးရထံ အချက်သုံးချက်ပါ ရာဇသံကိုပေးပို့ခဲ့ပါ တယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှာ အင်္ဂလိပ်ဘုရင်အစိုးရအနေနဲ့ မြန်မာ့လွတ်လပ်ရေးကို ဆွေးနွေးလို ကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့အား ဖိတ်ကြားခဲ့ပါတယ်။ ၁၉၄၇ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကိုယ်စားလှယ်အဖွဲ့ လန်ဒန်မြို့သို့ ရောက်ရှိလာခဲ့ပါတယ်။
ဗြိတိသျှဝန်ကြီး ကလီမင့် အက်တလီနှင့် ဆွေးနွေးနေကြစဉ် ရှမ်းစော်ဘွားအချို့က ၄င်းကိုယ်စား လှယ်အဖွဲ့ဟာ ရှမ်းပြည်ကို ကိုယ်စားမပြုကြောင်း ကြေးနန်းရိုက်ခဲ့ပါတယ်။ ရှမ်းလူငယ်များက ဦးစီးပြီး လူထုအစည်းအဝေးတရပ် ပြုလုပ်ကာ ယခု ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်ကိုလည်းကိုယ်စားပြုကြောင်းဆုံးဖြတ်ခဲ့သည့် ကြေးနန်းပြန်ရိုက်ခဲ့ပါတယ်။ ၁၉၄၇ ဇန်နဝါရီ ၂၇ ရက်နေ့တွင် အောင်ဆန်း အက်တလီစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
အောင်ဆန်းအက်တလီစာချုပ်မှာ အချက်ကြီး ၁၀ ချက် ပါဝင်ပြီး အချုပ်အားဖြင့်....
၁။ ဦးအောင်ဆန်း ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီဟာ ကြားဖြတ်အစိုးရအဖြစ် အသိအမှတ် ပြုခံရပါတယ်။
၂။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနများကို ဦးအောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ် အစိုးရက အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။
၃။ ဗြိတိသျှလက်နက်ကိုင်တပ်များမှအပ မြန်မာနိုင်ငံ ကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်များ ကို ဦးအောင်ဆန်း ခေါင်းဆောင်တဲ့ ကြားဖြတ်အစိုးရက အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။
၄။ ကိုယ်ပိုင်ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။
၅။ မြန်မာအစိုးရကိုယ်စားလှယ် မဟာမင်းကြီးတစ်ဦး လန်ဒန်မြို့၌ ထားခွင့်ရခဲ့ပါတယ်။
၆။ ပြည်မနဲ့ တောင်တန်း ဒေသများကို တပေါင်းတည်း လွတ်လပ်ရေးပေးဘို့အတွက် တောင်တန်း ဒေသများရဲ့ ဆန္ဒကိုရယူရန် သဘောတူခဲ့ကြပါတယ်။
၇။ အရွယ်ရောက်သူတိုင်း မဲပေးနိုင်တဲ့စနစ်နဲ့ ရွေးကောက်တဲ့တိုင်းပြု ပြည်ပြုလွတ်တော် ခေါ်ဖို့ သဘောတူခဲ့ကြပါတယ်။
၈။တိုင်းပြု ပြည်ပြုလွတ်တော်က လွတ်လပ်လာမည့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် အနာဂတ် ပုံသဏ္ဌာန်ကို ဆုံးဖြတ်ရမည်ဖြစ်တာကိုလည်း သဘောတူခဲ့ကြပါတယ်။
၉။ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်ရေးအတွက် ဗြိတိသျှအစိုးရက ထောက်ခံကူညီ မည်ဖြစ်ကြောင်းကိုလည်း သဘောတူညီမှုရရှိခဲ့တာ တွေ့ရပါတယ်။
ဒီစာချုပ် ချုပ်ဆိုနိုင်ခြင်းအားဖြင့် ဗြိတိသျှအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ စက္ကူဖြူစီမံကိန်း ခေါ် စက္ကူ ဖြူအုပ်ချုပ်ရေးဟာ လုံးဝချုပ်ငြိမ်းသွားခဲ့ပါတယ်။ ဤစာချုပ်အရဘဲ တိုင်းပြု ပြည်ပြုလွှတ်တော် ခေါ်နိုင်ပြီး အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ထူထောင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
အောင်ဆန်း - အက်တလီစာချုပ်ကို ၁၉၄၇ ခု၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင်၊ နှစ်ဦးနှစ်ဖက် ခေါင်း ဆောင်ကြီးများ လက်မှတ်ရေးထိုးကြခဲ့ကြပါတယ်။ လက်မှတ် ရေးထိုးရာမှာ မြန်မာနိုင်ငံမှ တက် ရောက်ကြတဲ့ ကိုယ်စားလှယ်များတွင် ပါဝင်ကြတဲ့ ဂဠုန် ဦးစောနှင့် သခင်ဗစိန်တို့ကတော့ လုံးဝ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိကြပါ။
သုံးသပ်ချက်အနေနဲ့ အောင်ဆန်း အက်တလီစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့တာနဲ့ ပတ်သက် ပြီး တည်ရှိနေတဲ့ အခြေအနေ အကျိုးကျေးဇူးနဲ့ ပတ်သက်ပြီး အချက် ၅ ချက်လောက်ကို ထောက် ပြလိုပါတယ်။
၁။ ဒုတိယကမ္ဘာစစ်မှာ အင်္ဂလိပ်တို့ စစ်နိုင်ခဲ့ပေမဲ့ စစ်အသစ်တပွဲ ထပ်မံတိုက်ဖို့ရန်ကိစ္စမှာ အင်္ဂလိပ် အစိုးရအဘို့ အတော်ခက်ခက်ခဲခဲ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်သလို ကိုလိုနီစနစ်ဆန့်ကျင်ရေး ကမ္ဘာ့အခင်းအကျင်းသစ်တခု ပေါ်ထွက်လာခဲ့ခြင်း။
၂။ စစ်ကြီးအပြီးတွင် အင်္ဂလန်တွင် လေဘာပါတီမှ အစိုးရဖွဲ့နိုင်ခဲ့ခြင်း။
၃။ မြန်မာနိုင်ငံတွင် ဦးဆောင်မှု စစ်ရေး နိုင်ငံရေး ညီညွတ်ရေး စတဲ့ ဘက်အသီးသီးက ပြည့်စုံညီညွတ်စွာ တည်ရှိနေခြင်း။ (အမြဲတမ်းတပ် ၅၂၀၀ ဆိုသော်လည်း ပြည်သူ့ရဲဘော်အင်အားမှာ သိန်းချီရှိနေပြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောက်ကျားတပ်ဖွဲ့များကလည်း အင်နဲ့အားနဲ့ ဆက်လက်တည်ရှိနေခြင်း တိုင်းရင်းသားအင်အားစုများမှာလည်း ကမ္ဘာ့အခင်းအကျင်းသစ်မှာ လွတ်လပ်လိုစိတ်ဆန္ဒများ အခိုင် အမာတည်ရှိနေခြင်းတို့ဟာ အင်္ဂလိပ်အစိုးရကို ထိရောက်တဲ့ ဖိအားများပင် ဖြစ်ခဲ့ပါတယ်။ )
၄။ အင်္ဂလိပ်အလိုတော်ရိများကို ဖဆပလအနေဖြင့် အစီအစဥ်ရှိရှိ နိုင်ငံရေးမျက်နှာစာမှ ဖယ်ရှား လိုက်နိုင်ခြင်း။
၅။ ဦးအောင်ဆန်းရဲ့ ရိုးသားဖြောင့်မတ်မှုအပေါ် တနိုင်ငံလုံးက ခြွင်းချက်မရှိ လက်ခံယုံကြည်ခြင်း စ တဲ့ အချက်အလက်တွေဟာ အောင်ဆန်း အက်တလီစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အားဖြစ်စေ လိမ့်မယ်လို့ အလေးအနက်ယုံကြည်မိပါတယ်။
အောင်ဆန်း အက်တလီစာချုပ်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ခြေဆင်းမှတ်တိုင်တခုလို့ သတ်မှတ်မယ်ဆိုရင် မှားမယ် မထင်ပါ။
(ပင်လုံညီလာခံမတိုင်မီ ပင်လုံညီလာခံအပြီးနဲ့ ဘာကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့သလဲ။ လူမျိုးကြီးဝါဒ နဲ့ ဖောက်ပြန်တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲများကို ဆက်ရေးပါမည်။ )
ကိုအောင်မှိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar