Breaking News

ဇင်လင်း - နိုင်ငံရေးဆွေးနွေးပွဲများ၌ တန်းတူညီမျှမှု နှင့် အပြန်အလှန် လေးစားမှု ရှိကြပါရဲ့လား



ဇင်လင်း - နိုင်ငံရေးဆွေးနွေးပွဲများ၌ တန်းတူညီမျှမှု နှင့် အပြန်အလှန် လေးစားမှု ရှိကြပါရဲ့လား

(မိုုုုုုုးမခ) မတ််၂၉၊ ၂၀၂၀ 

မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေသည် ပြည်တွင်းစစ်သံသရာမှ ရုန်းမထွက်နိုင်ဘဲ ရှိနေသည်။ ပြည်တွင်းစစ်၏ ဘေးထွက်ဆိုးကျိုးကြောင့် နိုင်ငံတကာမှ လူ့အခွင့်အရေးချိုးဖေါက်သည်ဟူေသာ စွပ်စွဲမှုများ၊ ဖိအားများနှင့် ရင်ဆိုင်နေရ သည်။ ပြည်တွင်းစစ်၏ အကြောင်းရင်းဇစ်မြစ်သည် နိုင်ငံရေးပြဿနာဖြစ်ကြောင်း သိနေပါလျှက်၊ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရန် တွန့်ဆုတ်နေကြသည်။ အချင်းချင်းသွေးစည်းညီညွတ်မှု တည်ဆောက်ရန် မေ့လျော့နေကြသည်။ စိတ်ရင်း စေတနာ ရိုးရှင်းစွာဖြင့် ငြိမ်းချမ်းရေးရယူရေး ဆွေးနွေးကြမည်ဆိုလျှင် အဖြေကောင်းရနိုင်ပါလျှက် မလိုလားအပ်သော ရှေးရိုးအစဉ်အလာ ဆန္ဒစွဲများကို ရှေ့တန်းတင်လွန်း၍ တည်ငြိမ်အေးချမ်းမှု မရနိုင်ဖြစ်နေသည်။ နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းမှု လုပ်ကြရသည့် သဘောမှာ အပေးအယူ လုပ်ရခြင်း ဖြစ်သည်။ အပေးအယူမျှတဖို့ဆိုလျှင် အလျော့အတင်းလုပ် ကြရမည်ကို တွန့်ဆုတ်မနေသင့်။ ညှိနှိုင်းမှုလုပ်ကြရာတွင် ရာခိုင်နှုန်းအပြည့်ရလိုသည့် ဆန္ဒစွဲ စိတ်အခံကို ချိုးနှိမ်ထား သင့်သည်။ အခြားတစ်ဖက်သို့ မျှဝေခံစားခွင့် ပေးလိုသော အပြုစိတ်အခံကိုလည်း ကြိုတင်ခံယူထားရမည်။ အပြုစိတ် အခံအားနည်းကြသောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ယနေ့တိုင် တစ်ဆို့နေရသည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေး(NCA)လုပ်ငန်းစဉ်သည်လည်း အလားထူ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရသည်။ ရလဒ်မှာ တိုင်းရင်းသားဒေသ များတွင် တိုက်ပွဲများ မရပ်စဲနိုင် ဖြစ်နေသည်။

ပြည်တွင်းစစ်၏ အနိဋ္ဌာရုံများ အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးအနေဖြင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း အမြန်ဆုံးစတင်ကြရန် ‘ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့’ (ANPCC)က မတ်လ ၁၅ ရက်နေ့တွင် တိုက်တွန်းခဲ့ကြောင်း Development Media Group သတင်း အရသိရသည်။ ANPCC သည် မတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ပြန်လည်သုံးသပ်ရေးနှင့် ညှိနှိုင်းပေါင်းစပ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး၊ ကြေညာချက် ထုတ်ပြန်ကာ ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးနည်းနဲ့ အဖြေရှာမှုကို မလုပ်နိုင်တဲ့တွက် အပြစ်မဲ့ပြည်သူတွေ ဘေးဒုက္ခတွေကို ရင်ဆိုင်နေကြရတယ်။ အပြစ်မဲ့ပြည်သူလူထုတွေ မသေသင့်ဘဲ သေနေရတယ်။ ဒီကိစ္စတွေကို ကျနော်တို့က မဖြစ်စေချင်ဘူး။ အခုလို မ တော် မတရားလုပ်ရပ်တွေကို ကျနော်တို့က ရှုတ်ချတယ်” ဟု ANPCC ညှိနှိုင်းရေးမှူး ဦးထွန်းဇော်က DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် အပြစ်မဲ့ပြည်သူများ သေဆုံးမှုများကို ရှုတ်ချပြီး ‘လူသားဖြစ်တည်မှုကို ခြိမ်းခြောက်နေသော ရာဇဝတ်မှုများ’ အတွက် တာဝန်ရှိသူအားလုံး ပြည်သူများအပေါ် တာဝန်ယူတာဝန်ခံမှုရှိစွာ တရားမျှတမှုကို ဖော်ဆောင် နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းများအေနဖြင့် တွန်းအားပေးဆောင်ရွက်ကြရန်လည်း ANPCC က မေတ္တာရပ်ခံခဲ့သည်။

ဤအတောအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားေနသည့် ရခိုင်မြောက်ပိုင်းဒေသ၌ စစ်ဘက်ဆိုင်ရာလေယာဉ်များ၊ ရဟတ်ယာဉ်များ မပျံသန်းရေးဇုန်အဖြစ် သတ်မှတ်ကြေငြာပေးရန် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ သို့ အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်း(AAC)က မတ်လ ၁၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။ တပ်မ တော်အနေဖြင့် ရခိုင်အရပ်သားမြို့ရွာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မပြုလုပ်နိုင်ရန်တောင်းဆိုရခြင်း ဖြစ် သည် ဟုဆိုသည်။ တောင်းဆိုမှုကြောင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များကို ကုလမသဂ္ဂအပါအဝင် နိုင်ငံတကာက အာရုံစိုက်လာမည်ဖြစ်သည်ဟု AAC ဒု-ဥက္ကဌ ဦးသိန်းထွန်းဇံက ဆိုကြောင်း DMG သတင်း၌ ဖေါ်ပြသည်။

၂၀၂၀ မတ်လ ၁၄ ၊ ၁၅ ရက်များက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်ဆာဝကျေးရွာနှင့် ဝက်မကျ၊ ပြိုင်တင် ကျေးရွာ များကို တပ်မတော်က လေကြောင်းမှ တိုက်ခိုက်သဖြင့် အရပ်သား (၂၁)ဦး သေဆုံး၊ (၂၇)ဦး ဒဏ်ရာရရှိသွားသည်ဟု သိရပြီး၊ လူနေအိမ်များ မီးလောင်ပျက်စီးသွားသည်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း တွေ့ရသည်။ တပ်မတော်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိသူများအား စစ်ဆေးအရေးယူပြီး သေဆုံးသူများ ၊ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် တာဝန်ယူ လျှော်ကြေးပေး ရန်၊ ထိခိုက်နစ်နာသူမိသားစုများအား တရားဝင်တောင်းပန်ရန် စသည်ဖြင့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တပ်မ တော် အနေဖြင့် ရန်သူ့သတင်းမရဘဲ လေကြောင်းမှ တိုက်ခိုက်မှု မလုပ်ကြောင်း၊ ရန်သူက ပစ်ခတ်လာပြီဆိုလျှင် သူတို့ပစ်ခတ်သည့်နေရာများကို မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေနှင့် ပြန် လည်ပစ်ခတ်ရကြောင်း တပ်မ တော် သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက VOA သတင်း ဌာနသို့ မတ်လ ၁၆ ရက်နေ့က ပြောကြားထားသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်အတွင်း ပိုမိုဆိုးဝါးလာနေသော ပြည်တွင်းစစ်နှင့် နောက်ဆက်တွဲ လူမှုဘေးဒုက္ခ အနိဌာရုံများမှာ အခြေခံ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်မှု မရှိသောကြောင့် ၂၁ ရာစု၏ နည်းပညာခေတ်တွင် မင်းမဲ့စရိုက်ဆန် သော လူ့ဘောင်လောက အနေအထားသို့တိုင် ခေတ်နောက်ပြန်ဆွဲလာနေသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသည်ဟု ANPCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ်မီး ချုပ်ငြိမ်းစေရန်နှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာစာချုပ် (Bilateral) သဘောတူလက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းခြင်းကို မတ်လ (၁)ရက်မှ မတ်လ (၂၅) ရက်နေ့အထိ ထပ်မံသက်တမ်းတိုးမြှင့်လိုက်သည်ဟု AA၊ TNLA၊ MNDAA တို့က ကြေငြာခဲ့သည်။ သို့သော် ရခိုင်ပြည်နယ် တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ အစိုးရနှင့် AA ကြား Bilateral စာချုပ်မရေးထိုးနိုင်လျှင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဟု နိုင်ငံရေးလေ့လာသူတစ်ချို့က သုံးသပ်ကြသော်လည်း တပ်နေရာချထားရေးကိစ္စ သဘော ထား ကွဲလွဲနေမှုကြောင့် Bilateral စာချုပ် ချုပ်ဆိုနိုင်ရန် အခက်တွေ့နေသည်ဟု ခိုင်သုခက DMG သို့ပြောဆိုထားသည်။ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား(၁၃၀)ကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော်အထိရှိလာနေကြောင်း ရက္ခိုင်ကျောင်းသားသမဂ္ဂ (တက္ကသိုလ်များရန်ကုန်) ၏ စာရင်း အရသိရသည်။

သတင်းကောင်းတစ်ခုမှာ ၂ နှစ်နီးပါး အချိန်ယူရေးဆွဲခဲ့သည့် အခြေခံမူ ၂၄ ချက်ပါ ‘ဖက်ဒရယ်ဆိုင်ရာ အခြေခံမူစာတမ်း’ ကို KNU ၊ KIO ၊ RCSS အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (EAO) ၁၂ ဖွဲ့လက်မှတ်ထိုးခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အသုံးပြုမည့် ‘ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ဘုံသဘောတူညီချက် စာတမ်း’ ကို ဖေဖော်ဝါရီ ၂၉ ရက်က ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့က အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း မွန်သတင်း ဧဂျင်စီ (MNA)သတင်းက ဆိုသည်။ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ကချင် လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ အေဘယ်တွိနှင့် ချင်းအမျိုးသားတပ်(CNF) ဥက္ကဋ္ဌ ပူဇင်ကျုံးတို့က တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုယ်စား လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

အစည်းအဝေးပြောခွင့်ရ (KNPP) ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က “အဓိကကတော့ ဖက်ဒရယ်ကို ဘယ်လို ပုံစံနဲ့ တည်ဆောက်သွားမလဲဆိုတဲ့ နေရာမှာ အနာဂတ်ဖက်ဒရယ်ရဲ့ အစိုးရပုံစံ၊ တရားဥပဒေပိုင်းဆိုင်ရာ ၊ အုပ်ချုပ်ရေးပိုင်းဆိုင် ရာ၊ လွှတ်တော်ပိုင်းဆိုင်ရာတွေကို ဘယ်လိုလုပ်မလဲ အချက်တွေပါမယ်။” ဟု ဆိုသည်။

ဖက်ဒရယ်အခြေခံမူ ၂၄ ချက်ကို ဘုံသဘောတူညီချက်စာတမ်းအဖြစ် သဘောတူညီခဲ့ခြင်းအပါအဝင် အထက်ပါ ဖက်ဒရယ် အခြေခံမူများကို ကိုင်စွဲ၍ ကျန်ရှိသည့်အဖွဲ့များ ပါဝင်လာရေး ဆွေးနွေးသွားမည်ဟု ဆိုသည်။ ဆွေးနွေးပွဲ ရလဒ်များမှ ရရှိလာသော အချက်အလက်များကို ပြန်လည်ညှိနှိုင်းသွားရန်နှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆက်လက် ပြုလုပ်သွားရန် စသည့် ရပ်တည်ချက် ၄ ချက်ဖြင့် ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

ထို့အတူ အစည်းအဝေးပြောခွင့်ရသူ စိုင်းလျန်က “အပြီးသပ်ကြီးအတည်ပြုတယ်ဆိုတာထက် Working Document အနေနဲ့ ဆက်ပြီးညှိ နှိုင်းစရာရှိတာ ညှိနှိုင်းသွားဖို့ အဓိကကျတာပေါ့၊ Guiding Principle ၂၄ ချက်ကိုတော့ အများအား ဖြင့် အားလုံးနီးပါးသဘောတူတယ်ဆိုတဲ့ သဘောထားတော့ ရတယ်။ နောက် ကျန်တဲ့အခြားအချက်အလက်တွေတော့ ဆက်ပြီး လေ့လာဖို့ရှိတယ်။ နောက်ပြီး ဆက်ပြီးတော့ ညှိနှိုင်းဖို့ရှိတယ်။” ဟု ဆိုသည်။

အဆိုပါလုပ်ငန်းစဉ်များအကောင်အထည်ပေါ်လာစေရန် KNPP ဒုဥက္ကဋ္ဌ ခူဦးရယ်ကို လုပ်ငန်းအကောင်အထည်ဖော်ရေး အလုပ်အဖွဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်ထားပြီး အဖွဲ့ဝင်များတွင် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ထဲမှ တစ်ဖွဲ့လျင် ၂ ဦးစီ ပါဝင်ကြောင်း သိရသည်။ လက်ရှိဖက်ဒရယ်အခြေခံမူကို ၂ နှစ်ကြာမျှ အချိန်ယူရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယခုသဘောတူ ထားကြသည့် အဖွဲ့များတွင် NCA လက်မှတ်ထိုးအဖွဲ့များဖြစ်သော KNU၊ RCSS၊ CNF၊ ဒီမိုကရက်တစ်ကရင့်အကျိုးပြု တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA-PC ၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် KIO၊ KNPP အဖွဲ့များပါဝင်သည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများနှင့်ပတ်သက်၍ အပစ်ရပ်အဖွဲ့များ ချည်းလုပ်ဆောင် မရသဖြင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များနှင့် ညှိနှိုင်းခြင်း ဖြစ်ကြောင်း RCSS အကြံပေး ဦးခွန်းဆေ က ပြောသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးဖို့က ပြည်ထောင်စု အခြေခံမူများဆိုတာ ရှိတာကိုး။ သူတို့က အဲဒီ ကိစ္စ တွေကို ဆွေးနွေးတဲ့အခါကျလို့ရှိရင် လက်မှတ်မထိုးတဲ့သူတွေလည်း ပါစေချင်တာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ နားလည်မှုယူပြီးပါပြီ။” ဟု ဦးခွန်းဆေက ဆိုသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ‘‘လက် မှတ်ထိုးတဲ့အဖွဲ့တွေရော၊ လက်မှတ်မထိုးတဲ့အဖွဲ့တွေရော ဖက်ဒရယ်မူ ဒါတွေကို ဖြစ်လာနိုင်အောင် ဝိုင်းညှိတယ်ဆိုတာ ဝိုင်းဝန်းကြိုဆိုရမယ်။ အစိုးရကလည်း အားပေးသင့်တယ်။” ဟု ဆိုသည်။ KIA အနေဖြင့် စစ်တိုက်သည့် လမ်းစဉ်ထက် နိုင်ငံရေးအရ အဖြေရှာနိုင်ရေး စဉ်းစားသည့် အနေအထားကို တွေ့ရကြောင်း ဒေါက်တာမင်းဇော်ဦးက ဆိုသည်ဟု 7Day News ၌ ဖေါ်ပြခဲ့သည်။

“ကျနော်တို့ကေအဲန်ယူအနေနဲ့ တကယ် ရေရှည် တည်တံ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ လိုချင်တဲ့ အတွက် ကြောင့်လည်း ဒီ NCA အကောင်အထည်ဖော်မှုကို တွန်းတွန်းတိုက်တိုက်နဲ့ပါဝင်ခဲ့တာပေါ့။ အဲ့တော့ ရေရှည်တည်တံ့ ခိုင်မြဲ တဲ့ ငြိမ်းချမ်းရေးဆိုတာက နိုင်ငံရေး ရလဒ်ထွက်လာဖို့လိုပါတယ်။ နိုင်ငံရေးအရ ရလဒ်ကောင်းတွေ ထွက်လာခြင်းဟာ အောက်ခြေမှာ တစ်ဖက်က တင်းမာမှုတွေကို အတိုင်းအတာတစ်ခုအထိတော့ လျော့ကျအောင် အထောက်အပံ့ ပေးပါ လိမ့်မယ်။ အဓိက ကတော့ ဒီကနေ့ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ ခံယူချက်နဲ့ ကျနော်တို့တွန်းတွန်းတိုက်တိုက် ဆက်သွား မယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုဖြစ်တဲ့ အတွက်ကြောင့် သက်ဆိုင်ရာ Stakeholder တွေ ဆွေးနွေးညှိနှိုင်းဘက်တွေ ကြားထဲမှာလည်း အာသီသ ပြင်းပြမှလည်း ဖြစ်မှာ ဖြစ်ပါတယ်။ ကျနော်တို့က အာသီသ ပြင်းပြစွာနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ တပ်တပ်ချင်း တွေ့ဆုံညှိနှိုင်းမှုကို သော်လည်းကောင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး ဖက်ဒရယ်တည်ဆောက်မှု အခြေခံ ရရှိမှုကိုသော်လည်းကောင်း တစိုက်မတ်မတ် ကြိုးစားနေပါတယ်။” ဟု KNU အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူး က KIC သတင်းဌာနသို့ ပြောကြားခဲ့သည်။

လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အကြား မည်သည့် အချက်များ၌ ကွာဟလျှက်ရှိသည်ကို စိပ်ဖြာကြည့်ပါက၊ ‘တန်းတူညီမျှခြင်း’ နှင့် ‘အပြန်အလှန် လေးစားခြင်း’ ဆိုသည့် အခြေခံသဘောတရားတွင် ကွဲလွဲနေသည်ကို တွေ့ရသည်။ တန်းတူရေးညီမျှရေးဆိုသည်မှာ Stakeholders အချင်းချင်းအကြား တန်းတူဆက်ဆံကြရန် အရေးကြီးသည်။ မည်သူကမျှ ခေါင်းတစ်လုံးပို မြင့်သည်ဟု အထင်မရောက်မိဖို့ ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် လေးလေးစားစား တန်ဖိုးထား အသိအမှတ်ပြုရန် လိုသည်။ တစ်ဖက်နှင့် တစ်ဖက် မိတ်ဖက်ဖြစ်သည်ဟု သဘောထားတတ်ဖို့လည်းလိုသည်။ ရည်ရွယ်ဦးတည်ရာ ပန်းတိုင် တူပါက၊ မိတ်ဖက်သဘောဆက်ဆံရမည်မဟုတ်ပါလော။ မသိစိတ်၌ ရန်ဖက်ဟု ထင်မြင်နေသေးသမျှ နိုင်ငံရေးရည်မှန်း ချက် ကွာဟနေသေးကြောင်း ဝန်ခံရာရောက်သည်။

ရည်ရွယ်ရာ ပန်းတိုင်တူသည်ဟု ယေဘုယျလက်ခံလျှင် ဖက်အသီးသီးအနေဖြင့် မိတ်ဖက်ဆက်ဆံရေး ထူထောင်ရမည်။ အချင်းချင်း အပြန်အလှန်နားလည်အောင် ကြိုးစားကြရမည်။ အချင်းချင်း အပြန်အလှန်နားလည် လက်ခံနိုင်မည့် အဖြေ ကိုရှာရန် အမြင်ဖလှယ်ရမည်။ ဆွေးနွေးတိုင်ပင်ရမည်။ အစိုးရနှင့် တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) ဘက်မှ ဆွေးနွေးတင်ပြချက်များကို တလေးတစား နားထောင်သင့်သည်။ ယခင် အစိုးရလက်ထက်က အဖြေရှာ၌ နားလည်မှုရှိစွာ ဆွေးနွေးခဲ့ကြသဖြင့် Nation-wide Ceasefire Agreement ဆိုသည့် စာချုပ်ကြီး ဖြစ်လာသည်ဟု EAOs တို့က ဆိုသည်။ လက်ရှိ အစိုးရလက်ထက်တွင် ဆက်ဆံရေး ပုံစံ ပြောင်းသွားသည်ဟု ဝေဖန်သံအချို့ ထွက်ပေါ်နေသည်။ အထူးသဖြင့် အပြန်အလှန်လေးစားတန်ဖိုးထားရမည့်အစား၊ ဗျူရိုကရက်ဆန်ဆန် အပေါ်စည်းကနေလိုသော ခေါင်းဆောင် များနှင့် ကြုံတွေ့ရသည်ဟု ဆိုသည်။ တစ်ဖက်နှင့် တစ်ဖက် လေးလေးစားစား တန်ဖိုးထား နားထောင်ရမည့်အစား အစိုးရ ဖက်က ယူဆောင်လာသည့် မူဝါဒကိုသာ လိုက်နာရမည်ဟူသော အနေအထားမျိုးနှင့် ကြုံရသည်ဟု ဝေဖန်မှုလည်း ကြားရ သည်။ ထိုသို့ပြုမူရိုးမှန်ပါက တန်းတူညီမှုကို ပစ်ပယ်ရာရောက်သည်။ နောက်ဆက်တွဲ ရလဒ်မှာ တစ်ဖက်နှင့် တစ်ဖက် လိုလိုလားလား ပူးပေါင်း အဖြေရှာလိုသည့် စိတ်အား ထက်သန်မှုကို ပျက်ပြားစေမည်ဟု သုံးသပ်မိသည်။။။

(28 March, 2020, Saturday သူရိယ နေဝန်း ဂျာနယ်၌ ဖေါ်ပြသည့် ဆောင်းပါး)