Breaking News

ကိုသန်းလွင် - ကျောင်းသားလဲလှယ်ရေးအစီအစဉ်



ကိုသန်းလွင် - ကျောင်းသားလဲလှယ်ရေးအစီအစဉ်

(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၁

(၁)

ပညာရေးဟုဆိုရာတွင် လူတစ်ယောက်ကို လူနေမှုစနစ်အတွင်းသို့ အံဝင်ခွင်ကျဝင်၍ အလုပ်လုပ်နိုင်ရန် လူတို့နှင့် ရင်ဆိုင်၍ ကူးလူးဆက်ဆံတတ်စေရန် သင်ပေးခြင်းဖြစ်သည်ဟုဆိုကြပါသည်။ ထိုသို့ဆိုလျင် (SEP- Student Exchange Program) ခေါ် ကျောင်းသားများလဲလှယ်၍ ပညာသင်ကြားခြင်းသည် ကျောင်းသား တစ် ယောက်၏ စိတ်ဖွံ့ဖြိုးတိုးတက်မှုတွင်အရေးကြီးသည်ဟုဆိုနိုင်ပါသည်။

ကျွန်တော့် သားကြီးမှာ SEP ပရိုဂရမ်အရ ဒိန်းမတ်နိုင်ငံသို့ ၆ လသွားပြီးကျောင်းတက်ရပါသည်။ သွားချိန် တွင်တက္ကသိုလ်မှ ဘွဲ့မရသေး။ သို့သော်တက္ကသိုလ်ပညာသင်ကြားရေးတွင်နိုင်ငံခြားတက္ကသိုလ်တခုခုတွင်ပညာ သင်ကြားဖူးရမည်ဟူသောအချက်သည် ကျောင်းသားတစ်ဦးကိုဘွဲ့ပေးရေးတွင် အရေးပါသောနေရာမှပါနေပါပြီ။ ထမင်းစားလျင်ကိုယ်ပန်းကန်ကိုယ်မဆေး၊ အိပ်ရာများမသိမ်းမခေါက်တတ်သော သားမှာကျောင်းသားလဲလှယ် ရေးမှ ပြန်လာပြီးကတည်းက အိပ်ရာသိမ်းတတ်သော၊ ပန်းကန်ဆေးတတ်သောကျောင်းသားတယောက်ဖြစ်နေ ပါပြီ။ နိုင်ငံခြားတွင်တယောက်တည်း အိပ်၊ နေ၊စား၍ပညာသင်ကြားရသည်ကထိုအကျင့်ကောင်းများကိုသင်ပေး လိုက်ခြင်း ဖြစ်ပါသည်။

(၂)

ကျောင်းသားလဲလှယ်ရေးအစီအစဉ်သည် နိုင်ငံ၏တိုးတက်ရေးကို အထောက်အပံ့ပြုသည့်နည်းတူလူတစ် ဦးစီ၏ဘဝများကိုပြောင်းလဲစေရေးကိုလည်းအထောက်အကူပြုပါသည်။ ကျောင်းသားများလူလားမြောက်၍နိုင်ငံ ၏ လုပ်သားကောင်းများအဖြစ်တာဝန်ယူနိုင်ရေးမှာ နိုင်ငံတိုင်းတွင်အရေးကြီး လိုအပ်ပါသည်။

စကော့တလန်တွင် ကိုရိုနာဗိုင်းရပ်ကြောင့် ကျောင်းများပိတ်သောအခါ ကျောင်းသားများသည် စာသင်ခန်း များသို့မသွားနိုင်၍ အွန်လိုင်းမှစာကိုသင်ယူရပါသည်။ နောက်နှစ်တွင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်တွင်ဖွင့် လှစ်မည့်ကျောင်းတွင် ကျောင်းတက်ရန်စာရင်းသွင်းထားခြင်းဖြင့် စိတ်ဖြေရပါသည်။ သို့ပါသော်လည်း ယခင် အပါတ်က ဥရောပနှင့်ကျောင်းသားလဲလှယ်ရေးအစီအစဉ် အီရေးမတ်စ် (Erasmas +) ကိုဖျက်သိမ်းကြောင်း အင်္ဂလန် ဝန်ကြီးချုပ် မစ္စတာ ဘောရစ်ဂျွန်ဆင်က ကြေညာသဖြင့် ထပ်မံစိတ်ပျက်ကြရပြန်ပါသည်။ ဗြိတိန်နှင့် ဥရောပနိုင်ငံများ အကြား (Brexit) ကြောင့် ဆက်ဆံရေးများထိခိုက်ခဲ့ရာတွင် အီရေးမတ်စ် မှာလည်းရော၍ ဖျက်သိမ်းခဲ့ရပါသည်။

အီရေးမတ်စ်သည် ဗြိတိန်နိုင်ငံအဖို့ ဥရောပနှင့်ပူးပေါင်းခဲ့ခြင်းကြောင့် တိုက်ရိုက်ရရှိသည့် အကျိုးကျေးဇူး တခုဖြစ်ပါသည်။ အီရေးမတ်စ်သည် အလယ်ခေတ်က ခရစ္စယာန် ဘုန်းတော်ကြီးနှင့် ဖီလိုဆိုဖါ တစ်ယောက်ကို အစွဲပြု၍ မှည့်ခေါ်ခြင်းဖြစ်ပါသည်။ ဗြိတိန်နိုင်ငံ သည် ဥရောပယူနီယံမှခွဲထွက်ရန် ၂၀၁၆ ခုနှစ် ဆန္ဒခံယူပွဲ က ဆုံးဖြတ်ခဲ့ပါသည်။ တချိန်က ဗီဇာမလိုဘဲ ဥရောပနိုင်ငံသို့သွားရောက်လည်ပါတ်နိုင်ခဲ့သော်လည်း ယခုအခါ ဤသို့မဟုတ်တော့ပါ။ ယခင်က ပညာကို သင်လိုရာမှာသင်၍ အလုပ်ကိုလုပ်လိုရာမှာ လုပ်နိုင်ခဲ့ကြပါသည်။ ယခုအခါ ဗြိတိန်သည် အခြား နိုင်ငံသားများနည်းတူဗီဇာကို အလျင်လျှောက်၍သွားလာပြီး အလုပ်အကိုင်ရှာ ဖွေကြရမည်ဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံတွင် အောက်စဖို့နှင့် ကိန်းဘရစ်တို့ကဲ့သို့ နာမည်ကြီးပညာသင်ရာဌာနကြီးများ ရှိပြီး၄င်းတို့ သည်ဗြိတိန်နိုင်ငံ၏ အင်အား (Soft Power) များဖြစ်ခဲ့ကြပါသည်။ ၄င်းသည် ဗြိတိန်အတွက်ငွေရှာပေးသည်။ ဥရောပနှင့် တစ်ကမ္ဘာလုံးမှ အားထားကြရပြီး အမေရိကန်ပြီးလျင် ဗြိတိန်တို့အဖို့ပညာရေးတွင် အရေးပါရသည် မှာထိုဌာနများကြောင့်ဖြစ်ပါသည်။ ထိုဌာနများကြောင့်ပင် အီရေးမတ်စ်သည် ဗြိတိန်၏ ပညာရေးစနစ်နှင့် ပြင်ပ ကမ္ဘာတို့ ့ဆက်သွယ်ရာ ကိရိယာ တစ်ခု ဖြစ်ခဲ့ပါသည်။

အစီးအစဉ်ကိုဖျက်သိမ်းလိုက်ခြင်းကြောင့် ထိုပညာသင်ဌာနများကို မထိခိုက်သော်လည်း ၄င်းတို့လောက် နာမည်မရသေးသည့် ပညာသင်ရာဌာနများအဖို့ အခက်တွေ့ကြရတော့မည်ဖြစ်ပါသည်။ များစွာသောလူငယ်များ နှင့် ပရော်ဖက်ဆာများကဗြိတိန်သည်အီရေးမတ်စ်နှင့်ဆက်သွယ်၍တနည်းမဟုတ်တနည်းတနည်း၊ အီရေးမတ်စ် ၏ အစိတ်အပိုင်း တစ်ခုဖြစ်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြဆဲပင်ဖြစ်ပါသည်။ ဥရောပကောင်စီဝင် နိုင်ငံ မဟုတ် သည့် တူရကီနှင့် နော်ဝေးကဲ့သို့သောနိုင်ငံများမှမျှော်လင့်ကြပါသည်။ မစ္စတာဂျွန်ဆင်က အီရေးမတ်စ်သည်ဘာ မှ မဖြစ်ပါဘူးဟူ၍ကတိပေးခဲ့ပါသည်။

ထို့ကြောင့် ကြာသပတေးနေ့က ကြေညာချက်ကိုကြားလိုက်ရသောအခါများစွာသော ကျောင်းသားများနှင့် ပရော်ဖက်ဆာများအဖို့ အံ့အားသင့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်ကြရပါသည်။ ဗြိတိန်တက္ကသိုလ်များအဖို့ဝင်ငွေ လျော့ နည်းရတော့မည်ဖြစ်သည့်နည်းတူ သံတမန်ဆက်ဆံရေးတွင်လည်း များစွာထိခိုက်လိမ့်မည်ဟုခန့်မှန်းကြ ပါသည်။

အီရေးမတ်စ်သည် လူတို့ရှုမြင်နိုင်သော ရှု့မျှော်ခင်း (Horizon) ကိုမြှင့်ပေးနိုင်ပြီး ကမ္ဘာကြီးကိုဆက်ဆံရာ တွင် ပို၍မြင့်မားသော စိတ်ဓာတ်ကိုထားနိုင်ကြမည်ဖြစ်ပါသည်။ ဥရောပတိုက်သားတို့၏ စိတ်ဓာတ်ကို အမြင့်မား ဆုံးမြှင့်တင် ပေးပြီး၄င်းမရှိတော့သောအခါ ဖြစ်သွားသည့် ကွက်လပ်ကို ဖြည့်ရန်အတွက် အတော်ကြိုးစားယူကြ ရဦးမည်ဖြစ်ပါသည်။

ဥရောပနိုင်ငံများ၏တက္ကသိုလ်များနှင့်ဆက်ဆံရာတွင် နှစ်နိုင်ငံသဘောတူညီမှုဖြင့်ဆက်လက် အလုပ် လုပ်နိုင်သော်လည်း အီရေးမတ်စ်ကပေးသည့် လစဉ်ထောက်ပံ့ငွေကို ကျောင်းသားများမရရှိနိုင်တော့ပေ။ ထို့ပြင် ဗြိတိန်မှကျောင်းသားများ ပညာရေးဘက်မှ ပုဂ္ဂိုလ်များ(Academics) ကို နိုင်ငံခြားတွင်သင်ကြား ပေးခြင်းများ အတွက် ခက်ခဲသွားတော့မည်ဖြစ်သည်။ ဥရောပယူနီယံမှခွဲမထွက်မီ သဘောတူညီချက်ယူထားသဖြင့် ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်မကုန်မီအထိ အချို့မှာ ထောက်ပံ့ကြေးရရှိကြမည်ဖြစ်ပါသည်။ ထိုပညာသင်နှစ်နောက်ပိုင်း တွင် သဘောတူညီချက်မှာ အကျုံးမဝင်တော့ပါ။

၁၉၈၇ ခုမှစတင်ခဲ့သော အီရေးမတ်စ် သဘောတူညီချက်ကြောင့် ဗြိတိန်မှသန်းနှင့်ချီသောကျောင်းသား များမှာ နိုင်ငံခြားသို့ ပညာသင်စေလွှတ်နိုင်ခဲ့ကြပါသည်။ ကျောင်းသားပေါင်း ၂၀ဝ,ဝ၀ဝ ခန့်မှာ အစီအစဉ်၏ ကျေးဇူးကို နှစ်စဉ်ခံစား နိုင်ခဲ့ကြပါသည်။ ကျောင်းသားများက မိမိအတွေ့အကြုံကို တအံ့တသြပြောခဲ့ကြပြီး ဥရောပ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံကိုရရှိခဲ့သည်။ နိုင်ငံခြားဘာသာသင်ယူခြင်း။ ယဉ်ကျေးမှုတရပ်ကို လေ့လာ ခြင်းနှင့် အသက်ထက်ဆုံး ဆက်စပ်နီးနွယ်ခြင်းများရရှိခဲ့ကြပါသည်။ အီရေးမတ်စ်သည် ကျောင်းသားလဲလှယ် ရေး အစီအစဉ်သာမကတော့ဘဲ ဥရောပယူနီယံက အလုပ်လက်မဲ့ ပြသနာကိုဖြေရှင်းပုံလူအုပ်စု၏ နေရာပြောင်း ရွှေ့ပုံသဘောတရားကိုသိနားလည်စေခဲ့ပါသည်။

ဗြိတိန်နိုင်ငံမှ နိုင်ငံခြားသို့သွား၍ပညာသင်သူ အားလုံး၏တဝက်ခန့်မှာ အီရေးမတ်စ် အစီအစဉ်နှင့်ဖြစ်ပြီး လူများစွာတို့အဖို့ ဥရောပနှင့်ရင်းနှီးများစွာဆက်သွယ်ခြင်းနည်းလမ်းများကိုတွေ့ရှိခဲ့ကြသည်။ အသက် ၂၅ နှစ် အရွယ် ဗြိတိသျှကျောင်းသားတယောက်သည် ဤအစီအစဉ်ဖြင့် အီတလီနိုင်ငံသို့သွားရောက်ခဲ့ပြီး အီတလီနိုင်ငံ ရောမမြို့တွင် အလုပ်လုပ်လျက်ရှိသည်။ သူက အီရေးမတ်စ် ကိုအမြင်သာဆုံးဖြစ်သော ရှမ်ဂျမ်းဇုံ (Schengen Zone) အကြောင်းကို လွမ်းတသသပြောပြခဲ့သည်။ ဥရောပ ၂၆ နိုင်ငံတို့သည် ရှမ်းဂျမ်းဇုံတွင်ပါဝင်ကြပြီး ၄င်းတို့ တွင်နယ်ချင်းခြားသောနယ်နိမိတ်များမရှိကြပေ။ တနိုင်ငံနှင့် တနိုင်ငံပတ်စပို့မလိုဘဲကူးလူးဆက်ဆံနိုင်ကြသည်။
၂၀၁၉ ခုနှစ်တွင်ဗြိတိန်ကနိုင်ငံခြားကျောင်းသား ၃၀,ဝ၀ဝ ကျော်ကိုလက်ခံ၍ပညာသင်ကြာပေးခဲ့ပါသည်။ သူတို့ပြန်သွားကြသောအခါဗြိတိန်မှပညာရေးစနစ်၏အငွေ့အသက် အတွေးအခေါ်များပါသွားကြပါသည်။ အီရေး မတ်စ် ပရိုဂရမ်သို့ ဗြိတိသျှ ပညာရေးဌာနကစတာလင်ပေါင် ၁.၈ ဘီလီယံမျှပေးခဲ့ရပြီးကျောင်းသားများကိုလက် ခံသည့်အတွက် ပေါင် ၁ ဘီလီယံ မျှရရှိခဲ့ပါသည်။

ဗြိတိန်က ၂၀၂၁ ခုနှစ်စက်တင်ဘာလမှစပြီး သင်္ချာပညာရှင် ကျူရင် (Anan Turing) ကိုအစွဲပြု၍မှည့်ခေါ် ထားသော ပရိုဂရမ်အသစ်စတင်မည်ဖြစ်ပြီး ကျောင်းသား ၃၅,ဝ၀ဝ ကိုလက်ခံ၍ ပညာသင်ကြားရန် စီစဉ်ထား သညိ။ နှစ်စဉ် အသုံးစားရိတ်မှာပေါင်သန်း ၁၀ဝ မျှအသုံးပြုပါမည်။

(၃)
ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားလဲလှယ်ရေးအစီအစဉ်တွင် ကျောင်းသားအများဆုံးမှာ တရုတ်ပြည်မှဖြစ်ပြီး ကျောင်းသား ၉ သိန်း ၃ သောင်းကျော်မျှ နိုင်ငံခြားတွင် ပညာသင်ကြားလျက်ရှိသည်။ ဂျာမနီမှ ၃.၃ သိန်း၊ အိန္ဒိယ မှ ၁.၂ သိန်းကျော၊် အာဖရိကကျောင်းသားမှာ ၈ သောင်း ၆ ထောင်ကျော်မျှရှိသည်။ ကျောင်းသားများ သည် မိမိ ဇာတိရပ်မှ ဝေးကွာသောနေရာများတွင် ပညာသင်ကြားလျက်ရှိကြပါသည်။ ထူးခြား၍မိမိနေရပ်တွင် မရနိုင်သော အတွေ့အကြုံများကို ကျောင်းသားအရွယ်မှာပင် ရရှိကြခြင်းဖြစ်ပါသည်။ သူတို့သည် ဌာနေပြန်၍ ဖြစ်စေ၊ ပညာသင်ရာနေရာ၌ဖြစ်စေ အလုပ်ဝင်ကြပြီး လုပ်သားကောင်းများဖြစ်လာကြပါသည်။

ကိုသန်းလွင်
Ref: Britain to Discontinue exchange program By Elian Peltier New York Times December 31 2020.