Breaking News

စံပယ် - ဘိုလေး




စံပယ် - ဘိုလေး 

(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၀

ငယ်စဉ် တက္ကသိုလ်ကျောင်းသူဘဝ စာမေးပွဲကြီး နီးလို့ အဆောင်မှာ စာတွေအသည်းအသန်ကျက်နေရချိန် အဆောင်ဝင်းထဲက ပန်းပင်လေးတွေကြားထဲ အသာအယာလျှောက်သွားနေတဲ့ ကြောင်လေးတစ်ကောင်ကိုကြည့်ရင်း ကြောင်တစ်ကောင်သာဖြစ်ရရင် ကောင်းမှာပဲလို့ တွေးခဲ့မိဖူးပါတယ်။ စာကျက်စရာမလိုတော့ဘူးလေ။ ခြေသံဖွဖွလေးနင်းရင်း ပုတ်သင်ညိုတစ်ကောင်နောက် ပြေးလိုက်ရတာ ပျော်စရာကောင်းမှာပဲပေါ့။

တကယ်တော့ ကျမ ကြောင်တွေ၊ ခွေးတွေကို သိပ်မချစ်တတ်ပါဘူး။ ဒါပေမယ့် ခုတော့ ကြောင်တစ်ကောင်အကြောင်း စာဖွဲ့မိတာ ဘာကြောင့်ပါလိမ့်။

သူက ဝဖီးဖီးကြောင်တကောင်ပါ။ ကြောင်တစ်ကောင်အတွက်အင်မတန်ရိုးစင်းလှတဲ့ ညိုဖျော့ဖျော့မှာ အမည်းကြားတဲ့ အရောင်ပေါ့။ မျက်လုံးကတော့ ဝါလဲ့လဲ့၊ စိမ်းဖန့်ဖန့်။ တခါတလေ သူ့သခင်မက သူ့ကိုယုယနေချိန်ဆိုရင်တော့ ကျေနပ်နေတဲ့ စတိုင်နဲ့ မျက်လုံးလေးမှေးစင်းပြီး ချွဲနွဲ့ဟန် ပြတတ်ပါတယ်။

ကျမသမီး ၃ ယောက်စလုံးက ကြောင်ချစ်ကြပါတယ်။အထူးသဖြင့် သမီးလတ်က ဘိုလေးသခင်မကြီးပါ။ မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းကိုကြွချီလာတဲ့ သခင်မရဲ့ နောက်မှာ ထပ်ချပ်မကွာပါလာသူက ဘိုလေး။ တံခါးပိတ်ထားချိန်မှာ ရေချိုးခန်းပေါက်ဝကနေ ထိုင်စောင့်နေတတ်ပါတယ်။

မနက်ထမင်းဝိုင်း သူ့သခင်မအပေါ်တက်ထိုင်ရင်း ငိုက်တတ်တာလည်း ဘိုလေးပေါ့။ ငါးမုန့်ကြော် ပါတဲ့နေ့ဆိုရင်တော့ ကျိုးကျိုးကျွတ်ကျွတ်အသံကြားတာနဲ့ ဘိုလေးမျက်လုံးတွေ အရောင်တောက်လာပါတော့တယ်။ငါးမုန့်ကျော် သိပ်ကြိုက်တဲ့ ဘိုလေး….. သူကျမတို့ အိမ်ကို ရောက်လာတာ ၈နှစ်ကျော်ပါပြီ။

သမီးတို့က တိရစ္ဆာန်ချစ်တတ်ကြတော့ ကြောင်တွေ၊ ခွေးတွေ မွေးချင်ကြတယ်။ ကျမက ခွေးတွေ၊ကြောင်တွေ ကို ကိုင်တောင်မကိုင်ရဲပါဘူး။ တစ်ရက်မှာတော့သမီးတို့အဒေါ် တိရစ္ဆာန်ချစ်သူများဥက္ကဌကြီး အန်တီထွေး က သူ့တူမတွေအတွက် ခွေးပေါက်လေးတစ်ကောင် လက်ဆောင်ယူ လာပါတယ်။ ခွေးမလေးမို့ ဂျိုလီ လို့ ယောင်းမက တခါတည်း အမည်ပေး ကင်ပွန်းတပ်ပြီး သမီးတို့ကို ခွေးကိုဘယ်လိုထားရမယ်၊ ဘာတွေကျွေး ရမယ်တို့ သင်တန်းပေးခဲ့ပါတယ်။

ကာကွယ်ဆေး ပုံမှန်ထိုးပေးရ၊ လမ်းပေါ်ထွက် မကိုက်အောင် ထိမ်းသိမ်းရတဲ့ တာဝန်တွေကို တော့ ခွေး မချစ်တဲ့ကျမ လုပ်ခဲ့ရတာပေါ့။

ဂျိုလီ အိမ်ရောက်ပြီးတစ်နှစ်လောက်မှာတော့ နေမကောင်းဖြစ်ပြီး အစာမစားလို့ ဆရာဝန်ခေါ် ဆေးကုတုန်း ဆေးထိုးအပြီးမှာပဲ အသက်ထွက်ရှာတယ်။ သူမသေခင် လေးမှာ သူ့ကိုကယ်ပါဦးလို့ မပြောယုံတမယ် ကျမတို့ဆီကို လှမ်းကြည့် နေရှာ တဲ့ ဂျိုလီအကြည့်ကို ခုထိ မှတ်မိနေဆဲပါ။

ဂျိုလီဆုံးပြီး သိပ်မကြာခင် ခွေးလေး (၂) ကောင်ကို ကျမဦးလေးက ရွာကနေယူလာခဲ့ပြန်ပါတယ်။ အကြီးကောင်က အဖြူရောင်မို့ ခပ်လွယ်လွယ် ဖြူကြီးလို့ အမည်ပေးလိုက်ပါတယ်။ အငယ်ကောင်လေးက ရောက်ပြီးရက်ပိုင်းမှာပဲ ပျောက်သွားပါတယ်။ ဖြူကြီးကတော့ အင်မတန်သိနားလည်တဲ့ ခွေးတစ်ကောင်ပါ။ အိမ်လည်းတော်တော်လုံပါတယ်။ သူခမျာလည်း နောက်ဆုံး ခွေးမုဆိုးတွေ လက်ချက်ကြောင့်လို့ ထင်ပါရဲ့ ၊ အစအနရှာမရအောင်ပျောက်သွားခဲ့ပါတယ်။ ၂ နှစ်လောက်အတူနေခဲ့တဲ့ ခွေးမို့ မိသားစုတွေ စိတ်မကောင်းဖြစ်ကြရတာပါ။

အဲဒီကတည်းက သမီးတွေ ခွေးမွေးချင်တယ်ပြောတိုင်း ကျမ ကန့်ကွက်ပါတယ်။ သံယောဇဉ်ကြောင့် ခံစားမှုတွေ ပိုရတာ ကျမ မလိုချင်တော့ပါဘူး။

ဒါပေမယ့် …. အိမ်မှာ ကြောင်မရှိရင် ကြွက်သောင်းကျန်းလွန်းတဲ့ အတွက် ကြောင်ကိုတော့ မွေးခဲ့ပါတယ်။ ချစ်လို့ မွေးတာမဟုတ်ပဲ အကျိုးတစ်ခုကို ရည်မျှော်ပြီး မွေးခဲ့တာပါ။နာဂစ်ဖြစ်တဲ့ အချိန်မှာ အိမ်ကကြောင်လေး ၂ ကောင် ပျောက်သွားကြပါတယ်။ ကြောင်မရှိတာနဲ့ ကြွက်တွေက သောင်းကျန်းလွန်းလို့ ကြောင်တစ်ကောင်ထပ်မွေးဖို့ ကျမစဉ်းစားယုံနဲ့ ကျမသမီးတွေက ပျော်နေကြပြီ ။

ကျမအမေက သူ့မြေးတွေအတွက် ကြောင်ရှာတွေ့ခဲ့ပါတယ်။ တစ်ရက်မှာတော့ မေမေ အိမ်အပြန် ခြင်းလေးထဲမှာ တညောင်ညောင်အသံလေး ပေးပြီး ကြောင်ပိစိလေးတစ်ကောင်ပါလာခဲ့ပါပြီ။ ခြင်းလေးထဲမှာ စာလေးတစ်စောင်လည်းပါလာပါတယ်။ စာထဲမှာ ကြောင်ကလေးရဲ့ ပိုင်ရှင်က ဒီလိုရေးထားပါတယ်။

“ ကျွန်တော့ကြောင်လေးကို ဘိုလေးလို့ ခေါ်ပါ၊ သူက ကန်စွန်းရွက်ကြော်ကြိုက်တယ်၊ အရိုးတွေမကျွေးပါနဲ့နော် မစားတတ်ဖူး။ သူမပျော်ရင် ကျွန်တော့်ကိုပဲ ပြန်လာပေးနော်”

(သူ့ရဲ့ စာလေးကြောင့် ဗိုလ် မဟုတ်ပဲ ၊ ဘ ကုန်းနဲ့ ဘိုတဲ့ ဘိုလေးလို့ ကျမတို့ ခေါ်ခဲ့တာ တော်ပါသေးရဲ့ လို့ ခုချိန်မှာတွေးမိပါတယ်။)

ကြောင်ပိုင်ရှင်လေးက အဲဒီတုန်းက ၁၀ တန်းကျောင်းသားလေးပါ။ မေမေ့ရဲ့ အိမ်ပွဲစားမိတ်ဆွေဖြစ်တဲ့ သူ့အမေက သား ဖြစ်သူ ကျောင်းစာမလုပ်ပဲ ကြောင်ပေါက်စနဲ့ ဆော့နေလို့ ဆိုပြီး မေမေ့ကို ထည့်ပေးလိုက်တာလေ။ မေမေက ကြောင်ပိုင်ရှင်လေးစိတ်မကောင်းဖြစ်နေတာကြည့် ပြီး သနားပေမယ့် မြေးတွေအတွက်လည်း လက်ဆောင်ကောင်းရတာမို့ ဂရုစိုက်ပါ့မယ်ဆိုတဲ့ ကတိတွေအထပ်ထပ်နဲ့ ခေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဘိုလေးလည်း ကျမတို့ မိသားစုဝင်ဖြစ်ခဲ့တာပါ။

ဘိုလေးရဲ့ လိုအပ်တဲ့ ကျန်းမာရေးကိစ္စ အဝဝကို သမီးတို့က သူတို့ရဲ့ အဒေါ် အန်တီထွေးဆီက ညွှန်ကြားချက် တွေ ယူပြီး လုပ်ကြတာ များပါတယ်။ ကျမကလည်း အလုပ်တစ်ဘက်နဲ့ ဆိုတော့ (ကြောင်မချစ်တတ်တာလည်းပါပါတယ်) ဘိုလေး တစ်ကောင် ဘယ်လို ကြီးပျင်းလာသလဲဆိုတာ အမှတ်မထားမိသလိုပါပဲ။ ကြွက်သံကြားရင် အသံခပ်မာမာနဲ့ “ဘိုလေး ကြွက်မခုတ်ဘူးလား ၊ ငပျင်းကောင်” လို့ အော်တတ်ပါတယ်။ ထမင်းကျွေးရင်လည်း ကိုယ်စားပြီးကျန်နေတဲ့ အရိုးတွေ နယ်ဖတ်ကျွေးရင် သမီးက မကြိုက်ချင်ဘူး။ ညတရေးနိုး အိပ်ရာဘေး ဘိုလေး ရဲ့ ခပ်ပြင်းပြင်းအသက်ရှုသံကြားရင် “ ဟဲ့ ကြောင် သွား ရှုးရှုး” ဆို ပြီး မောင်းထုတ်တတ်ပါတယ်။ အဲဒီအချိန်ဘိုလေးသခင်မကြီးက မကျေမနပ်နဲ့ သူ့ကြောင်ကို သားလေး လို့ လှမ်းခေါ်ရင် ကျမ နားကြားမြင်းကပ်မိတယ်။

ကျမအလုပ်ထွက်ပြီးနောက်ပိုင်း အိမ်မှာအနေများလာလို့ ဘိုလေးကို ခါတိုင်းထက် ပိုသတိထားမိလာပါတယ်။ မနက်ဆို အစောဆုံးနိုးတဲ့ ကျမနောက်က လိုက်လာပြီး မီးဖိုချောင်မှာ အစာတောင်းပြီ။ ဘိုလေးမှာ ထူးခြားတာက တညောင်ညောင်နဲ့ နားညည်းအောင် မအော်ပါဘူး။ အွမ့် အွမ့် ဆိုပြီး လည်ပင်းထဲက ခပ်အစ်အစ်ထွက်တဲ့ အသံတိုးတိုးနဲ့ အော်တတ်ပါတယ်။

မနက်ခင်း နံနက်စာ အေးအေးလူလူစားရင်း ကျမနဲ့သမီးတို့ စကားပြောချိန်ဆို ဘိုလေးလည်း စကားဝိုင်းမှာ ပါပါတယ်။ သမီးလတ်က “သားလေး” ဆိုပြီး အသံပေးလိုက်တာနဲ့ သူတို့ အချင်းချင်းနားလည်ပုံရတဲ့ စကားတွေ၊အမူအယာတွေနဲ့ ဆက်သွယ်ကြတော့တာပေါ့။ တခါတလေများ သူ့ကို ဂ၇ုမစိုက်ပဲ စကားတွေပြောနေရင် သူ့လက်နဲ့ သမီးပါးကိုလည်း လှမ်းပုတ်တတ်ပါတယ်။ “ဘိုလေး” လို့ ကျမရဲ့ ခပ်မာမာ အသံကြားရင်တော့ သူသိတယ် သမီးပေါင်ပေါ်က ဆင်းပြီး ခပ်ဝေးဝေးသွားရှောင်နေပါပြီ။







တစ်ရက်မှာတော့ ဘိုလေးရဲ့ အစွမ်းတွေကို မြင်လိုက်ရသည်။

ကျမဘုရားရှိခိုးတိုင်း ဘုရားစင်အောက်က ကြွက်သံ တကျွိကျွိကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာ တော်တော်ကြာပြီ။ အဲဒီနေ့မနက်ပိုင်းမှာ ကျမက Laptop လေးနဲ့ ဘုရားခန်း ပြတင်းပေါက်ဘေးမှာ စာတွေတဖြောက်ဖြောက်ရိုက်ချိန်၊ ဘိုလေးက ကျမနံဘေး ပြတင်းဘောင်ပေါ်မှာ အေးအေးလူလူ ထိုင်ရင်း ခြံထဲက အပင်တွေကို ငေးလို့။ ကျမကလည်း စာတွေရေးရင်း အတွေးတွေဖြန့် လို့။

ရုတ်တရက် ဘိုလေး ဘာကိုမြင်တယ်၊ ဘာသံကြားတယ်မသိ နားရွက်တစ်ချက်ထောင် ၊ ကျမဘေးကနေ ဝုန်းကနဲ ခုန်ချ Laptop keyboard ပေါ်ဖြတ်သွားလိုက်တာ ကွန်ပျူတာထဲကစာတွေတောင် ဟိုရွေ့ဒီရွေ့တွေဖြစ်ကုန်တော့တာပေါ့။

ခဏအကြာမှာတော့ဘုရားစင်အောက်စာအုပ်စင်ထဲက ကြွက်တစ်ကောင်ကို ခပ်ကြွားကြွား ကိုက်ချီသွားတဲ့ ဘိုလေးကိုမြင်တွေ့လိုက်ရသည်။ ကျမလည်း စိတ်ကျေနပ်သွားပြီး ဘိုလေးတော်တယ် လို့ ချီးမွမ်း လိုက်ပါတယ်။ နေရာတွေ ဟိုရောက်ဒီရောက်ပြောင်းကုန်တဲ့စာတွေကို ပြန်စီရင်း အေးအေးဆေးဆေး စာဆက်ရိုက်နေမိသည်။

နေ့လည်ပိုင်းမှာတော့ ကျမတို့အားလုံးဝုန်းဒိုင်းကြဲကြလို့ သူ့ခမျာ တော်တော်နှင့် အိမ်ပေါ်ပြန်တက်မလာရဲ။ အကြောင်းက……..

ခြံထဲက ရွက်လှပင်အကိုင်းကြားမှာ ဥလေး နှစ်ဥ နဲ့ ငှက်သိုက်လေးတခု တွေ့ထားလို့ ကျမတို့တအိမ်သားလုံးက စိတ်ဝင်စားနေကြပါတယ်။

အဲဒီနေ့လည်မှာ ဘယ်အချိန်ကတည်းက ဥ ခွံ ကိုခွဲ ထွက်လိုက်လဲမသိ။ ငှက်လေးတွေ အသိုက်ထဲမှာ အသံပေးလို့ …. အမေငှက်မလေး က အစာသွားရှာပြီး သူ့ကလေးတွေလာကျွေးလိုက် ပကျစ် ပကျစ် အော်လိုက်ဆိုတော့ ကျမတို့လည်းသတိထားမိပြီး သွားကြည့်ကြပါတယ်။ ခဏအကြာ ကျမအဝတ်လှမ်းနေတုန်းမှာပဲ ငှက်ကလေးတစ်ကောင်က အပျံသင်ပြီး အသိုက်ထဲကနေ အပေါ်ကို တဖြတ်ဖြတ် ပျံတက်သွားပါတယ်။

အမေငှက်မက သရက်ပင်ပေါ်ကနေ သူ့ကလေးတွေကို ပျံဘို့ အားပေးနေသလိုနဲ့ တကျစ်ကျစ် အော်နေပါတယ်။ ကျမစိတ်ထဲ ကျန်တဲ့ငှက်လေး လည်း မကြာခင်ပျံတော့မှာပဲ ကြုံတုန်း ဓာတ်ပုံရိုက်ဦးမယ်ဆိုပြီး ဖုန်းလေးကိုထုတ် ရွက်လှပင်ကြား တကုန်းကုန်း နဲ့ Video ရိုက်နေတုန်း သမီးလတ်က “မေကြီး ဘာဖြစ်နေတာလဲ” ဆိုပြီး အိမ်ပေါ်ကနေဆင်းလာပါတယ်။

ကျမလည်း ပြန်မပြောအားပဲ Net Geo Wild ကဓာတ်ပုံသမားအလား အမိအရ ငှက်ကလေး အသိုက်ထဲက ထွက်လာတာလေး ရိုက်နေချိန် အနားရောက်လာတဲ့ သမီးလတ်အသံကြောင့် ငှက်ကလေးလည်း လန့်ပြီး ခုန်လိုက်တာ သစ်ကိုင်းပေါ်မရောက်ပဲ မြေပေါ်ကျသွားပါတယ်။ ဒီအချိန်မှာပဲ သူ့သခင်မနောက်က တတမ်းတမ်းပါလာတဲ့ ဘိုလေး လျင်မြန်တဲ့အဟုန်နဲ့ ငှက်လေးကို ကိုက်ချီသွားပါတော့တယ်။

သမီးနဲ့ကျမနဲ့ နှစ်ယောက်သား နောက်က လိုက်ပြီး ဆူညံနေအောင် အော်ရင်း ခြောက်လှန့်ပေမယ့်လည်း ဘိုလေးကတော့ လုံးဝမလွှတ်တမ်း ကိုက်ကာ ချောင်ကြားတစ်ခုခုထဲ ဝင်သွားပါတော့တယ်။ သမီးလတ် သူ့ကြောင်ကို စိတ်ဆိုးပြီး မျက်ရည်တွေကျ၊ ကျမလည်း ငါဆတ်ဆော့လို့ ဖြစ်ရတယ်ဆိုပြီး ငှက်ကလေးကိုသနား။ ဖုန်းထဲက Video file ထဲမှာ ဖွင့်ကြည့်တော့ ငှက်သံလေးကြားနေရသေး အပြင်မှာတော့ သူ့ခမျာ မအော်နိုင်ရှာတော့။

ငှက်အမေခမျာတော့ သရက်ပင်ပေါ်ကနေ အော်နေရှာသေးတယ်။ ကျမလည်းစိတ်မကောင်းခြင်းများစွာနဲ့ သမီးရယ် သတ္တဝါတစ်ခု၊ကံတစ်ခုပါပဲ လို့ ပြောရင်း ဘိုလေး အစုတ်ပလုပ်ကောင်လို့ သာရေရွတ်မိတော့တယ်။

ခဏအကြာ ဘိုလေးတစ်ကောင် ယောင်လည်လည်နဲ့ အိမ်ပေါ်တက်လာချိန် ကျမက “ သွား ကောင်စုတ်” လို့ အော်လိုက်ပါတယ်။ သမီးက သူ့ သားလေးကို ဒီတခါ လှည့်မကြည့်။

ကြွက်က ကျမတို့ကို အနှောက်အယှက်ပေးတဲ့တိရစ္ဆာန်ဖြစ်ပေမယ့် ငှက်ကလေးတွေကတော့ ကျမတို့အတွက် ချစ်စရာပါ။

ကျမတို့ အမြင်မှာ သူကြွက်ခုတ်တာက သူ့တာဝန်ကို ထမ်းတာလို့ ယူဆပြီးချီးမွမ်းပေမယ့် ငှက်ကိုခုတ်ခဲ့ရင်တော့ သူအပြစ်တစ်ခုလုပ်သလိုသတ်မှတ်ကြပါတယ်။ ကိုယ့်ဆန္ဒပေါ် မူတည်ပြီး ဘိုလေးရဲ့ လုပ်ရပ်တွေကို ကျမတို့ မှတ်ချက်တွေ အမျိုးမျိုးချနေ ပေမယ့်

ဘိုလေးအတွက်ကတော့ ကြွက်ရော ငှက်ရောဟာ သူ့အစာပါပဲ။

ဘိုလေး တစ်ကောင် သူ့မျက်လုံးစိမ်းဖန့်ဖန့် တွေနဲ့ ကျမတို့ကို ကြည့်နေပါတယ်။ သူဘာတွေ တွေးနေပါလိမ့်။

(၂၀၁၇ ဩဂုတ ၈)