Breaking News

ကိုသန်းလွင် - အီရန်နှင့်ကုန်သွယ်ရေး



ကိုသန်းလွင် - အီရန်နှင့်ကုန်သွယ်ရေး

(မိုးမခ) မတ် ၂၉၊ ၂၀၂၀

(၁)

သင်သည် နိုင်ငံခြားရေးရာများကို စိတ်ဝင်စားသူမဟုတ်ပါက Instex -Instrument in support of Trade Exchanges ဆိုသောစကားလုံးကိုကြားဖူးချင်မှကြားဖူးပါလိမ့်မည်။ ဤကုမ္ပဏီကို ဂျာမနီ၊ပြင်သစ်နှင့် ဗြိတိန်တို ့ က ဦးစီးပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလက ဖွင့်လှစ်ခဲ့ပါသည်။ ၄င်းစနစ် ကအမေရိကန်ဆန်ရှင် (Sanction) ထဲမှနေ ၍ အီရန်နှင့် စီးပွားရေးဆိုင်ရာ အဆက်အသွယ်များကို ပြုလုပ်ပေးရန်ဖြစ်ပါသည်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဌာန၏အဆိုအရ ဤကုမ္ပဏီအနေဖြင့် ပထမဆုံးကုန်ကူးသန်းရောင်းဝယ်ခြင်းကိုပြုလုပ်ပါတော့မည်။

(၂)

အကယ်၍ အီရန်နှင့် ကုန်သွယ်မှုလုပ်ငန်းသည်အန္တရာယ်ရှိမရှိကို ဝေဖန်လိုပါကဇန်နဝါရီလ ၃ ရက်နေ ့ကအဖြစ် အပျက် ကိုသတိရမိကြပါလိမ့်မည်။ ထိုနေ့ကအမေရိကန်က ဒရုန်း နှင့်ပြစ်ခတ်မှုကြောင့် အီရန်စစ်ဗိုလ်ချုပ် ဆူလ မာနီ (Qasem Soleimani) သေခဲ့ရပါသည်။ ဂျင်နရယ်သည် အခြားခေါင်းဆောင် ၉ ဦးနှင့်အတူ အိီရပ်လေဆိပ် အနီးတွင် ပစ်ခတ်ခြင်းခံခဲ့ရပါသည်။ ဤပစ်ခတ်မှုကြောင့် အီရန်နှင့်အမေရိကန်တို့သည် စစ်ဖြစ်ကြတော့မည် လားဟု စိုးရိမ်ခဲ့ကြရပါသည်။ ထိုနည်းတူ ဥရောပခေါင်းဆောင်များအဖို့မှာလည်း ဘေးမှနေ၍ စိုးရိမ်ပူပန်မိကြမှာ သေချာပါသည်။

အမေရိကန်သမ္မတထရမ့်က ၂၀၁၈ခုနှစ် မေလတွင် အီရန်နှင့်ချုပ်ဆိုသောစာချုပ်ကို ဖျက်သိမ်းပြီးကတည်းက ဥရောပနိုင်ငံများသည် အီရန်နှင့်သဘောတူညီမှုအရ ချုပ်ဆိုထားသော JCPOA- ခေါ် အီရန်နျူကလီးယား သဘောတူညီမှုကို မပျက်အောင် ဘယ်လိုထိန်းသိမ်းရမလဲဟု နည်းလမ်းရှာဖွေခဲ့ကြပါသည်။ ဤသဘောတူညီ မှုမှာ မူလကအီရန်နှင့်အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်၊ ရရှားနှင့်ဥရောပကောင်စီတို့ချုပ်ဆိုခဲ့ကြ ခြင်းဖြစ်ပါသည်။ ၃နှစ်အကြာမှာထရမ့်ကစာချုပ်မှထွက်ခွါပြီး အီရန်နိုင်ငံအပေါ်တွင်ဆန်ရှင်များကို ယခင်အတိုင်း ပြန်လည်ချမှတ်ခဲ့ပါသည်။ အမေရိကန်ကုမ္ပဏီများကို အီရန်နှင့်စီးပွားရေးအရအဆက်အသွယ်လုပ်ခြင်း အား ခွင့်မပြုသည့်အပြင် နိုင်ငံခြားတိုင်းပြည်များကိုပါ ကုန်သွယ်မှုမပြုလုပ်ရန် တားမြစ်ထားပါသည်။

အမေရိကန်တို့က ပေါ်လစီကို ပြောင်းလဲလိုက်ခြင်းဖြစ်ပါသည်။ ယခင်က ဥရောပနိုင်ငံများနှင့်အတူ ဆုပေး ဒဏ်ပေး (Carrots and Stick) စနစ်ကျင့်သုံးခဲ့ရာမှ အစွမ်းကုန်ပိတ်ဆို့ရေးပေါ်လစီ သို့ပြောင်းပြီး အီရန်နိုင်ငံကို စီးပွားရေးအရ ပိတ်ဆို့ထားရေးဖြစ်ပါသည်။ ထိုဆန်ရှင် ပေါ်လစီကဥရောပနိုင်ငံများကိုလည်း အီရန်နှင့်ဆက်ဆံ ခြင်းအတွက် အရေးယူအပြစ်ပေးရန် ဖြစ်လာပါသည်။

ဥရောပမှ လက်မှတ်ရေးထိုးထား သူတို့အဖို့ ကြီးစွာသောပြဿနာနှင့် ကြုံရပါသည်။ အမေရိကန်ကစာချုပ်မှ ထွက်ခွါသွားကတည်းက အီရန်က သူ၏နျူကလီးယား ပရိုဂရမ်ကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လာ ပါသည်။ ဥရောပနိုင်ငံများ အထူးသဖြင့် ဂျာမနီနိုင်ငံက အီရန်ကို အဆက်ဆံမပျက် ဆက်လက် ဆက်ဆံလို ကြသည်။ ထို့ကြောင့် ဥရောပနိုင်ငံများအနေဖြင့် ရွေးချယ်ရန် ပြဿနာဖြစ်လာတော့သည်။

အမေရိကန်၏ ကြီးစွာသော စီးပွားရေးက သြဇာအာဏာ ကြီးမားလှပါသည်။ ထို့ပြင် ဒေါ်လာ၏ပါဝါကလည်း အရောင်းအဝယ်ပြုလုပ်ရာတွင် အရေးကြီး လှသည်။ ကုမ္ပဏီများမှာ အမေရိကန်နှင့်တိုက်ရိုက်မပတ်သက်လျင် လည်း ၄င်းဆက်သွယ်သော ဘဏ်က ဒေါ်လာငွေကြေးကိစ္စများကြောင့် ဆက်သွယ်ရသည်။

ထို့ကြောင့်အမေရိကန်တို့နှင့်ကင်းဝေးစေရန် ဘဏ္ဍာရေးကိစ္စများကို မိမိဖါသာ ဆောင်ရွက်နိုင်ရန်အရေးကြီး သည်။ ထို့ကြောင့် အင်းတက်စ် မှာ အရေးပါလာရသည်။

အင်းတက်စ်က အီရန်နိုင်ငံနှင့်ကုန်သွယ်ရာတွင် (Barter) စနစ်နှင့်ကုန်ပစ္စည်းများလဲလှယ်ရန် ရည်ရွယ်သည် ငွေကြေးပေးချေခြင်းများမပါဝင်ပေ။ ထိုသို့လုပ်ခြင်းဖြင့်အမေရိကန် ဆန်ရှင်ကိုလည်းဖေါက်ဖျက်ရာမရောက် တော့ပေ။ ဤစနစ်၏အောက်တွင် ပိုက်ဆံသည် ဘေ်ဒါလိုင်း (နယ်နိမိတ်) မျဉ်းကြောင်းများကို ဖြတ်စရာမလို ပေ။ အီရန်တို့ က ရရှိသော ကုန်ပစ္စည်းများစာရင်းကို မှတ်သားထားမည်။ ထို့နောက်ထိုကုန်ပစ္စည်းနှင် ့ညီမျှ သော ကုန်ကိုအီရန် ကတင်ပို့ပေးရမည်။ အကယ်၍ တင်ပို့သူ (Exporter) နှင့် တင်သွင်းသူ (Importer) များမှာ နယ်နိမိတ်တစ်ဖက်တည်းတွင် ရှိနေလျင်မူ ငွေစာရင်းရှင်းပေးရမည် ဖြစ်သည်။

ကြည့်ရသည်မှာ ရှုတ်ထွေးစရာတွေပါနေသည်။ တကယ့်ပြင်ပတွင် ဖြစ်ပျက်နေသည်များမှာ ပိုမိုရှုတ်တွေးပါ၏။ ဂျာမနီတို့က ဤကိစ္စတွင်ဖြေရှင်းရန်ပြဿနာ (Technical Problems) များစွာရှိပါ သည်ဟု ဝန်ခံသည်။

အင်းတက်စ် ကို ဥရောပကောင်စီ၏ နိုင်ငံခြားရေးရာဌာနက ၂၀၁၈ခုနှစ် စက်တင်ဘာလက စတင်ကြေညာခဲ့ ပါသည်။ အစကဥရောပကောင်စီ၏ အဖွဲ့အစည်းအဖြစ်ထားရှိရန်ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင်တရား ရေးနှင့် နိုင်ငံရေးရာ အချက်အလက်များကြောင့် ပရိုက်ဗိတ်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပါသည်။ အဓိကမှာ သုံးနိုင်ငံ ပါဝင်ပြီး ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့ဖြစ်ပါသည်။ ပြင်သစ်ပြည်တွင် ကုမ္ပဏီရုံးဖွင့်ပြီး ဂျာမနီတို့ကဦး ဆောင်ပါသည်။ လူမှန်နေရာမှန် ရှာဖွေရာမှာခက်ခဲခဲ့ပါသည်။ ထိုသူသည်သံတမန်ရေးရာနှင့် ဘဏ်လုပ်ငန်းများ တွင် ကျွမ်းကျင်ရန်လိုပြီး ပုဂ္ဂိုလ်ရေးရာ အန္တရာယ်က ကြီးလှပါသည်။ အမေရိကန် ဘဏ္ဍာရေးစည်းကမ်းများကို ချိုးဖေါက်ပါက အရေးယူရန် အသင့်ဖြစ်နေသောကြောင့်ဖြစ်ပါသည်။

ကုမ္ပဏီဖွင့်လှစ်ပြီးဖြစ်ကြောင်း ကြေညာရန်ကြန့် ကြာနေခဲ့ရပြီးနောက် ၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် ကုမ္ပဏီဖွင့် လှစ်ကြောင်း ကြေညာခဲ့ပါသည်။ ရူမေးနီးယားနိုင်ငံ ဗျုခါရက်မြို့ (Bucharest) တွင် ကျင်းပသော အစည်းအဝေး တွင်ဂျာမနီနိုင်ငံခြားရေးဝန်ကြီးမားစ် ( Mr Heiko Maas) က “ကျွန်တော်တို့ကနျူကလီးယား သဘောတူညီမှု စာချုပ်ကို ထိန်းသိမ်းထားရုံမျှ မကဘဲ အီရန်နှင့် စီးပွားရေး ဆက်လက်လုပ်ကိုင် နိုင်ပါပြီ”ဟု ပြောခဲ့သည်။

ထို့သို့ပြောအပြီးတစ်နှစ်အကြာတွင်မှ ဥရောပနိုင်ငံများနှင့် အီရန်နိုင်ငံကုန်သွယ်ရေးတို့ ဆက်လက်လုပ်ဆောင် ရန် အဆင်သင့်ဖြစ်နေပါပြီဟုကြေညာနိုင်ခဲ့ခြင်းဖြစ်ပါ၏။ အမေရိကန်တို့၏ အီရန်နိုင်ငံကိုပိတ်ဆို့ထားခြင်း အပေါ် အာခံသည့်လုပ်ရပ် ဟုလည်းဆိုနိုင်ပါသည်။

ထိုအတောအတွင်း ဂျာမနီတို့က ပထမဆုံးကူးသန်းရောင်းဝယ်မှုကို အစမ်းသဘောမျိုး လုပ်ဆောင်ခြင်း ဖြစ် ကြောင်း၊ စာရင်းအတိအကျ ပြောဆိုခြင်းမရှိသော်လည်း တန်ဖိုးမှာ ယူရိုတစ်သန်းမရှိပါဟု ပြောပါသည်။

သူတို့အဓိကထားပြောသည်မှာ ဤလုပ်ရပ်သည် တရားဝင်လုပ်ခြင်းဖြစ်ကြောင်း အမေရိကန် ဆန်ရှင်မူဝါဒ ကိုလည်း ဖေါက်ဖျက်ခြင်းမရှိကြောင်း ပထမဆုံး အင်းတက်စ် စနစ်အရ တင်ပို့သောပစ္စည်းမှာ ဂျာမနီလုပ် ဆေးဝါး ပစ္စည်းများဖြစ်ကြောင်းသိရပါသည်။

သူတို့တင်ပို့သော ကုမ္ပဏီအမည်ကိုဖော်ပြခြင်းမရှိခဲ့ပါ။ ဤကိစ္စနှင့်ပတ်သက်နေသော ဘဏ်အမည်ကိုလည်း ဖော်ပြထားခြင်းမရှိပါ။ ထို့အတူ ပမာဏညီမျှသော အီရန်မှ ကုန်ပစ္စည်းတင်ပို့ခြင်းမရှိသေးပါ။

တစ်နည်းအားဖြင့်ကြည့်လျင်လည်း ဥရောပကောင်စီက လူလူချင်းညှာတာထောက်ထားသည့်အနေဖြင့် လူသုံး ဆေးဝါး ယူရို တစ်သန်း တန်ဖိုးရှိပစ္စည်းများကို အီရန်သို့တင်ပို့လိုက်ခြင်းဖြစ်ပါသည်။ ဥရောပနိုင်ငံများအနေ ဖြင့်လည်း အီရန်နှင့်အဆက်အဆံမဖျက်ဘဲအီရန်ကိုနျူးကလီးယားနိုင်ငံ မဖြစ်အောင်ဟန့်တားလို ကြသည်။ ဂျာမနီနိုင်ငံကဒေသတွင်းနိုင်ငံအချင်းချင်းရိုင်းပင်းသည့်အနေဖြင့် မစ္စတာထရမ့် ကအစွမ်းကုန်ဖိအားပေးခြင်း ပေါ်လစီကိုခုခံလိုက်ခြင်းပင်ဖြစ်သည်။

(၃)

ယခုလက်ရှိအခြေအနေမှာ ဂျာမန်အရာရှိများအနေဖြင့် လက်ရှိအနေအထားထက် ပိုမို ဆိုးရွားသွားမည်ကိုစိုးရိမ် နေကြသည်။ သူတို့က ဝိုးတဝါးမျှော်လင့်ကြသည်မှာအီရန်၏နျူကလီယားအခြေအနေသည်သည့် ထက်ပို၍ရှေ့ တန်းရောက်မလာရေးပင်ဖြစ်သည်။ လာမည့်နိုဝင်ဘာလ အမေရိကန်ရွေးကောက်ပွဲ တွင် ဒေါ်နယ်ထရမ့်သာ အနိုင်ရသွားပါက တမျိုးစဉ်းစားလျင်စဉ်းစားကြရဦးမည်။

သူတို့က ခြေလှမ်းကို ဖြေးဖြေးလျှောက်လိုကြသော်လည်း သူတို့နှင့်ပူးပေါင်းလိုကြသောပါတနာများကကမ်းလှမ်း နေကြပြီဖြစ်သည်။ တရုတ်နှင့်ရုရှားတို့က ဒေါ် လာငွေကြေး အပေါ် မှီခိုနေရခြင်းကို မတတ်သာ၍သာ လက်ခံရ ခြင်းဖြစ်သည်။ သုံးနိုင်ငံ အင်းတက်စ် စနစ်ကိုကြီုက်နှစ်သက်သဖြင့် ပူးပေါင်းလိုကြသည်။ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးကမူ ယခုအချိန်အထိ လက်မခံသေးပေ။

ကိုသန်းလွင်

Ref: The failure of Europe’s Feeble Muscle Flexing, Anna Sauerbrey, New York Times February 10, 2020