Breaking News

အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ - ၄

ပန်းချီဦးဘကြည်၊ ရွှေသွေးဂျာနယ်၊ ၁၉၆၉။


အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ  - ၄

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၀  

အခန်း (၄) - ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခြင်း၊ နယ်မြေပိုင်ဆိုင်ခွင့် နှင့် လေးစားမှု ရရှိရေး နိုင်ငံရေး


[ နားတော်တော်ခါးမယ့်အခန်းဖြစ်ပါတယ်။ ဌာန တိုင်းရင်းသား ဖြစ်တယ် ဆိုရုံမျှဖြင့် နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုရာမှာ ခိုင်မာလုံလောက်မှု ရှိသလား ဆိုတာကို သုံးသပ်ထားပါတယ်။ နယ်မြေပိုင်ဆိုင်ခွင့်ကို တစ်ဦးချင်းလွတ်လပ်မှု ဆိုတာကနေ ဆွဲယူ ဆုံးဖြတ်မလား၊ အုပ်စုလိုက်အခွင့်အရေးဆိုတဲ့ ယူဆချက်ကနေ ဆုံးဖြတ်မလားကို ရေးသားထားပါတယ်။ ခွဲထွက်ခွင့်၊ ခွဲမထွက်ခွင့် ဆိုတာနဲ့ ငြင်းခုံမှု များတဲ့ ဒီနိုင်ငံမှာ၊ ခွဲထွက်ခြင်းကြောင့်၊ ခွဲမထွက်ခွင့်ကြောင့် ဘယ်လို သက်ရောက်နိုင်တယ်။ ဘယ်လိုမျိုး ငြင်းဆိုချက်တွေ ရှိတယ်ဆိုတာ ဆွေးနွေးမှု နည်းနေပါသေးတယ်။]

နယ်မြေပိုင်ဆိုင်ခွင့်ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်(self-government)တွင် ပါဝင်သည့် အခွင့်အရေး တစ်ရပ် ဖြစ်သည်။ ကိုယ်ကံကြမ္မာကိုယ် ဆုံးဖြတ်လျက်ရှိသည့်အုပ်စုများ( self-determining groups)သည် နိုင်ငံတော်ပိုင်ဆိုင်သည့် နယ်မြေများကို ÒဆွဲယူÓ လျက်ရှိသည်ဆိုသော အမြင်သည် သံသယရှိဖွယ်ကောင်းသည့် အမြင်အပေါ် အခြေခံထားခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတော် နှင့် နယ်မြေ ကြား ဆက်နွယ်မှု၊ လူတစ်ဦး တစ်ယောက်ခြင်း နှင့် ၎င်းတို့ ပိုင်ဆိုင်သည့် ပုဂ္ဂလိက ပိုင်ဆိုင်မှုကြား ဆက်နွယ်မှု တို့တွင် အငြင်းပွားဖွယ် အချက်များ ရှိနေခြင်းကြောင့်ဖြစ်သည်။ နိုင်ငံတော်သည် နယ်မြေ ပိုင်ဆိုင်ခွင့် မရှိသဖြင့် အငြင်းပွားဖွယ်ကောင်းသည်ဟု ဆိုရခြင်းဖြစ်သည်။ နယ်မြေ ဆိုသည်မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ သည့် အဖွဲ့အစည်း တစ်ရပ် လုပ်ငန်းလည်ပတ်ရာ ပထဝီ ဆိုင်ရာ ဧရိယာ တစ်ခု၊ တရားစီရင်ရေး အာဏာ တစ်ရပ်ရပ် သက်ရောက်ရာ နယ်မြေ တစ်ခုသာဖြစ်သည်။ သို့သော် လစ်ဘရယ်-ဒီမိုကရေစီ နိုင်ငံတော် တစ်ရပ်သည် သက်ဆိုင်ရာ နယ်မြေ အားလုံး အပေါ် အချုပ်အခြာ အာဏာပိုင် ရမည်ဟု ခံယူထားသည်။ အဓိက ပြဿနာမှာ နိုင်ငံတော်က ၎င်း၏ အာဏာကို မည်သို့ကျင့်သုံး သနည်းဆိုသည့်အချက်ဖြစ်သည်။

နယ်မြေပိုင်ဆိုင်ခွင့် ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် မပါမဖြစ် ပါဝင်ရမည့် အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။ စုပေါင်း ကိုယ်ပိုင်ချုပ်အုပ်ခွင့် (collective self-government) သည် ကောင်းမြတ်သည့်အရာဖြစ်သည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ အသိုက်အဝန်း တစ်ခု(moral community) အနေနှင့် မိမိကိုယ်ကိုယ် ထုတ်ဖော်နိုင်မည်၊ ပြည်သူများ၏ အမှတ် လက္ခဏာ ကို ထင်ဟတ်နိုင်မည်၊ နိုင်ငံသားများ၏ လွတ်လပ်မှု ကို ပြသနိုင်မည်၊ နယ်မြေတွင်း နေထိုင်လျက်ရှိသည့် နိုင်ငံသားများအနေနှင့် ၎င်းတို့၏ နယ်မြေ ကြီးပွားတိုးတက်ရေး ပိုမို လုပ်ဆောင်နိုင်မည်၊ ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များ လက်တွေ့အကောင်အထည် ဖော်နိုင်မည်။ ထို့ကြောင့်လည်း အုပ်စု တစ်ခုခု အနေနှင့် နယ်မြေပိုင်ဆိုင်ခွင့် မရရှိပါက အဓိက အင်စတီကျူးရှင်းပိုင်း အခြေအနေများ ပျောက်ဆုံးသွားသလို၊ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် နည်းလမ်းများလည်း ရုပ်သိမ်းခံလိုက်ရမည် ဖြစ်သည်။ ယင်းကြောင့်လည်း အဆိုပါ နည်းလမ်းကို များစွာသော အာဏာရှင် အစိုးရများက ရည်မှန်းချက် တစ်ရပ် အနေနှင့် လက်တွေ့အကောင်အထည်ဖော်ကာ ၎င်းတို့သံသယရှိသည့်၊ သစ္စာမခံဟု ယူဆထား သည့် လူနည်းစုအုပ်စုများ၏ အသံကို ပိတ်ပင်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ ထို့အပြင် လူနည်းစုများ၏ ယဉ်ကျေးမှု ၊ အမှတ်အသား သရုပ် ပေါက်ဖွားစေနိုင်သည့် အခြေခံ တစ်ရပ် ဖြစ်သော လူဦးရေ ဆိုင်ရာ အုပ်မြစ်ကို (demographic basic) ပိတ်ပင်ကာ လူအုပ်စု တစ်ခု အနေနှင့် ရပ်တည်ပိုင်ခွင့်ကို ဖျက်ဆီးခြင်းဖြစ်သည်။ ဆိုဗီယက် ပြည်ထောင်စုရှိ များစွာသော အုပ်စုများသည် ၎င်းတို့၏ အမိမြေမှ ဖိအားပေးမောင်းထုတ်ခံခဲ့ရသည်။ ၎င်းတို့အနေနှင့် ၎င်းတို့ပိုင် အိမ်များ၊ အိမ်နီးချင်း ရပ်ကွက်များကို စွန့်ခွာခဲ့ရပြီး အထီးတည်း သီးခြား ရှိနေသည့် ဒေသများတွင် တစ်ကွဲတစ်ပါး ပြန့်ကြဲ နေထိုင်ခဲ့ရသည်။ အဆိုပါ အခြေအနေမျိုးတွင် ၎င်းတို့အနေနှင့် စုပေါင်း ကိုယ်ပိုင် အုပ်ချုပ်မှု ပုံစံကို ကျင့်သုံးနိုင်ခြင်းမရှိသလို၊ ကိုယ့် အုပ်စုဝင်များကို စည်းရုံးလှုံဆော်ခြင်းလည်း မပြုနိုင်ကြချေ။ ယင်းအုပ်စုများတွင် စတာလင်ခေတ်တွင် ဆိုက်ဘေးရီးယားဒေသသို့မောင်းထုတ်ခံခဲ့ရသည့် ကရိုင်းမီးယား တာတာများ၊ ချေချင်များ၊ Kalmyks၊ ဗော်လဂါ ဂျာမန်များ၊ ကရာချိုင်များ၊ အင်ဂွတ်များ နှင့် အခြားသော အုပ်စုများ ပါဝင်သည်။

ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်တွင် နယ်မြေပိုင်ဆိုင်ခွင့် ပါဝင်ရမည်ဟု လက်ခံထားပြီးဖြစ်သော်လည်း အဆိုပါ နယ်မြေ၏ နယ်နိမိတ်ကို မည်သို့ မည်ပုံ သတ်မှတ်သင့်သည်ကို ပြောကြားရခြင်းမရှိသေးပေ။ နိုင်ငံတော်တွင်း နေထိုင်သူ အားလုံး အနေနှင့် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် အခွင့်အရေး ရှိသလို၊ နယ်မြေများ၏ နယ်နိမိတ် ရေးဆွဲရေးတွင်လည်း ပါဝင်ပိုင်ခွင့်ရှိသည်။ နယ်မြေဆိုင်ရာ အချုပ်အခြာ အာဏာပိုင်ခွင့် (territorial sovereignty) တွင် နိုင်ငံတော် အနေနှင့် ကြားခံ သမာဓိ လူကြီး တာဝန် ထမ်းဆောင် နိုင်ခြင်းမရှိပါက ခွဲထွက်ရေး အုပ်စုများ အနေနှင့် နယ်မြေဆိုင်ရာ အချုပ်အခြာ အာဏာပိုင်ခွင့်ရှိသည်ဟု ငြင်းချက် ထုတ်လာနိုင်သည်။

အုပ်ချုပ်မှု ဆိုင်ရာ နယ်နိမိတ်ရေးဆွဲရာတွင်လည်း သမိုင်းဝင် နယ်မြေကြီး ( Province ) များကို လွမ်းခြုံနိုင်လောက်အောင်ကြီးမားသည့် ယူနစ်များ အဖြစ် ရေးဆွဲသင့်သည် သို့မဟုတ် သေးငယ်သည့် ယူနစ်များ အဖြစ် ရေးဆွဲသင့်သည်ဆိုခြင်းအပေါ်လည်း အငြင်းပွားလျက်ရှိသည်။ သို့သော်လည်း ယင်းကဲ့သို့ရေးဆွဲရာတွင် အုပ်စုတစ်ခုလုံးကို လွမ်းခြုံနိုင်သည့် နယ်မြေ အဖြစ် ရေးဆွဲသင့်ပြီး ယင်း အုပ်စု၏ တည်ရှိမှုကို မပိုင်းခြားသင့်ပေ။ ပထမ ကမ္ဘာစစ်အပြီး ငြိမ်းချမ်းရေး သဘောတူညီချက်များ ရေးဆွဲရာတွင် နယ်မြေများကို အမျိုးသား နယ်နမိတ် လမ်းကြောင်းအတိုင်းသာ ရေးဆွဲသင့်သည် ဟူသော အထက် ဖော်ပြပါ မော်ဒယ် ကို အမေရိကန် သမ္မတ ဝုရိုး ဝီလ်ဆင် ကိုင်စွဲခဲ့သည်။ အမျိုးသားရေး အုပ်စုများ အချင်းချင်း ထပ်လျက် တည်ရှိနေသည့် နယ်မြေများ၊ အငြင်းပွား နယ်မြေများမှ တစ်ဆင့် ပြဿနာများ ပေါ်ထွက်လာနိုင်ကြောင်း၊ နယ်နိမိတ် အငြင်းပွားမှုများကို ဒေသဆိုင်ရာ တိုက်ရိုက် မဲဆန္ဒခံယူပွဲများဖြင့် ဖြေရှင်း သင့်ကြောင်း ဝီလ်ဆင်က အကြံပြုထားသည်။

နိုင်ငံတော်တွင်း နေထိုင်နေသူများသာ နယ်မြေဆိုင်ရာ တရားစီရင်ပိုင်ခွင့် ရှိသင့်သည်ဟုဆိုခြင်းကြောင့် နယ်မြေတွင်း လက်ရှိနေထိုင်ခြင်း မရှိသူများ နယ်မြေပိုင်ဆိုင်ခွင့် တောင်းဆိုပိုင်ခွင့် မရှိဟု မဆိုလိုပေ။ များစွာသော ဖြစ်စဉ်များကို ကြည့်ပါက နယ်မြေတစ်ခုတွင် အုပ်စု တစ်ရပ်သည် လူများစု ဖြစ်မနေသော်လည်း ယင်း နယ်မြေ နှင့် အဆိုပါ အုပ်စုကြားတွင် ဘာသာရေးအရ သို့မဟုတ် သမိုင်းဝင်အမိမြေ ဆိုသည့် အကြောင်းအရ သို့မဟုတ် အဆိုပါ နယ်မြေ၏ တိုင်းရင်းသားဖြစ်နေမှု (indigenous)အရ ဆိုပြီး ချိတ်ဆက်လျက်ရှိသည်ကို တွေ့နိုင်သည်။

လက်ရှိ အခန်းတွင် အဆိုပါ အထူးပြု တောင်းဆိုချက်များကို အချက် ၂ ရပ် အရ သုံးသပ်သွားမည်ဖြစ်သည်။ တောင်းဆိုမှုများကို အုပ်စုများကိုယ်တိုင် အပြိုင်အဆိုင် တောင်းဆိုနေသည့် အတွက် မျှတသည့် ဆုံးဖြတ်ချက် ရရန် လိုအပ်သည်။ ဒုတိယ အချက်မှာ အမျိုးသား အုပ်စု တစ်ခု ဆိုသည့် အယူအဆ တွင် အမိမြေ(Homeland) ဆိုသည့် ခံယူချက်လည်း ပါဝင်ခြင်းကြောင့် စိတ်ခံစားမှု ( နှင့် နယ်မြေ ကြား) ချိတ်ဆက်ထားမှုများကို သုံးသပ်သွားမည်ဖြစ်သည်။

နိုင်ငံတော်၏ နယ်နမိတ် ပြန်လည် ရေးဆွဲရေးတွင် နိုင်ငံတော်တွင်း နေထိုင်လျက်ရှိသည့် အုပ်စုများ သို့မဟုတ် တစ်သီးပုဂ္ဂလများ ပါဝင်ခွင့်ပြုသင့်ကြောင်း အဆိုပြုရာတွင် အကြမ်းဖျင်းအားဖြင့် အမြင် ၂ ရပ် ရှိသည်။ နိုင်ငံတော် နှင့် နယ်မြေ တစ်ခုလုံးကြား ဆက်နွယ်မှုကို အဆိုပါ အမြင် ၂ ရပ် လုံးက လက်မခံပေ။ ၎င်းတို့ခံယူထားသည့် အမြင်သည် အောက်ပါ အတိုင်းဖြစ်သည်။ အစိုးရကို ၎င်းတို့ကသာ လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်သဖြင့် ယင်း လုပ်ပိုင်ခွင့်ကို ပြန်လည် သိမ်းယူပိုင်ခွင့်ရှိသည်။ နယ်နိမိတ်များကို နိုင်ငံတော်တွင်းရှိ လူပုဂ္ဂိုလ်များ၊ အုပ်စုများ အနေနှင့် ပြန်လည် ရေးဆွဲသင့်သည်။

ခွဲထွက်ရေး သီအိုရီ ရွေးခြယ်မှု နှင့် တစ်ဦးချင်း လွတ်လပ်မှု ငြင်းဆိုချက်

ခွဲထွက်ရေး အကြောင်းရေးသားသည့် စာပေများတွင် လက်ရှိ ဖော်ပြမည့် သီအိုရီ ကို ရွေးခြယ်မှု သီအိုရီဟု ခေါ်ဆိုကြသည်။ ရွေးခြယ်မှုသီအိုရီ ဗားရှင်းတစ်ခုအရ နယ်မြေ တစ်ခုတွင် တစ်စုတစ်စည်းတည်း နေထိုင်ကြသူ များ အနေနှင့် လူထု ဆန္ဒခံယူပွဲ လုပ်ဆောင်ပြီးနောက် ခွဲထွက်ပိုင်ခွင့်ကို တရားဝင် လုပ်ဆောင်နိုင်သည်။ ယင်းသို့လုပ်ဆောင် ရေးအတွက် နိုင်ငံတော်၏ ဖိနိုပ်မှု ခံနေရသည်၊ အဆိုပါ နယ်မြေတွင်းရှိ လူများစု ၏ ဖိနိုပ် ခံနေရသည်ဟု အကြောင်းပြရန် မလိုပေ။ ခွဲထွက်လိုစိတ်ရှိသည် ဆိုရုံမျှဖြင့် ခွဲထွက်နိုင်သည်။ ယင်းအမြင်ကို လက်ခံသူများသည် ခွဲထွက်ခွင့် အပါအဝင် ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့်ကို နိုင်ငံရေး အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိသည်ဆိုသော ယူဆချက် အပေါ် အခြေခံ ယူဆထားသူများဖြစ်သည်။ ယင်းကဲ့သို့သော နိုင်ငံရေး အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ ့စည်းခွင့်ရှိသည်ဆိုသည့် အမြင်သည် လူတစ်ဦးချင်း လွတ်လပ်စွာ ရပ်တည်ခွင့်ရှိသည်ဆိုသော ယူဆချက် အပေါ် အခြေတည်ထားခြင်းဖြစ်သည်။

နိုင်ငံရေးရာ ထမ်းဆောင်ပေးရမည့် တာဝန်၏ အုတ်မြစ်သည် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ဖြစ်သည်ဟု ဟယ်ရီ ဘီရမ် (Harry Beran) က ယူဆသည်။ အပြန်အလှန် သဘောတူညီချက် မရှိပါက မည်သည့် တာဝန်မျှ မရှိဟု ဆိုလိုရင်းဖြစ်သည်။ နိုင်ငံတော် တရားဝင် ရပ်တည်ပိုင်ခွင့်ကို သက်ဆိုင်ရာ ပြည်သူများက ပေးအပ်ထားခြင်းဖြစ်သလို ခွဲထွက်ပိုင်ခွင့်၊ အထူးသဖြင့် နိုင်ငံရေး နယ်နိမိတ်များ ပြန်လည် ရေးဆွဲပိုင်ခွင့် တွင်လည်း ယင်းအတိုင်း ကျင့်သုံးမည်ဖြစ်သည်။ အုပ်စုတစ်ခု အနေနှင့် ယင်းကဲ့သို့ခွဲထွက်ပိုင်ခွင့်ရှိသလို ယင်း နယ်မြေတွင်း နေထိုင်သည့် အခြားသော လူနည်းစုများတွင်လည်း ယင်းကဲ့သို့သော ဆန္ဒခံယူပွဲ ကျင်းပကာ ခွဲထွက်ပိုင်ခွင့်ရှိရမည်ဟု ဘီရမ်က ထောက်ပြထားသည်။ ထို့ကြောင့် ယင်းမှ တစ်ဆင့် အန္တရာယ်ကြီးလှသော ဆင့်ကဲ သက်ရောက်မှုများ ပေါ်ထွက်လာနိုင်သည်။

ဘီရမ် ကဲ့သို့ပင် ဖီပေါ့(Philpott) နှင့် ဝဲမန်း(Wellman)တို့ကလည်း ခွဲထွက်ပိုင်ခွင့် နှင့် တစ်ဦးချင်း လွတ်လပ်ခွင့်ကို ချိတ်ဆက်ထား သည့် အစွန်းသိပ်မရောက်သည့် သီအိုရီ တစ်ခု ဖော်ထုတ်ထားသေးသည်။ လစ်ဘရယ် ဝါဒ နှင့် ဒီမိုကရစီ ဆိုသည်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုသည့် တန်ဖိုးအပေါ် အခြေပြုထားသည်။ အလားတူပင် ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့်၏ အခြေခံမှာ လည်း ယင်း တန်ဖိုးသာဖြစ်သင့်သည်ဟု ၎င်းတို့က ဆိုသည်။ သို့သော်လည်း ခွဲထွက်သည့် အုပ်စု နှင့် ခွဲထွက်ခံ ရသည့် နိုင်ငံတော် တို့နှစ်ခုလုံး နိုင်ငံတော် တစ်ရပ်၏ တာဝန်ထမ်းဆောင်နိုင်မှသာ ခွဲထွက်ပိုင်ခွင့်ရှိသည်ဟု ဝဲမန်းက ထပ်မံ ကန့်သတ်ထားသည်။

ယင်း ရွေးခြယ်မှု သီအိုရီ သုံးခု စလုံးသည် တစ်ဦးချင်း လွတ်လပ်မှု နှင့် ဆန္ဒခံယူပွဲတွင် ထောက်ခံမှု အများဆုံး ရရှိမှု စသည်တို့အပေါ်သာ အခြေခံထားခြင်းဖြစ်သည်။

သို့သော်လည်း နယ်မြေ တစ်ခု၏ နယ်နိမိတ် သတ်မှတ်ရေးတွင် အထက်ဖော်ပြပါ အချက်များကို အခြေခံ၍ ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ နယ်မြေ တစ်ခု ခွဲထွက်မှုသည် အဆိုပါ နယ်မြေတွင်းနေထိုင်သူများသာမကဘဲ သက်ဆိုင်ရာ နိုင်ငံတော်တွင်း နေထို်င်သူ အားလုံးအပေါ်ပါ သက်ရောက်မှု ရှိသည်။

ယင်းကဲ့သို့ အငြင်းပွားမှုများ ဖြစ်နေရခြင်းသည် အစုအဖွဲ့လိုက် အခွင့်အရေးကို တစ်ဦးချင်း အခွင့်အရေး ထံမှ ဆွဲယူလိုက်ခြင်းကြောင့်ဖြစ်သည်။ အစုအဖွဲ့လိုက်ရွေးခြယ် ဆုံးဖြတ်လိုက်မှုကြောင့် တစ်ဦးချင်းလိုက် လွတ်လပ်ခွင့် တိုးပွားလာမည်ဟု တရားသေ မှတ်ယူနိုင်မည် မဟုတ်ပေ။ အုပ်စုတစ်ခု အလိုက် ရွေးခြယ်လိုက်မှု သည် ယင်း အုပ်စုတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသူများ၏ စိတ်ဆန္ဒများ နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်များလည်း ရှိနေနိုင်သည်။

ရွေးခြယ်မှု သီအိုရီ သမားများ အနေနှင့် နယ်မြေခွဲထွက်ပိုင်ခွင့် ကို ကျင့်သုံးရာတွင် မည်သူ တို့သာ ကျင့်သုံးခွင့် ရှိသည် ဆိုခြင်းအပေါ် အနည်းငယ်သာ အာရုံစိုက်ဖော်ပြခဲ့ကြသည်။ အဆိုပါ သီအိုရီကို လက်ခံထားသူများ တင်ပြသည့် ဥပမာများသည် အမျိုးသားရေး အုပ်စုများသာဖြစ်နေခြင်းကြောင့် ယင်းအုပ်စုများအတွက်သာ ရည်ရွယ်သည်ဟုလည်း သွယ်ဝိုက် ကောက်ယူနိုင်သည်။ သို့သော်လည်း အမျိုးသားရေး အုပ်စု တစ်ခု ဖြစ်ခြင်းမှ ဆင်းသက်လာသည့် အထူး နိုင်ငံရေး အခွင့်အရေးများ အကြောင်း အဆိုပါ သီအိုရီသမားများ ဆွေးနွေးခဲ့ခြင်း မရှိသလို၊ ခွဲထွက်ခွင့် သီအိုရီကို အမျိုးသားရေး အုပ်စုများသာ သီးသန့် ကျင့်သုံးသင့်သည်ဟု အထူးပြုဖော်ပြခဲ့ ခြင်းမရှိပေ။

တစ်ဦးချင်း လွတ်လပ်ခွင့်အပေါ် အခြေခံထားသည့် ခွဲထွက်ခွင့် သီအိုရီအရ အောက်ပါ ဥပမာ ကို စဉ်းစားကြည့်ပါ။ နိုင်ငံတော် တည်ရှိမှုကို ဆန့်ကျင်သည့် လက်ယာစွန်း ပြည်သူ့စစ် အုပ်စု တစ်ခု က တက္ကဆက် ပြည်နယ်ရှိ ပန်းခြံ တစ်ခုကို ဝယ်ယူပြီး နယ်မြေ ခွဲထွက်ပိုင်ခွင့်ရှိသည်ဟု ထုတ်ပြန်လိုက်သည် ဆိုပါစို့။ ၎င်းတို့၏ နယ်မြေသည် တစ်ဆက်စပ်တည်းရှိနေသည့် နယ်မြေလည်းဖြစ်သည်( ပန်းခြံတစ်ခု )၊ သဘောတရားရေးအရလည်း တစ်သားတည်းဖြစ်နေသည်၊ အမေရိကန်၏ စစ်မှန်သည့် တန်ဖိုးများအပေါ် သစ္စာရှိပါသည်ဆိုသော သမိုင်းဆိုင်ရာ ထွက်ဆိုချက်ဖြင့် ခွဲထွက်ခွင့်ကို အားဖြည့်ထားသည်။ ယင်းကဲ့သို့သော နယ်မြေ ခွဲထွက်ပိုင်ခွင့်ကို ရွေးခြယ်မှု သီအိုရီ ငြင်းပယ်နိုင်သည့် အခွင့်အလမ်း အနည်းငယ်သာရှိသည်။

ယင်းကဲ့သို့သော သီအိုရီ လက်ခံမှုမှ တစ်ဆင့် ပေါ်ထွက်လာနိုင်သည့် ထင်သာမြင်သာ အရှိဆုံး အန္တရာယ် တစ်ရပ်သည် ဒီမိုကရေစီ နည်းကျ အမြင်များ၊ အတွေးအခေါ်များ ဖလှယ်မှု အားပျော့နိုင်ခြေ ဖြစ်သည်။ သဘောတရားရေး အရ တစ်သားတည်းရှိသည့် အုပ်စုများ အနေနှင့် တခြားသော အင်အားစုများ နှင့် ဆွေးနွေးရန် ကြိုးပမ်းတော့မည် မဟုတ်ဘဲ ၎င်းတို့ကိုယ်ပိုင် နိုင်ငံတော်ကို ထူထောင်လာကြမည်ဖြစ်သည်။ ယင်းသို့ဖြင့် ဗဟုစုံ ဖြစ်သလို အသွင်အပြင် လက္ခဏာ အမျိုးမျိုးရှိသည့် ခေတ်ပြိုင် ဒီမိုကရေစီကို ခြိမ်းခြောက်လာမည်ဖြစ်သည်။

အဆိုပါ အခွင့်အရေးကို အင်စတီကျူးရှင်းပိုင်းအရ တရားဝင် ခွင့်ပြုလိုက်ပါက နယ်မြေ တစ်ခုတည်းတွင်သာ တူရာ တူရာ လူများ စုနေရန် တွန်းအားပေးလိုက်သလိုဖြစ်လာမည်ဖြစ်ပြီး မိမိတို့နေထိုင်ရာ နယ်မြေတွင် လူများစုဖြစ်လာရန်သာ ကြိုးပမ်းလာကြမည်ဖြစ်သည်။ ယင်းအချက်ကြောင့်လည်း နိုင်ငံတော်တွင်း ဝင်ရောက် လာသည့် ရွေးပြောင်းနေထိုင်သူများ အပေါ်ပါ သက်ရောက်မှု ရှိလာမည်ဖြစ်သည်။ အစဉ်အလာအားဖြင့် ရွေ့ ပြောင်းနေထိုင်သူများသည် ၎င်းတို့၏ သက်ဆိုင်ရာ လူမျိုးတူများနှင့်သာ ပေါင်းစည်းနေထိုင်လေ့ရှိသည်။ ထို့မှသာ နိုင်ငံသစ်တစ်ခုသို ရွေ့ပြောင်းလာပြီးဖြစ်သော်လည်း မူရင်းနိုင်ငံတွင်ကဲ့သို့ခံစားရမည်ဖြစ်သည်။ ယင်းသို့ နေထိုင်ခြင်းဖြင့် ၎င်းတို့ကို လက်ခံထားသည့် နိုင်ငံမှ လူများစု ယဉ်ကျေးမှု နှင့် အပြည့်အဝ ပေါင်းစည်းရန် မလိုဘဲ အဆိုပါ နိုင်ငံ၏ လူ့အဖွဲ့အစည်းတွင်း စီးမျှောနိုင်မည်ဖြစ်သည်။ တူညီသည့် ဘာသာစကား၊ တူညီသည့် ယဉ်ကျေးမှု စံနှုန်း၊ အမြင်များရှိပါက ခွဲထွက်ခွင့်ရှိသည်ဆိုသော အမြင်ကို လက်ခံလိုက်ပါက ယင်းကဲ့သို့သော ခွဲထွက်မှုမျိုးကို ကြိုတင် တားဆီးရန် နိုင်ငံတော်များ အနေနှင့် ဝင်ရောက် စွက်ဖက်တော့မည်ဖြစ်သည်။ ယင်းသို့ဖြင့် ရွေ့ပြောင်းနေထိုင်သူများ ၎င်းတို့၏ နိုင်ငံသစ်တွင် လွတ်လပ်စွာ သွားလာ၊ နေထိုင် ပိုင်ခွင့်တွင် အကန့် အသတ်များ ပေါ်လာမည်ဖြစ်သည်။ ယင်းသို့မတားဆီးပါကလည်း ရွေ့ပြောင်းနေထိုင်သူများကို လက်ခံသည့် နိုင်ငံတွင် သီးခြား အချုပ်အခြာ အာဏာရှိသည့် နယ်မြေလေးများ ဟိုတစ်ကွက် ဒီတစ်ကွက် အစီအရီဖြင့် ပေါ်လာတော့မည်ဖြစ်သည်။

ခွဲထွက်ရေး လှုပ်ရှားမှု တိုင်း နီးပါးကို ကြည့်ပါက ခွဲထွက်ခွင့်တောင်းဆိုသူများသည် မကြာသေးခင်မှ ရောက်လာသည့် ရွေ့ပြောင်းနေထိုင်သူများ မဟုတ်ဘဲ သက်ဆိုင်ရာ နိုင်ငံရှိ လူများစု နှင့် ယဉ်ကျေးမှု/ ဘာသာစကား မတူသူများ၊ လူများစု နှင့် မတူညီသည့် သမိုင်းကြောင်းရှိသူများ၊ လူများစု/နိုင်ငံတော် နှင့် မတူညီသည့် ဆက်ဆံရေး ရှိသူများဖြစ်သည်။ ခွဲထွက်ရေး ဆိုသည်မှာ နိုင်ငံတော် တစ်ရပ်၏ တာဝန်ကို ဖြည့်စည်းထမ်းဆောင်မှု၊ နိုင်ငံရေးရာ တရားဝင် ရှိလာမှု သက်သက်သာမဟုတ်ပေ။ ယဉ်ကျေးမှုပိုင်း၊ အမှတ်လက္ခဏာပိုင်း၊ သရုပ်လက္ခဏာပိုင်းတို့နှင့် အနီးကပ် ချိတ်ဆက်လျက်ရှိသည်။

ထို့ကြောင့်လည်း ခွဲထွက်ခွင့် လှုပ်ရှားမှု တစ်ခုခုတွင် ပြဿနာ ပေါ်နိုင်ခြေ ရှိ မရှိ သိလိုပါက ယင်း လှုပ်ရှားမှုကို ဆန့်ကျင် ကန့်ကွက်နေသည့် ပိုနည်းသည့် လူနည်းစုများ ယင်း လှုပ်ရှားမှု လုပ်ဆောင်ရာ နယ်မြေတွင် ရှိ မရှိ ကို ကြည့်နိုင်သည်။ ကွီဘတ်၊ မြောက် အိုင်ယာလန်၊ ကတ်ရှမီးယား၊ မြောက် ဆိုက်ပရတ်၊ ခရိုရေးရှား၊ ကာ့ဒစ္စတန်၊ သီရိလင်္ကာ တို့ကို ကြည့်ပါက ခွဲထွက်ရေး လှုပ်ရှားမှုများသည် လူမျိုးစု ကွဲပြားမှု လမ်းကြောင်း အတိုင်း ကွဲထွက်ကုန်သည်။ ခွဲထွက်ရေး အောင်မြင်စွာ လုပ်ဆောင်ပြီးနောက် ပေါ်ထွက်လာသည့် အသစ်စက်စက် နိုင်ငံတော်များကို ဆန့်ကျင်သည့် လူနည်းစုအရေး လှုပ်ရှားမှုများလည်း ပေါ်ပေါက်လာသည်။ ယင်းသို့ဖြင့် လူများ အစုလိုက်အပြုံလိုက် ပြောင်းရွေ့မှုများ၊ လက်နက်ကိုင် ပုန်ကန်မှုများ ပေါ်ထွက်လာကာ ခွဲထွက်ရေး အောင်မြင်ခါစ နိုင်ငံတော်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်လာသည်။

လူနည်းစုများရှိနေခြင်း၊ ခွဲထွက်ခွင့်ကို လက်မလိုလားသူများရှိနေခြင်းကြောင့် တစ်ဦးချင်း လွတ်လပ်ခွင့် ဆိုသည့် တန်ဖိုးကို အခြေခံပြီး ခွဲထွက်ခွင့် သီအိုရီကို တည်ဆောက်ပါက အငြင်းပွားဖွယ်များ ရှိလာမည်ဖြစ်သည်။ ခွဲထွက်ခွင့်ကို ခွဲထွက်လိုသည့် ဒေသတွင်း နေထိုင်သူ ရာနှုန်းပြည့် အားလုံးက လက်ခံမှသာ အငြင်းပွားဖွယ် နည်းမည်ဖြစ်သည်။ ယင်းသို့မဟုတ်ပါက အသစ်ပေါ်ထွက်လာသည့် နိုင်ငံတော်သစ်သည် ( ခွဲထွက်ခွင့်ကို လက်မခံသည့် ) နိုင်ငံသားများ၏ တစ်ဦးချင်း လွတ်လပ်ပိုင်ခွင့်၊ အဖွဲ့အစည်းများ လွတ်လပ်စွာ ထူထောင်ပိုင် ခွင့်ကို ချိုးဖောက်ရာ ရောက်သည်။ အတူတူ ယှဉ်တွဲမနေလိုသူများ နှင့် ဖိအားပေး ယှဉ်တွဲနေခိုင်းခြင်းဖြင့် ၎င်းတို့ ၏ အခွင့်အရေးကို ချိုးဖောက်သည်။

ယင်းအမြင်ဖြင့်ကြည့်ပါက လက်ရှိတည်ရှိနေသည့် နိုင်ငံတော် အားလုံး၊ စိတ်ကူးထဲတွင် ဖန်တီးကြည့်နိုင်မည့် နိုင်ငံတော် အားလုံးသည် တစ်ဦးချင်း လွတ်လပ်ခွင့် အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည်သာဖြစ်သည်။ ယင်းကို လက်မခံဘဲ တစ်ဦးချင်း လွတ်လပ်ခွင့်ကို အခြေပြု၍ ခွဲထွက်ပိုင်ခွင့် ပေးမည်ဆိုပါကလည်း ပြဿနာများ ပိုမိုကြီးမားလာမည်ဖြစ်သည်။

အစုအဖွဲ့လိုက် ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိသည်ဆိုသော ငြင်းဆိုချက်

နယ်မြေ တစ်ခုတွင် တစ်စုတစ်စည်းတည်းနေထိုင် လျက်ရှိသည့် အမျိုးသားရေး အုပ်စုများ၊ အစုအဖွဲ့များ ရှိနေ တတ်သည်။ နယ်နိမိတ်ရေးဆွဲမည်ဆိုပါက ယင်းကဲ့သို့သော နယ်မြေ တစ်လျောက် ရေးဆွဲသင့်သည်ဟု ဆိုသည်။ သို့သော်လည်း အမျိုးသားရေး အုပ်စုများ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အစပထမ ကတည်းက ကြိုတင်လက်ခံထားမှ သာ ယင်းအမြင်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ အမျိုးသားရေး အုပ်စုဝင်များ အချင်းချင်းကြား ငါတို့အဖွဲ ့ဟူသော အစုအဖွဲ ့ဝင် စိတ်ဓာတ်ရှိနေသလို၊ အတူတူမျှဝေ ကျင့်သုံးလျက်ရှိသည့် အမျိုးသားရေး အမှတ်လက္ခဏာများလည်း ရှိသည်။

အမျိုးသားရေး အုပ်စုများ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အသိအမှတ်ပြု၍ နယ်နိမိတ်ရေးဆွဲမည်ဆိုလျင်လည်း ပြဿနာများရှိနေသည်။ နယ်မြေတွင်း လက်ရှိနေထိုင်သူများသာ ကိုယ်ပိုင် လွတ်လပ်စွာ ရပ်တည်ခွင့်ရှိသည်ဟု လက်ခံလိုက်ပါကလည်း အငြင်းပွားမှုများ ပေါ်ပေါက်လာနိုင်သည်။ ၁၉၁၉ ခုနစ် ပထမကမ္ဘာစစ် အပြီး လုပ်ဆောင်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်များတွင် ယင်း မူ ကို အမေရိကန် သမ္မတ ဝီလဆင် ကိုင်ဆွဲ ခဲ့သည်။ လူဦးရေ များပြားသည့် လူမျိုးစုများ နှင့် ဘာသာစကား အုပ်စုများ သည် အမျိုးသားရေး အုပ်စု ဖြစ်လာနိုင် ခြေရှိသည်ဟု ယူဆကာ စစ်ပြီးခေတ် နယ်နိမိတ်များ ရေးဆွဲခဲ့ခြင်းဖြစ်သည်။

အမျိုးသားရေး ဝါဒ ဆိုသည်မှာ အဖွဲ့ဝင်ဖြစ်မှု သက်သက် တစ်ခုတည်းအပေါ်တွင် အခြေခံထားခြင်းမဟုတ်ဘဲ အမိမြေ ဆိုသည့် အချက်မှာ အရေးပါသည့် အခြေခံ တစ်ရပ်ဖြစ်သည်။ အမိမြေ ဆိုသည့် အချက်ကို သက်ဆိုင်ရာ အမျိုးသားရေး အုပ်စုဝင်များ အလေးအမြတ် ဂရုစိုက်နေပါက၊ ယင်းကဲ့သို့သော ခံစားချက်ကို မျှတ ကျိုးကြောင်းဆီလျော်စွာ ထုတ်ဖော်ပါက နယ်မြေ အရေး တောင်းဆိုမှုကို အလေးအနက်ထားသင့်သည်။ ယင်းကဲ့သို့သော နယ်မြေသည် ၎င်းတို့ လက်ရှိနေထိုင်လျက်ရှိရာ နယ်မြေ ဖြစ်နိုင်သလို၊ ၎င်းတို့၏ ဘိုးဘေးများ မြှပ်နှံခဲ့ရာ၊ ၎င်းတို့၏ မိဘများ ထွန်ယတ်စိုက်ပျိုးခဲ့ရာ၊ ၎င်းတို့၏ အမျိုးသားရေး အထိမ်းအမှတ် များ စိုက်ထူခဲ့ရာ နေရာ ဖြစ်နေနိုင်သည်။

နယ်မြေ အပေါ် တောင်းဆိုပိုင်ခွင့် နှင့် ပတ်သက်၍ အမျိုးသားရေး ဝါဒီများ မကြာခဏ အသုံးပြုလေ့ရှိသည့် တောင်းဆိုချက် ၄ မျိုးရှိသည်။ ဘုရားပေး အခွင့်အရေး ဆိုသည့် အချက်အပေါ် အခြေခံမှု၊ ယဉ်ကျေးမှု ပိုမို မြင့်မား သည် ဆိုသည့် အချက်၊ တိုင်းရင်းသားဖြစ်မှု ဆိုသည့်အချက်၊ သမိုင်းတစ်လျောက် နေထိုင်ခဲ့မှု ဆိုသည့် အချက် တို့ဖြစ်သည်။

အဆိုပါ အချက် ၄ ချက် အပေါ် အခြေခံ၍ နယ်မြေ တောင်းဆိုမှု လုပ်ဆောင်ခြင်းကို စံနှုန်း ၂ ရပ်ဖြင့် အကဲဖြတ်နိုင်သည်။ ပထမ စံနှုန်းသည် ပဋိပက္ခများကို ဖြေရှင်း နိုင်ခြင်းရှိ မရှိဆိုသည့် ကျင့်ဝတ်ပိုင်းအရ စံနှုန်းဖြစ်သည်။ အထူးအခွင့်အရေး ရှိသည်ဆိုသော တောင်းဆိုချက်များသည် ယေဘုယျ သဘော မဆောင်သလို၊ အချို့သော ဖြစ်စဉ်များတွင် ပဋိပက္ခကို ပိုမို ကြီးထွားစေနိုင်ခြင်းကြောင့် အကန့်အသတ်များရှိနေသည်။ ထို့ကြောင့် ဒုတိယ စံနှုန်း ကို ယေဘုယျ သဘော ဆောင်နိုင်မှုဟု သတ်မှတ်ထားသည်။

ဘုရားပေး အခွင့်အရေး

အချို့သော သူများကို နယ်မြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ ဘုရားက အထူးအခွင့်အရေး ပေးထားသည်ဟု ဆိုသည်။ ယင်းအမြင်ကို ဂျူဒါ ဝါဒ တွင် အဓိက အားဖြင့် တွေ့နိုင်သည်။ အလားတူပင် ကမ္ဘာသစ်၌ နယ်မြေများသိမ်းယူမှုကို သမ္မာကျမ်းစာတွင် ပါသည့် စာပိုဒ် အချို့အပေါ် အခြေပြု၍ အမေရိကန် ကိုလိုနီဝါဒီများ ဆင်ခြေ ပေးခဲ့ကြသည်။ နယ်မြေ ဆိုင်ရာ အချက်များသည် ဂျူဒါ ဝါဒ၏ အရေးပါသော အစိတ်အပိုင်း တစ်ရပ် ဖြစ်သည် ဆိုခြင်းအပေါ် သမ္မာကျမ်းစာ ပညာရှင်များကြားတွင်ပင် အငြင်းပွားလျက်ရှိသည်။ သို့သော်လည်း ဘုရားပေး အခွင့်အရေး အပေါ် အခြေခံ၍ နယ်မြေပိုင်ဆိုင်ကြောင်း ကြွေးကြော်မှုသည် နိုင်ငံရေးအရ သက်ရောက်မှု ကြီးကြီးမားမားရှိနေသည်။

အမေရိက တိုက်ကို ကိုလိုနီပြု သိမ်းယူခြင်း နှင့် ဒေသခံ အင်ဒီးယန်း မျိုးနွယ်စုများ၏ ပိုင်ဆိုင်မှုကို သိမ်းယူခြင်း တို့တွင် တောရိုင်းမြေကို ခရစ်ယာန်များ ထွန်ယတ်စိုက်ပျိုးရန် ဘုရားက အလိုရှိနေသည် ဆိုသည့် အချက်ဖြင့် အဓိက ဆင်ခြေပေးခဲ့ကြသည်။ ဒေသခံများကိုသာ သီးသန့်ကူးစပ်သည့် ပလိပ်ရောဂါပိုး ကူးစပ်စေခြင်း ဖြင့် ဘုရားသခင်က သူ၏ ခရစ်ယာန် ကလေးငယ်များအတွက် နေရာ တစ်ခု ဖန်တီးပေးခဲ့သည်ဟု အစောပိုင်းကာလ ကိုလိုနီဝါဒီများက ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းကဲ့သို့ကူးစပ်မှု ဖြစ်ပွားစေရန် ဘုရား၏ စွမ်းအား တစ်ခုတည်းကိုသာ အားကိုးခဲ့ကြခြင်းမဟုတ်ပေ။ ကျောက်ရောဂါ ကူးစပ်လျက်ရှိသည့် စောင်များကို ဒေသခံများထံသို့ရည်ရွယ်ချက်ရှိရှိ ပေးပို့ကာ ဘုရား၏ စိတ်ဆန္ဒကို ကိုလိုနီ အခြေချ နေထိုင်သူများ အားဖြည့်ပေးခဲ့ရသည်။

ဘုရားပေးအခွင့်အရေးဆိုသည့် ငြင်းဆိုချက်၏ အဓိက ပြဿနာမှာ မည်သည့် ကျမ်းစာကို မည်သူ က မည်ကဲ့သို့အဓိပ္ပာယ်ဖွင့်ဆိုပြီး မည်သို့ကျင့်သုံးမည် ဆိုသည့် အငြင်းပွားဖွယ် အချက်ရှိနေမှုဖြစ်သည်။ ယင်းသို့ကျင့်သုံးရာတွင်လည်း သီးသန့်နယ်မြေတစ်ခု အပေါ် သီးသန့်လူမျိုးတစ်မျိုး၏ သီးသန့်အမြင်သာ အဖြစ်သာရှိနေမည်။ ထို့ကြောင့် ဘက်လိုက်မှု မရှိဘဲ ယေဘုယျ သဘောခြုံငုံ အသုံးပြုနိုင်မည့် အမြင်တစ်ရပ် လိုအပ်လျက်ရှိသည်။

ယဉ်ကျေးမှု ပိုမိုမြင့်မားခြင်း

နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုရာတွင် အသုံးပြုလျက်ရှိသည့် အချက်သည် မြေယာကို ထိရောက်စွာ အသုံးချနိုင်မှု သို့မဟုတ် ယဉ်ကျေးမှု ပိုမိုမြင့်မားသည်ဆိုသော ဆင်ခြေဖြစ်သည်။

မြေယာကို အသုံးမပြုဘဲထားသည့် မည်သူ့ထံမှမဆို အဆိုပါ မြေ သိမ်းယူမှုသည် တရားသည်ဟု ၁၆ ရာစုတွင် ဆာ သောမတ် မိုး က အဆိုပြုခဲ့သည်။ အမေရိက တိုက်ကို ကိုလိုနီပြုရာတွင် ယခင်ကတည်းက နေထိုင်လျက်ရှိသည့် ဒေသခံများရှိသော်လည်း မြေယာကို အကျိုးရှိစွာ အသုံးချနိုင်ခြင်းမရှိဟု ဆင်ခြေပေးကာ သိမ်းယူ ခဲ့ကြခြင်းဖြစ်သည်။ ယင်းကဲ့သို့သော အမြင်ကို မတ်ဆာချူးဆက် ပင်လယ်အော် ကိုလိုနီ၏ ပထမဆုံးသော အုပ်ချုပ်ရေးမှူး ဂျွန် ဝင်းထရော့ ( John Winthrop ) ကိုင်ဆွဲခဲ့သည်။

နာမည်ကျော် ဒဿနာပညာရှင်ဖြစ်သည့် ဂျွန်လော့က ၎င်း၏ The Second Treatise of Government တွင် ပုဂ္ဂလိက ပစ္စည်း ပိုင်ဆိုင်မှု ကို အဓိပ္ပာယ်ဖွင့်ရာတွင် လူသားသည် ၎င်း၏ ကိုယ်ခန္ဓာကို ၎င်းတို့သာ ပိုင်စိုးသည်။ ယင်း ပိုင်စိုးမှုမှ ဆင်းသက်လာသည့် လုပ်အားမှ ရရှိသည့် ပစ္စည်းဥစ္စာ မှန်သမျှကို ပိုင်ဆိုင်ခွင့်ရှိသည်ဟု ဆိုသည်။ သို့သော်လည်း အခြားသူများ အသုံးပြုနိုင်ရေး ချန်ထားနိုင်မှသာ ယင်းပစ္စည်းဥစ္စာကို ပိုင်ဆိုင်ပိုင်ခွင့် ရှိသည်ဟု ကန့်သတ်ထားသည်။ ထို့ကြောင့် အခြားသူများ အသုံးပြုရေး ဘာမှ မကျန်လောက်သည့် အခြေအနေတွင် လုပ်အားမှ တစ်ဆင့် ဆင်းသက်လာသည့် ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ဂျွန်လော့က လက်မခံပေ။

မြေယာများကို ဘုံ ပိုင် အဖြစ် ထားရှိခြင်းထက် ပုဂ္ဂလိကပိုင် အဖြစ် ထားရှိခြင်းက ပိုမို ထိရောက်စွာ အသုံးပြု နိုင်သည်ဟု ဂျွန်လော့က လက်ခံထားသည်။

ယင်းအမြင်ကို လေ့လာကြည့်ပါက မြေယာကို ပုဂ္ဂလိက ပိုင်အဖြစ်ထားရှိမှုသည် ဘုံ ပိုင် အဖြစ် ထားရှိမှုထက် ပိုမို ထိရောက်သည် ဆိုသည့် အချက်အပေါ် အခြေခံထားသည်ကို တွေ့နိုင်သည်။ မြေယာကို ဘုံ ပိုင်အဖြစ်သာ ထားရှိကာ လူ နှင့် သဘာဝ ရင်းမြစ်များကြား ရေရှည်တည်တန့်သည့် ဆက်ဆံရေး ပေါ်လာရေး လုပ်ဆောင်ထားသည်ကို ဂရုပြုခြင်းမရှိပေ။ ထို့အပြင် မြေယာကို ဘုံ ပိုင် အဖြစ် ထားရှိသည့် ဒေသခံများ၏ မြေယာ အသုံးပြုမှု ပုံစံကို Ò အသုံးပြုမှု Ó ဟု လက်ခံခြင်းမရှိဘဲ ပုဂ္ဂလိက ပိုင်ဖြစ်မှသာ ÒအသုံးပြုမှုÓ မြောက်သည် ဆိုသော ၎င်းတို့၏ တစ်ဖက်ဘက် အမြင်ကိုသာ ကိုင်စွဲထားသည်။

နှစ်ဆယ်ရာစုနှစ် ပထမပိုင်းကာလများတွင် အစ္စရေး ၌ အစောပိုင်း ဇီယွန် ဝါဒီများ အခြေချ နေထိုင်ရာတွင် Òမြေယာကို ထိရောက်စွာ အသုံးချမှုÓ ဆိုသည့် အချက်ကို အသုံးပြုခဲ့သည်။ ပါလတ်စတိုင်း ဒေသတွင် လူအချို့သာ နေထိုင်သည် သို့မဟုတ် လူမနေ ဟု ဇီယွန် ဝါဒီများ ပြောကြားမှု၌ လက်တွေ့တွင် နေထိုင်သူ မရှိဟု ဆိုလိုခြင်း မဟုတ်ဘဲ မြေယာကို အသုံးချ နိုင်သည့် လူများ မနေဟု ရည်ရွယ် ပြောကြားခဲ့ခြင်းဖြစ် သည်။

မြေယာကို ကောင်းမွန်စွာ အသုံးပြုနိုင်သူထံသို့သာ နယ်မြေ ပေးအပ်သင့်သည်ဆိုသော အမြင်တွင် ပြဿနာ၂ ရပ်ရှိသည်။ ယေဘုယျ သဘောကင်းမဲ့မှု နှင့် လက်တွေ့အကောင်အထည်ဖော်ပါက ကပ်ဆိုး ဆိုက်နိုင်လောက်သည့် အန္တရာယ် ပေါ်လာနိုင်မှုဖြစ်သည်။ အထက်တွင် ဖော်ပြပြီးသကဲ့သို့ပင် ထိရောက်စွာ အသုံးပြုနိုင်မှု ကို မည်ကဲ့သို့အဓိပ္ပာယ်ဖွင့်မည်နည်း။ မြေယာ အသုံးပြုမှု နှင့် ပတ်သတ်၍ လူအသီးသီးတွင် မတူညီသည့် တန်ဖိုး အမြင်များရှိနေသည်။ ထိရောက်စွာ အသုံးပြုမှု ကို မတူညီသည့် ယဉ်ကျေးမှု အသီးသီးက ကွဲပြားစွာ အဓိပ္ပာယ်ဖွင့်ဆိုသဖြင့် အငြင်းပွားမှုများ မဆုံးနိုင်အောင် ပေါ်ပေါက်လာမည်ဖြစ်သည်။

အကျိုးရှိစွာ အသုံးချနိုင်မှု အမြင်ကို လက်ခံလိုက်ပါက နယ်နိမိတ် များကို မကြာခဏ ပြန်လည် ရေးဆွဲ နေရမည်ဖြစ်သည်။

ဌာနေ တိုင်းရင်းသားဖြစ်မှု နှင့် နယ်မြေ တောင်းဆိုပိုင်ခွင့်

ဌာနေ တိုင်းရင်းသားဖြစ်မှုကြောင့် နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုပိုင်ခွင့်ရှိသည်ဟု ဆိုသည်။ အစကနဦးဖြစ်မှု၊ စစ်မှန်သည့် ပိုင်ရှင်ဖြစ်မှု၊ ပထမဆုံး နေထိုင်သူများဖြစ်မှု စသည်တို့အပေါ် အခြေခံပြီး နယ်မြေပိုင်ဆိုင်မှု တောင်းဆိုခြင်းဖြစ်သည်။ ဌာနေ တိုင်းရင်းသားများသည် နယ်မြေကို အမှန်တကယ် ပိုင်ဆိုင်ကြသူများဖြစ်ခြင်းကြောင့် နောက်မှ ရောက်လာသူများသည် မြေ 'သူခိုး'များဖြစ်သည် ဟု ဆိုသည်။

အမေရိက၊ သြစတြေးလျ နှင့် နယူးဇီလန် တို့တွင် ဒေသခံတို့၏ မြေယာ အားလုံး လုယတ် သိမ်းယူခံခဲ့ရသည်။ လူပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသလို၊ ၎င်းတို့၏ ယဉ်ကျေးမှုများလည်း အဆင့်နိမ့်ပါးခဲ့ရသည်။ ကိုယ်ပိုင် နယ်မြေ ယနေ့ထိ ပိုင်ဆိုင်ခြင်းမရှိသဖြင့် ယင်းကဲ့သို့အတိတ် ကာလ ဒဏ်ရာဒဏ်ချက်များကို ယနေ့တိုင် ခံစားနေရသည်ဟု ဒေသခံများက ထောက်ပြလျက်ရှိသည်။

ယင်းကဲ့သို့သော ငြင်းချက်ထုတ်မှုတွင် ကျင့်ဝတ်ပိုင်းအရ အားကောင်းမှု ရှိနေသော်လည်း ဌာနေ တိုင်းရင်းသား ဖြစ်မှု နှင့် နယ်မြေပိုင်ဆိုင်ခွင့်ကို တိုက်ရိုက် ချိတ်ဆက်လိုက်ပါက ပြဿနာများစွာ ပေါ်ပေါက်လာနိုင်သည်။ ပထမ အချက်သည် လူသားများ ရွေ့ပြောင်းနေထိုင်မှုသည် ယခင်ကရော၊ ယခုတွင်ပါ မကြာခဏ တွေ့နေရသည့် ဖြစ်စဉ် တစ်ခု ဖြစ်သည်။ ဒုတိယ အချက်သည် ရွေ့ပြောင်းနေထိုင်မှု၏ သမိုင်းကြောင်းတွင် အငြင်းပွားမှုများ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ တတိယ အချက် ဌာနေ တိုင်းရင်းသားဖြစ်မှုသည် ပထဝီ အချက်အပေါ်တွင် အလွန်အမင်း မှီခိုနေမှု ဖြစ်သည်။ စတုတ္ထ အချက် သည် ဌာနေ တိုင်းရင်းသားဖြစ်မှုကို အခြေခံ၍ နယ်မြေပိုင်ဆိုင်ခွင့်ပေးလိုက်ပါကလည်း ယင်းနှင့် အပြိုင် တောင်းဆိုလျက်ရှိသည့် နယ်မြေ တောင်းဆိုမှုများအပေါ် မည်သို့မျှတစွာ ဖြေရှင်းမည်နည်း ဆိုသည့် အချက်ဖြစ်သည်။

နယ်မြေများကို မူရင်းပိုင်ရှင်ထံ ပြန်လည် ပေးအပ်ပါကလည်း နောက်မှ ရောက်ရှိနေထိုင်သူများ အပေါ် မတရားမှု ကျူးလွန် လိုက်သလိုဖြစ်နေမည်။ ဌာနေ တိုင်းရင်းသား မဟုတ်သူများသည်လည်း ၎င်းတို့၏ ဘိုးဘေးများ၏ မူရင်းဒေသများအပေါ် မဟုတ်ဘဲ ၎င်းတို့မွေးဖွားနေထိုင်ရာ ဒေသအပေါ် တွယ်ငြှိနေနိုင်သည်။

ထို့အပြင် ရွေ့ပြောင်းအခြေချနေထိုင်မှု သမိုင်းကြောင်းသည် အများလက်ခံထားသည်ထက် ပိုမိုရှုပ်ထွေးလျက်ရှိသည်။ ဥပမာအားဖြင့် သီရိလင်္ကာ နိုင်ငံတွင် ဆင်ဟာလီများက ၎င်းတို့သည်သာ ဌာနေ တိုင်းရင်းသားများဖြစ်သည်ဟု ကြွေးကြော်လျက်ရှိသည်။ အမှန်တကယ်တွင်မူ ဗတ်ဒါ လူမျိုးများ သီရိလင်္ကာ သို့ ရောက်ရှိ နေထိုင်မှုသည် ဆင်ဟာလီများထက် များစွာ ရှေးကျသည်။ မလေးရှား နိုင်ငံတွင်လည်း မလေးများသည် ၎င်းတို့ကိုယ်၎င်း ဘူနီပူထရာ ( မြေကြီး၏ သားများ ) ဟု ခေါ်ဆိုလျက်ရှိသော်လည်း အိုရမ် အလီ များ ရောက်ရှိမှုသည် မလေးတို့ထက် ပိုစောသည်။ မလေးရှားတွင် နေထိုင်သည့် အချို့သော တရုတ် မိသားစုများသည် အချို့သော မလေး မိသားစုများထက်ပင် ပိုစော၍ မလေးရှား နိုင်ငံသို့ရောက်ရှိနေခြင်း ဖြစ်သည်။ အိမ်နီးချင်း အင်ဒိုနီးရှား နိုင်ငံမှ ဝင်ရောက်လာပြီး မလေးရှား အမျိုးသားရေး အမှတ်လက္ခဏာတွင်း စီးဝင်သွားသည့် မိသားစုများ မလေးရှားတွင်ရှိသည်။ သီရိလင်္ကာ နိုင်ငံတွင် တမီးလူမျိုးများသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်မှ စတင်ရောက်ရှိနေထိုင်သူများဖြစ်ပြီး နိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်း ဒေသများ၏ ဌာနေ တိုင်းရင်းသားများဖြစ်သည်ဟုပင် ထုတ်ဖော် ပြောကြားလျက်ရှိသည်။

ဌာနေ တိုင်းရင်းသားဖြစ်မှုတွင် သက်ဆိုင်ရာ ပထဝီ ဒေသတစ်ခုလုံး၏ သက်ရောက်မှုကိုလည်း ထည့်သွင်း တွက်ချက် လေ့ရှိသည်။ ဒုတိယ ကမ္ဘာစစ်ပြီးကာလတွင် တောင်အာဖရိက နိုင်ငံသို့များစွာသော အာဖရိကသားများ ဝင်ရောက်လာကြပြီး အိန္ဒိယသားတို့၏ မြေယာများအပေါ် နေထိုင်ခဲ့ကြသည်။ ၎င်းတို့ရောက်ရှိမှုသည် အိန္ဒိယသားတို့၏ ရောက်ရှိမှုထက် နောက်ကျသော်လည်း အာဖရိက တိုက်တစ်ခုလုံးသည် အာဖရိကသားတို့၏ နေရာဖြစ်သည်ဟုဆိုကာ ၎င်းတို့သာ တိုင်းရင်းသားဖြစ်သည်ဟု တောင်းဆိုလျက်ရှိသည်။

မျှတမှု ဆိုသည့် အချက်ကို ထည့်သွင်း တွက်ချက်ပါက နယ်မြေတောင်းဆိုမှုများ ပိုမို ရှုပ်ထွေးလာမည် ဖြစ်သည်။ လူမျိုးစု တစ်ခု၏ ဓလေ့သည် ရွေ့ပြောင်း စိုက်ပျိုးမှု လုပ်ငန်း နှင့် တိရိစ္ဆာန်များ လှည့်လည် မွေးမြူမှု လုပ်ငန်းဟု ယူဆကြည့်ပါက အဆိုပါ လူမျိုးစုဝင် လူအနည်းငယ် အတွက် ဧက ထောင်ပေါင်းများစွာသော မြေယာများ လိုအပ်မည်ဖြစ်သည်။ ယင်းကဲ့သို့သော လူမျိုးစုများ နယ်မြေပိုင်ဆိုင်ခွင့် နှင့် ပတ်သက်၍ အချက် ၂ ချက် ရှိသည်။ ပထမ အချက်သည် လွန်စွာ ရိုးရှင်းသည်။ ဌာနေ တိုင်းရင်းသားဖြစ်မှုကြောင့် နယ်မြေပိုင်ခွင့်ရှိသည် ဆိုသော အချက်ဖြစ်သည်။ ဒုတိယ အချက်က ထောက်ပြသည်မှာ အဆိုပါ လူမျိုး၏ ယဉ်ကျေးမှုအရ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်ရန် လွန်စွာ ကြီးမားသည့် နယ်မြေ တစ်ခုလိုအပ်သည်။ ထို့ကြောင့် နယ်မြေပိုင်ခွင့် ပေးသင့် သည်ဟု ဆိုသည်။ အဆိုပါ အချက်သည် ကျိုးကြောင်း ဆီလျှော်မှု ရှိသော်လည်း မျှတမှု ဆိုသည့် အချက်ကို ထည့်သွင်း စဉ်းစားလျင် အနည်းငယ် ရှုပ်ထွေးသွားမည်ဖြစ်သည်။

အဆိုပါ ဌာနေတိုင်းရင်းသား လူမျိုးစု နေထိုင်ရာ ဒေသတွင်ပင် အခြားသော တိုင်းရင်းသား မဟုတ်သည့် သူများ နေထိုင်လျက်ရှိသည်ဟု ယူဆကြည့်ပါ။ ၎င်းတို့တွင် ကိုယ်ပိုင် နယ်မြေ မရှိသလို၊ လုံလောက်သည့် စားနပ်ရိက္ခာ ထုတ်လုပ်ရန် နယ်မြေလည်း မရှိပေ။ တစ်ဖက်တွင် ဌာနေ တိုင်းရင်းသား လူမျိုးစု အတွက် ၎င်းတို့၏ ယဉ်ကျေးမှု အရ သီးသန့်အဖြစ် သတ်မှတ်ထားသည့် ဧက ထောင်နှင့်ချီသည့် နယ်မြေများ ရှိနေသည်။ မျှတမှု ဟူသည့် ရှုထောင့်ဖြင့် ကြည့်မည်ဆိုပါက နယ်မြေပိုင်ဆိုင်မှုကို တခြားသော အမြင်များဖြင့် ကြည့်နိုင်သည်။ အဆိုပါ ဌာနေ တိုင်းရင်းသား မဟုတ်သူများသည် ယင်း နယ်မြေတွင် နှစ်ပေါင်းများစွာ သာမကဘဲ မျိုးဆက်နှင့်ချီ နေထိုင်နေပါက အုပ်စု တစ်ခုကိုသာ အထူးသီးသန့်အခွင့်အရေး ပေးလိုက်မှုသည် မျှတမှု ရှိတော့မည် မဟုတ်ပေ။

နိဂုံးချုပ် အနေနှင့် ဖော်ပြရလျင် ဌာနေ တိုင်းရင်းသားဖြစ်မှုကြောင့် နယ်မြေ အပေါ် သမိုင်းကြောင်းဆိုင်ရာ ချိတ်ဆက် မှုရှိနေသော်လည်း ပိုင်ဆိုင်ကြောင်း တောင်းဆိုရာတွင် အထူးအခွင့်အရေး မရှိပေ။ သို့သော် နယ်မြေ တစ်ရပ် တွင် နေထိုင်သူများသည် အဆိုပါ နယ်မြေတွင်း နေထိုင်သည့် လူများစုလည်းဖြစ်သည်၊ ဌာနေ တိုင်းရင်းသားလည်း ဖြစ်သည်ဆိုပါက နယ်မြေ တောင်းဆိုရာတွင် ခိုင်မာ အားကောင်းမည်ဖြစ်သည်။

ဌာနေ တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံပြီး နယ်မြေ တောင်းဆိုမှု အပေါ် သုံးသပ်မည်ဆိုပါက အချိန် မည်မျှ ကြာကြာ အခြေချ နေထိုင်လျက်ရှိသည် ဆိုသည့် အချက်က အရေးပါလာမည်ဖြစ်သည်။ ရှင်သန်နေဆဲ မှတ်ဉာဏ် ကာလများ အတွင်း စတင် အခြေချနေထိုင်ခဲ့သည်ဆိုပါက နယ်မြေ လွှဲပြောင်းမှု အချို့လုပ်ဆောင်ခြင်းသည် သင့်တော်သည်။ သို့သော်လည်း ( တိုင်းရင်းသား မဟုတ်သည့် )အခြေချ နေထိုင်သူများ ရောက်ရှိနေသည်မှာ မျိုးဆက်နှင့်ချီ ရှိနေသည်၊ ၎င်းတို့ထံတွင် အခြားသော အမိမြေ မရှိပါက ဌာနေ တိုင်းရင်းသားဖြစ်သူများ အနေနှင့် ဌာနေ တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံပြီး နယ်မြေ တောင်းဆိုရာတွင် ရှုပ်ထွေးမှုများ ပေါ်လာမည်ဖြစ်သည်။

ယင်းသို့ဆိုပါက ဌာနေ တိုင်းရင်းသားများ အများစု နေထိုင်ရာ နယ်မြေများတွင် ဒေသဆိုင်ရာ အစိုးရများ၊ ဌာနေ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖွဲ့စည်းသင့်သည်။

သမိုင်းကြောင်း တစ်လျောက် နေထိုင်မှု

နယ်မြေပိုင်ဆိုင်ခွင့် တောင်းဆိုရာတွင် အသုံးပြုလျက်ရှိသည့် အချက် တစ်ခု သည် သမိုင်းကြောင်း တစ်လျောက် နေထိုင်မှု အချက် ဖြစ်သည်။

သမိုင်းကြောင်း တစ်လျောက် နေထိုင်မှု ကို အခြေခံ၍ နယ်မြေတောင်းဆိုမှု လုပ်ဆောင်ရာတွင် သမိုင်း ဆိုင်ရာ အချက်များကိုသာ သီးသန့်ကြည့်ရှုပြီး လက်ရှိ နေထိုင်နေသူများ အကြောင်း ထည့်သွင်း မစဉ်းစားမှုသည် ပြဿနာ အဖြစ် စေဆုံး အချက်ဖြစ်သည်။ ရှေးခေတ် ဂျာမန် မျိုးနွယ်စုများ နေထိုင်ရာ နယ်မြေ တစ်လျောက် ဂျာမန်များ ပြန်လည် နေထိုင်ရန် တာဝန်ရှိသည်ဟု နာဇီ ဂျာမနီများ ခံယူသည့် ပုံစံဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အပြီး နှင့် ဂျာမနီ စစ်ရှုံးပြီးသည့်ကာလတွင် ၁၉၃၉ ခုနစ် မှ စတင်၍ ဂျာမန်များ သိမ်းယူထားသည့် နယ်များကိုသာမက ပိုမီရေနီးယား၊ ဆိုင်လီးရှား၊ အရှေ့ပရပ်ရှား နှင့် အိုဒါ-နိုက်ဆီ မျဉ်း အရှေ့တွင်ရှိသည့် နယ်မြေများအားလုံးကို ပိုင်ဆိုင်သည်ဟု ပိုလန် နိုင်ငံက တောင်းဆိုခဲ့သည်။ အဆိုပါ နယ်မြေများတွင် ၁၃ ရာစုနှစ် မတိုင်ခင်က ဆလပ်လူမျိုးများ နေထိုင်ခဲ့သည်ဆိုသည့် အချက်အပေါ် အခြေခံပြီး ယင်းကဲ့သို့တောင်းဆိုမှုများ လုပ်ဆောင်ခြင်းဖြစ်သည်။

သမိုင်းဆိုင်ရာ အချက်များကို အခြေခံ တောင်းဆိုမည်ဆိုပါက လွန်စွာ ကျယ်ပြန့်သည့် နယ်မြေများအပေါ် တောင်းဆိုနိုင်မည်ဖြစ်သည်။ ယူဂိုစလားဗီးယား ပြည်ထောင်စုဝင်ဟောင်း မတ်ဆီဒိုးနီးယား နိုင်ငံတွင် ဆလပ် စကားပြောကြားသူ အများစု နေထိုင်လျက်ရှိသော်လည်း သမိုင်းအချက်အလက်များကို အခြေခံ၍ ဂရိ အမျိုးသားရေး ဝါဒီများက နယ်မြေ ပိုင်ဆိုင်ကြောင်း တောင်းဆိုလျက်ရှိသည်။ အလားတူပင် အယ်ဘေးနီးယား ၉၀ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည့် ကိုဆိုဗို ဒေသကို ဆာ့ဘ် များ သိမ်းယူထားသည်။ သမိုင်းဆိုင်ရာ အချက် တစ်ခုတည်းဖြင့် နယ်မြေ ပိုင်ဆိုင်ခွင့်ကို ခွင့်ပြုပေးရန် မလုံလောက်ပေ။ သမိုင်းဆိုင်ရာ အထိမ်းအမှတ်များ၊ နေရာများ ရှိခြင်းကြောင့် အဆိုပါ နယ်မြေသို့ဝင်ထွက်သွားလာပိုင်ခွင့်ရှိသင့်သော်လည်း ယင်း နယ်မြေပိုင်ဆိုင် ခွင့် မရှိသင့်ပေ။

အတိတ်သမိုင်းကြောင်း နှင့် လက်ရှိ နေထိုင်သူများ တစ်သားတည်းကျနေပါက၊ ယင်း နေထိုင်သူများ နှင့် နယ်မြေကြားတွင် ဓမ္မဓိဌာန်ကျသော ဆက်နွယ်မှုရှိပါက သမိုင်းဆိုင်ရာ အချက်ပေါ် အခြေခံ၍ နယ်မြေ တောင်းဆိုမှု ခိုင်မာ အားကောင်းလာမည်ဖြစ်သည်။

လက်ရှိ နေထိုင်သည် ဆိုသော ငြင်းချက်ထုတ်မှု

နယ်မြေတစ်ခုတွင် နေထိုင်သည်ဆိုသော ငြင်းချက် ထုတ်မှုတွင် အချက် ၂ ခု ပါရှိသည်။ အတိတ် သမိုင်းကာလ တွင် နေထိုင်ခဲ့မှု နှင့် လက်ရှိ နေထိုင်မှု တို့ဖြစ်သည်။ ဌာနေ တိုင်းရင်းသားဖြစ်မှုကဲ့သို့ပင် သမိုင်းဆိုင်ရာ အချက်အပေါ် အခြေခံ နယ်မြေ တောင်းနေသူများသည် လက်ရှိတွင်လည်း အဆိုပါ နယ်မြေတွင် နေထိုင်နေသူ များဖြစ်နေပါက တောင်းဆိုမှု အားကောင်းမည်ဖြစ်သည်။ ယင်းသို့မဟုတ်ပါက နယ်မြေ တစ်ခုလုံးကို သီးသန့်ပိုင်ဆိုင်ခွင့်မရှိသဖြင့်ဘဲ ဆက်နွယ်လျက်ရှိသည့် သမိုင်းဆိုင်ရာ နေရာများသို့ ဝင်ထွက်သွားလာခွင့်၊ သမိုင်းဆိုင်ရာ နေရာများအပေါ် တရားစီရင်ရေး အာဏာ အချို့သက် ရောက် ပိုင်ခွင့်ရှိသင့်သည်။

နယ်မြေ တစ်ခုအပေါ် တရားစီရင်ရေး အာဏာ သက်ရောက်ပိုင်ခွင့် တောင်းဆိုရာတွင် လက်ရှိ နေထိုင်မှု အပေါ် အခြေခံပြီး တောင်းဆိုမှုသည် အားအကောင်းဆုံး တောင်းဆိုမှု ပုံစံဖြစ်သည်။

ပထမ အချက် အနေနှင့် ( သဘောတရားအရ ) လက်ရှိ နေထိုင်မှု မူ ကို အခြေအနေများစွာတွင် လက်တွေ့ ကျင့်သုံးနိုင်သည်။ နိုင်ငံရေး အသိုက်အဝိုင်း တစ်ခု ထူထောင်လိုသည့်၊ နယ်မြေအရလည်း တစ်စုတစ်စည်းတည်း ရှိနေသည့် မည်သည့် အမျိုးသားရေး အုပ်စု မဆို လက်ရှိ နေထိုင်မှု မူ ကို ကျင့်သုံးနိုင်သည်။

ဒုတိယ အချက် အနေနှင့် လူသားများကို ၎င်းတို့၏ နေအိမ်၊ အသိုက်အဝန်းမှ နေ၍ ဖိအားပေး မမောင်းထုတ်သင့်ဆိုသည့် အများစု လက်ခံထားသည့် ကျင့်ဝတ်ပိုင်း အမြင် နှင့်လည်း ကိုက်ညီသည်။ လူမျိုးရေး ရှင်းလင်းမှု၊ ဖိအားပေးကာ နေရပ်စွန့်ခွာစေမှုများ အပေါ် ငြင်းဆန်သည့် မူ နှင့်လည်း တစ်သားတည်း ကျလျက်ရှိသည်။

တတိယ အချက် အနေနှင့် နယ်မြေ အပေါ် ပိုင်ဆိုင်ခွင့်သည် ဒီမိုကရေစီ အုပ်ချုပ်မှု ပုံစံတွင် ရှင်းလင်းစွာ ပါဝင်နေပြီးဖြစ်သည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ့် ကံကြမ္မာ ကိုယ်ဖန်တီးခွင့်တို့ရှိပါက ခွဲထွက်ရေး ဝါဒီများ အနေနှင့် ခွဲထွက်ခွင့် တောင်းဆို ရန် လိုမည် မဟုတ်ပေ။

နောက်ဆုံး အချက်အနေနှင့် လက်ရှိ နေထိုင်မှု ကို အခြေခံပြီး နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုသူများ သည် သမိုင်းကြောင်း တစ်လျောက် နေထိုင်သူများ ဖြစ်ပါက ( ရှင်သန်ဆဲ မှတ်ဉာဏ်ကာလများအတွင်း မတရား ရယူထားခြင်းမဟုတ်ပါက ) တောင်းဆိုမှု ကို အခိုင်အမာ လုပ်ဆောင်နိုင်သည်။ ထို့အတူ ဌာနေ တိုင်းရင်းသားဖြစ်မှု နှင့် နယ်မြေ တစ်ခုတွင် လူများစု အဖြစ် တစ်စုတစ်စည်းတည်း လက်ရှိ နေထိုင်မှု ကို ပေါင်းစပ်ပြီးလည်း နယ်မြေ အပေါ် အထူးအခွင့်အရေး ရှိကြောင်း တောင်းဆိုနိုင်သည်။

ငြင်းဆိုချက်များ၏ သက်ရောက်မှု

အမျိုးသားရေး အမှတ်လက္ခဏာများကို အသိအမှတ်ပြု လက်ခံပါက နယ်မြေပိုင်ဆိုင်ခွင့်ကို သင့်တော်သည့် အခြေအနေမျိုးတွင် ခွင့်ပြုပေးသင့်သည်။ ကနေဒါ နိုင်ငံရှိ အထူးသီးသန့်နယ်မြေများတွင် လူဦးရေ ၂၀၀-၃၀၀ ခန့် ဖြင့် ပျံ့ကြဲနေထိုင်သည့် တိုင်းရင်းသားများ ရှိသည်။ ယင်းကဲ့သို့နယ်မြေ အကျယ်ကြီးတွင် ပျံ့ကြဲ နေထိုင် သည့် တိုင်းရင်းသား အစုငယ်လေးများကိုမူ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝ ပေးရန် မဖြစ်နိုင်ပေ။ သို့သော်လည်း မြေယာအပေါ်ထားရှိသည့် ၎င်းတို့၏ စိတ်ခံစားမှု၊ မိမိ၏ လူမှုအသိုက်အဝန်းအပေါ် တန်ဖိုးထားမှုတို့အရ ၎င်းတို့ သည်လည်း ၎င်းတို့၏ အသိုက်အဝန်းပေါ်တွင် ဒေသအဆင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိသင့်သည်။

၁၉၉၉ ခုနစ်တွင် အယ်ဘေးနီးယား ၉၀ ရာခိုင်နှုန်းခန့်နေထိုင်သည့် ကိုဆိုဗို နယ်မြေကို ထိန်းချုပ်နိုင်ရေး တိုက်ပွဲ ဝင်ရန် ဆာ့ဘ်တို့ပြင်ဆင်ခဲ့သည်။ ယင်းမတိုင်ခင် ၈ နှစ်ခန့်ကမူ စီးပွားရေးအရ ပိုမိုကြွယ်ဝပြီး ဓမ္မဓိဌာန်ကျကျ တွက်ပါ ပိုမို လိုလားဖွယ် ကောင်းသည့် ဆလိုဗေးနီးယား နယ် ခွဲထွက်ခွင့်ကို ဆာ့ဘ်တို့လက်ခံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆလိုဗေးနီးယား နယ်အပေါ် ထားရှိသည့် ဆာ့ဘ်တို့၏ စိတ်ခံစားမှု၊ အမျိုးသားရေး ပိုင်းအရ ဆက်နွယ်မှု သည် ကိုဆိုဗို နယ်လောက် မပြင်းထန်ခြင်းကြောင့် ဖြစ်သည်။ ဆာ့ဘ် အမျိုးသားရေး အုပ်စု စတင်ပေါက်ဖွားရာ မွေးရပ်မြေ သည် ကိုဆိုဗိုနယ် ဖြစ်သည်ဟု ဆာ့ဘ်တို့ ခံယူထားသည့် အတွက်ဖြစ်သည်။ ထို့ ကြောင့် ယင်းသို့သော နယ်များရှိ သမိုင်းဝင် တိုက်ပွဲနယ်မြေများ၊ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများ၊ အော်သိုဒေါ့ ဘုရားကျောင်းများထံ သို့ဝင်ထွက်သွားလာပိုင်ခွင့်၊ ယင်းကဲ့သို့သော နေရာများအပေါ် တရားစီရင်ရေး အာဏာ တစ်ချို့သက်ရောက် ပိုင်ခွင့်ကို ဆာ့ဘ်တို့အားပေးအပ်သင့်သည်။

လူနည်းစု အမျိုးသားရေး အုပ်စုများအတွက်မူ ၎င်းတို့တစ်စုတစ်စည်းတည်း နေထိုင်ရာ နယ်မြေများတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးသင့်သည်။ ယင်းသို့မဟုတ်ဘဲ သီးခြား လွတ်လပ်ရေး ရရှိလိုပါကလည်း နိုင်ငံတော်မှ ခွဲထွက်ခွင့် ရှိသည်။

သို့သော်လည်း ခွဲထွက်ရာတွင် တည်ဆဲ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နယ်နိမိတ်များ အတိုင်း ခွဲထွက်ရမည်ဟု မဆိုလိုပေ။ ယင်းကဲ့သို့နယ်နိမိတ်သစ် ရေးဆွဲရေးကို အသေးစိတ် ထပ်မံ ဆွေးနွေးရမည်ဖြစ်သည်။ ( ယင်း ဆွေးနွေးမှုအကြောင်းသည် ဤအခန်း တွင် မပါပေ။ လက်ရှိ ရေးသားမှုသည် နယ်မြေတောင်းဆိုပိုင်ခွင့် အပေါ် အဓိက ထား ရေးသားထားခြင်းဖြစ်သည် )

လက်မခံနိုင်ဖွယ်ရာ အချက်များ

အမျိုးသားရေး အုပ်စုများအနေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသင့်သည်ဟု ဖော်ပြခဲ့သည်များအပေါ် ဆန့်ကျင်မှု များလည်းရှိသည်။ ယင်းသို့ဆိုသဖြင့် အမျိုးသားရေး အုပ်စုများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို လက်မခံဟု ဆိုလိုခြင်းမဟုတ်ဘဲ ပေါ်ပေါက်လျက်ရှိသည့် စိုးရိမ်ချက်များ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၏ အကန့်အသတ် များကို ထောက်ပြလိုရင်းဖြစ်သည်။

အမျိုးသားရေး အုပ်စုများ အပေါ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးသင့်သည်ဟူသော အမြင်ကို သုံးသပ်ကြည့်ပါက အမျိုးသားရေး အုပ်စုများ၊ အမှတ်လက္ခဏာများသည် ပြောင်းလဲခြင်းမရှိ၊ တရားသေ ရှိနေသည်ဟု ကြိုတင် လက်ခံ ထားသလိုဖြစ်နေသည်။ ဆိုလိုသည်မှာ အမျိုးသားရေး အုပ်စု အရည်အတွက် မည်မျှရှိသည်၊ အမျိုးသားရေး လက္ခဏာ ဆိုသည်မှာ မည်သို့မည်ပုံ ဖြစ်သည်ဟု တရားသေ လက်ခံထားမှုမျိုးဖြစ်သည်။ အမျိုးသားရေး အမှတ်လက္ခဏာများ၊ အမျိုးသားရေး အုပ်စုများသည် ဖန်တီး တည်ဆောက်ထားသည့်အရာများ ဖြစ်သည်ဟု ခံယူထားသူများက ယင်းသို့ ဝေဖန်လေ့ ရှိသည်။ ( အခန်း-၁ နှင့် အခန်း-၂ တို့တွင် ယင်းအကြောင်းကို အသေးစိတ် ရေးသားထားသည် )

အမှန်တကယ်တွင်လည်း အမျိုးသားရေး အုပ်စုများသည် ခေတ်သစ်၏ အပြောင်းအလဲများကြားတွင် ပေါ်ထွန်း လာခြင်းဖြစ်သလို တရားသေရှိနေသည့် အရာများ မဟုတ်ပေ။ ပြောင်းလဲခြင်းသဘော ကို အစဉ်ကြုံ တွေ့နေသည့် အရာများဖြစ်သည်။

အမျိုးသားရေး ဝါဒ ကိုယ်တိုင် ဆင့်ကဲ သက်ရောက်မှု သဘောရှိသည်။ ဒေသတစ်ခုတွင်းရှိ လူများစုက ၎င်းတို့၏ အမျိုးသားရေး လက္ခဏာကို တခြားသော လူနည်းစု အမျိုးသားရေး အုပ်စုများ လက်ခံလာရေး လုပ်ဆောင်လာပါက လူနည်းစုများ အနေနှင့် ဖိအားပေးခံရသည်၊ နိုင်ငံရေး အဖွဲ့အစည်းမှ ဖယ်ထုတ်ခံရသည် ဟု ခံစားလာနိုင်ပြီး ၎င်းတို့ ကိုယ်ပိုင် အမျိုးသားရေး လှုံဆော်မှုများ လုပ်ဆောင်လာနိုင်သည်။ ထို့ကြောင့် အမျိုးသားရေး အုပ်စုများကို တရားသေ သဘော မမှတ်ယူသင့်ဘဲ အစဉ်အပြောင်းအလဲရှိနေသည့် အစုအဖွဲ့ အဖြစ် မှတ်ယူသင့်သည်။ ယဉ်ကျေးမှု မတူသူများကြား လက်ထက်မှု၊ ဘာသာစကား နှစ်မျိုး ပြောမှု၊ ရွေ့ပြောင်းနေထိုင်မှု၊ မျိုးဆက်လိုက် နေထိုင်ပြီးနောက် ယဉ်ကျေးမှု ပေါင်းစည်းသွားမှု စသည့် အပြောင်းအလဲ များ၏ သက်ရောက်မှုကို အမျိုးသားရေး အုပ်စုများ ကြုံရလေ့ရှိသည်။ ထို့ကြောင့် ၎င်းတို့ကို တရားသေ တည်ရှိနေသည့် အရာများ အဖြစ် မမှတ်ယူသင့်ပေ။

အမျိုးသားရေး အမှတ်လက္ခဏာများသည် ခေတ်အသီးသီးအလိုက် အခြေအနေများအရ ပြောင်းလဲ တည်ရှိနေသည် ဟု ခံယူလိုက်သော်လည်း အမျိုးသားရေး အမှတ်လက္ခဏာများသည် အရေးကြီးသည့် အရာများ မဟုတ်၊ ကျင့်ဝတ်ပိုင်းအရ အရေးကြီးသည့် အရာများ မဟုတ်ဟု မမှတ်ယူနိုင်ပေ။

လစ်ဘရယ် ဒီမိုကရေစီတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပါဝင်လျက်ရှိသည်ဟု ခံယူပါက ဒေသခံများ၏ နိုင်ငံရေး လိုလားချက်များကိုပါ ထည့်သွင်း တွက်ချက်ရမည်ဖြစ်သည်။ ပြဿနာ ဖြစ်နေသည်မှာ အမျိုးသားရေး အုပ်စုများကို အင်စတီကျူးရှင်းပိုင်းအရ လက်ခံရေး အချက်တစ်ခုတွင်သာမကပေ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် စဉ်းစားရာတွင် ကန့်သတ် ဖယ်ထုတ်မှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေခြင်း ကြောင့်လည်း ဖြစ်သည်။

သုံးသပ်ချက်

နိုင်ငံတော်တွင်းရှိ နယ်နိမိတ်များ ပြန်လည် ရေးဆွဲရာတွင် လူတစ်ဦးတစ်ယောက်ချင်း ဆန္ဒအပေါ် အခြေခံ သင့်သည် သို့မဟုတ် အစုအဖွဲ့များ၏ သဘောထား အပေါ် အခြေခံ သင့်သည်ကို ဤအခန်းတွင် သုံးသပ်ခဲ့သည်။

ပထမ အမြင်သည် လူတစ်ဦးခြင်း လွတ်လပ်ခွင့် အပေါ် အခြေခံထားခြင်းဖြစ်သည်။ သို့သော်လည်း တစ်ဦးချင်း လွတ်လပ်ခွင့် မှနေ၍ အစုအဖွဲ့လိုက် လွတ်လပ်ခွင့်၊ နယ်မြေ အုပ်ချုပ်ပိုင်ခွင့် ကိုဆွဲယူ အဓိပ္ပာယ်ဖွင့်ရာတွင် အခက်အခဲ များစွာ ရှိသည်ကို ရှင်းလင်းခဲ့ပြီးဖြစ်သည်။

ဒုတိယ အမြင်အရ အစုအဖွဲ့လိုက် လွတ်လပ်ခွင့် အပေါ် အခြေခံ၍ နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုခြင်း ဖြစ်သည်။ ယင်းသို့တောင်းဆိုရာတွင် သမိုင်းကြောင်း၊ ဘာသာရေး အမြင်၊ တိုင်းရင်းသားဖြစ်မှု၊ မြေယာကို ထိရောက်စွာ အသုံးပြုနိုင်မှု စသည်တို့ကို အသုံးပြုလေ့ရှိသည်။ နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုရာတွင် သမိုင်းဆိုင်ရာအချက်၊ ဘာသာရေး၊ တိုင်းရင်းသားဖြစ်မှု၊ စသည့် အချက်များကို ထည့်သွင်း ထွက်ချက်သင့် သော်လည်း အခြားသော အုပ်စုများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ပိတ်ပင်သည့် အနေနှင့် မသုံးသင့်ပေ။

လက်ရှိနေထိုင်မှု မူ ကို ကိုင်စွဲပြီး နယ်မြေ ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်မည် ဆိုပါက အငြင်းပွားမှု ပိုနည်းမည်ဖြစ် သလို အမျိုးသားရေး အုပ်စု အသီးသီး အနေနှင့်လည်း ယင်း မူ ကို အသုံးပြုနိုင်မည်ဖြစ်သည်။ အမျိုးသားရေး အုပ်စုများ နေထိုင်ရာ နယ်အသီး ပတ်ခြာလည်တွင် နယ်နိမိတ် ရေးဆွဲသင့်သည်ဆိုသော မူ သည် အမျိုးသားရေး အမှတ်လက္ခဏာများကို လေးစားသင့်သည်ဆိုသော အမြင် နှင့်လည်း တစ်ထပ်တည်းကျလျက်ရှိသည်။

သို့သော်လည်း ယင်းကဲ့သို့အမျိုးသားရေး အုပ်စုများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို အင်စတီကျူးရှင်းပိုင်း အရ အသိအမှတ်ပြုရာတွင် ပေါ်လာမည့် အခက်အခဲမှာ Òတည်ငြိမ်ရေးÓ နှင့် Òပြောင်းလွယ်ပြင်လွယ်ရှိရေးÓ ကို မည်သို့ ချိန်ညှိမည်နည်းဆိုသည့် အချက်ဖြစ်သည်။

အောင်ငြိမ်းချမ်း

ကိုးကား-( Ethics of Nationalism by Margaret Moore, Chapter 7 Self-determination, Rights to territory and the politics of respect)