Breaking News

မောင်စွမ်းရည် - ကပ်ကြီးသုံးပါး ကြုံဖူးတယ်"




မောင်စွမ်းရည် - ကပ်ကြီးသုံးပါး ကြုံဖူးတယ်"

(မိိုးမခ) ဧပြီ ၁၂၊ ၂၀၂၀
(နေရာတကာဂျာနယ်အွန်လိုင်း ကနေ ယူပါတယ်)

အသက်တရာမနေရတောင် အမှုတရာတော့ ကြုံရတတ်ပါတယ်တဲ့။ လူကြီးသူမတွေရဲ့ ဆိုရိုးဆိုစ ဉ်စကားတရပ်ပါ။ မှန်လိုက်တာ ကျနော်တို့များလဲ အသက်တရာနားနီးခဲ့ပြီဆိုတော့ အမှုတရာမက ကြုံခဲ့ရပြီပေါ့။

“ကပ်ကြီးသုံးပါး” တဲ့ ငယ်စ ဉ်ကတည်းက စွဲရတဲ့ စကားစုတရပ်ပါပဲ။ လူကြီးမိဘတွေကို ကန်တော့ရင် “ကပ်ကြီးသုံးပါး ကျော်နင်းနိုင်သူ ဖြစ်ပါစေ” ဆိုတာ ကြားရလေ့ရှိပါတယ်။ ကျွန်တော်တို့ကလည်း ပေးတဲ့ဆုနဲ့ ပြည့်ပါစေ တဲ့။ ဒါပေမယ့် ကပ်ကြီးသုံးပါးဆိုတာ ဘာမှန်းညာမှန်း မသိခဲ့ဘူး။ ကိုယ်သိတာက ဝါးကပ်နဲ့ ကတ်ကြေးပဲ သိတာကိုး၊ လူကြီးသူမတွေ “ကျော်နင်း” စေချင်တဲ့ ကပ်ဆိုတာ မြေကြီးပေါ်မှာ ချပြီးကျော်နင်းရတဲ့ ကပ်လို့ပဲ ထင်ခဲ့တာပေါ့။ ဘုန်းတော်ကြီးများကလဲ “ဒုဗ္ဗိက္ခန္တရကပ်”၊ “သတ္တန္တရကပ်”၊ “ရောဂန္တရကပ်” တဲ့၊ ပါဠိလိုပဲ ဟောတယ်။ ကပ်ကြီးသုံးပါးက ကိုယ့်အပေါ်ကျော်နင်းသွားခဲ့တာတောင် ဘာဖြစ်လို့ ဘာဖြစ်မှန်း သိလိုက်တာမဟုတ်ဘူး။ ကျောင်းနေတော့ ဆရာဆရာမအချို့က အမေးအမြန်းထူတာ ကို သိပ်မကြိုက်လှဘူး။ ကိုယ်တိုင် ဆရာဖြစ်လာတော့လည်း တပည့်က မေးလာမြန်းလာတဲ့အခါ သိပ်မကြိုက်ချင်ဘူး။ ကိုယ်မသိတာမေးလာမှဖြင့် ဒုက္ခပေါ့။ ထားပါတော့၊ ဆရာဆရာမများသင်ကြားပေးခဲ့လို့ပဲ ကပ်ကြီးသုံးပါးကို လူစကားနဲ့ နားလည်ခဲ့ရပါပြီ။ အငတ်ဘေး၊ စစ်ဘေး၊ ရောဂါဘေးတဲ့။ ဘေးအန္တရာယ် အဖျက်သမား ကပ်ကြီးသုံးပါးဆိုသကိုး။ စာအုပ်တွေရဲ့ နောက်ဆုံးမှာ ခက်ဆစ်အဖြေတွေပါတာကိုလဲ လှန်လှောကြည့်တတ်ပြီလေ။

တကယ်တော့ ကပ်ကြီးသုံးပါးက ကိုယ့်အပေါ် ကျော်နင်းခဲ့ဖူးတာကို ကိုယ်ကသာ မသိလိုက်တာ။ ကျော်နင်းသွားတာက မသိမသာ ကျော်နင်း သွားတာတော့မဟုတ်ဘူး။ ကိုယ်က “ကျော်နင်းတာ” ဆိုတာ မသိလိုက်တာ၊ ကြီးလာတော့မှ “အလိုလေး.. ငါကံကောင်းလို့ပါလား”လို့ ဘုရားတမိရပါတယ်။

ဒီလိုပါ၊ ဂျပန်ခေတ် ၁၉၄၂-၄၃-၄၄ လောက်ကပေါ့။ ကျွန်တော်က ဆယ်ကျော်သက်တော့ မရောက်သေးဘူး။ တဆယ်မကျော် အသက် ၁၀ နှစ်အောက် အရွယ်ပဲရှိသေးတယ်။ လူမှန်းသူမှန်းသိစမှာပဲ ကပ်ကြီးသုံးပါးက ကိုယ့်အပေါ်ကျော်နင်းနေတာ ကိုယ်ကမသိလိုက်ဘူးပေါ့။ ကံကောင်းလို့ပေါ့၊ ဂျပန်ခေတ်က ဖြစ်ပါတယ်။ လေယာ ဉ်ပျံပေါ်က ဗုံးတွေကြဲလို့ လေယာ ဉ်သံကြားတိုင်း ဗုံးကျင်းထဲကို ဆင်းခဲ့ရတယ်။ မြေပြင်မှာကော ဂျပန်ဆိုတဲ့ ဖက်ဆစ်များနဲ့အမေရိကန် အင်္ဂလိပ်မဟာမိတ်များ ပစ်ကြခတ်ကြပေါ့။ မကြာခင်မှာပဲ ဗမာပြောက်ကြားစစ်သားတွေကလဲ ဂျပန်တွေနဲ့ ပစ်ကြခတ်ကြပေါ့။ ဒီလို ပစ်ကြခတ်ကြ သတ်ကြတာကိုတော့ သိတာပေါ့။ ဒါကို သတ္တန္တရကပ် လို့တော့ ဘယ်သိမှာလဲ။

ဒီလိုစစ်ကြီးဖြစ်လာတဲ့အခါ စိုက်ပျိုးရေးတို့၊ သယ်ယူပို့ဆောင်ရေးတို့၊ ကုန်ထုတ်လုပ်ရေးတို့လဲ ပုံမှန်မလုပ်နိုင်ကြတော့ အစာရိက္ခာရော၊ ဝတ်စရာ အဝတ်အထည်၊ ရေ၊ ဆေးဝါးဆိုတာတွေရော အကုန်ရှားပါး ပြတ်လပ်ကုန်ပြီဆိုတော့ အငတ်ဘေးလဲ ကြုံရတာပေါ့။ မြေပိုင်ရှင် သူကြီးသား မောင်စွမ်းရည်လဲ ပြောင်းထမင်း ပဲထမင်း၊ ပီလောရွက်ဟင်းချို (ပီလောဟင်းချိုဟာ တရော် ကင်ပွန်း ခေါင်း လျော်ရည်လို ချွဲလို့ ပဲထမင်း ပြောင်းထမင်းတို့ကို လည်ချောင်းထဲသို့ အဝင်ချောစေပါတယ်။) တို့ကို နေ့စဉ်စားခဲ့ရတာ ကံကောင်းလို့ပေါ့။ ငပိရည်ဆိုတာတောင် ပြတ်လတ် သွားခဲ့ရပါတယ်။ ဆပ်ပြာပြတ်လပ်လို့ သဲဆပ်ပြာတောင် ပုံမှန်မသုံးနိုင်ခဲ့ကြတဲ့အတွက် လူတွေ ဝဲနာ၊ ယားနာတွေ ပေါက်ကြရတယ်။ ကျောက်ပေါက် တယ် ဆိုတာလဲ ကြုံရတယ်။ သူကြီးသားလဲ ပေါက်တာပေါ့။ ပထမတော့ ကာဘော်လိပ် ဆပ်ပြာဆိုတဲ့ လေးထောင့်အနီခဲကြီးတွေ သုံးနိုင်သေးတယ်။ နောက်တော့ ဆင်ချေးတုံးဆပ်ပြာ ခေါ်တဲ့ မဲမဲ အခဲတွေတောင် မသုံးနိုင်တော့လို ့ သဲဆပ်ပြာကိုပဲ သုံးရတော့တာပါ။

အဟာရပြည့်အောင်မစားရ၊ လုံခြုံအောင်လဲ မဝတ်ရဆိုတာ အဲဒါ အငတ်ဘေးပေါ့။ ဒီလို အငတ်ဘေးကျလာရင် ရောဂါတွေလဲ ရောက်လာပြီး ကပ်ကြီးသုံးပါးလုံး ဆက်မိသွားပါလေရော ။ ရောဂါဆိုတာက ပလိပ် ကပ်ရောဂါပါတဲ့။ ပုလိပ်ဆိုတာ ကာကီဘောင်းဘီတိုနဲ့ ဖော့ ဉီးထုပ်နဲ့ နှစ်လုံးပြူးသေနတ် နဲ့ လူတွေပေါ့။ ဂေါ်ယာပုလိပ်ဆိုလို့ ဂေါ်ကြီးများ ထမ်းလာမလားအောက်မေ့ပါတယ်။ “ဒိန်း” လို့မြည်တဲ့ မဲမဲအချောင်းကြီးတွေ ထမ်းလာကြတာကိုး။ အဲဒီပုလိပ်တွေ မဟုတ်ဘဲ စျေး ဉီးပေါက်ရောက်လာတာက ကြွက်တွေဗျို့ ကြွက်တွေ၊ ကြွက်တွေ သောင်းကျန်းတော့ ကြောင်တွေလဲ မနိုင်တော့ဘဲ ကြွက်ကြောင့် ကြောင်တွေပါ သေကြရတယ်ဆိုပဲ။ ကြွက်တွေဟာ အိမ်တွေရဲ့ ထုတ်၊ ယောက်၊ ဒိုင်း၊ မျှား၊ အမိုးအကာတွေပေါ်က တဖုတ်ဖုတ်ပြုတ်ကျပြီး ကြမ်းပြင်ပေါ်မှာ ဆန့်ငင်ဆန့်ငင်သေကြတာဟာ ကောက်ပြီး လွှင့်ပစ်လို့ မနိုင်တော့ဘူးပေါ့။

ဂျပန်စစ်သားတွေက ရွာသားတွေကို ပါဏာတိပါဏကံ ကျူးလွန်ခိုင်းသတဲ့။ သူတပါးအသက်ကို သတ်ခိုင်းတာပေါ့။ သူတို့ကတော့ လူတွေကို သတ်တယ်။ ဗမာရွာသားတွေက ကြွက်တွေကို သတ်ရပါတယ်။ တကောင်သတ် လာရင် တစ်ဆင့် ထင်ပါရဲ့၊ ဆုချပါတယ်။ လူကြီးတွေက ကြွက်ကလေး တွေသတ်ပြီး လူကလေးတွေက ကြွက်သေလေးတွေကို ဖက်နဲ့ထုတ်ပြီး ဂျပန်တွေဆီကို တကောင်ကို တစ်ဆင့် (တစ်ပြား) နဲ့ ရောင်းပါတယ်။ ဂျပန်တွေက ကလေးတွေကို မြေကြီးမှာ ကျင်းတူး၊ ကြွက်သေထဲ့ ရေနံဆီလောင်းမီးရှို့ခိုင်းပါတယ်။ ရေနံဆီရှားလာလို့ ထန်းရွက်ခြောက်နဲ့ ဝါးခြမ်းပြားစိတ်ကလေးတို့ စုကောက်ထည့်ပြီး မီးရှို့ရပါတယ်။ အဲဒီခေတ်ကြီးကို လူကြီးတွေက စမြုံ့ပြန်ကျတော့ “ကြွက်ကျတဲ့ခေတ်” လို့ ဆိုပါသဗျား။

ကြွက်တွေကစပြီး ပလိပ်ရောဂါဖြစ်လို့သေကြတာပါ။ ကြွက်တွေထံက ပလိပ်ရောဂါကူးပြီး လူတွေလဲ ကြွက်တွေလို တဖြုတ်ဖြုတ်သေကြရရှာတယ်။ အရုဏ်တက်ချိန် မလင်းသေးဘူး၊ လမ်းပေါ်က ငိုသံတွေကို ကြားရပါတယ်။ ထပြီးချောင်းကြည့်တော့ လူသေအလောင်းတွေကို ဖျာလိပ်တွေနဲ့ လိပ်ပြီး ထမ်းထားတဲ့လူတွေဟာ မကြာခဏထွက်လာကြပါတယ်။ ရေနံဆီမီးခွက်ကလေးတွေကို ဘီစကွတ်မုန့် သံပုံးလေးထဲထည့်ပြီး သံပုံးကို ကြိုးတပ်ဆွဲလာ ကြတာဖြစ်ပါတယ်။ မနက်လင်းကာမှ ဘယ်သူ့အိမ်က ဘယ်သူဖြင့် “ကြွက်ကိုက်လို့” ဆုံးပြန်ပြီဆိုတဲ့သတင်းကို စနည်းနာရတော့တယ်။

နောက်တော့ ဂျပန်က ရွာသားတွေကို ရွာပြင်ထွက်နေကြဖို့ အမိန့်ထုတ်ပါတယ်။ ရွာပြင် ယာခင်းလွတ်တွေထဲမှာ ထန်းလက်တဲထိုးပြီးနေကြရပါ တယ်။ အချို့လဲ သစ်ပင်ရိပ်နား နေကြရပါတယ်။ ရွာပြင်ဘက်မှာ ချက်ပြုတ်စားကြတာ မီးခိုးတလူလူနဲ့ပေါ့။ ကျွန်တော်တို့ကလေးတွေကတော့ ကျယ်ပြန့်တဲ့ ယာခင်းတွေထဲမှာ ဆော့ကြရလို့ ပျော်နေကြတာပေါ့။

ဒီလိုကာလမှာ လေပြင်းမုန်တိုင်းတွေကျလာလို့ အထိတ်တလန့်ဖြစ်ရပါသေးတယ်။ ထန်းလက်တံတွေလဲ ပြုတ်ထွက် လွင့်ပျံကုန်တာပေါ့။ ကောင်း ကင်ပေါ်မှာ ဖျာစုတ်တွေ၊ ထန်းရွက်တွေ၊ သစ်ရွက်ခြောက်တွေဟာ အမြင့်ကြီး ပျံတက်လွှင့်ထွက်နေကြတာကြည့်ပြီး ကလေးတွေကတော့ ပျော်ကြတာပေါ့။ ကြာတော့လဲ ကြောက်လာတာပေါ့။ လူကြီးတွေက အော်ခိုင်းလို့ “လေပွေ..ဓားကြည့် .. ဓားကြည့်” လို့ အော်ကြ ဟစ်ကြရပါတယ်။ ကောင်း ကင်တခုလုံးမဲမှောင်နေတာပါ။ လူတွေကို လေထဲက လွင့်လာတဲ့ သွပ်ပြားတွေမှန်မှာစိုးလို့ ရှောင်ကြတိမ်းကြရတာပဲရှိပါတယ်။

ရွာထဲမှာ အချို့အိမ်ထဲက အမှိုက်တွေ၊ ပစ္စည်းအတိုအစတွေကို ရွာလယ်မှာ ပုံပြီး ဂျပန်တွေက မီးရှို့ခိုင်းသတဲ့၊ ကြွက်သေတွေကိုလဲ ဝယ်သတဲ့၊ လူတွေကိုလဲ ဆေးထိုးပေးပါတယ်။ လူကို အပ်နဲ့ထိုးပြီး ဆေးရည်သွင်းပြီးတာဟာ ဂျပန်ခေတ်ကမှ စတင်တွေ့ကြုံခဲ့ရဖူးတဲ့ အတွေ့အကြုံပါ။ လက်မောင်းကြီးတွေကို နီရဲယောင်ကိုင်းနေကြပါတယ်။ အဲဒါ “ပလိပ်ကပ်ရောဂါကျရောက်တဲ့ခေတ်”၊ “ကြွက်ကျတဲ့ခေတ်”၊ “ဂျပန်ခေတ်” ခေတ်ပါ၊ တပြိုင်တည်းမှာပဲ အငတ်ဘေးရော၊ စစ်ဘေးရော ကျရောက်ခဲ့ကြရလို့ “ကပ်ကြီးသုံးပါး” ဆိုက်ရောက်တယ်လို့ ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။ သတ်ကြတယ်၊ ငတ်ကြတယ်၊ ရောဂါတွေ ဖြစ်ကြတယ်။ ကပ်ကြီးသုံးပါးကို ငယ်စဉ်ကတည်းက ကြုံတွေ့ဖြတ်သန်းခဲ့ရပါတယ်။
မေ့လို့ .. ကျနော်အဖိုး “သူကြီးမင်း” လဲ ကြွက်တွေကိုတော့ သြဇာမပေးနိုင်ခဲ့ရှာဘဲ ကြွက်ကိုက်လို့ သေဆုံးခဲ့ရရှာပါတယ်။ ကပ်ကြီးသုံးပါး ကျော်နင်းနိုင်ကြပါစေ။

မောင်စွမ်းရည်
၂၀၂၀ ခု၊ ဧပြီ ၉ ရက်။