Breaking News

မောင်လူပေ - ကိုရိုနာ ကပ်ရောဂါအခြေအနေအတွင်း အခြေချနေထိုင်ခွင့်ပိတ်မယ်ဆိုတဲ့ ထရန့်



မောင်လူပေ - ကိုရိုနာ ကပ်ရောဂါအခြေအနေအတွင်း အခြေချနေထိုင်ခွင့်ပိတ်မယ်ဆိုတဲ့ ထရန့်

(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၀

​မမြင်နိုင်သောရန်သူ၏ တိုက်ခိုက်ခံနေရချိန်မှာ အမေရိကန်ပြည်သူများကို ကာကွယ်ရန်အတွက် သမ္မတ၏ အထူးအမိန့်အနေနှင့် အမြဲအခြေချခွင့်ဗီဇာ Immigrant visa ထုတ်ပေးမှုကို ယာယီရပ်ဆိုင်းမည်ဟု သမ္မတထရန့်က တွီတာမှာရေးထားသည်။ အမျိုးအစားအားလုံး ပိတ်လိုက်မည်ဟု မထင်ပါ။ ရာသီအလိုက် သီးနှံဆွတ်ခူးသူများ၊ စားသောက်ဆိုင်အကူများ၊ ဆရာဝန်၊ သူနာပြုများ၊ အိုင်တီပညာရှင်များ စသည့်လုပ်ငန်းများတွင် ထိုသူများကို အားကိုးနေရဆဲဖြစ်သည်။

ထရန့်၏ အဖိုး၊ မိခင်၊ မိန်းမနှစ်ယောက်၊ ယောက္ခမများတို့မှာလည်း Immigrant များသာဖြစ်၏။ ကယ်လီဖိုးနီးယားပြည်နယ်သားလေးဦးတွင် တစ်ဦးသည် ထိုသူများသာ ဖြစ်၏။ ထို့ကြောင့် ထိုဥပဒေကို ဆန့်ကျင်ကြသူများပါလိမ့်မည်။ ရွေးကောက်ပွဲနှစ်မို့ အမာခံထောက်ခံသူ မျိုးချစ်တွေ၏အကြိုက် ကြေညာမည်ထင်ရသည်။ အလုပ်လက်မဲ့ဖြစ်ကုန်ကြသည့် အမေရိကန်လူမျိုးများအတွက် ကာကွယ်ပေးသည်ဆိုကာ နာမည်ယူခြင်းလည်း ဖြစ်၏။

တရုတ်နှင့်ဥရောပနိုင်ငံသားများကို ဗီဇာပိတ်ထားပြီးဖြစ်သည်။ နယ်စပ်များလည်း ပိတ်ထားလိုက်ပြီဖြစ်သည်။ ပြည်ပ လေကြောင်းလိုင်းတွေလည်း မပျံသန်းသလောက်နည်းနေသည်။ ဧည့်သည်လည်း မလာနိုင်။ ထိုသို့ ပိတ်လိုက်ပါက ထိခိုက်မည်မှာ ရောက်နှင့်ပြီးသော အခြေချနေထိုင်ကြသူများသာ ဖြစ်သည်။ မိသားစုများနှင့်ပြန်ဆုံဖို့ မရေရာတော့ပြီ။

ရွှေ့ပြောင်းအခြေချသူတို့နှင့် စတင်ထူထောင်ခဲ့သောနိုင်ငံမို့ ၁၉၁၈ စပိန်တုတ်ကွေးရောဂါဖြစ်ပွားနေချိန်မှာပင် လူပေါင်းတစ်သိန်းတစ်သောင်းကျော်ကို အခြေချခွင့်ပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း တစ်သိန်းခုနှစ်သောင်းခန်ခွင့်ပြုခဲ့သည်။ လယ်ယာလုပ်ငန်းအတွက် မက္ကဆီကန်လူမျိုးအများစုအပါအဝင် လူပေါင်း နှစ်သိန်းနှစ်သောင်းကျော်ကို ယာယီလုပ်သားဗီဇာဖြင့် နေထိုင်ခွင့်ပြုခဲ့သည်။

၂၀၁၉အတွင်း အမေရိကားမှာ အခြေချနေထိုင်ရန်အတွက် ဆွေမျိုးခေါ်များအနက်မှ လူပေါင်းလေးသိန်းခြောက်သောင်းကို ဗီဇာထုတ်ပေးခဲ့သည်။ လဝကဌာနတွင် green card လျှောက်ထားသူ နိုင်ငံခြားသားများအနက် ငါးသိန်းရှစ်သောင်းကို အတည်ပြုထုတ်ပေးခဲ့သည်။ အခြေချနေထိုင်သူတို့ကြောင့် အမေရိကန်ပြည်ထောင်စု၏စီးပွား​ရေးကို များစွာအကျိုးရှိစေခဲ့သည်ဟု စီးပွားရေးပညာရှင်များကလည်း ဆိုကြသည်။

ထိုထိုအကြောင်းများကြောင့် သမ္မတ၏အမိန့်ထွက်လာလျှင်လည်း ဥပဒေကြောင်းအရ တရားစွဲမှုတွေနှင့်သာ ရင်ဆိုင်ရမည်ဟု ထင်မြင်ပါသည်။