Breaking News

မောင်တူး - ရန်ကြီးအောင်ဦးစိန်ဝင်း(သုံးခွ) ကွယ်လွန်ခြင်း ၂၉ နှစ်



မောင်တူး - ရန်ကြီးအောင်ဦးစိန်ဝင်း(သုံးခွ) ကွယ်လွန်ခြင်း ၂၉ နှစ်

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၀

စစ်အာဏာရှင် ပယောဂနဲ့ ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၈ ရက် အင်းစိန်ထောင်ဆေးရုံမှာ ရန်ကြီးအောင် ဦးစိန်ဝင်း သေဆုံးခဲ့တာဟာ အခု ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ သူကွယ်လွန်တာ၂၉ နှစ် ပြည့်ပြီ။

ရဲဘော်လိုလူ
ပြည်သူရဲ့ ဘက်တော်သား
ဆုံးပါးတဲ့အတွက်
မျက်ရည်တစက်ကျမိတယ်။
(သုံးခွက ရဲဘော်ကြီး - ကိုစိန်ဝင်းသို့)
(တင်မိုး)
၀၈ ဇန်နဝါရီ ၁၉၉၁

ရန်ကုန်တိုင်း၊ သုံးခွမြို့ ပင်လယ်ကမ်းခြေက ရန်ကြီးအောင်ရွာ ဇာတိ ဖြစ်လို့ ရန်ကုန်တက္ကသိုလ် (တကသ)ကျောင်းသားခေါင်းဆောင် ဖြစ်လာတဲ့အခါ သူ့ကို ရန်ကြီးအောင်စိန်ဝင်း လို့ ခေါ်ခဲ့ကြတာပါ။ သူတို့ငယ်စဉ် တိုးတက်သော ကျောင်းသားထုကြား ခေတ်စားခဲ့တဲ့ ကွန်မြူနစ်ဝါဒကို ယုံကြည်သူပါ။ မတရားမှုတွေ့တိုင်း ဆန့်ကျင်သူမို့ ခေတ်အဆက်ဆက် အစိုးရတွေက သူ့ကို ရန်သူလို့ သတ်မှတ်ထားခဲ့ ကြပါတယ်။ ရန်ကြီးအောင်ဦးစိန်ဝင်းဟာ စကားပြောရင် ဒေါသမပါ မတိုးမကျယ် ပြတ်ပြတ်သားသား ပြောတတ်တယ်။ စည်းရုံးရေးမှူးကောင်း တယောက်ပါ။ 

ငယ်စဉ်က ရန်ကုန်တိုင်း သုံးခွမြို့ကျောင်းသား သမဂ္ဂခေါင်းဆောင်၊ သံလျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ၄ မြို့နယ် ခရိုင်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်၊ ၁၉၅၈-၅၉ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ) ဒုတိယဥက္ကဌ၊ (ဗကသ) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲချုပ် ဗဟိုအလုပ်အမှုဆောင် ဖြစ်ခဲ့ပါတယ်။ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်မှာကတည်းက သူဟာ ထောင်ကချ၊ တိုက်ပိတ်၊ နှိပ်စက်ခံခဲ့ရ၊ ကိုကိုကျွန်း အပို့ခံခဲ့ရသလို ကိုကိုးကျွန်းဖျက်သိမ်းရေး ၅၈ ရက် အစာငတ်ခံ ဆန္ဒပြပွဲမှာ ဦးဆောင် ကဏ္ဍကပါခဲ့ပြီး ဒီတိုက်ပွဲကို အနိုင်တိုက်ခဲ့သူပါ။ 

ပြည်သူ့အထွေထွေ မကျေနပ်မှုတွေကြောင့် အုံကြွ တော်လှန်ခဲ့ကြတဲ့ ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှာလဲ သူဟာ သုံးခွမြို့နယ် သပိတ်တပ်ကို ခေါင်းဆောင်ခဲ့ပါတယ်။ န၀တ (နိုင်ငံတော် ငြိမ်၀ပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့) စစ်အစိုးရက သပိတ်တပ်တွေကို ဖြိုခွဲနှိမ်နင်းလိုက်တဲ့နောက် သူ့ကိုဖမ်းပြီး အင်းစိန်ထောင်တွင်းမှာ အဟာရရှိအောင်မကျွေး၊ နှိပ်စက်၊ ဆေးကုမပေးဘဲ လျစ်လျူရှု့ ပစ်ထားခဲ့လို့ သူဟာ မသေသင့်ဘဲ သေဆုံးသွားခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၈ ရက် အင်းစိန်ဆေးရုံမှာ ရန်ကြီးအောင် စိန်ဝင်း သေဆုံးသွားခဲ့တာ အခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှာ ၂၉ နှစ် ပြည့်ပါပြီ။

ရန်ကြီးအောင် စိန်ဝင်း၏ နောက်ဆုံးနေ့
( ဗိုလ်မှူးဘသော်ခေါ် မောင်သော်က၊ စာရေးဆရာ မောင်တင်ရွှေ၊ ဦးမောင်ကို၊ ခရမ်း ဦးတင်မောင်ဝင်း၊ ဦးစိုးဝင်း၊ ဦးညိုဝင်း၊ ပြည်သူ့ တိုးတက်ရေး ပါတီ ခေါင်းဆောင် ဦးခင်မောင်မြင့်၊ ကျောင်းသား သမဂ္ဂ ခေါင်းဆောင် သုံးခွ ဦးစိန်ဝင်း စသောသူများမှာ စစ်ထောက်လှမ်းရေး ၏ ညှဉ်းပန်းနှိပ်စက်မှု၊ ထောင်တွင်း လုံလောက် သော ဆေးဝါးကုသရေး ကင်းမဲ့မှုတို့ကြောင့် သေဆုံး သွားခဲ့ရသည်။ ထိုပြစ်မှုများ အတွက် အပြစ်ရှိသူနှင့် တာဝန်အရှိဆုံးသူမှာ စစ်ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ခင်ညွှန့်ပင် ဖြစ်သည်။ ထိုညှဉ်းပန်း နှိပ်စက်ခံရသူများ၊ သေဆုံးသွားသူများ အတွက် ဗိုလ်ခင်ညွှန့် အပေါ်တွင် အကြွေးများ တင်ရှိနေသည်။ ဗုဒ္ဓဘာသာတို့၏ အယူအရ အကြွေးယူထားလျှင် ယခုဘဝ မှာပင် အကြွေး ပြန်ဆပ်ရလေသည်။ ) ဆရာထက်မြက် ၏ ဧရာဝတီ အွန်လိုင်းစာစောင်ပါ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အကြွေးများ ဆောင်းပါးမှ

ရန်ကြီးအောင်ဦးစိန်ဝင်းရဲ့ ရဲဘော်ရဲဘက် စာရေးဆရာထက်မြက် ရဲ့ ဆောင်းပါးထဲကလို ကျောင်းသား သမဂ္ဂ ခေါင်းဆောင် သုံးခွမှ ရန်ကြီးအောင်ဦးစိန်ဝင်းဟာ အဲ့ဒီအချိန်က နာမည်ဆိုးနဲ့ကြော်ကြားတဲ့ အင်းစိန် ထောင်တွင်း လုံလောက် သော ဆေးဝါးကုသရေး ကင်းမဲ့မှုတို့ကြောင့် သေဆုံး သွားခဲ့ရတာပါ။ ၁၉၉၈ ခုနှစ်ကုန်လောက်က အင်းစိန်ထောင်အတွင်း ပျံ့နှံ့နေတဲ့ ဝမ်းကိုက်ပိုးဟာ သူ့ကို ကူးစက်ခဲ့တာပါ။ ဝမ်းကိုက်ရောဂါ ဖြစ်တာကို ပိုးသတ်ဆေးမတိုက်ဘဲ ဝမ်းရပ်ဆေးသာ တိုက်တဲ့အတွက် ရောဂါပိုးတွေ ပျံ့နှံ့ပြီး ပိုဆိုးလာရတယ်။ ၁၉၉၁ ဇန်နဝါရီ ၂ ရက်မှာ အင်းစိန်ပြည်သူ့ဆေးရုံကို ပို့တယ်။

ဦးစိန်ဝင်း သေဆုံးခဲ့ပုံကို တူတော်စပ်သူ ဆရာ ဦးချစ်ကိုကိုက အခုလို ပြန်ပြောပြပါတယ်။

( အဲ့ဒီနေ့ ၀၂-၀၁-၁၉၉၁ က ဦးစိန်ဝင်းကို သူ့ရဲ့ညီမ ဒေါ်နှင်းစိန်နဲ့ အကိုကြီး ဦးမြတို့အပါအဝင် မောင်နှမတစု ထောင်ဝင်စာ သွားတွေ့ကြခဲ့တယ်။ ထောင်ပြင်က လှမ်းကြည့်နေတုံး ထောင်ထဲကနေ ပစ္စည်း၊ အမှိုက်တင်ကားနဲ့ လူနာတယောက်ကို ဝါးကပ်ပေါ် တင်ပြီးထွက်လာတယ်။ လူနာဟာ ဗိုက်ကြီး ဖေါင်းကားနေပြီး တကိုယ်လုံး ဝါထိန်နေတဲ့ ဦးစိန်ဝင်း ဖြစ်နေတာကို မြင်လိုက်ရတယ်။ ညီမဒေါ်နှင်းစိန်က အကိုကိုတွေ့ပြီး ကားပေါ် အတင်းတွယ်တက် ဦးစိန်ဝင်းကိုဖက်ပြီး အင်းစိန် ဆေးရုံကို ပါသွားတယ်။ ဆေးရုံရှေ့ရောက်တော့ လူနာကို ဆေးရုံရှေ့မှာ ဒီတိုင်း ဝါးကပ်နဲ့ ချထားခဲ့ကြတယ်။ ဒေါ်နှင်းစိန်ကလဲ တောကနေလာတာ ဆေးရုံမတင်တတ်ပဲ အခက်တွေ့နေချိန် သတိရလာတဲ့ ဦးစိန်ဝင်းက ထောင်နဲ့အနီးအနားက ကဗျာဆရာကြီး ဦးတင်မိုးအိမ်ကို သွားခိုင်းတယ်။ ဦးတင်မိုးက လိုက်လာပြီး ဆေးရုံတင်ပေးတယ်။ ဒါပေမဲ့ ဝမ်းကိုက်ပိုးတွေကတော့ ဗိုက်တခုလုံး ပြည့်နေပြီ။ ဗိုက်ကြီး ဖေါင်းကားနေပြီး ကိုက်ခဲ နာကျင်တဲ့ ဝေဒနာတွေကို အပြင်းအထန် ခံစားနေရပြီ။ တပတ်လောက်ကြာတော့ ဆရာဝန်တွေက အော်ပရေးရှင်းလုပ်ရင် ရှင်ဖို့ ရာခိုင်နှုန်းနည်းနည်း ရှိတယ်။ အော်ပရေးရှင်း မလုပ်ရင်လဲ သေမှာဘဲလို့ ဆိုလာတယ်။ ဦးစိန်ဝင်းရဲ့ ဆန္ဒအရ အော်ပရေးရှင်းလုပ်တယ်။ ဇန်နဝါရီလ ၈ ရက် ခွဲစိတ်ကုသပြီး မကြာခင်မှာ ည ၁၀ နာရီမှာ ဦးစိန်ဝင်း သေတယ်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၈ ရက် အင်းစိန်ဆေးရုံမှာ ရန်ကြီးအောင်စိန်ဝင်း သေသွားခဲ့တာ အခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှာ ၂၉ နှစ် ပြည့်ပါပြီ။

ရန်ကြီးအောင်စိန်ဝင်း၏ မဟုတ်မခံစိတ်၊ အခွင့်ထူးမခံစိတ်
သူဟာ လူငယ်ဘဝကတည်းက ပင်ကိုဗီဇက မဟုတ်မခံစိတ်ရှိသူဖြစ်ပါတယ်။ မတရားမှုကို မကြိုက်သူပါ။ အနိုင်ကျင့်နေတာ၊ မတရားလုပ်နေတာတွေ့ရင် ခေါင်းရှောင်မသွား ဝင်ရှင်းလေ့ရှိသူလို့ ဆိုရမယ်။ ဘယ်လောက် အန္တရာယ်ရှိရှိ နောက်မတွန့် ရင်ဆိုင်ရဲ ရင်ဆိုင်ခဲ့သူ ဖြစ်တယ်။ တကိုယ်ကောင်းမဆန်၊ အခွင့်ထူး မခံသူလဲ ဖြစ်တယ်။ ဒါကြောင့်လဲ ၁၉၉၀ ပြည့်နှစ်လောက်ကာလက သူထောင်ကျနေတဲ့ အင်းစိန်ထောင်ထဲကို သူနဲ့ရွယ်တူ သူ့ရည်းစား အမျိုးသမီး လာတွေ့ဘူးတယ်။ ဒီအမျိုးသမီးဟာ နဝတ စစ်အစိုးရ ခေါင်းဆောင်ပိုင်းကြီးတဦးရဲ့ ညီမလို့ သိရတယ်။ သူ့ရည်းစားက “ ကျမတို့ လက်ထပ်မယ်။ ပြီးရင် နိုင်ငံခြားသွားနေကြမယ်”လို့ ပြောခဲ့တယ်လို့ ပြန်ကြားရတယ်။ ရန်ကြီးအောင်ဦးစိန်ဝင်းက “ ထောင်ထဲကမထွက်ရရင်နေပါစေ။ တကိုယ်ရည် ကောင်းစားရေး ဘယ်တော့မှ မလုပ်ဘူး” လို့ ပြန်ပြောခဲ့တယ်လို့ ပြန်သိရတယ်။ အမျိုးသမီးလဲ ထောင်ထဲကနေ ငိုပြီး ပြန်ထွက် သွားတယ်တဲ့။

ရာဇဝင်လူဆိုး ချစ်ပဲ ဖမ်းဆီးခြင်း
၁၉၅၈- ၅၉ နွေကျောင်းပိတ်ရက်မှာ ကိုစိန်ဝင်းတို့ သုံးခွမြို့မှာ ဘော်လီဘော ကစားနေကြတယ်။ လူတယောက်က ကတ်ကြေးကိုင် ထွက်ပြေး လူ ၆ ယောက်လောက် နောက်က လိုက်နေကြပြီ။ လူဆိုး ချစ်ပဲ က ဈေးသည်ကို ကတ်ကြေးနဲ့ထိုး ထွက်ပြေးတာ ဖြစ်တယ်။ ချစ်ပဲဟာ ဗလကောင်း အပြေးမြန်တယ်။ မြို့ပြင်ကိုပြေးသွားတာကို ကိုစိန်ဝင်းတို့ လိုက်ကြတယ်။ နောက်ဆုံး ချစ်ပဲ နဲ့ ဦးစိန်ဝင်း ၂ ယောက်ထဲ ဖြစ်ချိန် လက်နက်နဲ့ လူဆိုးချစ်ပဲကို ဖမ်းမိတယ်။ ရဲလက် အပ်လိုက်တယ်။ (ချစ်ပဲဟာ ရာဇ၀◌တ်မှုမျိုးစုံ ကျူးလွန်သူ၊ လူထု ဦးလှရဲ့” လှောင်ချိုင့်တွင်းမှ ငှက်များ” စာအုပ် ဇာတ်ကောင်တကောင်း ဖြစ်တယ်။ မြသန်းတင့်ရဲ့ “ ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း “ ဝတ္ထုမှာလည်း ချစ်သဲ (ချစ်ပဲ) အကြောင်း ရေးထားပါတယ်။)

ကလေးရိုက်မိခင်
၁၉၅၉ ခုနှစ် တက္ကသိုလ်တက်ဖို့ ဦးစိန်ဝင်း ရန်ကုန်အသွား သံလျင် ဆိပ်ကမ်းမှာ ၁၀ နှစ်သား ကလေးကို တုတ်နဲ့ အပြင်းအထန် ရိုက်နေတဲ့ မိန်းမ တယောက်ကို တွေ့ရတယ်။ သူက ဝင်တားရာမှာ “ ငါ့သား ငါရိုက်တာ နင်နဲ့ မဆိုင်ဘူး” လို့ ပြန်ရန်တွေ့တယ်။ “ခင်ဗျားသား ခင်ဗျားရိုက်တာ မှန်ပေမဲ့ ကျွဲရိုက်နွားရိုက် ရိုက်ရင် ကျုပ် ဝင်ပါရလိမ့်မယ်” လို့ ကိုစိန်ဝင်းက မျက်နှာထား တင်းတင်းနဲ့ ပြောမှ မိခင်က အရိုက် ရပ်သွားတယ်။

ဘတ်စ်ကား ခါးပိုက်နှိုက်နဲ့ ဦးစိန်ဝင်း
တခါက ရန်ကုန် ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်က ခရီးသည်ဆီက ပိုက်ဆံအိတ်နှိုက်ပြီး ဆင်းပြေးသွားတာကို ကိုစိန်ဝင်းက လိုက်ဆင်းပြေးသွားပြီး အမီလိုက် ခါးပိုက်နှိုက်ကို ဖမ်းတယ်။ ရဲစခန်းကိုတောင် သွားအပ်လိုက်သေးတယ်။

ဓားပြလိုက်ဖမ်းသူ ဦးစိန်ဝင်း
၁၉၆၀ ခုနှစ်လောက်က ည ၁၀ နာရီလောက် သုံးခွမြို့ သူဌေး ဦးဘလှအိမ်ကို ဓားပြတိုက်နေတယ်။ ဒါကို ဦးစိန်ဝင်းနဲ့ သူငယ်ခြင်း တယောက်က ဝါးတုတ်ချောင်းတွေကိုင်ပြီး အိမ်ရှေ့ကနေ ဓားပြတွေကို အဖမ်းခံဖို့ အော်ဟစ်ပြောကြတယ်။ ဓားပြတွေက ဓားတွေကိုင်ပြီး အတင်းတိုးထွက်သွားကြတယ်။ ကိုစိန်ဝင်းက တုတ်နဲ့ဆီးရိုက်ပေမဲ့ တုတ်တွေဆွေးနေလို့ ကျိုးပြီး ဓားပြတွေ လွတ်သွားတယ်။ နောက်ကလိုက်ပြီး ချောင်းကူးသွားတဲ့ ဓားပြတွေကို လှေနဲ့လိုက်ဖမ်းသေးတယ်။ ဒါပေမဲ့ မမိတော့ဘူး။

နွားသတ်သတင်းရေးသူ သတင်းထောက် ကိုစိန်ဝင်း
၁၉၆၁ ခုနှစ်မှာ သုံးခွမြို့နယ် ပညာအုပ်နဲ့ အပေါင်းအပါတစုက သူတို့ခြံထဲ ဝင်လာတဲ့ လယ်သမားနွားတကောင်ကို သတ်ပြီး ပျော်ပွဲစားလိုက်ကြတယ်။ လယ်သမားက မတိုင်ရဲဘူး။ သတင်းထောက် ကိုအောင်မြင့်နဲ့ ကိုစိန်ဝင်းတို့က ၁၉၆၁ ခုနှစ် ဧပြီ ၃ ရက် ဟံသာ၀တီ သတင်းစာမှာ ဖော်ထုတ်ရေးသားလိုက်တယ်။ ကိုအောင်မြင့်ကို သေနတ်နဲ့ အပစ်ခံရတယ်။ ထိခိုက်တာ မရှိဘူး။ ပညာအုပ်က သတင်းထောက်တွေနဲ့ သတင်းစာကို တရားစွဲတယ်။ ၁ နှစ်လောက်အကြာ ၂ ဖက် ကြေအေးတယ်။

ဦးစိန်ဝင်းနဲ့ ၅၃ ရက်ကြာ ကိုကိုးကွန်း အစာငတ်ခံ တိုက်ပွဲ
သူ့အကြောင်း ပြောရင် ၅၃ ရက် တိုက်ပွဲက မပါမပြီးပါ။ ၁၉၆၉ ဧပြီမှာ နိုင်ငံရေး အကျဉ်းသားတွေကို ကိုကိုးကျွန်းစပို့တယ်။ ဦးစိန်ဝင်းပါသွားတယ်။ ကျွန်းမှာ အစားအသောက်မကောင်းတာ၊ ဖိနှိပ်တာ၊ ကျန်းမာရေးညံ့၊ သေဆုံးသူများလာတဲ့နောက် ၂ နှစ်အကြာမှာ ထောင်အခွင့်အရေး အပြည့်ရဖို့ ၅၃ ရက်ကြာတိုက်ပွဲ ၁၉၇၁ ဇွန်လ ၉ ရက်မှာ စလိုက်ကြပါတယ်။ ဦးစိန်ဝင်းဟာ ဆန္ဒပြရာမှာ ပါဝင်ပြီး တညကြိုတင် ဝမ်းနှုတ်ဆေးစားပြီး အစာဟောင်းတွေကိုထုတ်ပါတယ်။ နောက်တော့ အစာကို လုံး၀ မစားတော့ပါ။ ရေကိုတော့ သောက်ပြီး တိုက်ပွဲဝင်သူတွေကို အဆောင်တဆောင်မှာ တစုတဝေးတည်း ထားလိုက်ကြပါတယ်။ ပြုစုသူတွေကလည်း ဝန်းရံလျက်ပေါ့။

တိုက်ပွဲစပြီး ၁ လ အကြာမှာ ကိုစိန်ဝင်း ရေသောက် မဝင်တော့ပါ။ သောက်လိုက်တိုင်း အစိမ်းရောင် အဝါရောင် အရည်တွေ ပြန်အန်ထွက်တယ်။ စောင့်ရှောက်သူများ စိုးရိမ်လာကြတယ်။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်မှာ အဖမ်းခံရသူ ကိုမြင့်သန်းက အန်နေတဲ့ကြားက ရေကို ဆက်တိုက်ခိုင်းပြီ။ ၁ ရက် ၂ ရက်ကြာတော့ ပုံမှန် ပြန်ဖြစ်သွားတယ်။

အစာငတ်ခံ ၃၈ ရက် ၁ ယောက် စ သေတယ်။ ရက် ၅၀ ပြည့်မှာ သေသူ ၅ ဦးရှိပြီ။ ရန်ကြီးအောင်စိန်ဝင်း လဲ မေ့မြောသွားပြီ။ အာဏာပိုင်တွေက ဆွေးနွေးလာတယ်။ ၅၃ ရက် မြောက်မှာ ကိုယ်ထူကိုယ်ထစံနစ် ဖျက်သိမ်းပေးမည်။ တနည်းအားဖြင့် တောင်းဆိုချက်တွေ လိုက်လျောပေးလိုက်လို့ တိုက်ပွဲအောင်မြင်သွားပြီး အစာငတ်ခံတိုက်ပွဲ ရပ်လိုက်တယ်။ ၈ ဦးကတော့ ကျဆုံးနှင့်ပြီ။

ရန်ကြီးအောင်စိန်ဝင်းက ဆေးကုသခံရပြီး မသေဆုံးခဲ့ပေမဲ့ အာရုံကြောချွတိယွင်းပြီး ချိနဲ့သွားတာဟာ သေရာပါထိ မသန်တော့ပါ။ လမ်းမလျောက်နိုင် လက်တွေတုန် မျက်စေ့လဲမကောင်းတော့ပါ။ ၁၉၆၁ ခု ၅၃ ရက်ကြာ တိုက်ပွဲအောင်တယ်။ ဒါပေမဲ့ ပေးဆပ် အရင်အနှီးက အသက်တွေ ဘဝတွေ ကြီးမားလွန်းစွ။ တိုက်ပွဲသုံးသပ်ချက်ကို ရန်ကြီးအောင်စိန်ဝင်းက အခုလို ပြောခဲ့တယ်။

“ စစ်အစိုးရက ပြည်သူတွေကို လုပ်ချင်သလို လုပ်ပြီး အနိုင်ကျင့် ဖိနှိပ် အုပ်ချုပ်ခဲ့တယ်။ မတရား ညှင်းဆဲတယ်။ လူ့အခွင့်အရေး ချိုးဖေါက်တယ်။ ဒီလိုလုပ်တာကို အညံ့ခံမှာ မဟုတ်ဘူး။ ကြောက်နေမှာ မဟုတ်ဘူး ဆိုတာကို ပြသတဲ့အနေနဲ့ ၅၃ ရက်ကြာ အစာငတ်ခံခဲ့တာ ဖြစ်တယ်။ စနစ်ဆိုးကိုတုန့်ပြန်တာ ဖြစ်တယ်။ တိုက်ပွဲဝင်သူတွေဟာ စစ်အာဏာရှင်တွေကို အသက်နဲ့ ရင်းပြီး စိန်ခေါ်တယ်ဆိုတာမှာ ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့မှ လုပ်နိုင်တာ ဖြစ်တယ်။ တနေ့ပြီးတနေ့ သေမင်းဆီကို သွားနေပေမဲ့ တွေဝေ မနေကြဘူး။ အသက်စွန့်မယ်လို့ စိတ်ပိုင်းဖြတ်ထားတာ ဖြစ်တယ်။ မိမိ တဦးတည်းအတွက် တိုက်ပွဲဝင်တာ မဟုတ်ဘူး။ ကျွန်းပို့ပြီး ကိုယ်ထူကိုယ်ထ စနစ်ကျင့်သုံး တာကို ထာဝရ ရပ်တန့်တာဖြစ်တယ်။ အသက်နဲ့ ရင်းပြီး အခွင့်အရေးကို တောင်းဆိုကြတာဖြစ်တယ်။ စစ်အစိုးရက နိုင်ငံရေးသမားတွေကို ကျွန်းပို့ပြီး မိသားစုနဲ့ အဆက်ဖြတ််ဖို့ အစီအစဉ်ဆိုးကို ရပ်တန့်သွားဖို့ တိုက်ပွဲဝင်တာ ဖြစ်တယ်။ “

ဒါကတော့ ၁၉၆၁ ခုနှစ်က ကိုကိုကျွန်း ၅၃ ရက် အစာငတ်ခံ တိုက်ပွဲအပြီး ရန်ကြီးအောင်စိန်ဝင်းက ပြောခဲ့တာပါ။ အသက်ကို ပဓာနမထားသူ တော်လှန်ရေးသမားကြီး ရန်ကြီးအောင်စိန်ဝင်းရဲ့ အကြောင်း စာဖွဲ့လို့ ကုန်မည်မထင်ပါ။ အခုကတော့ စစ်အာဏာရှင် ပယောဂနဲ့ ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၈ ရက် အင်းစိန်ထောင်ဆေးရုံမှာ ရန်ကြီးအောင် ဦးစိန်ဝင်း သေဆုံးခဲ့တာဟာ အခု ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ သူကွယ်လွန်တာ၂၉ နှစ် ပြည့်သွားတဲ့နေ့မှာ သူ့ကို သတိတရ သူ့အကြောင်း သူ့ဘ၀ သမိုင်းတစ ဖော်ပြပေးလိုက်တာပါ ခင်ဗျာ။ ။

မောင်တူး ၀၈ ၀၁ ၂၀၂၀