Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၆ ရက်မြောက်နေ့ မြင်ကွင်

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၆ ရက်မြောက်နေ့ မြင်ကွင်
(မိုးမခ) အောက်တိုဘာ ၂၇ ရက်

• မြန်မာ (သို့မဟုတ်) အရှေ့တောင်အာရှက မီးပွားတခု 
ဒီနေ့သတင်းတွေထဲမှာလည်း အုပ်ချုပ်ရေးမှူး၊ ရဲ၊ သတင်းပေးဆိုသူတွေကို လုပ်ကြံသတ်ဖြတ်တဲ့သတင်း၊ အာဆီယံအစည်းအဝေးကို မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်သူမရှိပဲ စတင်တဲ့သတင်း၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံရဲ့ မှတ်ချက်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံက ခေါင်းဆောင်တချို့ရဲ့မှတ်ချက်တွေ၊ မြန်မာစစ်ကောင်စီက အာဆီယံနဲ့ပတ်သက်လို့ ထပ်မံထုတ်ပြန်ချက်တွေက အများစုလွှမ်းမိုးနေတာ ဖြစ်ပါတယ်။ 

အာဆီယံကအဖွဲ့ဝင်အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ ၁၀ နိုင်ငံမှာ ဒီမိုကရေစီစနစ်နဲ့သွားတဲ့ နိုင်ငံတွေရှိသလို စစ်တပ်အုပ်ချုပ်တာ၊ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တာ၊ ဘုရင်စနစ်အုပ်ချုပ်တာ၊ ကွန်မျူနစ်စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံစသဖြင့် ရောပြွမ်းနေတာ ဖြစ်ပါတယ်။ 

စစ်တပ်၊ အာဏာရှင်ဆန်တဲ့ အစိုးရ၊ ကွန်မြူနစ်ဆိုပေမယ့် ပြည်တွင်းစီးပွားရေး၊ ပြည်တွင်းနိုင်ငံရေး အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ကြပြီး စီးပွားရေးတိုးတက်အောင်လုပ်ကြရာမှာ အောင်မြင်မှုရတဲ့နိုင်ငံက အများစုဖြစ်ပါတယ်။ အာဏာရှင်ဆန်ဆန်အုပ်ချုပ်ပြီး ပြဿနာတွေ နောက်ကျမှုတွေရှိနေတယ်ဆိုတဲ့ ကမ္ဘောဒီးယားနိုင်ငံတောင်မှ ခုလက်ရှိမြန်မာထက်စာလိုက်ရင် အခြေအနေက အများကြီးသာတယ်ဆိုတဲ့သဘောဖြစ်နေပါတယ်။ 

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ  ပြဿနာများစွာနဲ့ ပေါက်ကွဲတော့မယ့် မိုင်းဗုံးတလုံးသဖွယ်ဖြစ်နေပြီး တရုတ်နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ပေါက်ကွဲမှုဂယက်ကို ခံစားရပြီး တဖက်မှာ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံကို ဖြတ်သွယ်ဖောက်ထားတဲ့ ဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်း၊ နောက်ဖောက်လတ္တံ့သောရထားလမ်း စတာတွေ ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်ကြတာဖြစ်ပါတယ်။ 

ဒါတွေက အိမ်နီးချင်းနိုင်ငံ၊ အာဆီယံနိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီး အမေရိကန်၊ တရုတ်တို့ရဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အခင်းအကျင်း ကစားကွက်လို့ဆိုရမယ်ထင်ပါတယ်။ မြန်မာ့နိုင်ငံက လောင်နေတဲ့ ပဋိပက္ခမီးက ဒေသတွင်းနိုင်ငံ အိမ်နီးချင်းနိုင်ငံတွေကို ဆက်စပ်သက်ရောက်မှု ရှိမှာကို စိုးရိမ်မှု၊ ကမ္ဘာ့နိုင်ငံတွေအကြားက သြဇာ၊ အကျိုးစီးပွား စတာတွေနဲ့ ဆက်စပ်စဥ်းစား ချမှတ်ကြတဲ့မူဝါဒတွေ လုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီအနေနဲ့ အရင့်အရင် ၈၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ စစ်အစိုးရလက်ထက် အတွေ့အကြုံတွေနဲ့ နှိုင်းယှဥ်ပြီး တုံ့ပြန်မယ်လို့မှန်းဆရပါတယ်။ အာဆီယံကို ၁၉၉၇ ခုနှစ်မှာဝင်ရောက်ခဲ့ပြီးနောက် အခုလို အကြပ်အတည်းမျိုးမကြုံဖူးသေးတာ အမှန်ပဲ ဖြစ်ပါတယ်။ အာဆီယံမှ ထွက်မလား သပိတ်မှောက်မလား မြွေမသေ တုတ်မကျိုး မျှောထားမလားတော့ သဲသဲကွဲကွဲ မရှိသေးပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အာဆီယံနဲ့ပတ်သက်တဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေဟာ ရှေ့နောက် မညီကြတာတွေ့ရပါတယ်၊ ကန့်ကွက်တဲ့ ထုတ်ပြန်ချက်နောက်မှာ အချုပ်အချာအာဏာကို မထိပါးစေပဲ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာမျိုး ထုတ်ပြန်တာလည်း တွေ့နေရပါတယ်။ 

စစ်ကောင်စီဟာ ဒေသတွင်းမှာ အင်အားကြီးတဲ့ မဟာမိတ် (သို့မဟုတ်) နောက်ခံနိုင်ငံလိုမျိုး လက်ရှိမှာ မရှိတဲ့အနေအထားမျိုးလို့ မြင်နေရပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးက အကျိုးစီးပွားပေါ် အခြေခံတာ မို့လို့ ကုလမှာ အနောက်နိုင်ငံတွေ လိုလားတဲ့ ဆုံးဖြတ်ချက်မျိုး မကျအောင် တရုတ်နဲ့ ရုရှားက ကာကွယ်ပေးပေမယ့်လည်း ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခ ပိုကျယ်ပြန့်လာပြီး တရုတ်နယ်စပ်ရဲ့ တည်ငြိမ်မှု အထိထိခိုက်နိုင်တဲ့ လမ်းကြောင်းမျိုးကိုတော့ တရုတ်နိုင်ငံက ဆန့်ကျင်တဲ့သဘောတွေ့ရပါတယ်။ တရုတ်နိုင်ငံနဲ့ အကျိုးစီးပွားတူတာတွေရှိသလို အခုလိုကိစ္စတွေမှာ ဆန့်ကျင်တာတွေ ရှိတာကို စစ်ကောင်စီဘက်က ကောင်းကောင်း သဘောပေါက်တာကြောင့် ရုရှားကို တတ်နိုင်သမျှချဥ်းကပ်ပြီး အလေးတင်းဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ 

တဖက်မှာ ရုရှားက မြန်မာနဲ့ပတ်သက်လို့ စစ်ရေးအရ လေ့ကျင့်မှုတွေ လုပ်ပေးနေတာ အရင်စစ်အစိုးရလက်ထက်ကတည်းကဖြစ်ပြီး လက်နက်ရောင်းဖို့ အာဏာရှင်နိုင်ငံတနိုင်ငံကို ကာကွယ်ပေးပြီး အနောက်အုပ်စုရဲ့ သြဇာကို တုံ့ပြန်ဖို့ဆိုတဲ့ ရပ်တည်ချက်၊ လက်နက်ရောင်းရတဲ့ အကျိုးစီးပွား အပြင် အိမ်နီးချင်းနိုင်ငံလည်းမဟုတ်တော့ ဒီဘက်က ပဋိပက္ခမီးက သူတို့နိုင်ငံတွေဆီ သက်ရောက်စရာ အကြောင်းမရှိတာလည်း ဖြစ်ပါတယ်။ 

အခုလို နိုင်ငံတကာဆက်ဆံရေး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး၊ အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးက ပြည်တွင်းက လက်နက်ကိုင်တိုက်ပွဲတွေ စစ်ကောင်စီတပ်တွေကို ဖြိုချရေးမှာ ဘယ်လောက်သက်ရောက်မှု ရှိနိုင်မလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိမယ်ထင်ပါတယ်။ ခုချိန်ထိတော့ ဘယ်နိုင်ငံအစိုးရတွေကမှ လက်နက်ကိုင်တိုက်ပွဲတွေ အတွက်ငွေကြေးနဲ့ လက်နက်ကူညီတဲ့ လက္ခဏာတော့ မတွေ့ရသေးပါဘူး။ သံတမန်ရေးအရ NUG ကို အတိုင်းအတာတခုထိ ထောက်ခံကြပေမယ့်လည်း စစ်ရေးအရတော့ ဆက်ဆံရေး ထောက်ပံ့ပေးရေးတွေ မရှိကြပါဘူး။ မြန်မာနဲ့ အိမ်နီးချင်းဖြစ်နေတဲ့ တရုတ်နိုင်ငံက အာဏာသိမ်းပြီးခါစကာလကတည်းက ဘယ်နိုင်ငံမှ လက်ဝင်မပါကြဖို့ လူသိရှင်ကြား ပြောဆိုထားတာလည်း ရှိပါတယ်။ ဘယ်နိုင်ငံမှ လက်ဝင်မပါအောင် တရုတ်က သတိပေးတဲ့လေသံမျိုးအထိ ပြောဆိုတဲ့သဘောလည်း တွေ့ရပါတယ်။ 

အိမ်နီးချင်းနိုင်ငံတွေအနက် လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ဖြစ်တဲ့ အရပ်သားဒုက္ခသည်တွေ နယ်စပ်ကျော်ဝင်ရောက်လာနိုင်ခြေ၊ နယ်စပ်က လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အနည်းနဲ့အများ နယ်စပ်ဒေသတွေ ထိခိုက်နိုင်ခြေရှိကြတာမို့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ ထိုင်း၊ တရုတ်တို့ သတိကြီးကြီးထား စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။ 

စစ်အေးခေတ်လိုကာလမျိုးမှာသာ အခုလို မြန်မာ့နိုင်ငံရေးပြဿနာဖြစ်ပွားခဲ့ရင် တဖက်ကလည်း လက်ဝဲအင်အားစု တဖက်က လက်ယာအင်အားစု အားပြိုင်တဲ့ ပြည်တွင်းရေးပြဿနာလိုမျိုးဖြစ်ခဲ့ရင် မြန်မာ့အရေးဟာ စစ်အေး အားပြိုင်မှုရဲ့ စစ်မြေပြင်ဖြစ်စရာ အလားအလာရှိပေမယ့် ဒီနေ့ကမ္ဘာက အဲဒီခေတ်လို အခြေအနေမျိုးမဟုတ်တော့တာကြောင့် ပြည်ပဝင်ရောက် စွက်ဖက်မှုတွေ ဝင်လာစရာအကြောင်း ကြီးကြီးမားမား မရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ကိုယ့်ပြည်တွင်းရေးကို ကိုယ့်ဟာကိုယ် ရှင်းနိုင်ကြမလား (သို့မဟုတ်) နိုင်ငံတကာက စစ်ရေးမဟုတ်ပေမယ့် သွယ်ဝိုက်တဲ့ စွက်ဖက်မှုတွေနဲ့ ရှင်းကြမလားဆိုတာတော့ ခုချိန်မှာ မှန်းဆရ ခက်ခဲနေသေးတယ်လို့ ထင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar