Breaking News

မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၁၁၊ ၂၀၂၀



မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၁၁၊ ၂၀၂၀

(မိိုးမခ) ဧပြီ ၁၁၊ ၂၀၂၀
(သူ့ဖေစ်ဘွတ်က ကူးပါတယ်)

အဖွားဖြစ်သူ ဒေါ်ခင်မျိုးချစ်ရေးခဲ့တာ သတိရတယ်။ သူများတွေများ ဉာဏ်တုံးချက် ငါတောင် ဉာဏ်မမှီဘူူး တဲ့။

အခုလည်း အမေရိကန်က မဘသသမ္မတကြီး ထရန့်ကလည်း ကြည်ညိုလို့ကို မဆုံးနိုင်ဘူး။ တနေ့တမျိုး ပြောနေတာ မရိုးနိုင်ဘူး။ မနေ့က စိုးရိမ်ရတယ်တဲ့။ ဒီနေ့ကျတော့ အမေရိကန်ကို ပြန်ဖွင့်တော့မယ်တဲ့။ ကွီနိုင်သောက်ကြည့် အရှုံးမရှိတဲ့။ ဘေးက ဆေးပညာရှင်တွေဟာ ထရန့်ပြောသမျှ လိုက်လိုက်ပြီး ဖာ ဖာ နေကြရတော့ အဖွားဒါ်ခင်မျိုးချစ်ပြောသလိုပဲ - မင်းတို့တွေအားလုံး ဖာခေါင်း ဖာသည်တွေ ဖြစ်ကုန်ပြီ။ ရာဇဝန်ကို တွန်ရောပဲ။

အင်္ဂါနေ့က ဝင်စကွန်ဆင်ပြည်နယ်မှာ သမတအကြိုရွေးကောက်ပွဲကို တရားရုံးတော်အမိန့်နဲ့ အတင်းအကြပ် ကျင်းပခဲ့တယ်။ ပြည်နယ်ဝန်ကြီးချုပ်က ဒီမိုကရက်၊ သူက လူတွေ အိမ်ထဲမှာနေ၊ ရွေးကောက်ပွဲကို ရွေ့ဆိုင်းချင်တယ်။ ရီပတ်ဘလစ်ကန်ကြီးစိုးသော တရားရုံးတော်က မရဘူးတဲ့။ လူတွေ အိမ်ပြင်ထွက် မဲပေးကြတဲ့။ အမိန့်။ သည်လိုနဲ့ လူတွေဟာ ဗိုင်းရပ်ကို အံတုပြီး အိမ်ပြင်ထွက် မဲပေးကြရရှာတယ်။ မဲကို စာတိုက်ကနေ ပေးခိုင်းလည်း ရသားနဲ့ မလုပ်ဘူး။ ဘာကြောင့်လဲ။ အကြိုရွေးကောက်ပွဲက ဒီမိုကရက်သမတလောင်း ရွေးပွဲအဓိကဆိုတော့ ရီပတ်ဘလစ်ကန်တွေက အနေသာကြီးကိုးလေ။ နိုင်ငံရေးကို ဦးစားပေးပြီး မဲဆန္ဒရှင်အသက်ကို ဂရုမစိုက်တာ စိတ်ပျက်စရာ။

ပြီးတော့ ရီပတ်ဘလစ်ကန်တွေနဲ့ သမတကြီး ထရန့်တို့၏ ရွှေဉာဏ်တော်ကလည်း မြင့်တယ်။ ရွေးကောက်ပွဲတွေမှာ ကြိုတင်မဲတို့ စာတိုက်ကနေမဲပေးတာတို့ - ဒါမျိုးတွေ ကန့်သတ်ပစ်ရမယ်တဲ့။ လူတွေကိုယ်တိုင် မဲထွက်ပေးမှ ဖြစ်မယ်တဲ့။ ဒါမှ voter turn out မဲပေးသူဦးရေကို ထိန်းသိမ်းထားနိုင်မှာတဲ့။ လူတိုင်း လွယ်လွယ်ကူကူ သက်သက်သာသာ မဲပေးနိုင်မယ်ဆိုရင် မဲပေးသူဦးရေတွေ တိုးလာတဲ့အခါ သူတို့ ရီပတ်ဘလစ်ကန်တွေ မဲရှုံးဖို့ ပိုများလို့ပါတဲ့။ သူတို့ ဉာဏ်တုံးချက်တွေကတော့ ဉာဏ်တောင် မမှီဘူးပဲ။

ကိုဗစ်ကိုချည်းနောက် လိုက်နေရင် ကိုဗစ်က ကိုယ့်ဆီရောက်လာလိမ့်မယ်တဲ့။ ကိုဗစ်ကို ဖြတ်ပြီး အေးရာအေးကြောင်းနေသင့်ကြောင်း မောင်ရစ်၏ အခြားတခြမ်း ရစ်ကတော်က မိန့်ကြားပါတယ်။ မောင်ရစ်၏ ဆင်ခြေကတော့ ကိုဗစ်ကို ဒေါသတွေ သောကတွေ အကုသိုလ်အတုံးလိုက်တွေနဲ့ နောက်ကလိုက်နေတာ မဟုတ်ပါ။ ကိုဗစ်ကို ခုခံဖို့ စာပေအင်အား ဗဟုသုတအင်အားတွေ ပရိသတ်နဲ့ မိတ်ဆွေတွေကို ပေးဆပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါကြောင်း။

အခုဆိုရင် ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပြီး ကိုဗစ်ကို တွန်းလှန်နေကြတဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ သမတကြီး ထရန့်နဲ့ ပြည်ထောင်စုအစိုးရကို သိပ်ပြီး ဝေဖန်ပြစ်တင်တာ မလုပ်တော့ပါဘူး။ ပြည်ထောင်စုအစိုးရနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေကြောင်း ကျေးဇူးတင်ကြောင်းပဲ ပြောကြပါတော့တယ်။ သွားပြောနေ ထောက်ပြနေလည်း လျာတိုတာပဲ အဖတ်တင်မှာကိုးလေ။ ထရန့်က ပိုပြီး မန်းလေ ပြဲလေ ကဲလေ ဖြစ်မှာကိုး။ သည်တော့ သတင်းစာဆရာတွေကပဲ ထရန့်ကို တိုက်ရိုက် မေးခွန်းတွေ မေးပြီး အမှားတွေ ထောက်ပြပြီးပဲ ဝေဖန် ပြောဆိုနေကြရပါတယ်။ သူတို့အလုပ်သူတို့လုပ်တာတောင် ထရန့်က ဆဲလိုက်ဆိုလိုက်တာ ရှက်စရာပါ။ သို့သော်လည်း ခင်ညွန့်ထက်တော့ တော်သေးတယ်လို့ စီအင်အင်က သတင်းထောက်ကို အားပေးလိုက်ရတယ်။ ခင်ညွန့်သတင်းစာရှင်းလင်းပွဲမှာများ ခင်ဗျားတို့ သွားထောက်ပြီး မေးရင် နက်ဖြန် ခင်ဗျား မျက်နှာသစ်စရာတောင် ရှိမှာ မဟုတ်တော့ဘူး လို့ ပြောလိုက်ရတယ်။

ကပ်ရောဂါဆိုက်နေချိန်မှာ တကြောင်းတည်းသော လမ်းစဉ်ချမှတ်ပြီး ခုခံကြတာ ကောင်းပါတယ်။ အခြား စိတ်များစရာ စိတ်ကစားစရာတွေ သွင်းလာတာ မသင့်တော်ပါ။ ငယ်စဉ်အခါ ပညာရှာတုန်းက မိဘတွေ ပြောတယ်မဟုတ်လား၊ ပညာပဲ ရှာ၊ ကြင်ယာတွေ မရှာနဲ့အုံး ဆိုတာမျိုး။ အခု ကပ်ရောဂါ ဆိုက်ချိန်မှာ ရောဂါပျောက်အောင် ကြပ်ကြပ်မတ်မတ်ကုမယ့်အစား ပြည်ထောင်စုအစိုးရက လူနာကို ပျောက်အောင် မကုပေးပဲ ခေါက်ဆွဲကြော်စားမလား ဟဲ့။ အုံးထမင်းလေး ကောင်းတယ် ဟဲ့။ မုန့်ဟင်းခါး ငရုတ်သီးနိုင်နိုင်နဲ့ စားပါလားဟဲ့ ဆိုပြီး ဆေးမတိုက်ပဲ လူနာကို အလိုလိုက်ပြီး ဟိုကျွေးသည်ကျွေးနဲ့ သေအောင် သတ်သလို ဖြစ်နေပါတယ်။

ပြည်ထောင်စု ဆရာဝန်ကြီး ဒေါက်တာ ဖူချီကို မေးကြည့်ရဦးမယ်။ ကိုဗစ်ဗိုင်းရပ်စ်က တချို့လူတွေရဲ အဆုပ်ကို စားပစ်တယ် ဆိုရင် တချို့ လူတွေရဲ့ ဦးနှောက်တွေကိုရော စားများ ပစ်သလား မသိဘူးလို့။ အဖွားဖြစ်သူ ဒေါ်ခင်မျိုးချစ်ရေးခဲ့တာ သတိရတယ်။ သူများတွေများ ဉာဏ်တုံးချက် ငါတောင် ဉာဏ်မမှီဘူူး တဲ့။