Breaking News

ကျော်ဇံသာ - အရှေ့အလယ်ပိုင်း ပဋိပက္ခ နောက်ကြောင်း

အရှေ့အလယ်ပိုင်း ပဋိပက္ခ နောက်ကြောင်း
ကျော်ဇံသာ
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၀

အရှေ့အလယ်ပိုင်းဒေသဟာ ကမ္ဘာပေါ်မှာ မငြိမ်မသက်ဆုံး စစ်မက်အထူပြောဆုံးဒေသတခု ဖြစ်လာခဲ့တာ သမိုင်းအစဉ် အဆက်ပါပဲ။

ရှေးခေတ်ဟောင်းကာလ

လူ့ယဉ်ကျေးမှု စတင်ထွန်းကားခဲ့တဲ့ နေရာတွေအနက် တခုအပါအဝင်ဖြစ်တဲ့ မက်ဆိုပိုတေးမီးယား (Mesopotamia) ဒေသဟာ အရှေ့အလယ်ပိုင်းက ယူဖရေးတီး နဲ့ တိုက်ဂရစ် မြစ် ၂ မွှာကြားဒေသပဲဖြစ်တယ်။ အဲဒီခေတ်ကတည်းက မြေသြဇာကောင်းတဲ့ လခြမ်းဒေသ (fertile crescent) ကို ကြီးစိုးနိုင်ရေးအတွက် ထိုစဉ်က ဆူမေးရီးယန်း (Sumerian) မြို့နိုင်ငံတွေ အချင်းချင်း စစ်ပွဲတွေဖြစ်ခဲ့ရတယ်။

ဂျူးဘာသာ ခရစ်ယန်ဘာသာနဲ့ အစ္စလာမ်ဘာသာ တို့ စတင်ထွန်းကားရာဒေသ ဖြစ်တဲ့အတွက်လည်း ထိပ်တိုက်တိုးမှုတွေ ပဋိပက္ခတွေ ဖြစ်ခဲ့ရတဲ့အပြင် ပထဝီအနေအထားအရလည်း အာရှတိုက် ဥရောပတိုက်နဲ့ အာဖရိကတိုက် ဆိုတဲ့ တိုက်ကြီး ၃ ခု ကို ဆက်စပ်ပေးထားတဲ့ နေရာဖြစ်တဲ့အတွက်လည်း မဟာဗျူဟာအရ အင်မတန် အချက်အချာတယ်။ ဒါကြောင့် အင်အားကြီးနိုင်ငံတွေ အပြိုင်အဆိုင် အုပ်စုတွေက ဒီဒေသအပေါ် သြဇာလွှမ်းမိုးနိုင်ဖို့ ထိးချုပ်နိုင်ဖို့ ကြိုးပမ်းကြပြန်တယ်။

ခေတ်သစ်ကာလ အခြေအနေ

စက်မှုကုန်ထုတ်လုပ်ငန်း အတွက် အဓိကလောင်စာ ရေနံတွေ့ရှိလာပြီးတဲ့နောက် အရှ့အလယ်ပိုင်းဒေသဟာ ကမ္ဘာပေါ်မှာ သိပ်အရေးပါလာခဲ့တယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခ တွေကိုကြည့်ရင် ပထမဦးဆုံး သိထားသင့်တာက ဒေသတွင်း နိုင်ငံအချင်းချင်း မညီညွတ်ကြတာပဲဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာတဲ့ အစ္စရေးလ် နိုင်ငံကလွဲလို့ မူဆလင်နိုင်ငံတွေချည်း ဖြစ်ကြပေမဲ့ အချင်းချင်း ကြားမတူကွဲပြားတဲ့ အယူအဆတွေ ပြိုင်ဆိုင်မှုတွေ ရှိနေတယ်။

ဘာသာရေး ဂိုဏ်းဂဏ ပဋိပက္ခ

ဘာသာရေးအရလဲ ဂိုဏ်းဂဏ ကွဲတာတွေရှိတယ်၊ အချင်းချင်း ပဋိပက္ခတွေရှိတယ်။

ကမ္ဘာ့မူဆလင်ဦးရေရဲ့၈၅% လောက်ရှိတဲ့ ဆွန်နီအုပ်စုဝင်တွေ က ဆော်ဒီအာရေဗျ အီဂျစ် ယေမင် အာဖရိကမြောက်ပိုင်း နိုင်ငံတွေဖြစ်ကြတဲ့ အယ်လ်ဂျီးရီးယား မော်ရိုကို ကျူနီးရှား နဲ့ တူရကီနိုင်ငံတို့ဟာ အဓိကအားဖြင့် ဆူနီဂိုဏ်းဝင်တွေဖြစ်ကြတယ်။

ရှီအာ ဂိုဏ်းဝင်အများစုကတော့ အီရန် နဲ့ အီရတ် မှာရှိနေပြီး ယေမင် ဘာရိန်း ဆီးရီးယား လက်ဘနွန် စတဲ့နိုင်ငံတွေမှာလဲ အတော်အသင့်ရှိတယ်။

ဒီလိုဂိုဏ်းကွဲပြားမှုဟာ အစ္စလာမ်ဘာသာ စတင်တည်ထောင်သူ တမန်တော်မိုဟာမက်ကွယ်တဲ့ အချိန် သူ့ကိုဆက်ခံဖို့ ဘယ်သူ့ကိုရွေးမလဲဆိုတာနဲ့ ပတ်သက်တယ်။ ဆူနီတွေက မိုဟာမက်ရဲ့ယောက္ခမလဲဖြစ် မိတ်ဆွေလဲဖြစ်သူ အဘူဘေကာ ကို မိုဟာမက်ရဲ့ ဆက်ခံသူ အဖြစ် အသိ အမှတ်ပြုပြီး ကျန်တဖွဲဖြစ်တဲ့ ရှီအာ တွေကတော့ မိုဟာမက်ရဲ့မိသားစုဝင် ဝမ်းကွဲညီအစ်ကို လဲဖြစ် သားမက်လဲဖြစ်တဲ့ အလီအီဘင် အာဘီ တာလစ် ကို သာ မိုဟာမက်ရဲ့ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကြတယ်။

ဆော်ဒီအာရေဗျ နဲ့ အီရန်

အခုအခါ ဆွန်နီ နဲ့ ရှီအာ တို့ပြိုင်ဆိုင်မှု ဟာ ဆော်ဒီအာရေးဗျ နဲ့ အီရန်တို့က တဘက်တချက်စီ ဦးဆောင်တဲ့ဲပြိုင်ဆိုင်မှု ဖြစ်လာတယ်လို့ ပြောနိုင်တယ်။ အာရေဗျကျွန်းဆွယ် အရှေ့ဘက်ခြမ်းမှာရှိနေတဲ့ ရှီအာတွေကို ပါရှန်ပင်လယ်ကွေ့ တဖက်မှာတည်ရှိတဲ့ အီရန်က အားပေးအားမြှောက်လုပ်တယ်လို့ ဆော်ဒီက မြင်တယ်။

အထူးသဖြင့် ရှားဘုရင်ကိုဖြုတ်ချပြီး တက်လာတဲ့ အယာတိုလာ ခိုမေနီရဲ့ အစ္စလာမ်တော်လှန်ရေး ဝါဒဟာ အနောက်တိုင်းအယူအဆတွေကို ဆန့်ကျင်ရင်း အနောက်နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ မူဆလင်နိုင်ငံတွေကိုပါ ထိပါးတဲ့အတွက် မျက်မှောက်ခေတ် ပဋိပက္ခတွေနဲ့ ဆက်စပ်လာတယ်လို့ ဆိုနိုင်တယ်။

ယေမင် ပဋိပက္ခ

အခုဖြစ်နေတဲ့ ယေမင်ပြည်တွင်းစစ်မှာ ဆော်ဒီအာရေဗျက ဆွန်နီ အစိုးရကို ကူညီ ထောက်ပံ့ နေပြီး အီရန်ကတော့ ဟူသီသူပုန်တွေကို အားပေးနေတဲ့အတွက် ဒီစစ်ဟာ ဆော်ဒီ နဲ့ အီရန် ၂ နိုင်ငံ ကြားခံတွေကတဆင့် တိုက်နေတဲ့ စစ်ပွဲ (proxy war) လို့ ပြောနိုင်တယ်။

ဒီပဋိပက္ခမှာ အမေရိကန်ပြည်ထောင်စုဟာ ဆော်ဒီအာရေဗျကို စစ်အင်အားအလုံးအရင်းနဲ့ အားပေးကူညီနေတယ်။

ဆီးရီးယား ပြဿနာ

ဆီးရီးယားပဋိပက္ခကို ကြည့်မယ်ဆိုရင် ဒီပြဿနာဟာ အာဏာရှင်အာဆဒ် အစိုးရကို ပြည်သူတွေ ဆန့်ကျင်ရာက စတင်ခဲ့ပေမယ့် အီရန်-ဆော်ဒီ ပြိုင်ဆိုင်မှုကြောင့် နိုင်ငံတကာ ပါဝင်ပတ်သက် လာခဲ့တာ ဖြစ်ပါတယ်။

အာဆဒ်အစိုးရကို အီရန်က အခိုင်အမာကျောထောက်နောက်ခံပေးထားပြီး ဆော်ဒီကတော့ အတိုက်အခံတွေကို ကူညီထောက်ပံ့နေတာဖြစ်ပါတယ်။ တကယ်တော့ ဒီ ၂ နိုင်ငံလုံးဟာ ဆီးရီးယားပဋိပက္ခကိုအကြောင်းပြုပြီး ဒေသတွင်း သြဇာလွှမ်းမိုးရေးကို ကြိုးပမ်းနေကြခြင်းသာ ဖြစ်တယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။

အီရတ်အကျပ်အတည်း

အစဉ်အလာအားဖြင့် အီရတ်ဟာ ဒေသတွင်း အီရန် သြဇာလွှမ်းမိုးမှု မပြန့်နှံ့အောင် ကြားခံနေခဲ့ရာက ၂၀၀၃ မှာ အီရတ်ကို အမေရိကန်ဝင်သိမ်းလိုက်တော့ ဒါကို အီရန်က အခွင့်ကောင်း ဖြစ်သွားခဲ့ပါတယ်။ အနောက်တိုင်းနဲ့ ပုလဲနံပ သင့်မြတ်အောင်နေလာခဲ့တဲ့ ဆော်ဒီ အဖို့ အီရန် အစ္စလာမ်တော်လှန်ရေးအစိုးရ ကိုအထူးသတိထား စောင့်ကြည့်လာပါတယ်။

ဆော်ဒီ-အမေရိကန် မဟာမိတ်

ဒီနေရာမှာ အမေရိကန်နဲ့ ဆော်ဒီတို့ဟာ တသားတည်းဖြစ်နေတယ်။ ဒီ ၂ နိုင်ငံကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တနိုင်ငံက ကမ္ဘာပေါ်မှာ လွတ်လပ်ခွင့်နဲ့ဒီမိုကရေစီ (Freedom and Democracy) ကို တွင်တွင်ကြီး ပြောနေတဲ့ နိုင်ငံ၊ နောက်တနိုင်ငံကတော့ ကမ္ဘာပေါ် လူ့အခွင့်အရေး အခေါင်းပါးဆုံးထဲပါဝင်တဲ့ နိုင်ငံ၊ ဒီလို အဆမတန် ကွာဟမှုတွေရှိနေပေမဲ့ ကိုယ့်နိုင်ငံအမျိုးသားရေး အကျိုးစီးပွါးအတွက် သင့်မြတ်နေကြတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

၁၉၃၃ ကစတင်ခဲ့တဲ့ အမေရိကန်-ဆော်ဒီအာရေဗျ ၂ နိုင်ငံ သံတမန်ဆက်ဆံရေးဟာ ဒုတိယကမ္ဘာစစ်ပြီး ခေတ် ကွန်မြူနစ်ဆန့်ကျင်ရေးမဟာမိတ်တွေအဖြစ် ပိုမိုခိုင်မာလာခဲ့တယ်။ ရေနံထုတ်လုပ်မှု ရေနံဈေးနှုန်း ပင်လယ်ကွေ့ရေနံတင်ပို့မှု စတာတွေ မထိခိုက်ရေးဟာ သူတို့ ၂ နိုင်လုံးရဲ့ စီးပွါးရေး အကျိုးကိစ္စတွေ ဖြစ်နေပါတယ်။ အစ္စရေးလ်ကိစ္စအပါအဝင် ကိစ္စတချို့မှာ သဘောကွဲလွဲမှုရှိသလို စက်တင်ဘာ (၁၁)ရက် တိုက်ခိုက်မှုမှာ ဆော်ဒီသြဇာလွှမ်းမိုးခဲ့တယ်လို့ အမေရိကန်ပြည်သူတချို့က သံသယရှိခဲ့ပေမဲ့ ၂ နိုင်ငံ ဆက်ဆံရေးကို မထိခိုက်ခဲ့ပါဘူး။

လက်ရှိအခြေအနေ နဲ့ ရှေ့အလားအလာ

သမ္မတ George Bush နဲ့ သမ္မတ Barak Obama တို့ လက်ထက်မှာ ဆော်ဒီအာရေဗျအစိုးရဟာ အမေရိကန်ဆီက ဒေါ်လာ သန်းထောင်ပေါင်း ရာနဲ့ချီတန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူခဲ့သလို ဒေါ်နယ်ထရမ့် လက်ထက်မှာလဲ ၂၀၁၇ တုံးက ဒေါ်လာသန်းထောင်ပေါင်း ၁၁၀ ဖိုးဝယ်ယူခဲ့ဲပြီး လာမယ့် ၁၀ နှစ်အတွင်း သန်းထောင်း ၃၀၀ ကျော်ဖိုးဝယ်ယူဖို့ သဘောတူထားတယ်လို့လဲသတင်းတချို့ကဆိုထားပါတယ်။

သတင်းစာဆရာ Khashoggi ကို တူရကီ ဆိုင်ရာ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်လိုက်တဲ့ ကိစ္စနဲ့ ပတ် သက်ပြီး သမ္မတထရမ့်က စိတ်ဆိုးဒေါသဖြစ်တယ်လို့ပြောပေမဲ့ “ အီရန်နဲ့တိုက်နေရတဲ့ ကိစ္စမှာ ဆော်ဒီဟာ သိပ်အရေးကြီးတဲ့ မဟာမိတ်” ဖြစ်နေလို့ဆိုပြီး ဘာမှ အရေးမယူခဲ့ပါဘူး။

တဖက်မှာတော့ အမေရိကန်ဟာ အီရန်နဲ့ ပင်လယ်တွေ့မှာ ထိပ်တိုက်တိုးမှုတွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးတဲ့နောက် အခုနောက်ဆုံး အီရတ်မှာ ပစ်ခတ်မှု လက်တု့ံ့ပြန်ပစ်ခတ်မှု တွေဖြစ်နေပါတယ်။ ဒီပစ်ခတ်မှုတွေကနေ လောလောဆယ် စစ်ဖြစ်တဲ့အထိ အခြေအနေ ဆိုးရွားနိုင်ဖွယ် မရှိပေမဲ့ တင်းမာမှုကတော့ ငြိမ်းအေးသွားမယ့် ပုံ မတွေရပါဘူး။

အီရန်ဟာ ငြိမ်းချမ်းရေး ပြဿနာပြေလည်ရေး ထက် သူတို့ရဲ့အစွန်းရောက် တော်လှန်ရေး သဘောတရား ပြန့်ပွားရေးကိုသာ အဓိကထားလုပ်ဆောင်နေတယ်လို့ အမေရိကန်ဘက်က အမြင်တချို့ရှိနေသလို၊ ဒေါ်နယ်ထရမ့် သာ အမေရိကန်သမ္မတ အဖြစ် ဒုတိယသက်တမ်း ၄ နှစ် ဆက်လက်ထမ်းဆောင် အုံးမယ်ဆိုရင် အီရန်နဲ့ စစ်ဖြစ်တဲ့ အခြေအနေရောက် လာလေမလားလို့ တွက်သူတွေလဲ ရှိနေပါလေရဲ့။

ကျော်ဇံသာ
-စာရေးသူ၏ဖေ့စ်ဘုတ်စာမျက်နှာမှ ခွင့်ပြုချက်အရ ကူးယူဖော်ပြပါသည်။ 
မိုးမခ