Breaking News

ခင်မျိုးချစ် - ငြိမ်းချမ်းရေးရှာပုံတော်ခရီး၏ မှတ်တိုင်များ (၃)

Khin Maung Latt & Khin Myo Chit

ခင်မျိုးချစ် - ငြိမ်းချမ်းရေးရှာပုံတော်ခရီး၏ မှတ်တိုင်များ (၃)

(အတွေးအမြင်မဂ္ဂဇင်း ဖေဖော်ဝါရီ ထုတ်)
မိုးမခ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀

တရားထိုင်သည့် အတွေ့အကြုံအစ

စွန်းလွန်း တရားအားထုတ်နည်းနှင့်ပတ်သက်၍ ဆက်လက်ပြောရလျှင် ရှုသည့်အပိုင်းနှင့် ဝေဒနာလိုက်သည့် အပိုင်းဟူ၍ နှစ်ပိုင်း ရှိသည်။ ရှုသည့်အပိုင်းတွင် ခေါ်ဝေါ်သည့်အတိုင်း တင်ပျဉ်ခွေထိုင်၍ အသက်ရှူခြင်း ဖြစ်သည်။ သို့ရာတွင် နှာသီးဖျားတွင် လေတိုးထိခြင်း၊ သို့မဟုတ် နှုတ်ခမ်း၏အပေါ်တွင် လေတိုးထိခြင်းကို သိနေအောင် သတိပြုရမည် ဖြစ်သည်။ ဤကဲ့သို့ နှာသီးဖျားကို လေတိုးထိခြင်းကို သိနေခြင်းကို ၄၅ မိနစ် ကြာအောင် အားထုတ်ရသည်။ ၄၅ မိနစ် ပြီးသွားသောအခါတွင် ရှုသည့်လုပ်ငန်းအနေ ဖြစ်ပြီးသွားပြီ ဖြစ်သည်။ သို့သော် တရားအားထုတ်သည့် လုပ်ငန်းသည် မပြီးသေးပါ။ အရှု ရပ်လိုက်သောအခါ ကိုယ်ခန္ဓာတစ်ခုလုံးတွင် ဝေဒနာများ တက်လာသည်ကို ခံစားရမည်။ ‘ဝေဒနာတက်’သည် ဟူသည်မှာ တစ်ကိုယ်လုံးတွင် လှုပ်လှုပ်ရွရွ နာကျင်ကိုက်ခဲသော ခံစားမှုများ ဖြစ်နေခြင်းကို ခေါ်ခြင်း ဖြစ်သည်။ ထိုအခါတွင် စိတ်ထဲ၌ အထင်ရှားဆုံးသော ခံစားမှုအပေါ်တွင် စူးစိုက်၍ သတိကပ်ထားရမည် ဖြစ်သည်။ ထိုကဲ့သို့ ကိုယ်ပေါ်၌ ဖြစ်ပေါ်နေသည့် ခံစားမှုများအပေါ် စူးစိုက်၍ သတိကပ်ထားခြင်း အလုပ်ကို ‘ဝေဒနာလိုက်’သည်ဟု ခေါ်သည်။

ထို့ကြောင့် စွန်းလွန်း တရားအားထုတ်ခြင်း အလုပ်ကို အတိုချုပ် ပြောရလျှင် ‘ရှုခြင်း’နှင့် ‘ဝေဒနာလိုက်ခြင်း’တို့ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်ကား စွန်းလွန်း တရားအားထုတ်နည်းကို လိုတိုရှင်း ပြောခြင်းပင် ဖြစ်သည်။

ကျွန်မသည် ဤအလုပ်ကို ဘာမှ အဓိပ္ပာယ်မရှိသော အလုပ်တစ်ခုဟု ထင်မိပါသည်။ ဤအလုပ်သည် ကိုယ်နှင့် စိတ်ပင်ပန်းသော အလုပ်တစ်ခုသက်သက်သာ ဖြစ်နေပါသည်။ အခြားသော ဉာဏ်မရှိသောသူများက ဤကဲ့သို့ အဓိပ္ပာယ်မရှိသော အလုပ်မျိုးကို လုပ်လျှင် နားလည်နိုင်ပါသည်။ သို့သော် ကျွန်မ၏ မိတ်ဆွေနှစ်ဦး ဖြစ်ကြသော ကိုလှဖေနှင့် ဗိုလ်သိန်းဆွေတို့သည် ပညာတတ်များ ဖြစ်လျက်ဖြင့် ဤအလုပ်ကို လုပ်ကြသည်ကို နားမလည်နိုင်ပါ။ ကိုလတ်နှင့် သားလေး ခင်မောင်ဝင်းတို့ကလည်း ဤအလုပ်ကို ကြိုက်နှစ်သက်ကြသည်။ သူတို့သည် ကြိုက်နှစ်သက်သည်ဟူ၍သာ ပြောတတ်ကြပြီး အဘယ်ကြောင့် ဘယ်လို စသည်ကိုတော့ ရှင်းမပြတတ်ကြပါ။ သူတို့က ကျွန်မကို ဤတရားကို အားထုတ်ကြည့်ရန် တိုက်တွန်းကြသည်။ ဘာကြောင့် လုပ်ရမှာလဲ။

ကျွန်မအနေဖြင့် ဘုန်းကြီးဝတ်သွားကြသော မိတ်ဆွေနှစ်ဦး ဖြစ်ကြသော ကိုလှဖေနှင့် ဗိုလ်သိန်းဆွေ တို့ အကြောင်းကို စဉ်းစားမိတိုင်း ‘ဘာကြောင့်လဲ… ဘာကြောင့်လဲ’ ဟူသည်ကို အမြဲမေးနေမိသည်။ သူတို့နှစ်ဦးသည် ရှိသမျှ လောကီစည်းစိမ်တို့ကို စွန့်ပစ်လိုက်ခြင်းသည် အဘယ်ကြောင့်လဲ၊ သူတို့ကို မေးကြည့်သောအခါတိုင်း တစ်ကြိမ်ပဲ လုပ်ကြည့်ပါ။ ဒါကိုပဲ ပြောကြသည်။ သူတို့ နှစ်ပါးသည် လည်းကောင်း၊ ကိုလတ်သည် လည်းကောင်း၊ သားလေး ခင်မောင်ဝင်းသည် လည်းကောင်း၊ ဒါထက် ဘာမှ ရှင်းမပြတတ်ကြပါ။ ဒီကိစ္စမှာ အားလုံးက တမင်သက်သက် နှုတ်ပိတ်နေကြသည်ဟု ထင်ပါသည်။ လူတိုင်းက ဤကိစ္စသည် ရှင်းပြ၍ မရနိုင်သောအရာ ဖြစ်သည်ဟု ဆိုကြသည်။ ‘ကိုယ်တိုင် လုပ်ကြည့်ရမှာ’ ဟု ဆိုကြသည်။

ထိုအချိန်က ကျွန်မမှာ ခေါင်းမူးတတ်သော ရောဂါ၊ အသက်ရှု၍မဝသော ရောဂါတို့ကို မကြာခဏ ခံစားနေရပါသည်။ ဆရာဝန်များက သွေးအားနည်းသောရောဂါဟု အမည်တပ်ပေးပါသည်။ ဤကဲ့သို့ စံချိန်မမီသော ခန္ဓာကိုယ်ဖြင့် နေနေရခြင်းကြောင့် စိတ်ဓာတ်ကျသောရောဂါ ထပ်၍ ဖြစ်လာပါသည်။ ထို့ကြောင့် ကျွန်မကိုယ်ကျွန်မ အလုပ်များအောင် လုပ်နေပါသည်။ အလုပ်များအောင် လုပ်သည့်အထဲတွင် တရားအားထုတ်ခြင်း မပါဝင်ပါ။ တရားအားထုတ်သော အလုပ်သည် ကျွန်မ အတွက် ပင်ပန်းလွန်းသည်ဟု ထင်မိပါသည်။ ဒီအလုပ်ကို လုပ်ခြင်းကြောင့် ကျွန်မကို ထိခိုက်သည့် အဖြစ်မျိုး မဖြစ်စေချင်ပါ။

ယခင်က ဗိုလ်သိန်းဆွေဟု ခေါ်တွင်ခဲ့သော ဦးပဉ္စင်း ဦးသာသနာက တရားအားထုတ်ခြင်းကြောင့် ကျွန်မ၏ ကျန်းမာရေးကို ထိခိုက်မည်ကို စိုးရိမ်စရာ မရှိကြောင်းကို အမိန့်ရှိသည်။ ဘုန်းကြီးကျောင်းတွင် အသက်ငါးဆယ်ကျော် အဘိုးကြီးများသည် တရားအားထုတ်ရင်း ပန်းပင် ရေလောင်းခြင်း အစရှိသော အလုပ်များကို လုပ်နေကြသည်ကို ဦးပဉ္စင်းက ပြသည်။ ဘုန်းကြီး ဦးသာသန ပြောပြချက်အရ သိရသည်မှာ ထိုအဘိုးကြီးသည် လွန်ခဲ့သော နှစ်နှစ်တုန်းက နှလုံးရောဂါနှင့် သွေးတိုးရောဂါတို့ကြောင့် ဆရာဝန်က ခြောက်လသာ နေရတော့မည်ဟု ဆိုခဲ့ဖူး သည်။ ထိုဒကာကြီးသည် သူ သေရတော့မည့်အတူတူ ဘုန်းကြီးကျောင်းတွင် တရားထိုင်သော အလုပ်သာ လုပ်တော့မည်ဟု ဆုံးဖြတ်ခဲ့သည်။ သူသည် ဘုန်းကြီးကျောင်းတွင် တရားအားထုတ် လျက်ရှိရာ နှစ်နှစ်ကျော်သွားပြီ ဖြစ်သည်။

ဦးပဉ္စင်း ဦးသာသနက တရားထိုင်သောအလုပ်သည် ကျွန်မ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မထိခိုက်နိုင်ကြောင်းကို အာမခံသည်။ သို့သော်လည်း ကျွန်မ၏ စိတ်ထဲတွင် စိတ်ပိုင်းဆိုင်ရာ ဘာတွေ ဖြစ်လာနိုင်သည်ကို စဉ်းစားပြီး စိုးရိမ်လျက်ရှိသည်။ ကျွန်မ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် သိပ်ကောင်းသည်ဟု မဆိုနိုင်သေးပါ။ တရားထိုင်ခြင်းကြောင့် ပိုဆိုးလာခဲ့လျှင်… ။

ကိုလတ်သည် ကျွန်မအား တရားထိုင်ကြည့်ရန် ဆက်လက်၍ တိုက်တွန်းလျက်ရှိသည်။ ကိုလတ်က ကျွန်မကို ဘုန်းကြီးကျောင်းတွင် တစ်ပတ်လောက်နေ၍ တရားအားထုတ်ကြည့်ရန် ပြောသည်။ ဘုန်းကြီးကျောင်းတွင် တရားထိုင်သူများ နေနိုင်ရန်အတွက် ဇရပ်များ ရှိသည်။ သို့သော် ကျွန်မသည် စစ်အတွင်းက အတွေ့အကြုံကြောင့် မည်သည့် ဘုန်းကြီးကျောင်းမှာမှ နေချင်စိတ် မရှိတော့ပါ။ လူအများ၏ အမြင်တွင် ကျွန်မသည် အလွန်ခေါင်းမာသောသူတစ်ယောက် ဖြစ်နေသည်။ ဘုန်းကြီးကျောင်းတွင် တစ်ကြိမ်ပင်လျှင် တရားထိုင်ကြည့်ြခင်းကိုပင် ငြင်းပယ်နေသူတစ်ဦး ဖြစ်နေပါသည်။

ဦးပဉ္စင်းဗိုလ်သိန်းဆွေသည် ကျွန်မကို တရား တစ်ကြိမ်မျှပင် ထိုင်မကြည့်ခြင်းကို အပြစ်တင်လျက် ရှိသည်။ နောက်ဆုံးတွင် ဦးပဉ္စင်း ဗိုလ်သိန်းဆွေနှင့် ကျွန်မ၏မိသားစုတို့၏ တိုက်တွန်းချက်ကို လက်ခံ၍ တရားထိုင်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ကျွန်မသည် အခြားလူများနှင့်အတူ ရောယှက်၍ တရားမထိုင်လိုပါ။ ဘောက်ထောက် စွန်းလွန်းဂူကျောင်းတွင် လူအများ တရားထိုင် သော အချိန်အားဖြင့် နေ့စဉ် လေးကြိမ် သတ်မှတ်ထားသည်။ ၎င်းတို့မှာ နံနက် ၇:၃၀၊ နေ့လယ် ၁၂:၃၀၊ ညနေ ၃ နာရီနှင့် ည ၇ နာရီဟူ၍ ဖြစ်သည်။ ကျွန်မသည် ဘုန်းကြီးကျောင်းသို့ နေ့စဉ် ဆွမ်းကပ်ရန် သွားလေ့ရှိသည်။ ဆွမ်းကပ်၍ပြီးလျှင် နေ့လယ် ၁၂:၃၀ မတိုင်မီ အိမ်ပြန်ရမည်ဟု လိမ်လည်၍ ပြောပါသည်။ ထိုအခါ ဦးပဉ္စင်း ဗိုလ်သိန်းဆွေက ဆွမ်းမစားမီအချိန် နံနက် ၉ နာရီလောက်တွင် ကျွန်မအတွက် တရားထိုင်ရန် အချိန်တစ်ချိန်ကို ဆရာတော်၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ပေးသည်။ ကျွန်မဘက်က ဤနည်းဖြင့် တရားကို သုံးကိမ် စမ်းသပ်၍ ထိုင်ကြည့်ပါမည်ဟု ကတိပေးသည်။ အကယ်၍ ကတိပေးထားသည့်အတိုင်း သုံးကြိမ် ထိုင်ကြည့်၍ ထိုသုံးကြိမ် ပြီးစီးသွားသည့်အခါ ဆက်လက်၍ ထိုင်ရန်၊ မထိုင်ရန် ဟူသည်မှာ ကျွန်မ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် သာ ဖြစ်ရမည် ဖြစ်သည်။

ကျွန်မစိတ်ထဲတွင်တော့ ဤသတ်မှတ်ထားသော သုံးကြိမ် ပြီးစီးသွားလျှင် ပြီးတာပဲဟု စဉ်းစားနေ သည်။ ဒီသုံးကြိမ် ပြီးသွားလျှင် ဆက်ထိုင်ဖို့ အလားအလာသည် မရှိသလောက် နည်းသည်ဟု ယူဆသည်။

သတ်မှတ်ထားသော အချိန်သို့ ရောက်သော် ဦးပဉ္စင်း ဦးသာသနသည် တရားထိုင်သော အခန်းထဲ တွင် ဦးစိန် အမည်ရှိ ဒကာကြီးတစ်ယောက်ကို ခေါ်ထားသည်။ အကြောင်းမှာ ဘုန်းကြီး၏ ဝိနည်း အရ ဘုန်းကြီးနှင့် ဒကာမသည် နှစ်ဦးတည်းနေရန် မတင့်တယ်၊ ဝိနည်းအရလည်း မကိုက်သော ကြောင့် ဖြစ်သည်။

ဦးပဉ္စင်း ဦးသာသနသည် ကျွန်မ၏ရှေ့တွင် ကုလားထိုင်တစ်လုံး ချ၍ ထိုင်သည်။ တရားထိုင်ခြင်းနှင့် ပတ်သက်၍ ညွှန်ကြားသည်။

ဤသို့ဖြင့် ကျွန်မသည် ပထမဦးဆုံး စွန်းလွန်းတရားကို စတင်၍ အားထုတ်ခဲ့သည်။ နောင် ဘာတွေ ဖြစ်လာမည်နည်း။

ခင်မျိုးချစ်