Breaking News

မောင်ခိုင်အောင် - မြန်မာစာ ညံ့တဲ့ကောင်




မောင်ခိုင်အောင် - မြန်မာစာ ညံ့တဲ့ကောင်

(မိုးမခ) ဇွန် ၁၊ ၂၀၂၀

(စာရေးဆရာ၏ ဖေ့စ်ဘွတ်စာမျက်နှာကနေ ကူးယူဖော်ပြပါတယ်)


မြန်မာစာသည် ပျင်းရိငြီးငွေ့ဘွယ်ကောင်း၏။ ကဗျာများသည် မုန်းစရာ။ ဦးဩဘာသ၊ ဦးကြင်ဥ၊ ဦးပုည၊ ဇော်ဂျီ၊ သိပ္ပံမောင်ဝ သူ စိတ်မဝင်စားပါ။

အေးဆေးစွာသင်္ချာတွက် အဖြေရှာရခြင်းသည် ပျော်မွေ့စရာ၊ ပြီးလျှင် ဘောလုံးကန် ချောင်းထဲရေချိုး၊ တစ်ခါတရံ သူငယ်ချင်းများနှင့် ခိုးပြီး ဖဲကစားမည်။

ဆရာများက ပြောသည် မြန်မာစာညံ့တဲ့ကောင်။

ရှစ်တန်းတုန်းက အဖေနှင့် ဆရာကြီးများရှေ့တွင် ခရိုင်လူရည်ချွန်အတွက် နှုတ်ဖြေ ဝင်ရသည်။ ဆရာကြီးတစ်ဦးက "မင်းရန်ဖြစ်ဖူးသလား"။
"ဟုတ်ကဲ့"
"ဒါဆို မင်း ရန်လိုတယ်ပေါ့"
"မလိုပါ"
"ဒါဖြင့် ဘယ်လိုရန်ဖြစ်တာလဲ ပြောပြဦး"
"ကျွန်တော်တို့ ဘောလုံးကစားရင်း..." ရန်ဖြစ်ရပုံကို ဇာတ်ကြောင်းပြောပြီး ရှင်းပြဖို့ ကြိုးစားရင်း အသံများတုန်ယင်၊ ပါးစပ်နှင့်နှုတ်ခမ်းတို့ မဲ့ရွဲ့လာ၊ စကားလုံးများ ဆို့နင့်လာ၊ ရှေ့ဆက်ရန် မကြိုးစားချင်တော့၊ စိမ့်လာသောမျက်ရည်များကို လက်ဖမိုးနှင့် သုတ်နေမိသည်။

"မင်းငိုနေသလား"ဟု ဆရာကြီးနောက်တစ်ဦးက မေးသည်။ မငိုပါဆိုသောစကား၌ ငိုသံလွှမ်းနေပြီ။

ညနေဘက် မိသားစုဝိုင်းတွင် အဖေက "မင်း လူရည်ချွန် ဘယ်လိုလုပ်လို့ဖြစ်မလဲ" ဟု ပြောသည်။ အမေက ရယ်နေသည်။

ကိုးတန်းမှာတုန်းကလည်း ထိုနည်းလည်းကောင်း။

ဆယ်တန်းမှာလည်း အဖေအပါအဝင် ဆရာကြီးများရှေ့မှောက်ရောက်ရပြန်ပြီ။ ပြိုင်ဘက်တွေက နယ်မှ ဝိဇ္ဇာကျောင်းသားများ၊ သူက မြို့ပေါ် အထက(၁)မှ သိပ္ပံကျောင်းသား။

ဆရာကြီးတစ်ဦးက"ငါးပါးသီလ ရသလား"
"ဟုတ်ကဲ့ ရပါတယ်"
"ဆိုပြပါဦး"
အထစ်ထစ်အငေါ့ငေါ့နှင့် စတုတ္ထမှာ ရပ်နေသည်။ အစီအစဉ်ကျမည်မထင် နောက်တစ်ခါ စဉ်းစားသည် ပြန်ပြောသည်။ ထပ်နေပြီ။
"မင်း ငါးပါးသီလ မရပါလား"ပြန်မပြောရဲ ခေါင်းငုံ့ထားသည်။
"ကဲ ဒါဖြင့် ကာမေသုမိစ္ဆာစာရာဝေရာမဏိအဓိပ္ပါယ်ကို ပြောပါဦး" စဉ်းစားပြီးဖြေသည်။ ဆရာကြီးတို့ ရယ်ကြသည်။

ညနေဘက် မိသားစုထမင်းဝိုင်းမှာ အဖေကပြန်ပြောသည်။ ညီ ညီမငယ်များက တအံ့တဩကြည့်ကြသည်။"အဲဒါ တကယ်လား"ဟု အမေက စိတ်ဆိုးစွာ ကြည့်လျက်မေးသည်။ ပြန်မဖြေရဲ။

"ဒိဠိသျှေ"(ဒိဠိလေး)ဟု ဆိုသည်။ ထမင်းစား၍ မရတော့ မျက်ရည်များစီးကျလာသည်။

သူဆယ်တန်းအောင်သည်။ တစ်ပြည်လုံးမှာ သုံးဘာသာဂုဏ်ထူးရှင် သုံးရာ့ငါးဆယ်နီးပါးထဲ သူပါသည်။ လေးဘာသာတစ်ဦးသည် မြန်မာစာနှင့်အညာသူ၊ ထုံးစံအတိုင်း ညံလိုက်တဲ့ မြန်မာစာ။

သုံးနာရီမေးခွန်းအချိန်စေ့ချိန်တွင် စာစီစာကုံးက ခေါင်းစဉ်တပ်ပြီး နိဒါန်း ရေးဖို့ စရုံရှိသေးသည်။ သင်္ချာကိုတော့ တစ်နာရီခွဲနှင့် ပြီးခဲ့သည်။ သင်္ချာ ရမှတ်က မြန်မာစာနှင့် အင်္ဂလိပ်စာ နှစ်ခုပေါင်းထက်ပိုသည်။ ပထမဦးစားပေးလျှောက်သောကျောင်းသို့ မရောက်ခဲ့ပါ။

"မြန်မာစာ ညံ့သောကြောင့်"ဟု အဖြေထွက်သည်။အဖေ ကျောင်းဆရာကြီး စိတ်ရှုပ်ထွေးသွားသည်။ အသက်မစေ့ပဲ ဖြေလိုက်တယ်။ တစ်နှစ်စောင့်လိုက်ရင် အကောင်းသားလို့ အမေက ဖြေသိမ့်သည်။

သူ့အတွက် သင်္ချာရမှတ်ထဲက ၂၀ လျော့ပြီး၊ မြန်မာစာ ၄ မှတ်ပိုလျှင်မှ လျှောက်တဲ့ကျောင်း ရမည်တဲ့။ မြန်မာစာညံ့တဲ့ဘဝ၊ ကံဆိုးကံနိမ့်လိုက်ပုံများ။

သို့နှင့် ဒိဠိလေးသည် စွယ်တော်ရိပ်သို့ ရောက်လာ၏။

ပထမနှစ်ဝက်တွင် မြန်မာစာဌာနမှူးက ကျောင်းသား ငါးရာကျော်ထဲမှ ဆယ်ဦးကိုခေါ်တွေ့သည်။ သူ ပါချေပြီ။

"မောင်ရင် မြန်မာစာ တော်တော် ညံ့တယ် စိတ်မဝင်စားဘူးလား" ဆရာကြီးက ကော်ဖီနှင့် မုန့်ကျွေးပြီး မြန်မာစာတန်ဖိုးဒေသနာကို ဟောလေ၏။

ဒုတိယနှစ်မှာ ဒီဇင်ဘာတစ်ည၌ ကျောင်းသားအောင်လံကိုင်ရင်း စွယ်တော်ရိပ်နှင့် ဝေးစေသည့် မင်းပြစ်မင်းဒဏ်ကို ခံလိုက်ရသည်။

စာတွေအစုံဖတ်၊ စာကြည့်တိုက်ထဲဝင်၊ စာကြည့်တိုက်ထောင်၊ စာရေးဖို့ကြိုးစား၊ အဖေက မျက်စောင်းနီနဲ့ မကျေနပ်။ စွယ်တော်ရိပ်ဆီသို့ ပြန်အဝင်မှာ မုန်းတဲ့ကဗျာတွေနဲ့ ချစ်ခင်လာခဲ့လေသည်။

ကဗျာဆိုတာ အဖိနှိပ်ခံပြည်သူတွေအတွက် စမ်းရေတစ်ခွက် လက်နက်တစ်ခု၊ ကဗျာတွေ... ကဗျာတွေ... ရေးရင်း...ဖတ်ရင်း...ရွတ်ရင်း...ဖြန့်ရင်း ကျောင်းကြီးနဲ့သိပ်နီးတဲ့နရသိန်ဆီ ရောက်ခဲ့ပေါ့။

မှောင်မည်းတဲ့အခန်းကျဉ်း၊ စိုစွတ်အေးစိမ့်သောသံမံတလင်း၊ သံချေးအထပ်ထပ်သံတိုင်များ၊ ထမင်းတစ်လုတ် ရေတစ်မှုတ်ညများ၊ ဂါထာတစ်ပုဒ်ကို တိုးတိုးရွတ် တစ်ခါတရံ ကျယ်လောင်စွာအော်ဆို။ ရင်ထဲမှာ လွမ်းသူ့ပန်းခွေဝတ္ထုများကို ပြန်ဖတ်။ လွမ်းမိသူများကို တဝကြီးလွမ်း။

"ဒို့ရဲဘော်များဟာ အခက်အခဲနဲ့တွေ့ရင်
အောင်မြင်မှုကို ကြည့်ရမယ်
နေရောင်ခြည်ကို မြင်ရမယ်။"

အနာဂတ်အတွက် ကဗျာ၊ ဘာပဲဖြစ်ဖြစ် ချစ်ခဲ့သည်မှာ ကဗျာ။

၁၉၈၈ မိုးရက်များ၏ လူထုတိုက်ပွဲဆအာင်လံတော်။
ဒီရေမြင့်သစ် တက်လာသည်။ လှိုင်းများ...လှိုင်းများ...
ကိုယ့်မြို့စစ်တွေနရသိန်ထဲ၊ သူ ရောက်သွားပြန်သည်။
ဒါလဲ ကဗျာတစ်ပုဒ်(သို့မဟုတ်)ကဗျာများနှင့်အိပ်စက်ခြင်း ပါပဲ။
လှိုင်းညွန့်ကျိုး ဒီကျချိန် သောင်ပြင်မှာ ဖိနပ်စုတ်၊ အမှိုက်သရိုက်
ခွေးသေကောင်များနဲ့အတူ ပန်းခွေများ။
အမေ ဇနီးနှင့် သမီးလေးများဆီ အိမ်အပြန်မှာ
ဘာလင်တံတိုင်းပြိုခဲ့ပြီ၊ ဆိုဗီယက်အင်ပိုင်ယာ ပြိုကွဲခဲ့ပြီ။
အာဏာရှင်စနစ်တစ်ခုရဲ့နိဂုံးလား သမိုင်းရဲ့နိဂုံးလား
မြင့်မြတ်သောရုပ်ထုများသည် ကောက်စိုင်ကျောက်ခဲမျှသာ
လူ့သမိုင်းမှာ အမှိုက်ပုံးဆိုတာရှိ၊ ပြတိုက်ဆိုတာရှိ၊ ရတနာဆိုတာ ရှိသည်။
လူများ၊ ဒဿနများ အမှိုက်ပုံးထဲရောက်သွားနိုင်သည်။
အမှိုက်ပုံးထဲ မရောက်နိုင်သောအရာများထဲမှ တစ်ခု... ကဗျာ အနုကဗျာ ပြည်သူ့ကဗျာ။
မင်းဘာကောင်လဲ ဘော်ရှီဗစ်လား။
ဆိုရှယ်ဒီမိုကရက်လား၊ လူ့အခွင့်အရေးသမားလား၊ ဘာလား ညာလား။
ပြည်သူကို ဦးထိပ်ထား ဝေဒနာကို မျှဝေခံစား ခပ်မိုက်မိုက်၊ အနုပညာသမားဘဝ ပျော်မွေ့စရာကောင်းပါတယ်။
ပစ္စည်းမဲ့တော်လှန်ရေးသမား ဖြစ်ချင်တယ်။ ကဗျာဆရာ ဖြစ်ချင်တယ်။
ပညာရှင်တွေကို လေးစားအားကျ၊ ဘာဖြစ်ချင် ညာဖြစ်ချင်တာတွေ တစ်ဘဝ ပြီးခဲ့ပါပြီ။
မိုက်ဘယ်နောင်ငယ် "ဝင်းမင်းထွေး" ရင်ခုန်သလို
"သေငယ်ဇောနဲ့ မြောချိန်ထိအောင် ချစ်နေဦးမယ့်သူပါကွယ်"
တစ်ဘဝသံသရာမှာ ကဗျာဆရာဘဝ ဂုဏ်ရှိပါတယ်။

"မင်း ရန်လိုတယ်ပေါ့" ဆရာကြီးရဲ့ ဟိုတုန်းက မေးခွန်းကို ကြားယောင်နေဆဲပါ။ အမေက သူ့ချွေးမကို တိုးတိုးလေး ပြောဖူးတယ်။ သူ့သားဟာ မာနကြီး ရန်လိုတယ်တဲ့။ ဖိနှိပ်သူတွေ ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်။ အဘိဓမ္မာဟောင်း စနစ်ဟောင်းယန္တရားဟောင်းကို မုန်းတယ်။ ရန်လိုခဲ့တယ်။ အဟောင်းကို ရန်လိုရင်း မိမိကိုယ်တိုင် ဟောင်းနွမ်းလာခဲ့ပြီလား။

ရန်လိုခဲ့တယ်၊ ဘဝကို လောင်းကစားခဲ့တယ်၊ အိပ်မက်တွေနဲ့ပျော်မွေ့ခဲ့တယ်။ ကဗျာဆရာဆိုတာ အိပ်မက်တပွေ့တပိုက်နဲ့ ဝဋ်ထိတဲ့လောင်းကစားသမား။

"ရှုံးဖို့ နိုင်ဖို့ထက် အိပ်မက်အရေးကြီးတယ်
ထို့ကြောင့် ကဗျာဆရာဟု ခေါ်သည်
ကျေးဇူးပြု၍ မှတ်တမ်းတင်ပေးပါ" ။ ။

-မောင်ခိုင်အောင်-